သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်သစ်ဆုတောင်း


မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un၊ ရုရှားသမ္မတ Vladimier Putin၊ အမေရိကန်သမ္မတ Donald Trump၊ တရုတ်သမ္မတ Xi Jinping
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un၊ ရုရှားသမ္မတ Vladimier Putin၊ အမေရိကန်သမ္မတ Donald Trump၊ တရုတ်သမ္မတ Xi Jinping

အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့ မနက်က နိုင်ငံကို၂၀၁၉ နှစ်သစ်ကူးသဝဏ်လွှာ ပါးရာမှာ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ စိတ်အေးအေးထားပြီး လက်တွေ့ဘဝကို စိတ်ချမ်းသာစွာနဲ့ ရင်ဆိုင်ဖို့ သူ့တွစ်တာကနေ တဆင့် တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် သူ့အပေါ် မုန်းသူတွေနဲ့ လုပ်ကြံသတင်းလွှင့်နေတဲ့ သတင်းမီဒီယာတွေ အပါအဝင် လူတိုင်းကို နှစ်သစ် ဆုတောင်းပေးလိုက်ကြောင်းနဲ့ နိုင်ငံအတွင်းမှာ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

သမ္မတ Trump ဟာ ဗီဒီယိုကနေ တဆင့်လည်း အခုဆုတောင်းပေးခဲ့ပါတယ်။

“ကျနော်က အိမ်ဖြူတော်မှာ အလုပ်လုပ်နေတယ်။ ခင်ဗျားတို့ကတော့ ဒီည ပါတီပွဲ ဆင်နွှဲနေကြတယ်။ ဒါကို ကျနော် အပြစ်မမြင်ပါဘူး။ ပျော်နိုင်ကြပါတယ်။ ကောင်းမွန်မယ့် နှစ်သစ် ဖြစ်သလို သိပ်ကို ပျော်နိုင်တဲ့ နှစ်သစ်ကူးလည်း ဖြစ်ပါစေ။”

ပြည်ထောင်စုအစိုးရ ယန္တရား တစိတ်တပိုင်း ပိတ်ခဲ့ရတဲ့ ၁၁ ရက်မြောက်နေ့မှာ သမ္မတ Trump က အခုလို နှစ်သစ်ကူး သဝဏ်လွှာ ပါးခဲ့တာ ဖြစ်ပါတယ်။ သမ္မတ Trump အနေနဲ့ ခရစ်စမတ်ကာလ အတွင်း အီရတ်မှာ ရှိတဲ့ အမေရိကန် စစ်သားတွေကို ခေတ္တ သွားရောက် နှှုတ်ဆက်ခဲ့ချိန်မှ အပ ဒီပွဲတော်ရက်ကာလတွေမှာ အိမ်ဖြူတော်မှာပဲ ရှိနေတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimier Putin ကတော့ နှစ်သစ်ကူး အကြိုမိန့်ခွန်း ထုတ်ပြန်ရာမှာ ရုရှားကို ဘယ်သူကမှ ကူညီခဲ့တာမဟုတ်သလို ရုရှားကလည်း ဘယ်တော့မှလည်း အကူညီတောင်းခံမှာ မဟုတ်ဖူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံသားတွေ အနေနဲ့ ရည်မှန်းချက်တွေ အောင်မြင်ပြီး မိသားစုတွေနဲ့အတူ ကျန်းမာပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြဖို့ ဆုတောင်းပေးခဲ့တာပါ။ သူ့ရဲ့ ဒီနှစ်သစ်ကူူး မိန့်ခွန်းကို အရှေ့ရုရှား ယူရယ်လ် တောင်တန်းမှာ ရှိတဲ့ စက်မှုလုပ်ငန်းမြို့ Magnitogorsk ကို သွားရောက်စဉ် အသံလွှင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြို့မှာပဲ ဂက်စ် ပေါက်ကွဲမှုကြောင့် တိုက်ခန်းအဆောက်အဦး တခု ပြိုကျပြီး အနည်းဆုံးလူ ၇ ဦးသေဆုံးပြီး၊ ၄၀ ထက်မနည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

တရုတ်သမ္မတ Xi Jinping ပြောကြားတဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာတော့ အချိန်ဟာ ဘယ်သူ့ကိုမှ စောင့်မနေပဲ ရာသီတွေ အစဉ်အမြဲ ပြောင်းလဲနေကြောင်းနဲ့ ၂၀၁၈ ခုနှစ်အတွင်း ရင်ဆိုင်ခဲ့ရတဲ့ အကဲစမ်းမှုတွေနဲ့ စီးပွါးရေး အောင်မြင်မှု တွေကိုသူက မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ရေမြေတောတောင်တွေကို ညစ်ညမ်းမှုမရှိအောင် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို တရုတ်အာကာသ ခရီးစဉ်မှာ အောင်မြင်မှုရှိတာတွေကို ထောက်ပြခဲ့ပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်တဲ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ်နေ့ကို ဆင်နွှဲမှာ ဖြစ်ကြောင်းနဲ့ တရုတ်ရဲ့ စီးပွါးရေးစင်္ကြန်- ခါးပတ်လမ်း စီမံကိန်းကို အောင်မြင်အောင်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကတော့ အမေရိကန်နဲ့ ၂၀၁၈ ခုနှစ်တုန်းကလို အပြုသဘောဆောင် ဆက်ဆံရေးတွေ ၂၀၁၉ ခုနှစ်မှာ ဆက်မရှိနိုင်တော့ကြောင်း သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အရိပ်အမြွက် ထည့်သွင်းပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ ပြောကြားတဲ့ နှစ်သစ်မိန့်ခွန်းမှာ Kim က သမ္မတ Donald Trump နဲ့ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပလိုပေမယ့် မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ချပေးဖို့ တောင်းဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG