ဦးကျော်ဇံသာ ။ ။ ၂၀၁၀ ဟာ မြန်မာနိုင်ငံအတွက် အတော်အရေးကြီးတဲ့ နှစ်တနှစ်လို ဆိုရပါမယ်။ ဒီမိုကရေစီလှုပ်ရှားမှုမှာ အဓိကကျတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထင်ကရ ခေါင်းဆောင်နှစ်ဦး လွတ်မြောက်လာခဲ့တယ်။ ပြည်သူတွေ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ စစ်အစိုးရက ရွေးကောက်ပွဲတခု လုပ်ခဲ့တယ်။ ဒါတွေက ထူးခြားတဲ့ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ပြီးတော့ ၂၀၁၁ မှာ ဘာတွေဖြစ်လာမလဲ။ အထူးသဖြင့် ဦးမောင်မောင်မြင့် တို့ မီဒီယာသမားတွေ ဘယ်လိုသတင်းတွေများ ရေးလာရမလဲ၊ ဘယ်လိုသတင်းတွေ ပြောခွင့်ရလားမလဲဆိုတာတွေကို သုံးသပ်ကြည့်ကြပါမယ်။ ပထမဦးဆုံး ကျနော်တို့ မခန့်မှန်းခင်မှာ နိုင်ငံရေးဖက်က ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို နိုင်ငံရေးလှုပ်ရှားသူ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးဌေးအောင် ကို မေးမြန်းလိုပါတယ်။
၂၀၁၁ နိုင်ငံရေးအခြေအနေ ဘယ်လိုများ ထူးခြားပြောင်းလဲလာမယ် ထင်ပါသလဲ။
ဦးဌေးအောင် ။ ။ ကျနော်အထင် မပြောခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးသပ်ချက်ကို ပြောပြချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၁ က မြန်မာနိုင်ငံအတွက် ထူးခြားမယ့် နှစ်တနှစ်ဖြစ်မယ်လို့ သုံးသပ်ပြောဆိုတဲ့ အနေအထားရှိပါတယ်။ ကျနော်မြင်တာကလည်း ၂၀၁၁ ခုနှစ်က ဗမာပြည်အတွက် ဆိုးကျိုးတွေ၊ သံသယလည်နေအုံးမယ့် နှစ်တနှစ် ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မကြာခင်မှာ စစ်အစိုးရက ရွေးကောက်ပွဲရဲ့ ရလာဒ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ အရပ်သားအစိုးရ၊ အသွင်ပြောင်းအစိုးရကို သူက ဖွဲ့စည်းတော့မယ်။ အဲဒီ အစိုးရဖွဲ့စည်းပြီးတာနဲ့ တပြိုင်တည်း။ လွှတ်တော်ကနေ အဲဒီ အစိုးရ သက်စိုးရှည်အောင် ဥပဒေတွေကို ပြဌာန်းရတော့မယ်။ အဲဒီ ဥပဒေတွေကလည်း ဘာပဲဖြစ်ဖြစ် အရပ်သားအမည်ခံ အစိုးရလုပ်ချင်တာလုပ်နိုင်ဖို့အတွက် ဥပဒေတွေဖြစ်ဖို့ သေချာတဲ့အတွက်ကြောင့် ဒါတွေကလည်း လူထုအပေါ်မှာ ဖိနှိပ်တဲ့ ဥပဒေတွေဖြစ်ဖို့ များပါတယ်။ နောက်တခုက တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေးတွေအပေါ်လည်း စစ်အစိုးရက နည်းမျိုးစုံနဲ့ ဆက်ပြီးဖိအားပေးမှာတွေ ရှိပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း တချို့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲအပေါ်မှာ သူတို့အနေနဲ့ လက်မခံနိုင်တဲ့အချက်တွေကို ဆက်ပြီး ဖိအားပေးမှာတွေ ရှိတဲ့အတွက်ကြောင့် ၂၀၁၁ ခုနှစ်က နိုင်ငံရေးမှာ လိပ်ခဲတင်းတင်းဖြစ်မယ့် တဖက်နဲ့တဖက် ရင်ဆိုင်ရမယ့် အခြေအနေမျိုး ဖြစ်မယ့်နှစ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ထူးခြားတဲ့နှစ်တနှစ် ဖြစ်မယ်လို့ပြောဆိုတဲ့ကိစ္စကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုပါသလဲ။ ဘယ်လိုသဘောပေါက်ပါသလဲ။
ဦးဌေးအောင် ။ ။ ထူးခြားတဲ့နှစ်တနှစ် ဖြစ်မယ်ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို သူ့အနေနဲ့ ဦးတည်ပြီး လုပ်ဆောင်မယ်လို့ သူကပြောထားတဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာတော့ အဲဒါတွေဖြစ်အောင် အကောင်အထည်ဖော်မယ်၊ ဒါတွေဖြစ်လာနိုင်အောင်လို့လည်း သူအနေနဲ့ ယုံကြည်တယ်လို့ ပြောဆိုတဲ့ အဓိပ္ပါယ်မျိုးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် က အဲဒီအဓိပ္ပါယ်မျိုး အယူအဆမျိုး မမြင်ဘူးလား။ အမျိုးသားရင်ကြားစေ့ရေးအတွက် ရှေ့ကိုတလှမ်းတိုးလာနိုင်တယ်ဆိုတဲ့ အယူအဆ ဦးဌေးအောင်မှာ မရှိဘူးလား။
ဦးဌေးအောင် ။ ။ ကျနော်ကတော့ လတ်တလောဖြစ်လာနိုင်မယ့်အနေအထား မရှိသေးဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရက ဒီ အမျိုးသားရင်ကြားစေ့ရေးကို မလုပ်ချင်လို့။ သူတို့အနေနဲ့ အကြိမ်ကြိမ်ငြင်းခဲ့တာရှိတယ်။ နောက်တခါ သူတို့ စစ်အာဏာရှင်စံနစ်ကို ပုံစံတမျိုးနဲ့ တရားဝင်ဖြစ်အောင်လို့ အခု ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံဥပဒေကို လုပ်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်ခဲ့တယ်။ ဒါတွေကလည်း သူတို့ road map အရဆိုရင် နောက်ဆုံးအဆင့်ကိုတောင် သူတို့ရသွားပြီဆိုတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို သူတို့အနေနဲ့ စစ်စစ်မှန်မှန် ယုံယုံကြည်ကြည် လုပ်ပေးမယ့် အနေအထားမျိုး မရှိပါဘူး။ ဒါပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်အစိုးရနဲ့ စွမ်းအားခြင်း ညီမျှလာမယ့် အနေအထားအထိ စည်းရုံးရေးလုပ်နိုင်မယ်ဆိုရင်တော့ စစ်အစိုးရဖက်က မလိုက်ရောချင်ပေမယ့်လည်း နောက်ဆုံးမှာ မလွှဲမရှောင်သာ တဖြည်းဖြည်းလိုက်လျောလာနိုင်တဲ့ အနေအထားမျိုး ရှိကောင်းရှိလာနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ နိုင်ငံရေးသမား သုတေသီတဦးရဲ့ အမြင်ဖြစ်ပါတယ်။ ကျနော်တို့ မီဒီယာသမားတွေအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဦးဌေးအောင် ပြောသလို ၂၀၁၀ ဟာ ဗမာပြည်သူတွေ အကျဉ်းအကြပ်ထဲ ပိုကျလာနိုင်မယ်။ ဥပဒေအရ ပိုမိုဖိနှိပ်မယ့် ဥပဒေတွေနဲ့ လုပ်လာမယ်။ တက်လာတဲ့ အစိုးရတည်မြဲရေးအတွက် တိုင်းရင်းသားတွေလည်း ဖိနှိပ်ခြင်း ပိုခံရမယ်ဆိုတာတွေကို သုံးသပ်ထားတယ်။ ဆိုတော့ ဦးမောင်မောင်မြင့် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဦးမောင်မောင်မြင့် ။ ။ ၂၀၁၀ လွန်သွားတဲ့နှစ်မှာ မီဒီယာသမားတွေအနေနဲ့ သတင်းတွေအများကြီး ရှိခဲ့ပါတယ်။ ကျနော်တို့ ပြည်တွင်းမီဒီယာသမားတွေအနေနဲ့ အဲဒီ သတင်းတွေကို လုံလုံလောက်လောက် သတင်းပို့ဖို့၊ ရေးဖို့အတွက်ကို အခက်အခဲများစွာ ရှိခဲ့ပေမယ့်။ ပြည်ပမှာရှိတဲ့ ရေဒီယိုသတင်းဌာနတွေ၊ တီဗွီသတင်းဌာနတွေ အနေနဲ့တော့ သတင်းတွေအများကြီး ရှိခဲ့ပါတယ်။ သို့သော်လည်း ပြည်တွင်းသမားတွေရဲ့ အခြေအနေကတော့ စောစောကပြောသလို ကျဉ်းတည်းကြပ်တည်းလည်း ဖြစ်တယ်။ နောက်ပြီးတော့ သူတို့အနေနဲ့ တချို့နေရာတွေမှာ ထောင်နှုတ်ခမ်းကို နှင်းပြီးလုပ်နေရတဲ့ သဘောရှိတာကြောင့် သူတို့အနေနဲ့က ဝမ်းနည်းစွာနဲ့ မလွတ်လပ်ဘူးလို့ ပြောရပါလိမ့်မယ်။ သို့သော် ၂၀၁၁ ခုနှစ် ရောက်တဲ့အခါကြတော့ ယေဘုယျပြောမယ်ဆိုရင် လွှတ်တော်တခုဖြစ်လာလို့ လွှတ်တော်အပိုင်းမှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၈၀% ဝန်းကျင်နဲ့ သူတို့က အနိုင်ရထားတဲ့အတွက်ကြောင့် အတိုက်အခံဆိုတာက အသံတောင်မထွက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီလို အနေအထားမျိုးမှာတော့ သတင်းသမားတွေအနေနဲ့ စိတ်ဝင်စားစရာ ကောင်းချင်မှကောင်းမယ်။ ဒါပေမဲ့လို့ အခုကျနော်တို့ မြင်နေရတဲ့ အလားအလာ ဘာရှိသလဲဆိုရင်တော့ လွှတ်တော်အတွင်းက နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပမှာရှိတဲ့ နိုင်ငံရေးမျိုးကို မြင်နေရပါတယ်။ ဒါကိုလည်း အန်အယ်လ်ဒီ အပါအဝင် ရွေးကောက်ပွဲမှာ ဝင်ပြီးပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေကိုယ်တိုင်က ဒီစကားကို ပြောနေတာပါ။ လွှတ်တော်ပြင်ပ နိုင်ငံရေးလို့ ဆိုကြပေမယ့် တကယ်တမ်းတော့ အရင်တုန်းကလို ပါတီနိုင်ငံရေးလိုင်း သက်သက်တင်မကတော့ဘဲ အခုအချိန်မှာ လူထုကြားထဲကို ဆင်းပြီး လူထုကို စည်းရုံးရေးလုပ်နေတဲ့အဆင့်အထိ လွှတ်တော်ပြင်ပက နိုင်ငံရေးသမားတွေက စည်းရုံးလှုပ်ရှားနေကြတဲ့ အနေအထားရှိပါတယ်။ လောလောဆယ်ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်၌က ကွန်ယက်တခုဖွဲ့စည်းဖွဲ့ဆိုတဲ့ သဘောမျိုးကို ပြောလာသလို။ လူငယ်တွေ နိုင်ငံရေးမှာ ပါလာဖို့။ လူငယ်တွေ တိုင်းပြည်အရေးမှာ ပါလာဖို့ သဘောမျိုး ပြောနေတာ ရှိပါတယ်။ ဒါတွေသာ တကယ်တမ်း အောင်မြင်လာမယ်၊ ပီပြင်လာမယ်ဆိုရင် စောစောကပြောတဲ့ နိုင်ငံရေးအားပြိုင်မှုတွေဟာ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်လာမှာပါ။
ဦးကျော်ဇံသာ ။ ။ နောက်ဆက်တွဲအနေနဲ့ ခပ်တိုတို မေးချင်တာက သတင်းသမားတွေက လွတ်လွတ်လပ်လပ် သတင်းပို့နိုင်မယ့်၊ သတင်းပို့ခွင့်ရနိုင်မှာကို တွေ့ပါသလား။
ဦးမောင်မောင်မြင့် ။ ။ ၂၀၁၀ ခုနှစ်ကို အခြေခံပြီးပြောရရင် အဲဒီအလားအလာက အတော်လေး မှေးမှိန်တာကို တွေ့ရပါတယ်။ ဒါတွေကို ထောက်ချင့်ပြီးတော့ ကြည့်မယ်ဆိုရင်တော့ သတင်းလွတ်လပ်ခွင့်အပိုင်းမှာ ၂၀၁၀ ထက် ၂၀၁၁ က သိပ်အများကြီးကွာမယ့် အလားအလာမျိုး မရှိပါဘူး။ အလွန်ဆုံး မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့်ရမယ်ဆိုလို့ရှိရင် အိန္ဒိယ၊ ထိုင်းနိုင်ငံမျိုးလို ဘယ်တော့မှ ရလာနိုင်မှာ မဟုတ်ဘူး။ သို့သော် ကမ္ဘောဒီယားမှာရှိနေတဲ့ သတင်းလွတ်လပ်ခွင့်မျိုးလောက်တော့ ရကောင်းရလာနိုင်တယ်။ နောက်တချက် အကောင်းဖက်က ကြည့်မယ်ဆိုရင် အာဆီယံမှာ လူ့အခွင့်အရေး charter ကို မြန်မာနိုင်ငံအပါအဝင် လက်မှတ်ထိုးထားတာ ရှိတဲ့အတွက်ကြောင့် အဲဒါနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရက ပက်ပက်စက်စက် ရမ်းရမ်းကားကား အရင်တုန်းကလို သတင်းသမားတွေကို ဖမ်းဆီးထောင်ချ၊ နှိပ်စက်ပြီး ထောင်ထဲမှာ သတ်တဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ ကျနော်အနေနဲ့ မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျေးဇူးတင်ပါတယ်။ အကောင်းဖက်က မြင်ပေးတဲ့တခုက အင်မတန် တန်းဖိုးရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ မီဒီယာသမားတွေက မေးမြန်းလိုက်တိုင်း အကောင်းမြင်တဲ့လူတွေက အင်မတန် နည်းပါတယ်။ ဒါလည်း အပြစ်တော့ မဟုတ်ပါဘူး။ သမိုင်းက ဒီလိုပဲ သင်ပေးလာတော့ - မြန်မာ့သမိုင်းမှာ အကောင်းမြင်ရတဲ့အချိန်က အခုခေတ်သစ်အချိန်မှာ သိပ်နည်းလေတော့ ဦးဌေးအောင် အကောင်းတခုခု မြင်ကြည့်ပါအုံး။ ကျနော်အနေနဲ့ တခုမြင်ကြည့်မယ်။ ဒေါ်အောင်ဆန်းစုကြည် က ပြောတယ် - အမျိုးသားရင်ကြားစေ့ရေးအတွက် ဒီနှစ်မှာ အစွမ်းကုန် ကြိုးစားမယ်ဆိုတော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးလိုက်တာက သူတို့ဥပဒေကြောင့်ပါ။ ဥပဒေဆိုတာ သူတို့လက်ထဲမှာရှိနေတာပဲ သူတို့ထင်သလို လုပ်လို့ရတယ်။ သို့ပေမဲ့ သူတို့ရွေးကောက်ပွဲမှာ သူတို့အာဏာဆက်တည်ရေးအတွက် အခိုင်အမာ အခြေကုတ်ရယူပြီးပြီ။ သူတို့အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ နောက်ကြောင်းလုံပြီဆိုတဲ့ သဘောနဲ့ လွတ်ပေးတယ်လို့ ပြောမယ်လို့ ရရင်လည်းထင်ပါတယ်။ ဆိုတော့ အဲဒီလို ယုံကြည်မှုရလာတဲ့ သူတို့အနာဂတ်အတွက် အဲဒါကို အခြေခံပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို ဒီအဖွဲ့အစည်းနဲ့ ငါတို့ ဆွေးနွေးမယ်။ ငါတို့ ရရှိပြီးတဲ့ အဆင့်အတန်းကနေ ပြန်လျှောမကျနိုင်ဘူးဆိုတဲ့ အသိများဝင်လာပြီးတော့ အကောင်းဖက်ကို မရွေးလာနိုင်ဘူးလား။
ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ ကျနော်တို့ စစ်အစိုးရအပေါ်မှာ သုံးသပ်ရင် သူတို့ စဉ်းစားနေကြ၊ လုပ်နေကြ။ စစ်ရေးအမြင်နဲ့ သုံးသပ်တာကို ကျနော်တို့ ထည့်သွင်းစဉ်းစားရမယ် ထင်ပါတယ်။ စစ်တပ်မှာက သူတို့က military doctrine ဆိုပြီးတော့ သူတို့သွားရမယ့်၊ သူတို့စွဲကိုင်ထားမယ့် မူဝါဒက သူတို့ချထားပြီးသာပါ။ အဲဒါကလည်း သူတို့ အမျိူးသားညီလာခံမှာစပြီး ဦးတည်ချက် (၆) ရပ် ချပြီးကတည်းက ပါပြီးသာပါ။ နိုင်ငံရေးမှာ ဒီတပ်မတော်က အမြဲတမ်းဦးဆောင်မှု အခန်းကဏ္ဍကပါရမယ်ဆိုတဲ့အချက်။ အဲဒီတော့ အဲဒီအချက်ကို သူတို့အနေနဲ့ အခုဆိုရင် ဦးကျော်ဇံသာ ပြောသလို အခိုင်အမာတော့ ရရှိထားပြီဆိုပြီး တွက်ထားတာရှိပါတယ်။ အဲဒီတော့ အဲဒီအနေအထားကို သူတို့က ထိခိုက်ခံမှာ မဟုတ်ဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စကလည်း ဒီအရပ်သား အမည်ခံ အစိုးရလက်ထက်မှာ ဟန်ပြ လုပ်ကောင်းလုပ်ပြနိုင်ပါတယ်။ သို့သော် သူတို့ဖက်က ချထားတဲ့ ကြမ်းခင်းဈေးကိုတော့ လုံးဝထိခိုက်နိုင်မှာ မဟုတ်ဘူး။ ကျနော်တွက်တာကတော့ ဒီလို တွေ့ဆုံပွဲ ဟန်ပြလုပ်တယ်။ တဖက်နဲ့တဖက် စေတနာမပါဘဲနဲ့ လုပ်တယ်ဆိုရင်တော့ လုပ်ပြကောင်းလုပ်ပြနိုင်ပေမယ့် ဒါရဲ့ အကျိုးရလာဒ်က ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါမျိုးကိုပဲ ကျနော်ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့်လည်း ဒီကိစ္စကို နည်းနည်းပြောပါအုန်း။ တွေဆုံဆွေးနွေးပွဲတရပ် ဖြစ်ရပ်တခုဟာ စေတနာပါမှ အကျိုးရှိနိုင်မလား၊ သို့တည်းမဟုတ် ဖိအားကြောင့်၊ အမျိုးမျိုးသော အခြေအနေများကြောင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ခဲ့ရတာတွေလည်း အစဉ်အလာအများကြီး ရှိပါတယ်။ ဆိုတော့ နှစ်ဖက်စကားပြောဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေး အဆင့်မဟုတ်ဘဲနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကူညီတဲ့လုပ်ငန်းတွေမှာ လက်တွဲလုပ်ဖြစ်တယ်ဆိုရင်ကို အဲဒါဟာ အလားအလာကောင်းတဲ့ အခြေအနေတရပ် ဖြစ်မလာနိုင်ဘူးလား။
ဦးမောင်မောင်မြင့် ။ ။ အဲဒီအပိုင်းနဲ့ ပတ်သက်လို့တော့ ဒီ အလားအလာကောင်းတာတွေ ရှိတယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုအချိန်မှာ အန်အယ်လ်ဒီ က လုပ်နေတဲ့ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်လို့ အကူအညီပေးတဲ့ကိစ္စမျိုးတွေ နောက်ပြီး HIV ဂေဟာနဲ့ ပတ်သက်ပြီး စစ်အစိုးရက လိုက်လျောပြီးတော့ ဒီဂေဟာ တည်ရှိခွင့်ပေးတာမျိုးတွေ။ ဒါမျိုးတွေကို တကယ်တမ်းသာ နောက်ပိုင်းအရှေ့သဖြင့် ဆက်ပြီးတော့ ကျယ်ပြန့်လာအောင် လုပ်လာမယ်။ နောက်တက်လာမယ့်အစိုးရဖက်ကလည်း ဒီအကူအညီပေးနိုင်မယ်။ အန်အယ်လ်ဒီ နဲ့လည်း တွဲပြီးလုပ်နိုင်မယ်။ ဒီအပြင် လူငယ်တွေ၊ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ တွဲပြီးလုပ်နိုင်မယ်ဆိုရင်တော့ ဒါက အလားအလာကောင်းတခု ဖြစ်ပါတယ်။ နောက်တဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ခုနှစ်အထိ ရွေးကောက်ပွဲ မတိုင်ခင်အထိ အနေအထားက ဘာလဲဆိုတော့ စစ်အစိုးရနဲ့ အရပ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုလို့ ယေဘုယျအားဖြင့် သုံးသပ်လို့ရပါတယ်။ သို့သော် လွှတ်တော်ပေါ်လာပြီး နောက်ပိုင်းကြရင်တော့ အရပ်သားအစိုးရနဲ့ အရပ်သားလွှတ်တော်ပြင်ပတို့။ လွှတ်တော်ပြင်ပမှာရှိတဲ့ အရပ်သားနိုင်ငံရေးသမားတွေသဘော ဖြစ်လာပါတယ်။ အဲဒီသဘောမျိုး ဖြစ်လာတဲ့အခါကြတော့ စစ်တပ်အနေနဲ့က အရင်တုန်းက မာနမျိုးကိုလည်း ထားဖို့ မလိုတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့အနေနဲ့ လွှတ်တော်ရဲ့ နောက်ကွယ်မှာရှိနေမယ်။ ဆိုတဲ့အခါကြတော့ ကျနော်အနေနဲ့ မြင်တာကတော့ မြန်မာနိုင်ငံသားတိုင်း ဘယ်သူမဆို စစ်တပ်ကော၊ အရပ်သားတွေကော သူတို့အနေနဲ့ တိုင်းပြည်ကောင်းကျိုးကိုတော့ အနည်းနဲ့အများ လိုလားကြပါတယ်။ လိုလားကြတဲ့အခါမှာ အခုလိုမျိုး လျှော့ပေးနိုင်တဲ့ နိုင်ငံရေးအနေအထား ပေါ်လာပြီဆိုရင်တော့ အဲဒီအနေအထားကို နှစ်ဖက်စလုံးက စေတနာသန့်သန့် နဲ့ ကိုယ့်အကျိုးရှိတာ မှန်ပေမယ့် ကိုယ့်အကျိုးကို ရှေ့တန်းမတင်ဘဲ ဆက်ပြီးသွားနိုင်မယ်။ ကျယ်ပြန့်အောင်လုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်ပေါ် အကောင်းမြင်လာနိုင်မယ်။ သူတို့ရဲ့ လက်ရှိလွှတ်တော်ကို အခြေခံတဲ့ အရပ်သားဟန်ပြ အစိုးရကိုလည်း တကယ့် အရပ်သား အစိုးရအနေနဲ့ အခုမဟုတ်တောင် နောက် ဆယ်နှစ်ကြာရင် ဥပမာ အဲဒီလိုမျိုး မြင်လာနိုင်မယ်ဆိုရင်တော့ အနည်းဆုံးတော့ လူထုအကျိုးရှိမယ့် ဖြစ်ရပ်မျိုးတွေ ပေါ်လာနိုင်မယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လူထုဆိုလို့ နိုင်ငံရေးလွှဲပြောင်းရေး၊ နိုင်ငံရေးအာဏာ ခွဲဝေရေးထက် လူထုတွေက သူတို့အကျိုးအတွက် - တလောတုန်းက ဖြစ်ခဲ့ဘူးပါတယ်။ အလုပ်သမားတွေ ပုဂ္ဂလိကစက်ရုံက အလုပ်သမားတွေ သူတို့ နှစ်နာတဲ့အတွက်ကြောင့် သူတို့စုပေါင်းပြီး ဆန္ဒပြတောင်းဆိုတာ။ ဒီကိစ္စတွေမှာလည်း သူတို့က နိုင်ငံရေးဆန့်ကျင်မှုတခုလို ကိုင်တွယ်ပြီး နှိမ်နှင်းခဲ့တာ မတွေ့ရဘူး ထင်ပါတယ်။ အဲဒီလို ဖြစ်ရပ်မျိုးတွေ ပိုပြီးမပေါ်ထွန်းလာနိုင်ဘူးလား။
ဦးဌေးအောင် ။ ။ လူထုကတော့ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် သူတို့ရနိုင်တဲ့ သူတို့ဖက်က တောင်းဆိုမှုတွေကိုတော့ ခွင့်ပြုသလောက် တိုးချဲ့ပြီးတော့ လုပ်လာမယ့်သဘော ရှိပါတယ်။ သူတို့ space ကို တိုးချဲ့ပြီးတော့ တစတစ ယူလာမှာပဲ။ ဒါပေမဲ့ စစ်အစိုးရက ဘယ်လောက်အထိ လိုက်လျောနိုင်မလဲဆိုတာက အတိုင်းအတာအကန့်အသတ် ရှိမယ်လို့ ထင်ပါတယ်။ မဆလခေတ်က လုပ်သလို ဥပဒေမှာ တဖတ်ကဖွင့်ထားပြီး တဖတ်ကပြန်ပိတ်ထားတာမျိုးတွေ၊ တခုနဲ့တခု ပြန်ချိတ်ထားတွေ။ ဒါမျိုးတွေက လုပ်လေ့လုပ်ထ ရှိပါတယ်။