သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံအလွန် ရှေ့လုပ်ငန်းစဉ်ဆွေးနွေး


နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးမြင်ကွင်း။ စက်တင်ဘာ ၁၆/၁၇၊ ၂၀၁၆။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးမြင်ကွင်း။ စက်တင်ဘာ ၁၆/၁၇၊ ၂၀၁၆။

၂၁ရာစုပင်လုံညီလာခံအပြီး ပြန်လည်တွေ့ဆုံကြတဲ့ အစည်းအဝေးမှာ ရှေ့ဆက်ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဆွေးနွေးပွဲတွေမှာ အပစ်ရပ်လက်မှတ် မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်လာနိုင်ရေး အဓိက တိုက်တွန်း ဆွေးနွေးခဲ့ကြတယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်နဲ့ နိုင်ငံရေး ပါတီကိုယ်စားလှယ်က ပြောဆိုပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော ်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့ကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အသေးစိတ် ဆက်ပြောပြပါမယ်။

NLD အရပ်သားအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပတဲ့ (၂၁) ရာစုပင်လုံညီလာခံမှာတော့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ အပစ်ရပ်လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ အစိုးရ၊ လွှတ်တော် နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြတာပါ။ နောင် ခြောက်လအကြာမှာတော့ ဒုတိယအကြိမ် (၂၁)ရာစု ပင်လုံညီလာခံကို ကျင်းပဖို့ရှိပြီး မကျင်းပခင် အချိန်အတွင်းမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။

ဒီလိုမျိုး ရှေ့ဆက်ကျင်းပမယ့် ဆွေးနွေးပွဲတွေထဲမှာ ဆွေးနွေးနိုင်ဖို့ နိုင်ငံရေးမူဘောင်တွေ ချမှတ်နိုင်ရေး ၂၁ရာစုပင်လုံညီလာခံအပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေဟာ ၂၁ရာစုပင်လုံညီလာခံအပြီး ပထမဆုံးအကြိမ်ပြန်လည် တွေ့ဆုံခဲ့ကြတာပါ။ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေးအပါအဝင် အဓိကဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှာလည်း ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၁ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေး ဗဟိုကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသုဝေက အခုလိုပြောပြပါတယ်။

“ဒီနေ့ရယ်၊ မနေ့ကလည်း အစည်းအဝေး လုပ်တယ်လေနော်။ ဒီအစည်းအဝေးက ဘာလဲဆိုရင် ကျနော်တို့ လာမယ့် ဒုတိယ ပင်လုံညီလာခံ ငြိမ်းချမ်းရေးပင်လုံ ကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်တာရယ် အဲ့ဒီ့ညီလာခံမကျင်းပမှီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့လေ အဲ့တာကတော့ တိုင်းနဲ့ပြည်နယ်တွေမှာ လုပ်ရမယ်။ အဲ့ဒီ့ကိစ္စနှစ်ခုကို မူဘောင်တွေ ဆွေးနွေးတာပေါ့။ အစည်းအဝေးတွေကို ထပ်ပြီးတော့ ခေါ်မယ်လေ။ အဲ့တာကတော့ ရှေ့လဆန်းလောက်မှာဖြစ်မယ်ပေါ့။ အဲ့တာ ထပ်ခေါ်ပြီးတော့ အသေးစိတ်ကို တခါပြန်ပြီးတော့ အဲ့ဒီ့အမျိုးသားအဆင့် ညီလာခံတွေကို ထပ်ပြီးတော့ ကျင်းပဖို့ လုပ်မယ်။”

ရှေ့ဆက်ဖော်ဆောင်မယ့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ဆွေးနွေးပွဲတွေမှာ အပစ်ရပ်လက်မှတ် မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာရင် ပိုပြီးတော့မှ ဆွေးနွေးမှုတွေဟာ ခိုင်မာအားကောင်းမှာဖြစ်တယ်လို့ ဦးသုဝေကပြောပါတယ်။

“ ပထမ အစည်းအဝေးကြီးတော့ ပြီးသွားပြီပေါ့။ ပထမ အစည်းအဝေးတုန်းကတော့ ကျနော်တို့ ကိုယ်တွေရဲ့ဆန္ဒသဘောထားတွေကို အားလုံး ထုတ်ပြီးတော့ ပြောကြတာပေါ့။ အဖွဲ့အစည်း အသီးသီးက ပြောကြတဲ့ဟာတွေပဲ၊ ဆွေးနွေးချက်တွေ မရှိခဲ့ဘူး။ ဆုံးဖြတ်ချက်တွေ မရှိခဲ့ဘူး။ အခုလာမယ့် ဒုတိယအစည်းအဝေးကျတော့ အပြန်အလှန်ဆွေးနွေးချက်တွေရှိမယ်။ ဆုံးဖြတ်ချက်တွေရှိမယ်ပေါ့။ ဆိုတော့ အဲ့တာက တိုးတက်မှုကို ဖြစ်စေမှာပေါ့ဗျာ။ ဒါက တခုပေါ့။

နောက်တခုကတော့ အစိုးရအဖွဲ့ရယ်၊ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့(၈) ဖွဲ့ရယ်၊ ကျနော်တို့ နိုင်ငံရေးပါတီတွေ အခုဆွေးနွေးကြတာပေါ့။ အဲ့ဒီ့တော့ ကြားကာလမှာလည်းပဲ လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေလည်းပဲ သူတို့လည်း ပါဝင်နိုင်အောင် ဆက်ပြီးတော့ ဆွေးနွေးနေတာပေါ့ဗျာ။ သူတို့ပါလာမယ်ဆိုရင်တော့ ကျနော်ထင်တယ် အစည်းအဝေးက ပိုပြီးတော့ တိုးတက်မှု ရှိသွားမှာပေါ့နော်။”

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း အပစ်ရပ်လက်မှတ်မထိုးထားရသေးတဲ့အဖွဲ့တွေပါ ရှေ့လုပ်ငန်းစဉ်တွေ ပါဝင်လာနိုင်ဖို့ ဆန္ဒရှိပါတယ်။

“ပြီးခဲ့တဲ့ ၂၁ရာစု ပင်လုံညီလာခံ မတိုင်ခင်တုန်းက NCA ကို လက်မှတ်မရေးထိုးပေမဲ့လို့ နှစ်ဘက်သဘောတူညီချက် စာချုုပ်ထိုးထားတဲ့ အဖွဲ့အစည်းအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရေးကိုကျနော်တို့ ဆွေးနွေးခဲ့ကြတာရှိပါတယ်။ ဒါ အစိုးရဘက်က သဘောထား ယေဘူယျသဘောထားကတော့ Bilateral Agreement နှစ်ဘက်သဘောတူညီချက်ရှိတဲ့သူတွေအနေနဲ့ မိမိသက်ဆိုင်ရာ လူထုနဲ့ တွေ့ဆုံပွဲတွေနဲ့ တွေ့ဆုံနိုင်တယ်။ ဆွေးနွေးနိုင်တယ်။ သို့သော် အမျိုးသားအဆင့် ဆွေးနွေးပွဲအထိတော့ မရောက်ဘူး။ အဲ့ဒီ့လို့တော့ သတ်မှတ်လို့မရဘူးလို့တော့ သဘောထား အကြမ်းဖျင်းပြောထားတာရှိပါတယ်။ သို့သော် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာတော့ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ တရားဝင် ရပ်တည်တဲ့ နိုင်ငံရေးပါတီတွေ အကုန်လုံးအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ အဲ့သလိုပဲ NCA ကို လက်မှတ်မရေးထိုးသေးသော်လည်းပဲ NCA ရဲ့အကြိုဖြစ်တဲ့ နှစ်ဘက်သဘောညီချက် လက်မှတ်ထိုးထားတဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာခြင်းအားဖြင့် နောက် လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိ ပါဝင်လာနိုင်တဲ့အခြေအနေကို ရောက်သွားနိုင်တယ်လို့ ကျနော်တို့ အဲ့သလို မျှော်လင့်တာပေါ့လေ။ ဒါကြောင့်မို့လို့ NCA ကို လက်မှတ်မရေးထိုးပေမဲ့လို့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရရေးက ကျနော်တို့ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်ပါတယ်။”

အခုတွေ့ဆုံကြတဲ့ ပဉ္စမအကြိမ်မြောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်တဲ့ အစည်းအဝေးကို မနေ့ စက်တင်ဘာလ ၁၆ရက်နဲ့ ဒီကနေ့ စက်တင်ဘာ ၁၇ရက် နှစ်ရက်တာ ကျင်းပခဲ့ပါတယ်။ လွှတ်တော်တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေတက်ရောက်ခဲ့သလို အစိုးရဘက်ကတော့ ဒေါက်တာတင်မျိုးဝင်း၊ ဦးခင်ဇော်ဦး၊ ဦးအောင်ကြည်အပါအဝင် တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တပ်မတော် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေး နှစ်ရက်တာအတွင်း " အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးလုပ်နိုင်ဖို့ အဓိကဆွေးနွေးခဲ့ပြီး ဒီ့ီအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွန် TOR ရေးဆွဲနိုင်မယ့် မူတွေကတော့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလဆန်းလောက်မှာ " လူမျိုးအလိုက် " " အကြောင်းအရာအလိုက် " " ဒေသအလိုက် " ကို အခြေခံတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် " NCA ကပြဌာန်းတဲ့ " အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ "တွေ ကျင်းပနိုင်ဖို့ပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG