သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူတွင်းပိတ်မိလက်ကျန်လူငယ် ၅ ဦး ကယ်ဆယ်ရေး ဆက်လက် ကြိုးပမ်း


ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က ဇွန်လ ၂၃ရက်နေ့ကတည်း လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကျောင်းသားလေး ၁၂ ဦးနဲ့ ဘောလုံးနည်းပြ တဦးပေါင်း ၁၃ ဦး ကို ဇူလိုင်လ၈ ရက်နေ့မှာ ၄ဦး၊ ဇူလိုင် လ၉ရက်နေ့ မှာ ၄ ဦး စုစုပေါင်း ၈ ဦး ကို ကယ်တင်နိုင်ခဲ့ပါပြီ။

ကယ်တင်နိုင်ဖို့အတွက် ထိုင်းရေတပ်တပ်ဖွဲနဲ့ နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်နေရာမှာ ၊ ကျန်ရှိတဲ့ကလေး၄ဦးနဲ့ နည်းပြ ၁ဦး စုစုပေါင်း ၅ ဦး ကို ကယ်တင်နိုင် ဖို့ ကြိုးပမ်းမှု နောက်ဆုံး အခြေအနေကကော ဘယ်လိုရှိနေပါသလဲ၊ ကယ်ထုတ်နိုင်ခဲ့တဲ့ကလေး ၈ဦး ကိုလဲ ဆေးရုံမှာ တင်ထားတဲ့အတွက်သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိပါသလဲ ဆိုတာကို သိရအောင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ ထိုင်းအခြေစိုက် Network Media Group ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ကိုအောင်မိုးမြင့်ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းရာမှာ သူက ခုလိုစဖြေပါတယ်။

ကိုကျော်အောင်လွင်။ ။ နောက်ဆုံးအခြေအနေ ကျနော်တို့သိထားတာက ကလေး ၈ ယောက်ကို ကယ်ထုတ်သွားပြီ ဆေးရုံကိုပို့ထားတယ် ။ ကျန်းမာရေးအခြေအနေကတော့ ဘယ်လိုဆိုတာမသိရဘူး နည်းပြဆရာ အပါအဝင် ဂူထဲမှာ ၅ ဦးရှိနေသေးတယ်။ အခုထိုင်းမှာက ညအချိန် ကယ်ဆယ်ရေးလုပ်ငန်းတွေက ဆက်လုပ်သလား၊ မလုပ်သလားဆိုတာကိုတော့ ကျနော်တို့မသိရဘူး။ ဆေးရုံမှာရောက်နေတဲ့ ကလေးတွေကျန်းမာရေးအခြေအနေလည်း ကျနော်တို့မသိရဘူးဆိုတော့ ကိုအောင်မိုးမြင့် နောက်ဆုံးသိထားတဲ့အခြေအနေလေး ကျနော်တို့ကိုပြောပြပါလား။

ကိုအောင်မိုးမြင့်။ ။ ဒီနေ့ ချင်းရိုင်ခရိုင်မှူးက သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ သူပြောတာကတော့ ၈ ယောက်မြောက်ကိုကယ်ထုတ်သွားပြီးတဲ့အချိန်မှာ အရင်နေ့တွေတုန်းကလိုပဲ အောက်စီဂျင်ဘူးတွေကို ၂၅ မီတာ၁လုံးခြားတဲ့ ကိစ္စတွေ ကြိုးတန်းတဲ့ ကိစ္စတွေ မီးသွယ်တဲ့ ကိစ္စတွေ ပစ္စည်းတွေ အရင်အတိုင်းပြန်ပြီးတော့ နေရာတကျဖြစ်အောင် လုပ်တာတွေကို ည ၈ နာရီနောက်ပိုင်းမှာ သူ့အဖွဲ့နဲ့သူ ပြန်လုပ်နေပါတယ်။ သယ်လာတဲ့ ရေငုတ်တဲ့အဖွဲ့ကလည်း သူတို့ ပြန်နားနေကြတယ်ပေါ့ ။ ပြန်လည်ပြီးတော့ သူ့နေရာတကျပြန်ဖြစ်အောင် လုပ်ဖို့ အချိန်နာရီ ၂၀ လောက်ယူရမယ်လို့ ခန့်မှန်းထားတယ်။ မနေ့က ၂၄နာရီအချိန် လောက်ယူရမယ်လို့ ခန့်မှန်းထားပေမယ့် အဲဒီထက်စောပြီးတော့ ကြိုပြီးတဲ့အတွက် ဒီနေ့ နေ့လည် ၁၁ နာရီမှာ ခေါ်တယ်ပေါ့ မနက်ဖြန်လည်း အဲဒီလို နာရီ၂၀ လောက်ယူရမှာဖြစ်တဲ့အတွက် ဒီဟာပြီးရင် နိုင်ငံတကာ ရေငုတ်ကယ်ဆယ်ရေး အဖွဲ့ကနေပြီးတော့ ကျန်နေတဲ့ ၅ ယောက်ကိုထပ်ပြီးတော့ ကယ်ထုတ်မယ်လို့ ပြောသွားပါတယ်။

ကိုကျော်အောင်လွင်။ ။အခုလို မြန်မြန်ဆုံးဖြတ်ပြီးတော့ ကယ်ဆယ်ရေးတွေကို မြန်မြန်စလိုက်တာက ရာသီဥတုဆိုးလာမယ်၊ မိုးအကြီးအကျယ်ရွာလာမှာကို စိုးရိမ်လို့ အခုလိုလုပ်လိုက်တယ်လို့ သိထားပါတယ်။ အခုဂူပတ်ဝန်းကျင်မှာ ရာသီဥတုက ဘယ်လိုရှိသလဲခင်ဗျ။

ကိုအောင်မိုးမြင့်။ ။ ဒီညနေ ၈ နာရီလောက်အထိ ကျနော်တို့ အဲဒီဂူရှေ့ လမ်းရဲ့တဖက်တောထဲမှာ ကျနော်တို့စောင့်ကြည့်တဲ့အချိန်မှာ ညနေ ၈ နာရီလောက်ကနေ မိုးဖွဲလေးတွေကျတဲ့အချိန်မှာ အခုည ထိုင်းစံတော်ချိန် ၁ နာရီခွဲကျော်တဲ့အထိ မိုးတွေရွာနေပါတယ်။ ဒါပေမယ့် ဒီနေ့ အမှတ် ၃၇ တပ်မက ဗိုလ်ချုပ် တယောက်ပြောတာကတော့ ရေတွေ စုပ်ထုတ်ထားတာက တော်တော်လေးလျော့နေသေးတယ် အပြင်မှာ မိုးရွာနေပေမယ့် အထဲမှာတော့ အခြေအနေက ပုံမှန်ပဲဖြစ်တယ်လို့ ပြောလို့ရတယ်။ သူတို့က ရေတွေကို အထဲကနေ စုပ်ထုတ်တာရှိသလို ဘေးက ဂူထဲကို ရေဝင်နိုင်တဲ့လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် သိပ်ပြီးတော့ စိတ်ပူစရာမရှိဘူး။ နောက်တခု သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောသွားတာက ကျနော်တို့ မိုးကို ၃ ရက်တောင်းပန်ထားတယ်ပေါ့လေ၊ ၃ ရက်ပဲ အဲဒါပြီးရင် ကြိုက်သလိုလုပ်ပါဆိုပြီးတော့ သူက နောက်သလိုလိုနဲ့ ပြောသွားတာရှိတယ်။ မနက်ဖြန်မှာတော့ သူတို့ ၅ ယောက်ကို အပြီးခေါ်ထုတ်မယ့်အစီအစဉ်မျိုးတော့ရှိတယ်။

ကိုကျော်အောင်လွင်။ ။အပြင်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ ကလေး၈ ယောက်ရဲ့ အခြေအနေပေါ့လေ။ ဆေးရုံကို ပို့ထားတယ်၊ သူတို့ အခြေအနေနဲ့ ပတ်သက်လို့ ဘာတွေများသိထားပါသလဲ။

ကိုအောင်မိုးမြင့်။ ။ ဒီညနေ သတင်းစာရှင်းလင်းပွဲမှာတော့ ပထမ ၄ ယောက်က မနေ့က ရောက်လာပြီးတော့ ဒီကနေ့ မနက်အစောပိုင်းမှာ ပက်ခပေါင်းမူ ဆိုတာမျိုးကို တောင်းစားတယ်။ အရွက်တမျိုးနဲ့ ဝက်သားနဲ့ ကြော်ထားတဲ့ ဟင်းတမျိုး။ ဒါပေမယ့် ဆရာဝန်က စားလို့မရသေးတဲ့အတွက် အဲဒါကတော့ မစားပါနဲ့ ဆေးရုံက သင့်တော်တဲ့အစားအစာကို ကျွေးတဲ့အခါမှာ အဲဒါကိုပဲ စားဖြစ်တဲ့အကြောင်း ပြောသွားတယ်။ နောက်တခါ ဒီနေ့ညနေ ဆေးရုံရောက်တာကတော့ ၈ နာရီ ၂၃ ပေါ့ ဒီဂူကနေ စထွက်တာကတော့ ၈ နာရီ ၅ မိနစ်လောက်မှာ ဒီဂူကနေ စထွက်လာတယ် ။ အဲဒီ ကလေး နောက်ဆုံး ၈ ယောက်မြောက်အထိကို သူပြောသွားတာကတော့ ကလေးတွေအားလုံးက ဆေးရုံရောက်ပြီ အားလုံးသတိရှိနေပါတယ်ဆိုတာပြောသွားတယ်။ အားလုံးကျန်းမာရေးကောင်းတယ် မိသားစုဝင်တွေနဲ့ ပေးမတွေ့သေးဘူးဆိုတာမျိုး ၊ တခြားသတင်းထောက်တွေကိုတော့ ပိုဆိုးတယ် ပေးမတွေ့ဘူးဆိုတာမျိုးပြောသွားတယ်။

ကိုကျော်အောင်လွင်။ ။ကျန်းမာရေးနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေက နောက်ဆုံးအခြေအနေကို သတင်းထောက်တွေကို ရှင်းပြတာတွေလုပ်ပြီလားခင်ဗျ

