သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO အစည်းအဝေးတက်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဥရောပထွက်ခွာ


မြောက်အတ္တလန်တိတ်စစ်ရေးဆိုင်ရာမဟာမိတ်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ဘရပ်ဆဲလ်ကိုထွက်ခွါသွားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်။ (နိုဝင်ဘာ ၂၇၊ ၂၀၂၃)
မြောက်အတ္တလန်တိတ်စစ်ရေးဆိုင်ရာမဟာမိတ်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ဘရပ်ဆဲလ်ကိုထွက်ခွါသွားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်။ (နိုဝင်ဘာ ၂၇၊ ၂၀၂၃)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်န်ကန်ဟာ မြောက်အတ္တလန်တိတ် စစ်‌ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ တနင်္လာနေ့က ဘရပ်ဆဲမြို့ကို ထွက်ခွါသွားပါတယ်။

အစည်းအဝေးကို နိုဝင်ဘာ ၂၇ ကနေ ၂၉ အထိ ကျင်းပမှာပါ။ ဒီ အစည်းအဝေးမှာ ဆွေးနွေးကြမယ့် အဓိက အကြောင်းအရာတခုကတော့ အနောက်ဘော်လ်ကန်ဒေသရဲ့ လုံခြုံရေးနဲ့ ဒီမိုကရေစီရေး ဖြစ်ပါတယ်။ ဘော်လ်ကန်ဒေသ မတည်မငြိမ်ဖြစ်အောင် ရုရှားကလုပ်မယ့် စီမံကိန်းရှိတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီ (Volodymyr Zelenskyy) က ဒီလအစောပိုင်းက သတိပေးခဲ့တာဖြစ်ပါတယ်။

“ဘော်လ်ကန်ဒေသရဲ့ တည်ငြိမ်ကြွယ်ဝတဲ့ အနာဂတ်ကို အုပ်ချုပ်မှုကောင်း၊ တရားဥပဒေစိုးမိုးရေး၊ လူမျိုးအမျိုးမျိုး ပါဝင်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးတွေ လေးစားရေးအပေါ်မှာ အခြေခံရပါမယ်လို့ ဥရောပနဲ့ယူရေးရှားဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျင် အိုဘရိုင်ယန် (Jim O’Brien) က ပြောပါတယ်။

ယူကရိန်းက နေတိုးအဖွဲ့ကိုဝင်ရောက်ဖို့ စိတ်အားထက်သန်နေတဲ့အတိုင်း ဇူလိုင် ၁၂ က ဖွဲ့စည်းခဲ့တဲ့ နေတိုး ယူကရိန်းကောင်စီရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကိုလည်း မစ္စတာဘလင်ကန်က တက်ရောက်ဖို့ ရှိပါတယ်။ ဗုဒ္ဓဟူးနေ့ မှာတော့ မစ္စတာဘလင်ကန်ဟာ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အစည်းအဝေးတက်ဖို့ မြောက်မက်ဆီဒိုးနီးယား မြို့တော်စကော့ပီယား (Skopje) ကို သွားရောက်မှာပါ။ ရုရှားကိုယ်စားလှယ်အဖွဲ့အတွက် ဘူလ်ဂေးရီးယားက ဝေဟင်ဖြတ်သန်းခွင့် ပေးမယ်ဆိုရင် သူလည်း OSCE အစည်းအဝေးတက်မယ်လို့ ရုရှား နိုင်ငံခြာ‌ရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ် က တနင်္လာနေ့ က ပြောပါတယ်။

နေတိုး ယူကရိန်း ကောင်စီကို ဇူလိုင် ၁၂ ရက်နေ့ က Vilnius မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ယူကရိန်း သီးနှံများ တင်ပို့ရေး သဘောတူညီချက်ကနေ ရုရှားက ထွက်လိုက်တဲ့အခါ နေတိုး ယူကရိန်းကောင်စီကို ဇူလိုင် နှောင်းပိုင်းမှာ ဒုတိယအကြိမ် တွေ့ဆုံစည်းဝေးခဲ့ကြပါတယ်။ ယူကရိန်းကို အဓိပ္ပါယ်ရှိရှိ ကူညီနိုင်ရေးအတွက် အောက်တိုဘာလမှာ တတိယအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG