သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူများ စစ်မှုမထမ်းမနေရ လိုအပ်သလား?


မြန်မာပြည်သူများ စစ်မှုမထမ်းမနေရ လိုအပ်သလား?
မြန်မာပြည်သူများ စစ်မှုမထမ်းမနေရ လိုအပ်သလား?

မြန်မာစစ်အစိုးရက ပြည်သူ့များ စစ်မှုမထမ်းမနေရ ဥပဒေဆိုပြီး မြန်မာပြည်ပြန်တမ်းမှာ ထည့်သွင်း ထုတ် ပြန်လိုက်ပါတယ်။ တိုင်းပြည်မှာ ပြည်ပအန္တရာယ်နဲ့ ကြုံတွေ့နေရချိန် အချုပ်အခြာအာဏာကို ကာကွယ် ကြရမယ့်အချိန်မှာ ပြည်သူတရပ်လုံးက ဝင်ပြီးကာကွယ်ကြရမှာ ဖြစ်ပေမဲ့ အခုလိုအချိန်မျိုးမှာ စစ်မှု မထမ်းမနေရ ပြဌာန်းလိုက်တာ မဆီလျော်သလို ပြဋ္ဌာန်းပုံ ပြဋ္ဌာန်းနည်းကလည်း အတင်းအကျပ်ပြဋ္ဌာန်း လိုက်သလိုဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ ဦးတင်ဦးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေးဝန်ကြီး စတဲ့ ရာထူးတာဝန် တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေဆိုင်ရာ ပြဌာန်းချက်အပေါ် ပိုမိုသိရှိနိုင်ဖို့ ဦးကျော်ဇံသာက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံအစိုးရ ပြန်တမ်းထဲမှာပါလာတဲ့ စစ်မှုထမ်းဥပဒေဆိုတာ ပြည်သူလူထု တော်တော်များများကို အတော်စိတ်ဝင်တစား ဖြစ်စေပါတယ်။ တချို့ကလည်း တပ်ထဲဝင်ရမလား၊ သူတို့ စစ်မှုထမ်းရမလားဆိုပြီး စိုးရိမ်ကြောင့်ကျသူတွေ ရှိကြပါတယ်။ တကယ်တော့ နိုင်ငံသားတိုင်းဟာ တိုင်း ပြည်ကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် စစ်မှုထမ်းရမယ်ဆိုတဲ့စကားဟာ အရင်တုန်းကတည်းက ကြားဖူး ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှာတောင် ပါတယ်ထင်ပါတယ်။ ဆိုတော့ ဒီအချိန်မှာ ဒီဥပဒေဟာ ဘာကြောင့် လူတွေအပူတပြင်း စိတ်ဝင်တစား ဖြစ်ရတဲ့ဥပဒေလို့ ထင်ပါသလဲ။

ဦးတင်ဦး ။ ။ ဒီလိုပါ ဒီဥစ္စာမျိုးက ဗိုလ်ချုပ်အောင်ဆန်းရှိတုန်းကတည်းက ဒီနိုင်ငံ ကျနော်တို့မြန်မာနိုင်ငံ ဟာ နိုင်ငံကြီးတွေကြားမှာ ရှိတယ်။ တဘက်ကဆိုလည်း အရှေ့မြောက်ဆိုရင် နိုင်ငံကြီး၊ အနောက်မြောက် ဆိုလည်း နိုင်ငံကြီး စသဖြင့် ရှိတော့ကာ ဒီနိုင်ငံကြီးတွေကြားမှာနေတဲ့ နိုင်ငံငယ်တနိုင်ငံအနေနဲ့ လွတ်လပ်ရေး ရလာတဲ့အခါ လွတ်လပ်ရေးကို မဆုံးရှုံးရလေအောင် တိုင်းသူပြည်သား၊ တိုင်းရင်းသားများ အပါအဝင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာကတော့ လွတ်လပ်တဲ့ နိုင်ငံမှာရှိတဲ့ ပြည်သူ ပြည်သားတိုင်းရဲ့ တာဝန်ဆိုတာ နားလည်ပါတယ်။ ဒီလိုလည်း လုပ်ရမှာပေါ့။

သို့သော်လည်း ဒီနိုင်ငံမှာက လွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော်က ပြည်တွင်းသောင်းကျန်းမှု စပြီး ပေါ်လာ တာ ဖြစ်တော့- ဒါကို ချက်ချင်း အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ မဆလခေတ်ကျတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကျတော့ ဒါဟာ တိုင်းပြည်ရဲ့ လုံခြုံရေးတာဝန် ဝတ္ထရားများကို နိုင်ငံသားတိုင်းက တာဝန်ထမ်းဖို့ တာဝန်ရှိတယ်ဆိုပြီး ထင်ထင်ရှားရှား ရေးလိုက်တယ်။ သို့သော်လည်း အကောင်အထည် မဖော်ခဲ့နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကောင်အထည်ဖော်ဖို့ဟာက တတိုင်းပြည်လုံးရဲ့ ညီညွှတ်မှု အားက မရှိဘူး ဖြစ်နေတယ်။ အဲဒီတော့ ဖွဲ့လိုက်ပြန်ရင်လည်း ဖွဲ့လိုက်တဲ့ထဲမှာ အုတ်ရောရော ကျောက် ရောရော ပါလာပြီး ပြဿနာတွေ ဘာတွေဖြစ်ကုန်မလား၊ ဘာလားဆိုတာတွေ ဖြစ်ခဲ့တော့ ထိထိ ရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုအခါမှာ ဘယ်လိုရန်သူတွေ ရှိနေလို့ သူတို့တွက်ပြီးတော့ ဒီလို စစ်မှု မထမ်း မနေရ ဥပဒေကို အကောင်အထည်ဖော်လာတယ်လို့ ထင်ပါသလဲ။

ဦးတင်ဦး ။ ။ အခုအခါမှာလည်း ဒါနဲ့ပတ်သက်ပြီး တိုင်းပြည်မှာ ဘယ်ရန်သူမှ အန္တရာယ်မှလည်း မရှိဘူး။ “There is no imminent danger at all now.” နိုင်ငံတော်အနေနဲ့လည်း ကျနော်တို့က ဘယ်သူ့ကိုမှ လည်း ကျူးကျော်မှာ မဟုတ်။ ဒီကြားထဲမှာ ဗြုန်းကနေ ထုတ်ဖော်လိုက်တယ်။ ထုတ်ဖော်လိုက်တဲ့ အချိန်အခါ ကလည်း အမှန်ကတော့ သူတို့ (၃၁) ရက်နေ့ဆိုရင် ပါလီမန် လွှတ်တော်ခေါ်မယ်ဆိုတယ်။ ဒါမျိုး တက်သုတ်ရိုက်ပြီး လုပ်တဲ့ကိစ္စက ဘာကြောင့်လည်းဆိုတာကတော့ အများကြီး စဉ်းစားစရာ ဖြစ်လာ တာပေါ့။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ စစ်တပ်အင်အား လေးသိန်းရှိတယ်လို့ ဆိုပေမဲ့ ဒါဟာ စာရင်း ထဲမှာ ဖြစ်ပြီး လက်တွေ့မှာ မရှိဘူးလို့ သုံးသပ်သူတွေက တွက်ပြတာလည်း ရှိပါတယ်။ အဲဒီအတွက် အင်အား ဖြည့်ချင်လို့ ဒီလို တိုးချဲ့တာ မဖြစ်နိုင်ဘူးလား။

ဦးတင်ဦး ။ ။ တပ်ကတော့ သိတဲ့အတိုင်း ဖွဲ့စည်းပုံထဲမှာ အင်အားကြီးတွေ အများကြီးဖွဲ့ထားပါတယ်။ အဲဒီတော့ ဥပမာဆိုရင် တပ်ရင်းတရင်းမှာ လူ (၇၇၇) ယောက်ရှိတယ်။ ကျနော် ရှိတုန်းကတော့ ဒါ စီရင် ရမယ့် တိုက်ပွဲပုံသဏ္ဍာန်ဖော်မယ့် တပ်ရင်းပုံသဏ္ဍာန်ပေါ့။ အဲဒီမှာလည်း တပ်ရင်းတွေက အင်အား မပြည့်ဘူး။ မပြည့်ဘူးဆိုတာ (၇၀၀) ကျော် ရှိရမယ့်နေရာမှာ (၃၀၀) တို့ (၄၀၀) တို့ရှိတယ်။ စစ်ထွက်တဲ့အခါလည်း တကယ် အကုန်မထွက်နိုင်ဘူး။ အဲဒီလိုဟာတွေ ဖြစ်တဲ့အခါကျတော့ ဒီ အင်အားတွေ လိုနေတယ်၊ ပြုနေတယ်ဆိုတာတွေက မဖြည့်ဆည်းနိုင်ဘူး။ ဖြည့်ဆည်းဖို့လုပ်ပြန်တော့လည်း သူတို့နည်း သူတို့ ဟန်နဲ့ အခုန ပြောသလို ခလေးစစ်သားတွေလုပ်တယ်၊ ခေါ်တယ် ပြုတယ်။ တချို့ကို အဓမ္မ စစ်ထဲသွင်း တယ်။ နောက် မယောင်မလည်နဲ့ စစ်ထဲရောက်သွားတယ်။ ပြန်ပြီး ထွက်ပြေးကြတယ်ဆိုတော့။ အဲဒီလို ပြဿနာ တွေနဲ့ အင်အားမပြည့်တော့က ဒါကို အခုလို လွှတ်တော်တို့ ဘာတို့တင်ပြုပြီးလုပ်ရင် ဆွေးနွေးမှာတွေ၊ ဆွေးနွေးရမယ့်ဟာတွေ၊ အပြန်အလှန် ဆွေးနွေးတာတွေ ဖြစ်လာမယ်။

နောက်ပြီးတော့ ဘယ်လောက်ပဲ ဆွေးနွေး ဆွေးနွေး၊ အများစုအင်အားက သူတို့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ဆိုတော့ အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့မှာက အဓိကရှိတယ်။ တိုင်းနဲ့ပြည်နယ်မှာတော့ အရိုးခံတိုင်းရင်းသားတွေဆိုတာက နည်းနည်းလေးပဲ။ ဘယ်လိုနည်းမှ လွမ်းမိုးနိုင်မှာ မရှိတော့။ အဲဒီတော့ သူတို့လုပ်မယ်ဆိုရင်လည်း အဲဒီအခါ လုပ်လို့ရတယ်။ ဒါပေမဲ့လည်း အခုအချိန်အခါမှာတော့ ဒို့ ဒါကို လုပ်လို့ ရတယ်ဆိုပြီး ဇွတ်အတင်းလုပ်တာမျိုးပဲ။

အမှန်ကတော့ ဒီလို အမျိုးသားစစ်မှုထမ်းဆိုတာက နိုင်ငံတကာက ကိုယ့်ကိုလာရောက်ပြီး အန္တရာယ်ပြု နေတဲ့ဟာဖြစ်ပြီဆိုတာကို ထင်ထင်ရှားရှား ဖြစ်လာရင် လွှတ်တော်ကနေ ဒီဟာက အန္တရာယ်တွေ့ပြီးလို့ ပြောရင် ဟုတ်တယ်။ အခုဟာက ဘာအန္တရာယ်မှ မရှိသေးခင်စပ်ကြားမှာ ဖုတ်ပူမီးတိုက် လုပ်တဲ့ကိစ္စ ကတော့ လုပ်ပုံလုပ်နည်းက သွေးရိုးသားရိုးလုပ်တဲ့သဘော မဟုတ်သေးဘူးလို့ သဘောပေါက်မိတယ်။ အခု ထုတ်တဲ့ ဟာကတော့ national service ဆိုတာထက် national conscription act လို့ ဖြစ်နေ တယ်။ လာကြ၊ လုပ်ကြ... အတင်းအဓမ္မလုပ် သဘောမျိုး သက်ရောက်သွားရင်တော့ မသင့်တော်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးချင်တာက အဲဒီတော့ စောစောက ပြောတဲ့အထဲမှာလည်း ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုတော့လည်း အုတ်ရောရော ကျောက်ရောရောဆိုတော့ အခုအခါမှာ မြန်မာနိုင်ငံမှာ စစ်မှု မထမ်းမနေရ ပြဌာန်းတဲ့ အစိုးရက ပြည်သူလူထုကို ယုံသလား။

ဦးတင်ဦး ။ ။ သူတို့ ခေါင်းထဲမှာရှိတာတော့ မပြောတတ်ဘူး။ သို့သော် သူတို့လုပ်ပုံလုပ်နည်း လုပ်မယ့် ဟာက ဘာလုပ်မလဲဆိုတော့ ပြဌာန်းလိုက်မယ်။ ပြီးရင် သူတို့နဲ့ ပတ်သက်တဲ့ စိတ်ကြိုက်လူတွေကို ခေါ် မယ်။ စိတ်ကြိုက်မတွေ့တဲ့လူတွေကိုတော့ ခေါ်တော့ခေါ်မယ်။ ဒါပေမဲ့ ဘယ်လိုဟာတွေကို စိတ်ကြိုက် ထားမယ်။ ဘယ်လိုဟာတွေကို ဘယ်လိုပုံနေရာမှာထားမယ်။ ဒီလိုဟာတွေလည်း သူတို့ စဉ်းစားချင်စဉ်းစားမလား မပြောတတ်ဘူး။

အမှန်ကတော့ national service ကိုတော့ လုပ်မယ်ဆိုရင်တော့ အသက်ပြည့်တဲ့ ပုဂ္ဂိုလ်တွေ ဝင်ချင် ဝင်ငြားသော်လည်း အဲဒီ ဝင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးဟာ တကယ်ကိုပဲ တိုင်းပြည်ကာကွယ်ဖို့အတွက် စိတ်ချယုံကြည်ဖို့တော့ လိုတာပေါ့။

ဦးကျော်ဇံသာ ။ ။ စောစောကပြောတဲ့အထဲမှာ နိုင်ငံကြီးနှစ်ခုအကြားမှာနေတယ်။ လောလောဆယ်တော့ ရုတ်တရက် အန္တရာယ်မတွေ့ရဘူးဆိုတော့ အခု မြန်မာနိုင်ငံရဲ့ အဓိက အမျိုးသားရန်သူ national enemy အဖြစ် ဘယ်သူကိုများ သူတို့ရည်ရွယ်တယ်လို့ ထင်ပါသလဲ။ ကျနော် မှတ်တမ်းတခုဖတ်ရတာ တော့။

ဦးတင်ဦး ။ ။ အခုဟာက ဟိုအရင်တုန်းကလည်း ဒါနဲ့ ပတ်သက်လို့ military doctrine ဆိုတာ လုပ်ဖူးတယ် ဗျ။ စစ်အခြေခံသဘောတရား။ ဒါကလည်း နိုင်ငံတော်ဝါဒကနေ ဖြစ်လာတာ။

တချိန်မှာကတော့ ကျနော်တို့ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက အခြေအနေတွေ သုံးသပ်လိုက်ပြီးတော့ တဘက်က dominion theory အရ ဟိုဘက်က ကွန်မြူနစ်နိုင်ငံကြီးက ကြီးထွားလာပြီးတော့ အရှိန် အဟုန်နဲ့ တက်လာတာဆိုရင် ကျနော်တို့နိုင်ငံတွေက အစွန်းအဖျားမှာလည်း ဟိုဖြောက်ဖြောက် ဒီဖြောက် ဖြောက် ကွန်မြူနစ်တွေကလည်း ဖြစ်လာတယ်။ အဲဒီတုန်းက အရှေ့တောင်အာရှတခု ဖြစ်မလားဆိုပြီး။

ဟိုတုန်းကတော့ စစ်အေးတိုက်ပွဲနဲ့ ဖြစ်လာကျတဲ့အပေါ်မှာ မူတည်ပြီးတော့ စီတိုးတို့ နေတိုးတို့ ဖြစ်လာ ကြတယ်။ အဲဒီ ခေတ်ကာလတုန်းကတော့ ကျနော်တို့ရဲ့ အဓိကအန္တရာယ်၊ ကျနော်တို့က ပါလီမန်ဒီမို ကရေစီ။ ဟိုဘက်ကတော့ one party communist နိုင်ငံ။ ပြီးတော့ international communism ကလည်း ရှိနေ တယ်။ အဲဒီတုန်းက အန္တရာယ်ရှိတယ်ဆိုတာ - ဘယ်လိုနိုင်ငံ အန္တရာယ်ရှိတယ်ဆိုတာ တွက်တာတော့ (ခင်ဗျားလည်း) အဲဒီလောက်ပြောရင် စဉ်းစားမိမှာပေါ့။

သို့သော် အခုလိုအခါမှာတော့ ကျနော်တို့ နိုင်ငံက နိုင်ငံခြားရေးဝါဒအရလည်း သိတဲ့အတိုင်း လွတ်လပ်တဲ့ နိုင်ငံခြားရေးဝါဒ ဖြစ်တဲ့အတွက် ဒီဟာကို ကျနော်တို့ နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် သင့်မြတ် အောင် ကျနော်တို့ အိမ်နီးချင်းကောင်း ပီသစွာနေသွားမှာပါ။ အဲဒီတော့ အိမ်နီးချင်းနိုင်ငံတွေက ချစ်ချစ် ခင်ခင် လေးလေးစားစား နေသွားမယ်ဆိုတာကတော့ ကျနော်တို့ရဲ့ နိုင်ငံတွေဆက်ဆံရာမှာ ဖြစ်ရမယ့် သဘောတရား။ ဒီလိုပဲ ဖြစ်ရမှ အေးချမ်းမယ်။ အခုတော့ ရန်သူအနေနဲ့ ဘယ်လိုတွက်မလဲဆိုရင်တော့ ကျနော်တို့ အရင်တုန်းက တွက်သလိုမျိုး ပြောင်းပြန်ဖြစ်နိုင်တာပေါ့။ မပြောနိုင်ဘူးလေ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက လူတွေက စစ်ပွဲဆိုလို တိုင်းရင်းသားတွေကို ပစ်တာခတ်တာပဲ မြင်နေရ တော့ အရပ်သားတွေကို စစ်ထဲဝင်ဆိုပြီး အဲဒီလို ပစ်ခိုင်းလို့ ဖြစ်ပါ့မလား။

ဦးတင်ဦး ။ ။ မကောင်းဘူး။ အဲဒါ မကောင်းဘူး။ အဲဒါအတွက် ရည်စူးပြီး လုပ်တဲ့ဟာမျိုးကတော့ မကောင်း ဘူး ဗျ။ အမှန်ကတော့ ကိုယ့်တိုင်းပြည်ရဲ့ sovereignty အချုပ်အခြာအာဏာကို ကာကွယ်မယ်၊ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို ကာကွယ်မယ် စသဖြင့် အဲဒီလိုဆိုရင်တော့ အဖိုးတန်တာပေါ့။ ကိုယ့် အချင်းချင်းတိုက်ဖို့ လူအားနည်းလို့ ပြည့်အောင်မြန်မြန်လုပ်တာ။

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်လိုက်တယ်။ အဲဒီတော့ gazette ကိုထုတ်ပြီး ဥပဒေ တည်တယ်။ နောက် လွှတ်တော်ခေါ်တဲ့အခါ ဒီဥပဒေကြီးကို ပြန်လည်ပြီးအတည်ပြုမယ်။ ဒါကတော့ ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူကအများစုကို။

ဆွေးနွေးမယ်ဆိုလည်း တယောက်တပေါက် ဆွေးနွေးတာပဲ။ ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး ဒီ လွှတ်တော်က rubber stamp ကြီး။ ဒါက ဘယ်လိုမှ ရုန်းကန်လို့ ရတာမဟုတ်ဘဲ။ သို့သော် လုပ်တဲ့ဟာနဲ့ ပတ်သက်ပြီး အကျိုးရှိဖို့လိုတယ်။ မျိုးချစ်စိတ်ဓာတ် မျိုးချစ်စိတ်ဓာတ် ပြောတယ်ဆိုတာက အမှန်က ကျနော်တို့လည်း ဗမာတွေနဲ့ ဗမာမျိုးချစ်စိတ်ရှိသလို၊ သူတို့ရှမ်းကလည်း သူတို့ sovereignty ရှိတာပဲ။ သူတို့လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံကြီး ဖြစ်ခဲ့တာပဲ။ ဥပမာ မွန် - သူလည်း မွန်နိုင်ငံကြီး ရှိခဲ့ တာပဲ။ ရခိုင်ဆိုလည်း သူ့နိုင်ငံရှိခဲ့တယ်။ ကရင်ဆိုလည်း သူ့ခေါင်းဆောင်တွေ၊ နယ်တွေနဲ့ ရှိတယ်။ အလားတူ ချင်းလည်း သူတို့ sovereignty ရှိတော့ သူတို့လည်း မျိုးချစ်စိတ်ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု ကျန်ပါသေးတယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိ စစ်တပ်ကို ဒီမိုကရေစီ စစ်တပ်တခုဖြစ်အောင် အသွင်ပြောင်းဖို့ဆိုရင် ဘာများလုပ်ဖို့ ထင်ပါသလဲ။ ဒီမိုကရေစီစံနစ်အောက်က တပ်မတော်တခုဖြစ်အောင်။

ဦးတင်ဦး ။ ။ ပြည်သူလူထုက ဒီမိုကရေစီစံနစ်ဖြစ်ပြီး စံနစ်ကိုယ်က ဒီမိုကရေစီစနစ်ဖြစ်ဖို့လိုပြီး ဒီမိုကရေစီ စနစ်အောက်မှာရှိနေတဲ့ အစိုးရအဖွဲ့အစည်းအောက်မှာတော့ တပ်က အလိုအလျောက် တာဝန် ပေးတဲ့နည်းကျ ဖြစ်မှာပဲ။ တပ်ထဲမှာတော့ ဒီမိုကရေစီမူတွေနဲ့ ပတ်သက်ပြီး တောင်ကုန်းတခုကို တိုက်ဖို့ လိုတယ်။ အဲဒီ တောင်ကုန်တိုက်ဖို့နဲ့ ပတ်သက်လို့ တိုက်သင့်တယ်၊ မတိုက်သင့်ဘူး၊ ဘာညာ အများစုက ဆုံးဖြတ်ချက်၊ အနည်းစုဆုံးဖြတ်ချက်ဆိုပြီး သွားလုပ်လို့တော့ မရဘူး။ ဒါမျိုး သွားလုပ်လို့ရှိရင် တပ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တပ်က တပ်အတိုင်းပဲ command အနေနဲ့ ရှိဖို့ လိုတယ်။ ဒါပေမဲ့ အပေါ်က တာဝန်ပေးပြီး လုပ်တာက ပြည်သူလူထု ဖြစ်ရမယ်။ အဲဒါက ပါလီမန် ဖြစ်တယ်။ ပါလီမန်က ဆုံးဖြတ်တဲ့ အရာ ဒီလူသည် ငါတို့ နိုင်ငံရဲ့ အန္တရာယ်ဖြစ်သည်။ ဒီ အန္တရာယ်နဲ့ ပတ်သက်တာကို တိုက်ဖျက်ရမည်လို့ ပါလီမန်က ဆုံးဖြတ်ရင် အဲဒီ ဆုံးဖြတ်တဲ့အတွက်ကို အစိုးရအဖွဲ့အစည်းမှာပါတဲ့ defense minister က အဲဒါကို carry out လုပ်ရင် စစ်တပ်က အဲဒီဟာအတိုင်းသွားရမယ့် သဘောဖြစ်တယ်။ ဘာပဲပြောပြော indirect democracy တော့ ရှိလာလိမ့်မယ်။

XS
SM
MD
LG