ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ တကျော့ပြန် ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို သီးခြားလွတ်လပ်တဲ့ ကော်မရှင်တခုဖွဲ့စည်း စုံစမ်းမယ့်အကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး လွတ်လပ်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း သမ္မတရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက စွပ်စွဲထားပြီး၊ ကျုးလွန်သူတွေကို ဖော်ထုတ် အရေးယူဖို့လည်း ဖိအားပေး တိုက်တွန်းမှုတွေ ကြီးထွားလာနေချိန်မှာပဲ မြန်မာအစိုးရက ကြေညာလိုက်တာပါ။
သမ္မတရုံးရဲ့ ကြေညာချက်မှာတော့ ARSA အစွန်းရောက်အုပ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှု နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်တဲ့ ကိစ္စတွေကို နိုင်ငံတကာက ကျွမ်းကျင်သူ တဦးအပါအ၀င် အဖွဲ့ဝင် ၃ ဦးနဲ့ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်က ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပြင် ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။
မြန်မာအစိုးရက ဖွဲ့စည်းမယ့် စုံစမ်းရေးကော်မရှင်သစ် အနေနဲ့ ARSA အုပ်စုရဲ့ ကျုးလွန်မှုတွေအပြင်၊ လုံခြုံရေး တပ်ဖွဲ့တွေ လူ့အခွင့်အရေးချိုးဖောက်မှု ကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကိုပါ စုံစမ်းမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ လူမျိုးတုန်း ရှင်းလင်းတဲ့ အဆင့်အထိ ရောက်ခဲ့ကြောင်း စွပ်စွဲထားကြပေမဲ့ မြန်မာစစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။