သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇေကမ္ဘာ ဦးခင်ရွှေရဲ့ နိုင်ငံရေးအမြင် သုံးသပ်ချက်


ဇေကမ္ဘာ ဦးခင်ရွှေရဲ့ နိုင်ငံရေးအမြင် သုံးသပ်ချက်
ဇေကမ္ဘာ ဦးခင်ရွှေရဲ့ နိုင်ငံရေးအမြင် သုံးသပ်ချက်

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာက လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကို ဆက်သွယ်မေးမြန်း ဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ တိုင်းပြည်ရဲ့လူထု လုပ်ငန်း၊ တိုင်းပြည်အကျိုးဆောင်လုပ်ငန်းတွေကို ဘာတွေများလုပ်နိုင်မလဲလို့ ဦးခင်ရွှေအနေနဲ့ မျှော်မှန်းပါသလဲ။

ဦးခင်ရွှေ ။ ။ မီးမရောက်တဲ့နေရာမှာ လိုတာလုပ်ပေးတာ ကျနော့်နိုင်ငံရေးခံယူချက်ပါ။ ကျနော့်ကို တာဝန် ပေးတဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း သုံးမြို့နယ်ရဲ့လမ်းတွေ နှစ်လမ်းသွားဖြစ်အောင် လုပ် နေပြီ။ နောက် ရွာချင်းဆက်လမ်းတွေအတွက်လဲ ပြင်ဆင်လုပ်နေပြီ။

နောက်တခါ နွေစပါး၊ မိုးစပါး စိုက်နိုင်အောင်လို့လဲ အဲဒီမြို့နယ်တွေက လူပေါင်း (၇၀) လောက်ကို ကျနော် passport လုပ်နေပြီ။ ဗီယက်နမ်မှာ သွားလေ့လာခိုင်းမယ်။ ပြန်လာပြီးရင် နွေစပါး၊ မိုးစပါးတို့ စီးပွားရေးအရ မွေးမြူရေးအစ ထူထောင်ဖို့ လုပ်နေပြီ။ တော်တော်များများကို အဲဒီ ဧရိယာအတွက် ကျနော် စလုပ် ပေးနေ ပါပြီ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် သိချင်တာက အခု စီးပွားရေးလုပ်ငန်းရှင်တဦးအနေနဲ့ အဲဒီလုပ်ငန်းတွေ လုပ်နိုင် တယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ လိုအပ်ပါသလား။ အခုလည်း လုပ်နိုင်တာပဲ။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ လိုပါသလား။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင် ဦးခင်ရွှေက အခုလုပ်နေတဲ့ လုပ်ငန်း တွေထဲကနေ အချိန်ပေးကောင်း ပေးရလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဘာတွေပိုလုပ်နိုင်မယ် ထင်ပါသလဲ။

ဦးခင်ရွှေ ။ ။ အခုအချိန်အထိက နိုင်ငံတော်က အေးချမ်းသာယာရေး တည်ဆောက်ထားပြီးပြီ။ လမ်းပန်း ဆက်သွယ်ရေးအနေနဲ့ ဧရာဝတီတိုင်းတို့ ဘာတို့ ရှိသမျှ တပြည်လုံးအတိုင်းအတာအနေနဲ့ တံတားကြီးတွေ တည်ဆောက်ပြီးသွားပြီ။ နိုင်ငံတော်က တည်ဆောက်ဖို့က အဓိက စီးပွားရေးပဲ ကျန်တော့တယ်။ စီးပွားရေး ကိုမှ အောက်ခြေလူတန်းစားတွေ တတ်လာဖို့ စီးပွားရေးပဲ grassroots level တွေ အပေါ်တက်လာရေး စီးပွားရေးပဲ ကျန်တယ်။

အဲဒီမှာ ကျနော်တို့ကနေ ဥပဒေရေးရာအရရော၊ စီးပွားရေးအကြံပေးတွေကို ဒီထက်ပိုပြီး အကြံပေး လုပ်နိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ တယောက်တည်းလုပ်တာထက် အကြံပေးပြီး ဥပဒေပြုပြီး တော့ ကျနော်တို့အကြံပေးရင်တော့ ဒီထက်ထိ ပိုအောင်မြင်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ ပြောတာ သိပ်ကောင်းပါတယ်။ အောက်ခြေလူတန်းစားတွေ စီးပွားရေး ဖွံ့ဖြိုး လာအောင် ဘယ်လို ဥပဒေမျိုးများ အကြံပြုဖို့ စဉ်းစားထားပါသလဲ။

ဦးခင်ရွှေ ။ ။ ဥပဒေ အလွယ်ဆုံးပြောလို့ရှိရင် ရန်ကုန်မြို့ကို အခုလို အမြတ်ခွန်နဲ့ ပိုက်ဆံရှာတာတို့၊ အခွန် အကောက်ရှာတို့နဲ့ ရှာတာတို့ထက် လူတွေက လိုလိုချင်ချင်ပေးချင်တဲ့ law တခု စလုပ်လိုက် မယ်။ ဥပမာ condo law ဆိုတာ - ရန်ကုန်မြို့မှာ တိုက်ခန်းနဲ့နေတဲ့ လူတွေက အများကြီး။ တိုက်ခန်း ဈေးတွေကလည်း သိန်းတစ်ထောင်ကနေ တစ်သောင်းအထိ ရှိကြတယ်။ အဲဒါကို ကျနော်တို့က condo law လေး ထုတ်လိုက် တဲ့အတွက် သူတို့က (၅) ကျပ်တန် တံဆိပ်ခေါင်းလေးကပ်ပြီးတော့ မလုံမခြုံနေနေရတာကနေ seven percent register လုပ်လိုက်တာနဲ့ သူရဲ့ property က ခိုင်မာသွား တယ်။ ခိုင်မာသွားတာနဲ့အမျှ နိုင်ငံတော် ကလည်း ပိုက်ဆံ အများကြီးရမယ်။

နောက် သူကလည်း ခိုင်မာတဲ့အတွက်ကြောင့် သူက ဘဏ်ကိုသွားပေါင်မယ်။ ဘဏ်ပေါင်လိုက်တဲ့ အတွက် ဘဏ်တွေလှုပ်ရှားမှု အများကြီးများလာမယ်။ အဲဒီတော့ ဘဏ်ကလည်း ပေါင်ပြီးတော့ ရတဲ့ ပိုက်ဆံနဲ့ ရင်းနှီး မြုပ်နှံမှု လုပ်မယ်ဆိုရင်တော့ သူနဲ့ပတ်သက်တဲ့ အသေးစားတွေ၊ အကြီးစားစက်မှု လုပ်ငန်းတွေ အများကြီး တက်လာတဲ့အတွက်ကြောင့် အခြေခံလူတန်းစားတွေလဲ အလုပ်အများကြီး ရလာခဲ့မယ်။ သဘောက ပိုက်ဆံ တကျပ်ကို တဆယ်ဖြစ်အောင် လှည့်ဖို့ပဲ။ အခုက တဆယ်ကို တကျပ်ဖြစ်အောင် အိပ်ထဲထိုးထည့်တဲ့ အဆင့်ကနေ ပြန်ပြောင်းသွားနိုင်မယ့် သဘောမျိုးရှိတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံ စီးပွားရေးကို စီးပွားရေးပညာရှင်တွေ သုံးသပ်ကြတာ cronies လို့ခေါ်တဲ့ အာဏာရှိတဲ့လူနဲ့ အသိုင်းအဝိုင်း၊ ဆွေမျိုးတော်စပ်တဲ့လူတွေ၊ ရင်းနှီးတဲ့လူတွေသာ လုပ်ပိုင်ခွင့် အဓိကရနေတယ်။ ကျန်တဲ့လူတွေလုပ်ကိုင်ဖို့ သိပ်အခက်အခဲရှိနေတယ်လို့ ဝေဖန်ကြပါ တယ်။ အဲဒီကိစ္စကို ဘယ်လိုပြုပြင်စေချင်ပါသလဲ။ ပြုပြင်နိုင်မယ် ထင်ပါသလား။

ဦးခင်ရွှေ ။ ။ အဲဒါကလည်း လုပ်ပေးနိုင်တဲ့လူကို သူတို့လူကြီးပိုင်းက မြင်တာ ဒီလူတွေ လုပ်ပေးနိုင်တယ်။ ဒီလူတယောက်ကို လုပ်ငန်းတခုပေးလိုက်တဲ့အတွက် အနောက်မှာ လူထောင်နဲ့သောင်းနဲ့ အလုပ်ရ မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကလဲ လူတိုင်းလည်း မလုပ်နိုင်ဘူး။ ထူထောင်တိုင်းလည်း ဖြစ်ချင်မှ ဖြစ်မှာ။ လူတယောက်က ဥပမာ အပွင့်လင်းဆုံးပြောရင် ကျနော့်ကိုပဲကြည့်လိုက်ရင် ပတ်ဝန်းကျင်က အားကျကြ တယ်။ ဒီလူ အလုပ်အများကြီးဆိုပေမဲ့ တကယ်တမ်းကျတော့ ကိုယ့်ဒုက္ခကိုယ် ရှာနေကြတယ်။ ကိုယ့် ဘာသာ ဇိမ်ကျကျနေလို့ကို မရဘူး။

ပြဿနာတွေ problem တွေ အများကြီး ဖြေရှင်းနေရတဲ့အခါကျတော့ သဘောက ဘေးကကြည့်ရင် တော့ ဒီလူက လုပ်ငန်းဆယ်ခုလောက် လုပ်တယ်ဆိုပြီးတော့ အပြစ်ဆိုပေမယ့်- တကယ့် တကယ် တော့ သူတို့ လုပ်နိုင်တာကို ကျနော်တို့က appreciate လုပ်ဖို့ပဲ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ Appreciate တော့ လုပ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့လုပ်နိုင်တဲ့လူတွေလဲ အများကြီးပါ။ ဦးခင်ရွှေတို့လည်း စမလုပ်ခင်တုန်းက ဘယ်သိမလဲ။ စီးပွားရေးလုပ်ငန်းဆိုတာ လုပ်ရင်းလုပ်ရင်း entrepreneurship နားလည်လာပြီးတော့ entrepreneur ဆိုတဲ့ တီထွင်စွန့်စားလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာအောင် တခြားလူတွေလဲ လုပ်လာနိုင်အောင် ဥပဒေ မပြင်သင့်ဘူးလို့ ထင်ပါသလား။

ဦးခင်ရွှေ ။ ။ ဒါပေါ့။ အဲဒါတွေက ပြင်ကိုပြင်ရမှာပေါ့။ အများနဲ့ public ကို ထည့်ပြီးတော့ စဉ်းစားပြီး တော့ promote လုပ်သွားရမှာပေါ့။ အဲဒါကလည်း ဥပဒေအရ တချို့တဝက်လေး ပြင်ရမယ့် သဘော လေးတွေ ရှိပါတယ်။ ဥပမာ စပါးဆိုရင် ဒီနှစ်စပါး။

ဥပမာ လယ်သမားစိုက်လို့ သုံးသိန်းလောက်ကုန်တယ်ဆိုရင် သုံးသိန်းအောက် ဖြစ်သွားတာနဲ့ ဥပဒေ အရ ကျနော်တို့လယ်သမားကို ကာကွယ်ပေးရမယ့် အနေအထားမျိုးရှိတယ်။ နောက်မို့ဆို လယ်သမား က နောက်နှစ်ဆို ပြန်မစိုက်နိုင်တော့ဘူး။ သဘောက အမျိုးမျိုး ကျနော်တို့က လုပ်ပေးလို့ရတဲ့ ဥပဒေ တွေ ပြန်ထုတ်ပေးဖို့ လိုတာပေါ့။

ဦးကျော်ဇံသာ ။ ။ စပါးဆိုလို့ အခုလောလောဆယ်မှာ လယ်သမားတွေဆီက စပါးကို အမှန်တကယ် ပေါက်ဈေးထက် နှိမ်ပြီးတော့ အာဏာရှိတဲ့လူတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတချို့က အတင်းလိုက် ဝယ်ဖို့ ကြားနေရပါတယ်။ အဲဒါမျိုးတွေကို ဥပဒေအရ မတားနိုင်ဘူးလား။

ဦးခင်ရွှေ ။ ။ အဲဒီလို လုပ်လို့မရအောင် ဥပဒေအရ ကျနော်တို့က ကာကွယ်ရမှာပေါ့။ အဓိကအားဖြင့် လယ်သမားတွေအတွက်ကို သူတို့ရဲ့ living standard အတွက်တွေ၊ spending power တွေကအစ တတ်လာအောင် ကျနော်တို့ ဥပဒေအရ ကာကွယ်တာတို့၊ ဥပဒေအရ သူတို့လုပ်နိုင်အောင်လို့ လုပ်ပေး တာတို့ အဲဒါမျိုးတွေနဲ့ အသေးစိတ်စဉ်းစားပြီးလုပ်သွားမယ် အနေအထားမျိုးရှိပါတယ်။ တိုင်းပြည် ချမ်းသာတယ်ဆိုတာ တဦးတယောက်တည်း ချမ်းသာလို့၊ အစိုးရချမ်းသာလို့ ချမ်းသာတာ မဟုတ်ဘူးလေ။ လူနေမှုအဆင့်အတန်း မြင့်တာမှ ချမ်းသာတာ။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေက ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ်အနေနဲ့ ပါသလား။ သို့တည်းမဟုတ် တသီး ပုဂ္ဂလိကအနေနဲ့ ပါသလား။

ဦးခင်ရွှေ ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တာဝန်ပေးတယ်။ အဲဒီတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကမှတပါး ဘယ်ပါတီမှ ပါလို့ မရ ပါဘူး။ တဘက်က ကျေးဇူးပြန်ဆပ်သလိုပါပဲ။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေအနေနဲ့က အခုလိုဆိုတော့ ကျေးဇူးခံ ကျေးဇူးစားတော့ ဆန်နေတာပေါ့။

ဦးခင်ရွှေ ။ ။ ဆန်ကိုဆန်ရမယ်။ မဆန်လို့လည်း မရဘူးဆိုတာ တံခါးဖွင့်တယ်ဗျာ။ ကျနော့်သမိုင်းကို ပြန် ကြည့်ပါ။ ဒီနေ့အထိ ကျနော် ကားတစီးမှ မသွင်းဖူးဘူး။ နောက်တခါ ခင်ဗျားတို့ ပြောနေတဲ့ ဥပမာ တဦးချင်း ဘာညာအခွင့်အရေးယူတယ် - ကျနော် အပြင်ကနေ မြေတကွက်မှ မယူဘူး။ ကိုယ့်ရဲ့ principle ရှိတယ်။ ကျနော် ဆောက်လုပ်ရေးနဲ့ လာခဲ့တယ်။ ဟို မ.ဆ.လ လက်ထက်ကတည်းက ဆောက်လုပ်ရေးကို အဓိက လုပ်တော့ ဒီနေ့အထိ ဆောက်လုပ်ရေးကလွဲလို့ ဘာမှမလုပ်ဘူး။ စားအုန်းဆီ တပိဿာ မသွင်းဘူး။ အဲဒီလိုမျိုး ကျနော်ကုမ္မဏီအနေနဲ့ ကားတစီးတောင် မသွင်းဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော်မေးချင်တာက ဦးခင်ရွှေက တိုင်းပြည်မှာ အများ ဆင်းရဲသားတွေ ပါ ဖွံ့ဖြိုးလာအောင်၊ လူနေမှုအဆင့်အတန်း မြင့်မားလာအောင် လူတိုင်းစီးပွားရေး လုပ်လာနိုင်အောင် လုပ်ပေး ချင်တဲ့ ဥပဒေတွေ အဆိုပြုချင်တယ်။ ဆိုတော့ ဦးခင်ရွှေတို့ ပါတီက ဒါကိုလုပ်ခွင့်ပေးမလား။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ဘောင်ကိုကျော်ပြီး ဦးခင်ရွှေကကျော်ပြီး လုပ်နိုင်မလား။ သူတို့ကော ဒီလိုဆန္ဒ ရှိပါ သလား။

ဦးခင်ရွှေ ။ ။ လူကြီးတွေအနေနဲ့လည်း အဲဒီဆန္ဒအများကြီးရှိတယ်။ ဒါပေမဲ့ အခုနလို ဘယ်လိုလုပ်ရ မယ်ဆိုတဲ့ အသေးစိတ်လေးတွေကတော့ အောက်ကတင်ပြတဲ့ပေါ်မှာ မူတည်ပြီး အားလုံးက ကိုယ့် သမိုင်း ကိုယ်ရေး ကြတာ။ ကိုယ်လက်ထဲမှာ အကောင်းဆုံးရေးကြတာပဲ။ မသိလို့ မရေးမိတာလေး တခုပဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါတွေကို လက်ခံမယ်လို့ ဦးခင်ရွှေအနေနဲ့ မျှော်လင့်တယ်ပေါ့။

ဦးခင်ရွှေ ။ ။ သေချာပေါက် လက်ခံမှာ။ အများအတွက်၊ အဓိကအားဖြင့် grass root level တွေ အတွက် စားဝတ်နေရေးပြေလည်အောင် နည်းပေါင်းစုံနဲ့ နိုင်ငံတော်က လုပ်နေတယ်။ ဒါပေမဲ့ တချို့တွေ လွတ်သွား တာလည်း ရှိကောင်းရှိမှာပေါ့။ တင်ပြတဲ့ပေါ်မှာ မူတည်ပြီး အဲဒါကို ကျနော်တို့က အနီး ကပ်ဖြစ်သွားလို့ တင်ပြခွင့်ရရင်တော့ ဒါတွေဘယ်လို ဖြေရှင်းမလဲဆိုတာကို လူကြီးတွေ စဉ်းစားပါလိမ့် မယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း နည်းနည်းမေးချင်ပါတယ်။ နိုင်ငံရေး အားဖြင့်လည်း တချို့က ထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိနေတယ်။ အဲဒီ ပုဂ္ဂိုလ် တွေကို လွတ်ပေးသင့်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘာညာ။ အဲဒီလို ဥပဒေမျိုးကို ဦးခင်ရွှေတို့က ထောက်ခံဖို့ အစီအစဉ်ရှိပါသလား။

ဦးခင်ရွှေ ။ ။ အဲဒါတွေကတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရလိမ့်မယ်။ တဦးချင်းပေါ် မူတည် ပြီးတော့။ ကောင်းတာဆိုးတာ၊ ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ရှိပါတယ်။ လူကြီးတွေ စဉ်းစား ပါလိမ့်မယ်။ သူ့ကဏ္ဍအလိုက်ပေါ့။

လုံခြုံရေးကဏ္ဍ လုံခြုံရေး စဉ်းစားမှာပေါ့။ ကျနော်တို့ကတော့ စီးပွားရေးကဏ္ဍဆိုတော့ စီးပွားရေးကို ဘယ်လို ဖွံ့ဖြိုးတိုးတက်မယ်။ grass root level နဲ့ ဘယ်လိုဆက်ဆံရမယ်။ အားလုံးစားဝတ်နေရေး ဘယ်လိုတက်မယ်၊ living standard ဘယ်လိုတက်အောင် လုပ်မယ်။ ဒါပဲ ကျနော်တို့က စဉ်းစားနိုင် ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ ကို သူတို့က စီးပွားရေး၊ နိုင်ငံရေး တာဝန်ပေးမယ်လို့ ထင်ပါသလား။

ဦးခင်ရွှေ ။ ။ ကျနော့်အနေနဲ့ကတော့ ကျနော်အမြဲတမ်းပြောတယ်။ ကျနော် နိုင်ငံရေးကို စိတ်မဝင်စား ဘူး။ စီးပွားရေးပဲ စိတ်ဝင်စားတယ်။ အဓိက စီးပွားရေးနဲ့ပဲ သွားပါမယ်။ တကယ်လို့ စီးပွားရေး အဖွဲ့အစည်း တခုခုမှာ ကျနော်ကို တာဝန်ပေးရင်တော့ နိုင်ငံတော်အတွက် လုပ်ပေးရမယ့် တာဝန်ဝတ္တရားနဲ့ စိတ် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီလုပ်လာပြီဆိုရင် အဲဒီလို တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေ၊ ပါလီမန်မှာ တာဝန်ထမ်းဆောင်တဲ့အမတ်တွေဟာ စီးပွားရေးလုပ်ငန်းလည်း တဖတ်က လုပ်နေတယ် ဆိုရင် သူတို့ ဘယ်လောက်ချမ်းသာကြွယ်ဝမှုကို စာရင်းကြိုတင်ကောက်ပါတယ်။ တာဝန်မယူခင်၊ အာဏာရှိတဲ့ လုပ်ငန်းကို စမလုပ်ခင် အဲဒီလိုမျိုး လုပ်လာမယ့် အစီအစဉ် ရှိပါသလား။ လုပ်မယ်ဆိုရင် ဦးခင်ရွှေ ဘယ်လို သဘောရပါ သလဲ။

ဦးခင်ရွှေ ။ ။ အဲဒီလို လုပ်သင့်ပါတယ်။ နောက်ပြီးတော့ ကျနော်ကိုယ်နှိုက် လယ်သမားသားသမီးက ထွက်လာ တာ။ Zero ကနေစပြီး ဖောက်ပြီး ဒီအပေါ်ရောက်လာတယ်။ ရောက်လာပြီး ဒီအခြေအနေ ရောက်ပြီးတဲ့ အချိန်မှာ ကိုယ့်ဘဝကို ကျေနပ်နေလို့ရတယ်။ ပိုက်ဆံတွေယူပြီး ကိုယ့်သမိုင်းမှာ အမဲစက်ဖြစ်အောင်လို့တော့ ကျနော်တို့ လုပ်ကြမှာမဟုတ်ဘူး။ လူကြီးတွေလည်း ကိုယ့်သမိုင်းကိုယ်နဲ့ ဖြစ်အောင် အကောင်းဆုံးဖြစ်အောင် လုပ်နေကြတဲ့သဘောမျိုး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ က လယ်သမားသားသမီးက တက်လာရတဲ့လူဆိုတော့ လယ်သမား လူတန်းစား တွေ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တခါမှချမ်းသာပြီး အေးအေးချမ်းချမ်း နေရတယ်၊ ဖူဖူလုံလုံ လူတန်းစေ့နေရတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာ လေး အကြံရှိရင် နည်းနည်းပြောပေးပါ။

ဦးခင်ရွှေ ။ ။ ကျနော် seriously ပြောတာရှိတယ်။ လယ်သမားတွေရဲ့ working hour တနှစ်ကို ဘယ် လောက်လုပ်ကြသလဲ။ လယ်ထွန်းတယ်၊ မနက်ပိုင်းထွန်တယ်၊ နေ့လည်ပိုင်းအိပ်တယ်။ ညဘက် တချက်လေး ထွန်တယ်။ ပြီးတော့မှ တချို့က စပါးစိုက်တယ်၊ တချို့က ကျဲတယ်။ ပြီးတော့ အိပ်တယ်။ နှစ်လလောက် အိပ်ပြီးမှ စပါးရိတ်တယ်။ ရိတ်ပြီးတာနဲ့ နောက်ထပ် ရှစ်လ၊ ကိုးလလောက်ကို စောင့်ပြီး ဒီပိုက်ဆံနဲ့ စားတယ်။ အဲဒီတော့ working hour သိပ်နည်းနေတယ်။ တသီးစား။ အဲဒီတော့ တသီးက နေ နှစ်သီးဖြစ်သွားရင် working hour နည်းနည်းလေးတိုးလာပြီးတော့ စားဝတ်နေရေး ပြေလည်လာ မယ်။ သုံးသီးစားရင်တော့ ပြောမနေနဲ့ သူတို့အတွက်က စားဝတ်နေရေးကအစ လူနေမှုအဆင့်အတန်း မြှင့်လာမယ်။ အဲဒီတော့ ကျနော်တို့ ဘာလုပ်ပေးရမလဲ။ အခုန တသီးကနေ နှစ်သီး။ နှစ်သီးကနေ သုံးသီး။ ဗီယက်နမ်မှာဆိုရင် မိသားစုတစုက ဥပမာ ဆယ်ဧကရှိရင် နှစ်ဧကခွဲ နှစ်ဧက လေးဆခွဲပြီး တော့ တချိန်လုံး အလုပ်ရအောင် ဖန်တီးလာတယ်။ ဒီနေရာ စိုက်တယ်၊ ဒီနေရာ ပျိုးတယ်၊ ဒီနေရာ ရိတ်တယ်။ အဲဒါနဲ့ တနှစ်ပတ်လုံး လုပ်တော့ working hour က များလာတာနဲ့အမျှ သူတို့မြေယာ ကျနော်တို့ တဝက်ပဲရှိတယ်။ လူဦးရေက နှစ်ဆများတယ်။

သူတို့က ရှစ်သန်းလောက်ပို့ရင် ကျနော်တို့က ငါးသိန်းတောင် မပို့နိုင်ဘူးဆိုကတည်းက ကျနော်တို့ လယ်သမားတွေ working hour တက်လာတာနဲ့အမျှ သူတို့ရဲ့ စားဝတ်နေရေးနဲ့ living standard သူတို့ အနေအထားတွေ အကုန်မြင့်တက်လာမယ်။ အဲဒီအတွက်ကို ကျနော်တို့က သူတို့လုပ်နိုင်အောင် လုပ်ပေးဖို့ပဲ လိုတယ်။

ဦးကျော်ဇံသာ ။ ။ လုပ်နိုင်အောင် ဘာတွေများ လုပ်ပေးမလဲ။ လယ်သမားတွေ အဲဒီလိုလုပ်နိုင်အောင်။

ဦးခင်ရွှေ ။ ။ လုပ်ပေးရမယ်ဆိုရင် ကျနော်စဉ်းစားထားတယ်။ ကျနော်တို့ နိုင်ငံတော်က တူးထားတဲ့ မြောင်းတွေ ရှိတယ်။ အဲဒါကို transport အတွက် သုံးနေကြတယ်။ သုံးနေသမျှ ကာလပတ်လုံး အဲဒီ လယ်တွေကို ကျနော်တို့ မြှင့်တင်ပေးလို့ မရဘူး။ မရတဲ့အတွက် နွေစပါး မစိုက်ဘူး။ သူတို့ဘာသာ ရေစုပ်စက်နဲ့ ရေတင်ပြီး စိုက်မယ်ဆိုရင် ဘယ်သူမှ မစိုက်ကြဘူး။

အဲဒီတော့ ကျနော်တို့က အဲဒီ level မြင့်တက်အောင် လှေသွားနေတဲ့လမ်းကို ရပ်ပြီးတော့ ရွာဆက် လမ်းတွေ လုပ်ပေးဖို့လိုတယ်။ လိုပြီးတော့ အဲဒီရှိတဲ့ ရေမြောင်းရဲ့ရေ level ကို လယ်ကွင်းလောက် နီးနီး တင်ပေးဖို့ လိုတယ်။ အဲဒါဆိုရင် သူတို့ ရေကို ပေါက်တူးပေါက်ရုံနဲ့ သူ့လယ်ကွင်းရောက်မယ်ဆိုရင် သူစိုက်မယ်။

အခုက စိုက်ခိုင်းရင်တောင် ရေစုပ်စက်နဲ့ စုပ်ပြီးတော့ မြောင်းဘေးက တဧက၊ နှစ်ဧက ပိုပြီး မစိုက်နိုင် ကြဘူး။ အဲဒါကို ကျနော်တို့က အားထုတ်ပြီး အဲဒါလေး plan လေး သူတို့ရဲ့ ဦးတည်ချက်လေး ပြောင်း ပေးလိုက်တာနဲ့ သူတို့ နွေစပါး၊ မိုးစပါးတွေ စိုက်ကြလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ လယ်သမားတွေရဲ့ ငြီးတွားသံတွေက သူတို့ဓါတ်မြေသြဇာ အလုံအလောက်မရဘူး။ အဲဒီမှာလည်း သူတို့ ခေါင်းပုံဖြတ်ခံရတယ်။ တခါ လယ်ယာသုံးစက်ပစ္စည်းတွေလည်း အလုံအလောက် မရတာ တို့။ စိုက်ပျိုးစရိတ်ချေးတဲ့ နေရာမှာလည်း သူတို့ မှန်မှန်ကန်ကန် မရတာတို့။ အရင်းအနှီးပိုင်း လည်း သူတို့ ငြီးတွားကြပါတယ်။ အဲဒီကိစ္စတွေကော။

ဦးခင်ရွှေ ။ ။ အဲဒါတွေကတော့ နှစ်ဦးနှစ်ဘက်ပေါ့။ သူတို့က working hour နည်းတယ်။ ဝင်ငွေနည်း တယ်။ နည်းတဲ့အချိန်မှာ မြေသြဇာလည်း ကောင်းကောင်းမကျွေးဘူး။ မကျွေးတော့ စပါးအထွက်က နည်းတယ်။ နည်းတဲ့အခါကျတော့ ဒီအတိုင်းပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဒီအတိုင်း သွားနေကြတယ်။ အခုန ကျနော်ပြောတဲ့ အခြေအနေက သူတို့စိုက်လာတာနဲ့အမျှ ပိုက်ဆံပိုလာတာနဲ့အမျှ အခုနပြောတဲ့ အသေးစိတ်လေးတွေ အကုန် ပျောက်ကုန်မယ်။ အရေးကြီးတာက သူတို့ထဲကို ပိုက်ဆံထည့်ပေးနိုင်တဲ့ စီမံချက်တွေ လုပ်ဖို့ပဲ အရေးကြီး ပါတယ်။ နိုင်ငံတော်မှာ အေးချမ်းမှုမရှိရင် ဘာမှလုပ်လို့မရဘူး။ အခု အေးချမ်းမှုရှိပြီ။ ကျနော်တို့ သူတို့ စားဝတ်နေရေးအတွက် ဆက်သွားဖို့ပဲ အရေးကြီးတော့တယ်။

ဦးကျော်ဇံသာ ။ ။ အေးချမ်းမှုဆိုလို့ နယ်စပ်ဒေသတွေမှာတော့ မရှိဘူးထင်ပါတယ်။ တိုင်းရင်းသား တွေကို သူတို့အတင်း လက်နက်စွန့်ခိုင်းတာ။ တချို့က နိုင်ငံရေးအရ ဆွေးနွေးမှုမရှိလို့ မစွန့်နိုင်ဘူး ပြောပြီးတော့ ပဋိပက္ခတွေ ရှိနေပါတယ်။

ဦးခင်ရွှေ ။ ။ အရင်ထက်တော့ ကျနော်တို့ 88 မတိုင်ခင်ထက် အများကြီး အေးချမ်းသွားပြီ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလောလောဆယ် ဆက်ရှိနေမယ့် သဘောတော့ ဖြစ်နေတာပေါ့။ သူတို့နဲ့ နိုင်ငံရေး ပြေလည်မှုရအောင် ရှာရင် ပိုမလွယ်ဘူးလား။

ဦးခင်ရွှေ ။ ။ ရှာတယ်။ အားလုံးက လူက အတ္တပဲ။ ဒီဘက်ကလည်း အတ္တ၊ ဟိုဘက်ကလည်းအတ္တနဲ့ နှစ်ခု ဒီလိုညှိနေရင်တော့ အတ္တတွေ ရှေ့တန်းတင်ပြီးတော့ ညှိနေရင်တော့ မပြီးနိုင်ဘူးပေါ့။ အဲဒီတော့ ပူးပေါင်း ပြီးတော့ ဘယ်လို စီးပွားရေးလုပ်ကြမယ်။ ဘယ်လို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို တည်ဆောက်မယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ညှိလို့ရပါတယ်။

XS
SM
MD
LG