(Zawgyi/Unicode)
အာရှ အရှေ့ပိုင်းဒေသအချို့မှာတော့ ၂၀၁၉ ခုနှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ကို ကူးပြောင်းသွားပါပြီ။ သြစတြေးလျနိုင်ငံ Sydney ဆိပ်ကမ်းမှာတော့ နှစ်စဉ်လိုလို ပြုလုပ်နေကြ နှစ်သစ်အကူးအပြောင်း မီးရှုးမီးပန်းတွေ ဖောက်လုပ်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံအဝှမ်း တောမီးကြောင့် မီးရှုးမီးပန်းအစီအစဉ် မလုပ်ဖို့ကန့်ကွက်မှုတွေ ရှိတာကြောင့် အချို့နေရာတွေမှာ မီးရှုးမိးပန်းဖောက်လွှတ်မှု အစီအစဉ်တွေ ဖျက်ခဲ့ပေမဲ့ Sydney ဆိပ်ကမ်း ရေပေါ်ကနေ မီးရှုးလွှတ်မယ့် အစီအစဉ်ကတော့ ဘေးအန္တရာယ် ကင်းရှင်းတယ်ဆိုပြီး ဆက်လုပ်ဖြစ်သွားတာပါ။
ပစိဖိတ်ကျွန်းနိုင်ငံ တခုဖြစ်တဲ့ Kiribati ကျွန်းနိုင်ငံဟာ ၂၀၂၀ ခုနှစ်ကို ပထမဦးဆုံးကြိုတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ နှစ်သစ်ကို ဦးဆုံးကြိုတဲ့ နောက်ထပ်ကျွန်းနိုင်ငံဖြစ်တဲ့ Samao မှာတော့ မြို့တော် Apia ကို လွှမ်းခြုံမြင်ရတဲ့ Vaea တောင်ပေါ်ကနေ နှစ်သစ်ကူးချိန်သန်းခေါင်ယံမှာ မီးရှုးမီးပန်းပစ်ဖောက်ပါတယ်။
Samao မှာတော့ အခု ပြီးခဲ့တဲ့နှစ်ဟာ ဝမ်းနည်းစရာ အမှတ်ရစရာတွေ ဖြစ်ခဲ့တာပါ။ ဝက်သက်ကူးစက်ရောဂါကြောင့် ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာပဲ ၈၁ ဦး သေဆုံးခဲ့ရပါတယ်။ အများစုက ငါးနှစ်အောက် ကလေးငယ်တွေပါ။ နယူးဇီလန်နိုင်ငံမှာ ၂၀၂၀ နှစ်သစ်ကို ကြိုလိုက်ပါပြီ။
မြို့တော် Auckland ကို လွှမ်းခြုံမြင်ရတဲ့ Sky Tower ကနေ မီးရှုးမီးပန်းတွေ ပစ်ဖောက်ခဲ့ပါတယ်။ တောင်ကိုရီယားနိုင်ငံမှာတော့ လူပေါင်းထောင်နဲ့ချီ ချမ်းချမ်းအေးအေး မြို့လယ်လမ်းမတွေပေါ်မှာ ပြည့်နှက်နေပြီး နှစ်ကူးကြိုဖို့ ပြင်နေပါတယ်။
ဟောင်ကောင်မှာတော့ ဒီမိုကရေစီရေးဆန္ဒပြ ချီတက်လှုပ်ရှားမှုတွေ ရှိနေတာကြောင့် လုံခြုံရေးစိုးရိမ်ချက်နဲ့ နှစ်စဉ်လုပ်နေကြ Victoria ဆိပ်ကမ်းက မီးရှုးမီးပန်းဖောက်မယ့်အစီအစဉ်ကို ဖျက်သိမ်းထားပါတယ်။
တရုတ်သမ္မတ ရှိကျင့်ဖျင့် နှစ်သစ်ကူးမိန့်ခွန်းမှာတော့ ဟောင်ကောင်ကျွန်း ပြည်လည်တည်ငြိမ်ရေးအတွက် တိုက်တွန်းလိုက်ပြီး သဟဇာတရှိပြီး ငြိမ်းချမ်းတဲ့ လူမှုဝန်းကျင်ဟာ ဟောင်ကောင်အတွက် အရေးကြီးတယ်လို့ ပြောသွားပါတယ်။
[Unicode Version]