သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ရာစု ပင်လုံညီလာခံ လအနည်းငယ်မှာ ကျင်းပဖို့ရှိ


မေလ ၂၇ရက်နေ့က နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေး။ (ဓါတ်ပုံ - EPA/HEIN HTET)
မေလ ၂၇ရက်နေ့က နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေး။ (ဓါတ်ပုံ - EPA/HEIN HTET)

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကို အခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလောက်မှာ ကျင်းပနိုင်ဖို့ စီစဉ်ထားကြောင်း NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ ညီလာခံ ဖြစ်မြောက်ရေး ကော်မီတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသား နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ DPN နဲ့ NLD အစိုးရက ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေး အဖွဲ့တို့ ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး NCA သဘောတူညီချက် မှာ လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ အစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး ကော်မတီတို့ ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ (၃) ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာပါ။

အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးစဉ် (၂၁) ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လနဲ့ စက်တင်ဘာလ ဝန်းကျင်မှာ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားခဲ့တယ် လို့ DPN က ဒုတိယအဖွဲ့ခေါင်းဆောင် - ၁ လည်း ဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဗိုလ်ချုပ် စိုင်းထူးက ပြောပါတယ်။

ဆွေးနွေးပွဲ အခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့အခါ ဗိုလ်ချုပ် စိုင်းထူးက အခုလို စပြောပါတယ်။

ဗိုလ်ချုပ် စိုင်းထူး။ “ကျနော်တို့ နိုင်ငံတော်အစိုးရကတော့ - ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားတဲ့ နည်းလမ်း ပေါ်လစီကို သူတို့ လာချပြတယ်ခင်ဗျ။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရော အကုန်လုံး ပါဝင်ရေးအတွက်ကို လာဆွေးနွေးတယ်ခင်ဗျ။ သဘောထားတွေကို ကျနော်တို့လည်း လက်ခံပါတယ်၊ ကြိုဆိုတယ်ဆိုပြီး အကြောင်း ပြန်ကြားလိုက်တယ်ခင်ဗျ။”

ဇော်ဝင်းလှိုင်။ “အဲဒီတော့ အရင် ဦးသိန်းအစိုးရလက်ထက်မှာ အကောင်အထည် ဖော်ခဲ့တဲ့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆိုတာကရော၊ ဘယ်လိုဖြစ်သွားပြီလဲခင်ဗျ - အဲဒီမှာ လက်မှတ်ထိုးတဲ့ အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေရော ရှိနေတော့။ အဲဒီအဆင့်ကို တဆင့်ကျော်ပြီးတော့ နောက်တဆင့်ကို သွားတော့မယ်၊ အဲဒါကို ဒီအတိုင်း ထားခဲ့တော့မယ်ဆိုတဲ့ ပုံစံလား။ ဘယ်လို သွားကြမှာလဲ ခင်ဗျ။”

ဗိုလ်ချုပ် စိုင်းထူး။ “သူတို့ပြောတာကတော့ လက်မှတ်ထိုးတဲ့လူရော၊ မထိုးတဲ့လူရော ကျန်တဲ့ မောင်းလားတို့၊ အေအေတို့၊ ပလောင်တို့၊ ကိုးကန့်တို့ တပါထဲ ပါနိုင်အောင် ကျနော်တို့က လက်ဆွဲ ခေါ်သွားမယ်လို့ ၊ အဲဒီ ၃ ဖွဲ့ တခါထဲ ဆွေးနွေးမယ်လို့ အဲဒီလို ပြောတယ်ခင်ဗျ၊ မနေ့က။”

ဇော်ဝင်းလှိုင်။ ”အဲဒီတော့ ဒါကို ဘယ်လောက်မြန်မြန်များ အကောင်အထည် ဖော်ကြမလဲ၊ Time line ရော ဗိုလ်ချုပ်တို့ သတ်မှတ်ထားတာ ရှိသလား။ ဘယ်အချိန်မှာ ဘယ်လောက်အဆင့်ပြီးအောင်လုပ်မယ် ဆိုတာမျိုး ဆွေးနွေးပါသလား။”

ဗိုလ်ချုပ် စိုင်းထူး။ “ဒေါက်တာတင်မျိုးဝင်း ပြောတာကတော့ - ကျနော်တို့ ၃ လ အတွင်း ၊ သြဂုတ်နဲ့ စက်တင်ဘာလမှာ ဖြစ်နိုင်အောင် သူတို့ ကြိုးစားမယ်လို့ ပြောတယ်ခင်ဗျ။”

ဇော်ဝင်းလှိုင်။ “ပင်လုံ ညီလာခံကိုလားခင်ဗျ”။

ဗိုလ်ချုပ် စိုင်းထူး။ “ဟုတ်ကဲ့၊ ပင်လုံညီလာခံကိုခင်ဗျ။ နိုင်ငံရေး ဆွေးနွေးပွဲကိုလေ။”

ဇော်ဝင်းလှိုင်။ ” ဟုတ်ကဲ့၊ နောက်တခုက ဗိုလ်ချုပ်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖက်က အမြင်သဘောထားကိုလည်း ကျနော် ပွင့်ပွင့်လင်းလင်း ကြားသိ ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ - တချို့ ကျနော်တို့ကြားနေရတာက ဒီ (၂၁) ရာစု ပင်လုံညီလာခံဆိုတဲ့ ခေါင်းစဉ်တပ်တာဟာ နဲနဲစောတယ်။ ဒါမှမဟုတ်ရင်လဲ ဆန္ဒစောလွန်းရာကျတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတဲ့အဖွဲ့တွေ ရှိသလို၊ မထိုးသေးတဲ့ အဖွဲ့တွေရှိတယ်။ ရှင်းရှင်းပြောရရင်တော့ ဗိုလ်ချုပ်တို့ ရှမ်းပြည်ထဲမှာကိုက အခုက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ လူထုက ထွက်ပြေးနေကြရတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းရေးစကား ပြောတယ်ဆိုတာ တချို့လူတွေအမြင်မှာက - တိုင်းရင်းသားတွေပေါ့နော်။ ခံနေရတဲ့သူတွေ အမြင်မှာက လက်တွေ့မကျတဲ့ သဘောမျိုး ဖြစ်နေတော့ ဗိုလ်ချုပ်တို့ကရော ဘယ်လိုမြင်သလဲ။ ၂၁ ရာစု ပင်လုံညီလာခံဆိုပြီး နံမည်တပ်ပြီး လုပ်တာဟာ ဖြစ်နိုင်ခြေရှိသလား။ တချို့ မြင်နေကြသလို ဆန္ဒစောလွန်းရာ ရောက်နေသလား။”

ဗိုလ်ချုပ် စိုင်းထူး။ “မှန်တယ်ခင်ဗျ မေးတာတော့။ ကျနော်လည်း SSPP အနေနဲ့ တင်ပြတယ်ခင်ဗျ။ တင်ပြတယ်ဆိုတော့ ပင်လုံညီလာခံကို ကျနော်တို့ လူမျိုးစုတွေ အနေနဲ့ တွေ့တာကတော့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရော၊ ရှမ်းစော်ဘွားရော၊ ကချင်ရော ရှမ်းရော စုပေါင်းထိုးထားတဲ့ ပင်လုံစာချုပ် လက်မှတ်ကို ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းက အကောင်အထည် မဖော်ရဘဲနဲ့ သေဆုံးသွားတဲ့အတွက်ကြောင့်၊ ကျန်တဲ့ သမီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့အဖေလုပ်ထားတဲ့ ပင်လုံအသစ်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန် သူလည်း တာဝန်ရှိတယ်ဆိုတဲ့အကြောင်း၊ ဒါကြောင့်မို့လို့ ကျနော်တို့ မျှော်လင့် တောင့်တတာကတော့ သူ့အဖေလုပ်ထားတဲ့ ပင်လုံမူကို ထပ်မံပြီး အသိအမှတ်ပြုရေးကို ဖြစ်နိုင်ရင်တော့ ပိုကောင်းတယ်လို့ ကျနော် အဲဒီလို အကြံပြုတယ်။ ဒါက တချက်ခင်ဗျ။ နောက်တချက်ကျတော့ - ပင်လုံညီလာခံ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ အတွက် ကို ဖြစ်နိုင်ရင်တော့ နိုင်ငံတော်အစိုးရအနေနဲ့ တပြည်လုံး အတိုင်းအတာအဆင့်နဲ့ လုပ်ပေးပါ။ ကျတော်တို့ ရှမ်းပြည်မှာ SSA/SSPP နေရာမှာ တိုက်ပွဲဖြစ်နေတယ်။ ဒါကြောင့်မို့လို့ စစ်ဆင်ရေးကို အဓိက ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးနိုင်ဖို့ အစိုးရကနေ ကြေညာပေးပါလို့ မနေ့က ကျနော် တောင်းဆိုတယ်ခင်ဗျ။”

ဇော်ဝင်းလှိုင်။ ”ဟုတ်ကဲ့၊ အဲဒီတော့ ဒေါက်တာတင်မျိုးဝင်းတို့ဖက်က တုန့်ပြန်ချက်ကရော ဘယ်လိုရှိပါသလဲခင်ဗျ။”

ဗိုလ်ချုပ် စိုင်းထူး။ “သူ့ တုန့်ပြန်ချက်က - ဒီကိစ္စ ကျနော်တို့ နိုင်ငံတော်အစိုးရကို တင်ပြမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမယ်လို့ ပြောတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံဖြစ်မြောက်ရေး ကော်မတီနဲ့ DPN လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့ လာမယ့် သီတင်းပတ် ၂ပတ် လောက်မှာ ထပ်မံ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG