သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကျော့ ပင်လုံ ဖေဖော်ဝါရီ ၂၈ ကျင်းပမည်


ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး (myanmar state counsellor office)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး (myanmar state counsellor office)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ်ကို ဒီလ ၂၈ ရက်နေ့မှာ စတင်ဖို့ လျာထားကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒီအစည်းအဝေးအဖွင့်မှာ UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ ငြိမ်းချမ်းရေးအတွက် တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အဆင့်မျိုးကို ဖြစ်စေချင်ကြောင်း ထည့်သွင်းပြောကြားခဲ့သလို လာမယ့် ၂၁ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့အတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု့ ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က သင်္ဂဟ ဟိုတယ်မှာ မနက် ၁၀ နာရီကနေ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နှှုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ ဒီအစည်းအဝေးပြီးလို့ရှိရှိရင် အခု အစည်းအဝေးစတဲ့ အချိန်နဲ့ အစည်းအဝေးပြီးသွားတဲ့ အချိန်တွေကြားထဲမှာ ကျွန်မတို့က ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်စေမယ့် ခြေလှမ်းတချို့ကို တိတိကျကျ ပြတ်ပြတ်သားသားလှမ်းဖို့ ဆုံးဖြတ်ချက်တွေ ချပြီဆိုတဲ့ အဆင့်မျိုးကို ဖြစ်စေချင်ပါတယ်။ အားလုံးကိုလည်း ဒီအတိုင်းပဲ ဒီလိုစိတ်ဓာတ်နဲ့ ဒီအစည်းအဝေးကို ဝိုင်းပြီးတော့ ပံ့ပိုးပေးကြမယ်လို့ ကျွန်မက မျှော်လင့်ပါတယ်။”

လာမယ့် ညီလာခံမှာ တက်ရောက်သူတွေအနေနဲ့ မိမိက ရယူဖို့ထက် ပေးဆပ်ဖို့လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံတိုက်တွန်းထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ UPDJC အစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကို ဒီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ လျာထားကြောင်းလည်း ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“လျာထားတာပေါ့ ဦးတည်ထားတာပေါ့ ၊ Deadline သဘောမျိုး လုပ်ထားတာ ကတော့ ၂၈ လုပ်ပါတယ်၊ ဒါပေမယ့် အတည်တော့မဟုတ်ပါဘူး၊ Target တော့ထားတာ ပိုကောင်းတယ်ဆိုပြီးတော့ ထားတာ့ပေါ့နော်။”

ဒီလကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ညီလာခံမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်မှာ မဟုတ်သလို နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်ဖို့လည်း ဆွေးနွေးခဲ့ကြောင်းဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ဆက်ပြောပါတယ်။

“အခုကျနော်တို့က ဦးသိန်းစိန်ခေတ်တုန်းက မူဘောင်အတိုင်းပဲ၊ NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေကတော့ မပါသေးဘူး၊ ဒီတခါတော့ လေ့လာသူအဖြစ်လည်း ဘယ်သူမှကို မဖိတ်တော့ဘူး။ အဲလိုပဲ ပထမအကြိမ်တုန်းကတော့ ကျနော်တို့က တက်ရောက်သူများလို့ခေါ်တာ ဘယ်သူလာလာ တက်ရောက်သူများပဲ၊ ကိုယ်စားလှယ်မဟုတ်ဘူး။ အခုကတော့ ကိုယ်စားလှယ်ဖြစ်မှ ရမယ် ၊ ကိုယ်စားပြုဖြစ်ရမယ် Mandate ရှိရမယ်။ ဟိုတုန်းကတော့ open to all လုပ်လိုက်တာပါ။ လာမယ့် အစည်းအဝေးမှာလည်း ခေါင်းစဉ် ၅ ခု ၊ အစုအဖွဲ့ ၅ ခု အပြန်လှန်ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ ညီလာခံ ဖြစ်မယ်၊ အရင်တခါကတော့ အဆုံးအဖြတ်မရှိဘူး၊ ဒီအတိုင်းပြောလိုက်တာ။ အခုညီလာခံကျတော့ နိုင်ငံရေး ဆုံးဖြတ်ချက်ဖြစ်အောင် လုပ်မယ်ပေါ့ဗျာ အဲဒါ နည်းနည်းကွာတယ်။”

ညီလာခံမှာ တက်ရောက်ခွင့်မရဘဲ ကျန်ရှိနေတဲ့အဖွဲ့တွေကို NCA လက်မှတ်ရေးထိုးရေးအတွက် ညှိနှိုင်းဆွေးနွေးဖို့ နဲ့ လက်မှတ်ရေးထိုးပြီး တဲ့နောက်မှာ ၆လ တကြိမ်ကျင်းပမယ့် ညီလာခံမှာ ပါဝင်နိုင်ဖို့ ဆွေးနွေး သဘောတူ ခဲ့ကြပါတယ်။

ဒီကနေ့ကျင်းပတဲ့အစည်းအဝေးဟာ ညနေ ၄ နာရီခွဲကျော်မှာ ပြီးဆုံးခဲ့ပါတယ်။ အစည်းအဝေးမှာ နိုင်ငံရေးပါတီ၊ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ တပ်မတော် အစိုးရ လွှတ်တော်တွေက ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ပထမအကြိမ် ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ သမ္မတ ဦးသိန်းစိန် တာဝန်ယူချိန်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအမည်နဲ့ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒုတိယအကျော့ ပင်လုံ ဖေဖော်ဝါရီ ၂၈ ကျင်းပမည်
please wait

No media source currently available

0:00 0:03:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG