သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသူ နိုင်ငံသား သတင်းသမား


နိုင်ငံသူ နိုင်ငံသား သတင်းသမား
နိုင်ငံသူ နိုင်ငံသား သတင်းသမား

လွန်ခဲ့တဲ့ အောက်တိုဘာလက လွှတ်ပေးလိုက်သူတွေထဲမှာ ဒီဗွီဘီ အသံလွှင့်ဌာနအတွက် သတင်းယူမှုနဲ့ ထောင်ကျနေတဲ့ ဗွီဒီယိုသတင်းသမား (၃) ဦး ပ ါဝင်ပါတယ်။ ဒီအပတ်ထဲမှာ လွတ်လပ်ရေးလွတ်ငြိမ်းချမ်းသာခွင့်ရသူထဲမှာတော့ သတင်းသမား မပါတဲ့အတွက် ဒီဗွီဘီသတင်းထောက် (၁၄) ဦး ထောင်ကျနေဆဲဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ သတင်းသမားကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတာကိုကြည့်ရင် သတင်းလွတ်လပ်မှုကို ခွင့်မပြုသေးတာ ထင်ရှားပါတယ်။ အစိုးရချုပ်ကိုင်မှု ကျော်လွှားတဲ့နည်းလမ်းဟာ ပြည်သူပြည်သားတွေကိုယ်တိုင် သတင်းဖြန့်တဲ့ Citizen Journalism ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူ့သတင်းမီဒီယာဟာ လွတ်လပ်ပေမယ့် မြန်မာပြည်မှာတော့ နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရပါတယ်။ နိုင်ငံခြားကို အင်တာနက်က စာရေးဆက်သွယ်ပြီး နိုင်ငံရေးဆွေးနွေးမှုနဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို Electronics ဆက်သွယ်ရေးဥပဒေအရ ထောင်ချလိုက်တာဟာ ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံး ဖမ်းဆီးမှုလို့ ဆိုကြပါတယ်။ ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြုပြင်ရေးအကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောဆိုနေတုန်း၊ ထောင် (၈) နှစ်ကျနေတဲ့ ဒီဗွီဘီသတင်းဌာနက ဗွီဒီယိုသတင်းထောက် ကိုစည်သူဇေယျ ကို ထောင်ဒဏ် (၁၀) နှစ် ထပ်တိုးလိုက်တာဟာ အစိုးရသစ်ရဲ့ မီဒီယာဝါဒကို ပြသလို ဖြစ်နေပါတယ်။

ဒါပေမဲ့ အခုခေတ်မှာ အိုင်စီတီ (ခေါ်) ကွန်ပြူတာနဲ့ တယ်လီဖုန်း ဆက်သွယ်ရေး အတတ်ပညာ တိုးတက်ထွန်းကားလာတာနဲ့အတူ Citizen Journalists နိုင်ငံသားသတင်းသမားဦးရေဟာ အင်တာနက်သုံးတဲ့ နိုင်ငံတိုင်းမှာ တိုးပွားနေတာ တွေ့ရပါတယ်။ မြန်မာပြည်မှာတော့ အစိုးရကစောင့်ကြည့်နေတာကြောင့် ၂၀၀၇ မတိုင်မီကဆိုရင် အင်တာနက်သုံးသူတွေဟာ ကိုယ်ရေးကိုယ်တာနဲ့ စားဝတ်နေရေးကို အဓိကထား ဖော်ပြကြပါတယ်။ သံဃာတွေဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲကြီး ချေမှုန်းခံရပြီးတဲ့နောက်ပိုင်းမှာ အင်တာနက်သုံးသူတွေ ပိုမိုတက်ကြွလာကြပြီး နိုင်ငံခြားသတင်းဌာနကို သတင်းပေးပို့တဲ့အထိ လှုပ်ရှားလာကြတဲ့အတွက် ဗမာအစိုးရက အစိုးရိမ်လွန်ပြီး အပြင်းအထန်အရေးယူလာတာ ဖြစ်ပုံရပါတယ်။

ဒါပေမဲ့ ကွန်ပြူတာခေတ်ရောက်မှ နိုင်ငံသားသတင်းသမားတွေ ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ စာရေးကိရိယာကို အသုံးပြုကတည်းက မကျေနပ်မှုတွေကို စာနဲ့ရေးပြီး ဖြန့်ဝေသူတွေ ရှိခဲ့ပါတယ်။ လက်ဝေလက်ကမ်းစာစောင်ထုတ်ပြီး သတင်းဖြန့်တဲ့နည်းကို မြန်မာပြည်မှာ အများဆုံးသုံးခဲ့ပါတယ်။ ပြည်သူ့အမြင် ပြည်သူ့ခံစားချက် နဲ့ နစ်နာချက်များကို ဦးစားပေး ဖော်ပြကြပါတယ်။ ကွန်ပြူတာ၊ တယ်လီဖုန်းခေတ်ရောက်တော့လည်း ရည်ရွယ်ချက် မပြောင်းလဲတဲ့အတွက် ပြည်သူ့သတင်းမီဒီယာလို့ ခေါ်ပါတယ်။ မြန်မာပြည်တွေထဲမှာ Blogger ခေါ် အင်တာနက်သတင်းသမား တသောင်းလောက်ရှိတဲ့အနက် ပြည်တွင်းမှာ (၅၂) ရာခိုင်နှုန်းရှိပြီး နိုင်ငံခြားမှာ (၄၈) ရာခိုင်နှုန်းရှိကြောင်း (၂၀၁၁) ဧပြီလထုတ် Freedom House အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အင်တာနက်သတင်းသမားတွေဟာ လူငယ်တွေများပါတယ်။

စစ်အစိုးရဟာ ၁၉၉၆ ကစပြီး ဗွီဒီယို နဲ့ တီဗွီ ဥပဒေ၊ ကွန်ပြူတာဥပဒေ စတာတွေကို ပြဌာန်းပြီး နိုင်ငံသားသတင်းသမား ချုပ်ကိုင်ဖို့ ကြိုးပမ်းပါတယ်။ ၂၀၀၄ မှာ Electronics ဆက်သွယ်မှုဥပဒေ ပြဌာန်းပြီး အင်တာနက်နဲ့ နိုင်ငံရေးလုပ်သူကို ထောင်ဒဏ် (၇) နှစ်ကနေ (၁၅) နှစ်အထိ ချမှတ်နိုင်ကြောင်း သတိပေးပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ အမျိုးသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားစီးပွားရေးကို ထိခိုက်အောင်လုပ်တယ်လို့ အစိုးရက ယူဆရင် အင်တာနက်သုံးသူကို နှစ်ရှည်ထောင်ဒဏ်ပေးနိုင်ပါတယ်။ အင်တာနက်က သတင်းဖြန့်သူကို အလွယ်တကူ အပြစ်ပေးနိုင်အောင် ရည်ရွယ်ပြီး ရေးထားတဲ့ဥပဒေဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ ကာတွန်းရုပ်ကို ကိုယ်ပိုင်အင်တာနက် စာမျက်နှာတင်ခဲ့သူ ဆိုင်ဘာကဖေး (Cyber Café) ပိုင်ရှင် ကိုနေဘုန်းလတ် ကို (၂၀၀၈) မှာ အနှစ် (၂၀) ကျော် ထောင်ချလိုက်ပြီး သူ့ဘက်ကလိုက်တဲ့ ရှေ့နေကိုတော့ ထောင် (၄) လ ချလိုက်ပါတယ်။

သမားရိုးကျ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာစောင်တေါကို စာပေစီစစ်ရေးက ချုပ်ကိုင်နိုင်ပေမယ့် အင်တာနက်ကိုသုံးတဲ့ နိုင်ငံသားသတင်းသမားတွေတော့ မချုပ်ကိုင်နိုင်တဲ့အတွက် ဖမ်းမိတဲ့အခါမှာ တမင်တကာ နှစ်ရှည်ထောင်ဒဏ် ချတာဖြစ်ပုံရပါတယ်။ အင်တာနက်က သတင်းပေးမှုနဲ့ မလှလှဝင်းကို ၂၀၀၉ မှာ ထောင်ဒဏ် (၂၇) နှစ် ချမှတ်ပြီး သူနဲ့အတူလုပ်သူ ကိုမြင့်နိုင် ကိုတော့ ထောင်ဒဏ် (၃၂) နှစ်ပေးပါတယ်။ အခုလို မတရားနှစ်ရှည် ထောင်ဒဏ်ချမှတ်ပြီးမှ နှစ်လျော့ပေးတာဟာ မှန်ကန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ၂၀၀၇ စက်တင်ဘာလ (၂၇) ရက်နေ့မှာ လူထုဆန္ဒပြပွဲ ရန်ကုန်မှာ ကျင်းပတုန်း ဂျပန်သတင်းထောက် Keiji Nagai အသတ်ခံရတာကြောင့် သတင်းထောက်သတ်တဲ့ နိုင်ငံစာရင်းမှာ မြန်မာပြည်လည်း ပါဝင်သွားပါတယ်။

ပြည်သူ့အကျိုးစီးပွားကို ပြည်သူကသာ ကာကွယ်နိုင်ပါတယ်။ အစိုးရမတရား လုပ်တာကို သတင်းသမားက ဖော်ထုတ်နိုင်ပါတယ်။ တရုတ်ပြည်မှာ အစိုးရအမှုထမ်းနဲ့ ပါတီဝင်တွေ လာဘ်စားပုံကို နိုင်ငံသတင်းသမားတွေက ဖော်ထုတ်ကြပါတယ်။ နိုင်ငံသူ နိုင်ငံသားတိုင်း သတင်းထောက်အလုပ်ကို ခရီးသွားဟန်လွဲ လုပ်နိုင်ကြမယ်ဆိုရင် အုပ်ချုပ်သူတွေဟာ မတရားလုပ်ရဲမှာ မဟုတ်ဘူးလို့ Citizen Journalists နိုင်ငံသတင်းသမားတွေက ယုံကြည်ပါတယ်။ နိုင်ငံသူနိုင်ငံသားတိုင်း သတင်းထောက်ဖြစ်နေရင် အစိုးရအနေနဲ့ သတင်းထိမ်ချန်ဖို့၊ အမှောင်ချဖို့ နဲ့ ချုပ်ကိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

XS
SM
MD
LG