ကိုအောင်မိုးမြင့်။ ။ ဒီနေ့အထိမလုပ်သေးဘူး ကျနော်တို့ကို Message ပို့လာတာမျိုးရှိတာကတော့ မနက်ဖြန် ကျန်းမာရေးဝန်ကြီး က သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့တော့ သိထားရတယ်။ ဒါပေမယ့် တကယ်လုပ်မယ်မလုပ်ဘူးဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ကိုကျော်အောင်လွင်။ ။ အခု ၅ ဦးကျန်တယ်၊ ၈ ဦးလွှတ်လာပြီ အားလုံးကလည်း စိုးရိမ်ရတဲ့အခြေအနေ သိပ်မတွေ့ရဘူး။

ကိုအောင်မိုးမြင့်။ ။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း အာဏာပိုင်တွေက မနက်ဖြန်ဆိုရင် ပြီးသလောက်ကို အားလုံးထုတ်နိုင်ပြီလို့ ယုံကြည်ထားတဲ့ပုံစံမျိုးရှိတယ်။ နောက်တခုက ဒီကနေ့ ညနေ ၈ နာရီကျော်ကျော်လောက်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂူရှေ့ကိုရောက်လာပါတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့လူတွေနဲ့ အစည်းအဝေး နာရီဝက်ကျော်ကျော်ထိုင်ပါတယ်။ ပြီးတော့ နိုင်ငံတကာက ကယ်ဆယ်ရေးလာကူတဲ့လူတွေကို နှုတ်ဆက်တယ် ကျေးဇူးတင်ကြောင်းပြောတယ်။ နောက်ပြီး ကယ်ဆယ်ရေးတွေအားလုံးပြီးရင် တွေ့ဆုံစားပွဲလေးလုပ်ဖို့ ပြောသွားတယ်။ ပြီးတော့ ထိုင်းတပ်မတော်က တပ်ဖွဲ့ဝင်တွေနဲ့ ဓါတ်ပုံတွဲရိုက်တာတို့ ကယ်ဆယ်ရေးတဖွဲ့ချင်းကို စုပြီးတော့ ဓါတ်ပုံတွဲရိုက်တာအများကြီးလုပ်ပါတယ်။ ပြီးတဲ့အချိန်မှာ မိသားစုဝင်တွေကို သီးသန့်တွေ့တယ်၊ မိသားစုဝင်တွေကို အားပေးစကားပြော နှုတ်ဆက်ပြီးတော့ ချင်းရိုင်ဆေးရုံမှာရှိတဲ့ လူငယ်၃ ယောက်ကို သွားရောက်နှုတ်ဆက်တယ်လို့ သိရပါတယ်။ အဲဒီလို တွေ့ဆုံနှုတ်ဆက်တဲ့အချိန်မှာပဲ သတင်းစာရှင်းလင်းပွဲမှာ ချင်းရိုင်ခရိုင်မှူးက အခြေအနေတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ကိုကျော်အောင်လွင်။ ။ဆေးရုံမှာရောက်နေတဲ့ ကယ်ထုတ်နိုင်ခဲ့တဲ့ ၈ ယောက်က ဘယ်သူတွေလည်း ကျန်ခဲ့တဲ့လူတွေက ဘယ်သူတွေလည်းဆိုတာ သိရပြီလား။

ကိုအောင်မိုးမြင့်။ ။ အဲဒါတွေကို တရားဝင်ထုတ်ပြန်ပြောဆိုတာမရှိဘူး အဲဒါနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေကလည်းမေးပါတယ်။ ချင်းရိုင်ခရိုင်မှူးကပြောတာက အဲဒါက ကျန်းမာရေးဌာနမှူးနဲ့ဆိုင်တယ် သူပြောလို့မရဘူးလို့ ပြောသွားပါတယ်။

ကိုကျော်အောင်လွင်။ ။နိုင်ငံတကာရေငုတ်သမားတွေ ကယ်ဆယ်ရေးသမားတွေက နားနေတယ်ဆိုတော့ မနက်ဖြန်အလုပ်ပြန်စနိုင်မှာလား။

ကိုအောင်မိုးမြင့်။ ။ ကလေးတွေကို ကယ်ဆယ်တဲ့အဖွဲ့ကတော့ လုံးဝပြန်နားနေပြီလို့ ကျနော်သိထားတယ် မနက်ဖြန်မှာ နာရီ၂၀ အချိန်ယူတဲ့ အောက်စီဂျင်ဘူးချတာတွေ၊ ကြိုးသွယ်တာတွေ ဒီဟာကို အကောင်အထည်ဖော်ဖို့ သူတို့ စီမံထားတာ နေရာတကျဖြစ်ပြီဆိုရင်တော့ ဒီအဖွဲ့က ဝင်ပြီး ကျန်တဲ့လူတွေကို ကယ်ထုတ်မယ်လို့ ကျနော်တို့ သိထားပါတယ်။

ထိုင်းအခြေစိုက် Network Media Group ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ကိုအောင်မိုးမြင့်ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG