သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“နိုင်ငံရေးအရဖိအားဖြစ်လာရင် ကောင်းကျိုးထက်ဆိုးကျိုးပိုများမယ်” မြန်မာသံအမတ် ဦးဟောက်ဒိုဆွမ်း


 မြန်မာသံအမတ်ဦးဟောက်ဒိုဆွမ်
မြန်မာသံအမတ်ဦးဟောက်ဒိုဆွမ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဒီလိုနိုင်ငံရေးဖိအားဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက သတိပေးလိုက်ပါတယ်။ ရခိုင်ပြဿနာကို နိုင်ငံတကာအနေနဲ့ အပြုသဘောဆောင်ပြီး ချည်းကပ်ကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ မနေ့ကတုန်းကလုပ်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးနဲ့ပတ်သက်လို့ သံအမတ်ကြီးကို မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါရှင်။ ဒီကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ ဆုံးဖြတ်ချက် တစုံတခုပေ့ါ ထွက်လာဖို့ အခြေအနေရှိပါလားရှင့်။

ဦးဟောက်ဒိုဆွမ်း။ ။ ဆုံးဖြတ်ချက်ကတော့ ထွက်လာဖို့ကတော့ ကျနော်တို့ကတော့ ဒါ မလိုဘူးလို့တော့ အပြတ်ပြောထားတာပဲလေ။ ဆုံးဖြတ်ချက်ချလာရင်တော့ ဒီ ချမှတ်တဲ့ ဆုံးဖြတ်ချက်က ပူးပေါင်းဆောင်ရွက်နေရဲ့သားနဲ့ အဲဒီလို ပိုပြီးတော့ နိုင်ငံရေးအရ ဖိအားပေးဖို့ လုပ်လာရင်တော့ ကောင်းကျိုးက ဆိုးကျိုးက ပိုများမှာပေါ့။ ကျနော်တို့က စေတနာနဲ့ လုပ်နေတဲ့ဟာတွေကို တချို့ အစိတ်အပိုင်းတွေပေ့ါဗျာ၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တချို့ နိုင်ငံကြီးတွေနဲ့ တချို့အဖွဲ့အစည်းတွေက၊ ဘာသာရေးအဖွဲ့အစည်းတွေကတော့ ဒီကိစ္စကို ကျနော်တို့ပိုပြီးတော့ ဖိအားပေးဖို့လုပ်နေတာတွေ ရှိတာပေါ့၊ နိုင်ငံရေးအရပေါ့နော်။ အဲဒီလို မတန်တဆဖိအားပေးတာလုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ လောလောဆယ် ပူးပေါင်းဆောင်ရွက်နေတာတွေအတွက် အထောက်အကူ ပြုမှာ မဟုတ်ဘူးဆိုတာတော့ ဒါ သေချာတာပေါ့။

မေး။ ။ ဟုတ်ကဲ့ပါရှင့်။ မနေ့က အစည်းအဝေးမှာ အဓိက ဘာကိစ္စကို ဆွေးနွေးသွားပါသလဲရှင့်။

ဦးဟောက်ဒိုဆွမ်း။ ။ မနေ့က အစည်းအဝေးကတော့ အဓိက ကတော့ သွားတဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ သူတို့ တွေ့တဲ့ဟာတွေ၊ နောက်ပြီးတော့ မုတ်သုန်ရာသီမိုးကျလာလို့ရှိရင်တော့ ဒုက္ခသည်တွေ ဒုက္ခပိုပြီးတော့ များမယ်၊ အဲဒီတော့ ပြန်လည်လက်ခံရေးကိစ္စကို စောလျင်စွာနဲ့ အကောင်အထည်ဖော်ဖို့။ နောက်ပြီးတော့လည်း ဒီ ၂ နိုင်ငံ သဘောတူစာချုပ်နဲ့အညီ ပြန်လည်လက်ခံရေးကိစ္စတွေကို ဆောင်ရွက်ဖို့၊ နောက်ပြီးတော့ ကျန်တဲ့ဟာကတော့ ဒီ ကုလသမဂ္ဂ ပါဝင်ခွင့်ရမှာပေါ့နော်။ ပြန်လည်လက်ခံတဲ့နေရာမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပါဝင်ခွင့်ရရေးကတော့ အဓိကပေါ့လေ။ အဓိကကတော့ ပြန်လည်လက်ခံရေးကိစ္စ၊ ဒါကိုပဲ အဓိကပြောကြတဲ့ဟာပါ။

မေး။ ။ ဒီ ဗြိတိန် သံအမတ်ကြီးကကျတော့ မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခသည်အရေးကို ဒီ့ထက်ပိုပြီးတော့ မြန်မြန်တုန့်ပြန်စေချင်တယ်လို့လည်း ပြောတယ်ပေါ့။ အဲဒီလို သူကကျတော့ အကန့်အသတ်မရှိ အကူအညီတွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးဖို့ တောင်းဆိုထားတဲ့ အပေါ်မှာရော ဘယ်လိုတုန့်ပြန်ချင်လဲရှင့်။

ဦးဟောက်ဒိုဆွမ်း။ ။ ကျနော်တို့ လုပ်နေတဲ့ ကိစ္စတွေပဲ။ UNDP နဲ့ ကျနော်တို့အခု UNHCR နဲ့ MOU ထိုးဖို့အတွက် ကျနော်တို့ ထပ်လုပ်နေတယ်။ လုပ်နေတာကလည်း ကျနော်တို့ဖက်ကတော့ အများကြီးလိုက်လျောပြီး လုပ်ပါတယ်။ အဲဒါ ကုလသမဂ္ဂက ပါဝင်ခွင့်ရအောင်လို့ ကျနော်တို့က စေတနာနဲ့ စိတ်ရင်းစေတနာအမှန်နဲ့ လုပ်နေတာပဲလေ။ တချို့အပိုင်းလေးတွေမှာ နည်းနည်းအသေးစိတ်ညှိုရမယ့်အပိုင်းလေးတွေ ရှိနေတာပေါ့ဗျာ။ အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့ဖက်ကတော့ အများကြီး လိုက်လျောပြီး လုပ်နေတာပါပဲ။ ဆိုတော့ မကြာခင်တော့လည်း အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ ဒီ MOU ထိုးပြီးလို့ရှိရင်တော့ ကျနော်တို့ ဒီကုလသမဂ္ဂ သူတို့ပြောပြောနေတဲ့ ဒီ ကုလသမဂ္ဂ ပါဝင်ခွင့် ဘာညာဆိုတာကတော့ သူ့ဘာသူ ဖြစ်လာမှာပါ။ ဒါကလည်း အချိန်အတိုင်းအတာ တခုပါပဲ။ ခဏနေရင် ဒါတွေက ဖြစ်လာမယ့်ကိစ္စတွေပါ။ ကျနော်တို့ လုပ်နေတာပဲ။ ဒီ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်။ ပြန်ခေါ်ဖို့ ကိစ္စတွေက ကျနော်တို့က အဆင်သင့်ဖြစ်တယ်လို့ ပြောပေမယ့်လည်းပဲ သူတို့ဖက်နေပြီးတော့မှ အကြောင်းအမျိုးမျိုးပြပြီးတော့ ကျနော်တို့ စိစစ်ပြီးသားတွေရှိတယ်။ ကျနော်တို့ စိစစ်ပြီးသားက ၂၀၀၀ နီးပါးရှိတာပေါ့နော်။ အဲဒီဟာတွေကို ကျနော်တို့က ပြန်ပို့ပါလို့ ပြောတဲ့ဟာကို သူတို့က ဟိုဖက်မှာ အခြေအနေအဆင်မပြေသေးလို့ ဘာလို့ ဘာညာဆိုပြီးတော့ သူတို့က မပို့ဘဲနဲ့ ဒါ အကြောင်းရှာပြီးတော့ လုပ်နေတာ။ အမှန်က ကျနော်တို့ဖက်က အဆင်သင့်ဖြစ်နေပြီ။ ပို့ပါလို့ ကျနော်တို့ ပြောနေတာ မပို့ဘူး။ ပြီးတဲ့အခါကျရင် ကျနော်တို့ကို ပူးပေါင်းမဆောင်ရွက်ဘူး။ ပြန်လည်လက်ခံရေးကိစ္စတွေကိုလည်း နှေးအောင်လုပ်နေတယ်ဆိုပြီးတော့ အကောင်အထည်ဖော်တာ နှေးတယ်ဆိုပြီး ပြောနေတယ်။ အမှန်က ဖြစ်နေတာ ဟိုဖက်ကနေပြီးတော့ မလုပ်တဲ့ကိစ္စ ကျနော်တို့ကို လာပြီး အပြစ်တင်ချနေတာလေ။ အခုက မီဒီယာတွေရော၊ တချို့ အနောက်နိုင်ငံတွေရောက ပြဿနာကို ပြေလည်ဖို့ ဆောင်ရွက်တာထက် အမုန်းတရားပိုပြီးတော့ ပွားအောင်လို့ အမျိုးမျိုး လှုံ့ဆော်ပြီးတော့ သွေးထိုးပြီးတော့ ပြောဆိုနေ၊ ရေးနေကြတဲ့ဟာတွေ။ အဲဒါတွေကို မြန်မြန်ရပ်တန်းကရပ်ပြီးတော့မှ အားလုံးပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းလုပ်လို့ရှိရင်တော့ ဒီ humanitarian ကိစ္စတွေရော၊ နောက်ပြီး ရခိုင် မူဆလင် ပြဿနာတွေရော ကျနော်တို့အကောင်းဆုံး၊ အမြန်ဆုံးဖြေရှင်းနိုင်မယ်လို့ ကျနော်ကတော့ အဲဒီလိုပဲ ပြောချင်ပါတယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG