သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးရေး ဒေါ်စုဖိတ်ခေါ်မှု အပစ်မရပ်များ လက်ခံ


UNFC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NRPC တို့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ်က (၂၀၁၆)
UNFC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NRPC တို့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ်က (၂၀၁၆)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် မထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးသွားဖို့ကမ်းလှမ်းချက်ကို လက်ခံတယ်လို့ UNFC ခေါင်းဆောင်တွေကပြောပါတယ်။ UNFC ရဲ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အနေနဲ့ NCA လက်မှတ်ထိုးနိုင်ရေး အရင်က တင်ပြထားတဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အချက်(၉)ချက်ကို ထပ်မံဆွေးနွေး သွားမယ်လို့လည်း ဆိုပါတယ်။ VOA ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ တွေ့ဆုံဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ တရားဝင် ကမ်းလှမ်းလာခဲ့တာပါ။

ဒီဖိတ်ကြားချက်အပေါ် DPN အဖွဲ့အနေနဲ့ တွေ့ဆုံဖို့ လက်ခံတယ်လို့ UNFC ရဲ့ ဒုတိယဥက္ကဌ နိုင်ဟံသာက ဒီကနေ့ ပြောဆိုပါတယ်။

“ တကယ်လို့ သူကတွေ့ချင်ရင်တော့ တွေ့မှာပါ၊ ဒါကတော့ ပြဿနာ မဟုတ်ဘူးလေ။ ကျနော်တို့က NCA ကို လက်မှတ်ထိုးဖို့ဆိုတဲ့ ကိစ္စမှာ ဒီကိစ္စကို ကျနော်တို့ NCCT အနေနဲ့ဆွေးနွေးလာတာ အမှန်တော့ နောက်ဆုံး သဘောတူညီမှု ရရင်တော့ ထိုးဖို့ပါပဲ။ ကျနော်တို့ကလည်း ထိုးချင်ပါတယ်။ ထိုးပြီးတော့မှ ခိုင်ခိုင်မာမာနဲ့ပေါ့ဗျာ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်ဖေါ်ဖို့ပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က UNFC ရဲ့ နိုင်ငံရေး ဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ထံ ပေးပို့ထားတာဖြစ်ပြီး နှစ်ဖက်တွေ့ဆုံမယ့် ရက်ကိုတော့ အတည်မပြုနိုင်သေး ဘူးလို့ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၂၀ ရက် နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး တဆက်ထဲမှာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့လည်း ဆက်လက်တွေ့ဆုံ သွားဖို့ စီစဉ်ထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လိုလားတဲ့ NCA လက်မှတ်ရေးထိုးရေးနဲ့ ပက်သက်လို့ UNFC အနေနဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာအချက် ၉ ချက်ကို အစိုးရထံ အဆိုပြုထားပြီး ဒီအချက်တွေကို ညှိနှိုင်းဆွေးနွေးသွား ရမှာဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။

“ ကျနော်တို့ကတော့ လိုလားတဲ့ နောက်ထပ်ဖြည့်စွက်ရမယ့် အချက်တွေကို စာတမ်းတခုလို တင်ထားတယ်။ အဲဒီ ၉ချက်ကို DPN နဲ့ NRPC နဲ့ဆွေးနွေးနေပါတယ်၊ အဲဒါတွေက အဖြေမရသေးဘူးဗျ။ အဓိကအားဖြင့်တော့ တဖွဲ့ကိုမှ ချန်မထားပဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ခွင့်ရှိရေး၊ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ဟိုးအရင့်အရင်တုန်းက သဘောတူညီခဲ့သလိုမျိုးပေါ့ - သုံးပွင့်ဆိုင်ပုံစံဖြစ်ရေး နောက် တချက်ကတော့ NCA မှာ နိုင်ငံတကာက ကိုယ်စားလှယ် အမျိုးမျိုးပါဝင်နိုင်ရေး အဲဒါကို ကျနော်တို့တောင်းဆိုနေတယ်။ ကျနော်တို့အနေနဲ့ ကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ကြပေမယ့်ပေါ့လေ NCA ခိုင်မာဖို့ဆိုရင် နိုင်ငံတကာအင်အားစု တခုကနေ ပါဝင်မှပိုပြီးခိုင်မာမယ်လို့ အဲလိုယုံကြည်တယ်”

DPN က အဆိုပြုထားတဲ့ အချက် ၉ ချက်အနက် တချက်မှ သဘောတူညီမှုမရသေးဘဲ အစိုးရနဲ့ ဆက်လက်ဆွေးနွေးရမယ့်အနေအထားမှာ ရှိတယ်လို့ သူကဆိုပါတယ်။ မြန်မာငြိမ်းချမ်းရေး ကော်မရှင်က လာမယ့်မတ်လလောက်မှာ ကျင်းပဖို့လျာထားတဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ဒုတိယအကြိမ်မှာ NCA အပစ်ရပ် လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေသာ တက်ရောက်ခွင့်ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC ဒုတိယဥက္ကဌ ဦးသုဝေက ပြောပါတယ်။

“ တပ်မတော်တခုထဲ မဟုတ်ပါဘူး ကျနော်တို့ .. ဒေါ်အောင်ဆန်းစုကြည်ရော UPDJC အဖွဲ့ရောကာ အကယ်၍ ညီလာခံ တက်ချင်တယ်ဆိုရင် လက်မှတ်ထိုးကြဖို့ ထိုးပေးဖို့ပေါ့နော်။ ဒါမှမဟုတ် မထိုးလို့ရှိရင်ကတော့ .. လက်မှတ်ထိုးထားတဲ့သူတွေနဲ့ ကွဲလွဲမှု မရှိမှာစိုးတဲ့အတွက် အားလုံး လက်မှတ်ထိုးတဲ့သူမှသာလျှင် ညီလာခံ တက်ရောက်နိုင်တယ်ဆိုပြီးတော့ ဒီလိုဆုံးဖြတ်ထားတာ ရှိပါတယ်”

NCA လက်မှတ် မထိုးနိုင်သေးတဲ့ UNFC အဖွဲ့တွေအနေနဲ့ တကယ်လို့ လေ့လာသူအဆင့် အနေနဲ့သာ ဖိတ်ကြားမယ်ဆိုရင် ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“ ၂၁ ရာစု ပင်လုံကို တက်ဖို့ဆိုတဲ့နေရာမှာ ကျနော်တို့ကလည်း တခြား ကိုယ်စားလှယ်တွေနဲ့ တန်းတူအခွင့်အရေး ရှိမယ်ဆိုရင် တက်မှာပါ။ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရတယ်ဆိုတဲ့ ဥပမာအားဖြင့် ကိုယ့်အမြင်တွေကို တင်ပြခွင့်ရမယ် ဆိုတဲ့ဟာက လိုအပ်ပါတယ်။ ဒါ အရေးကြီး ပါတယ်။ ဒါကို အခွင့်ရေးကောင်း တရပ်အနေနဲ့မြင်တယ်။ ဒါပေမယ့် ကိုယ့်ကို ဘယ်လိုနည်းနဲ့ ဖိတ်မလဲဆိုတဲ့ဟာ … NCA မထိုးရသေးလို့ ကျနော်တို့ကို တမျိုးမျိုးနဲ့ပေါဗျာ အဆင့်နှိမ့်ပြီးတော့မှ ဖိတ်ကြားမယ်ဆိုရင် ဒါ ပြန်စဉ်းစားဖို့ လိုလိမ့်မယ်”

လက်ရှိမှာ မြန်မာ့တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ ကိုးကန့်၊ တအာင်းပလောင်၊ ရခိုင့်တပ်မတော် တို့ကို ချန်လှပ်ထားမယ်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ သူကဆိုပါတယ်။ မြန်မာငြိမ်းချမ်းရေး ကော်မရှင်နဲ့ UNFC ကိုယ်စားလှယ်အဖွဲ့ DPN တို့ တရားဝင်ဆွေးနွေးမှု သုံးကြိမ်လုပ်ထားပေမယ့် တိုးတက်လာတဲ့ အခြေအနေမရှိသေးဘူးလို့ တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

လက်ရှိမှာ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ ကိုးကန့်တပ်ဖွဲ့ တအာင်းပလောင်တပ်ဖွဲ့ ရခိုင့်တပ်မတော်တို့နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲ အခြေအနေမှာ ရှိနေပါတယ်။ UNFC အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာကို ရပ်ပေးဖို့လိုတယ်လို့ အဖွဲ့ ဒုဥက္ကဌ နိုင်ဟံသာကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG