သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံအတွက် NCA မထိုးတဲ့အဖွဲ့များကို အထူးဖိတ်ကြားသူအဖြစ် ဖိတ်မည်


စက်တင်ဘာ ၂၀၁၆၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေး
စက်တင်ဘာ ၂၀၁၆၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေး

ဒီလကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံမှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအတွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ခေါ်သွားဖို့ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဒုဥက္ကဌက ပြောပါတယ်။

NCA လက်မှတ် မရေးထိုးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကတော့ သူတို့ကို အကြောင်းကြား လာတာမရှိသေး သလို တက်မယ်၊ မတက်ဖူးဆိုတာကိုလည်း မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

တနင်္လာနေ့က ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ၉ကြိမ်မြောက် အစည်းအဝေးက ဒုတိယအကြိမ်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ ကျင်းပဖို့ လျာထားကြောင်း ဆုံးဖြတ်ခဲ့တာပါ။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုတော့ ညီလာခံမှာ အထူးဖိတ်ကြားသူများအဖြစ် ဖိတ်ကြားဖို့ ဆွေးနွေးခဲ့ကြောင်း UPDJC ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ပြောပါတယ်။

“ကျနော်တို့ကတော့ အထူးဖိတ်ကြားသူအနေနဲ့တော့ ဖိတ်မယ်လို့ ဆုံးဖြတ်ထားတယ်၊ အထူးဖိတ်ကြားသူက ကိုယ်စားလှယ်မဟုတ်ဘူး မဲပေးလို့ဘယ်ရမလဲ။ ဆွေးနွေးခွင့်ဆိုတာတော့ ကျင်းပရေးကော်မတီကနေ ဆက်ပြီးတော့ Rule and Regulation တွေချမှာပေါ့နော်၊ အဲဒါကတော့ ဘာမှ မဆုံးဖြတ်ရသေးဘူး အဲလိုတော့ သဘောထားရှိတယ်။ ပထမအကြိမ် ဦးသိန်းစိန်လက်ထက်တုန်းကတော့ တက်ရောက်ခွင့်မရှိဘူး။ ဒုတိယအကြိမ်တော့ ကိုယ်စားလှယ်မသတ်မှတ်ပဲနဲ့ ဒီအစည်းအဝေးတက်တဲ့ လူ ၇၀၀ ကိုလည်း အစည်းအဝေးတက်ရောက်သူများဆိုပြီးတော့ သူတို့လည်း တက်ရောက်သူ၊ ကိုယ်လည်း တက်ရောက်သူဆိုတော့ ဘာမှ ဆုံးဖြတ်လို့ မရသေးဘူး အခုတခေါက်ကတော့ တက်ရောက်သူမဟုတ်ပဲနဲ့ ကိုယ်စားလှယ်ဆိုတော့ သူတို့ဘက်က ကိုယ်စားလှယ်အနေနဲ့ တက်ရောက်နိုင်တဲ့အနေအထားမရှိရင် အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်မယ်လို့ သဘောထားရှိတယ်။”

ဖိတ်ကြားရေးကိစ္စနဲ့ ပါဝင်ဆွေးနွေးရေးဆိုင်ရာစည်းမျဉ်းတွေကိုတော့ UPDJC က တာဝန်ရှိသူတွေက ဆွေးနွေးဆုံးဖြတ်မယ်အခြေအနေရှိနေတာဖြစ်ပါတယ်။

NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်လာစေဖို့ကိုတော့ ဆက်လက် ဆောင်ရွက်နေကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ သူတို့ပါနိုင်တဲ့ အနေအထားတခုကို ကျနော်တို့ အစည်းအဝေးကနေ ဆုံးဖြတ်ပြီးတော့ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပါ။ တွေ့ဆုံမှုကတော့ ရှိမှာပဲလို့ ကျနော်ယုံကြည်တယ်လေ။ ကျနော်တို့လည်း တိုက်နေတဲ့အချိန်မှာ တွေ့တာပဲခင်ဗျ၊ တိုက်ပွဲမရှိရင်တော့ ကျနော်တို့ တွေ့ဖို့မလိုတော့ဘူး၊ အခုက တိုက်ပွဲတွေရပ်ဖို့အတွက် ကျနော်တို့လည်း ဆောင်ရွက်နေတယ်၊ ရှိမှာပဲ အစိုးရအဖွဲ့ကလည်း ဆက်ပြီးဆောင်ရွက်မှာပဲ လို့ ကျနော်နားလည်တယ်၊ သူတို့ ပေါ်လစီကတော့ မပြောင်းဘူး။”

NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်သေးတဲ့ UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ခူးဦးရယ်ကတော့ ၂၁ပင်လုံ တက်ရောက်ရေးနဲ့ ပတ်သက်ပြီး အကြောင်းကြား လာတာ မရှိသေးကြောင်း ပြောပါတယ်။

“ ကျနော်တို့ ဘာမှ မသိရသေးဘူး၊ ကျနော်တို့ ဘာမှ information မရသေးလို့ ဘာမှ ဖို့မရှိဘူး၊ ဘာမှလည်းမလာသေးဘူး။”

ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ UNFC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေးအပြီးမှာတော့ ၂၁ပင်လုံကို လေ့လာသူအဖြစ်ဖိတ်ကြားပြီး တန်းတူညီမျှတဲ့ အခွင့်အရေးမရှိရင် တက်ရောက်မှာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လောလောဆည်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဟာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပခဲ့ပြီး လက်ရှိရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ဖက်တွေမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ရခိုင်နဲ့ ချင်းမှာတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ အဆင်သင့်မရှိသေးဘူးလို့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့သလို ချင်းအမျိုးသားတပ်ဦး CNF ကတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်ရင် လာမယ့် ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံက တက်ရောက်ဖို့ကို ပြန်လည် ဆုံးဖြတ်ရမှာဖြစ်ကြောင်း CNF ရဲ့ ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလံျမှုန်းဆာခေါင်းက ပြောဆိုထားပါတယ်။

ဒေါက်တာ ဆလိုင်းလံျမှုန်းဆာခေါင်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG