သုံးရလွယ်ကူစေသည့် Link များ

အီဂျစ်-မြန်မာ နိုင်ငံရေးအခြေအနေ နှိုင်းယှဉ်သုံးသပ်ချက်


အီဂျစ်-မြန်မာ နိုင်ငံရေးအခြေအနေ နှိုင်းယှဉ်သုံးသပ်ချက်
အီဂျစ်-မြန်မာ နိုင်ငံရေးအခြေအနေ နှိုင်းယှဉ်သုံးသပ်ချက်

အခု ကမ္ဘာ့အရှေ့အလယ်ပိုင်း အီဂျစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေ၊ ပြဿနာတွေ၊ ဖြစ်ရပ်တွေကို ၁၉၈၈ ခုနှစ် တုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့လူထုအုံကြွမှုမျိုးနဲ့ ခပ်ဆင်ဆင်တူတယ်လို့ဆိုရင် မှားမယ် မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အီဂျစ်နိုင်ငံမှာတော့ အခုအခါမှာ ကိုင်ရိုမြို့တော် (Cairo) အပါအဝင် ဆန္ဒပြပွဲဖြစ်တဲ့ အဓိကမြို့ကြီးတော်တော်များများ၊ အလက်ဇန္ဒရီးယား (Alexandria) တို့မှာ၊ ဆူးအက်ဇ် (Suez) တို့မှာ ပုံမှန်အခြေအနေကို ပြန်ရောက်လာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီလို ပုံမှန်အခြေအနေမျိုး တခါမှ ပြန်ရောက်ခဲ့ခြင်းမရှိပါဘူး။ ၈၈ ပြီးတဲ့နောက်မှာ တိုင်းပြည်ဟာလည်း အတော့်ကို ဖရိုဖရဲ ဖြစ်သွားခဲ့တဲ့အခြေအနေ ရှိပါတယ်။ ဆိုတော့ ဒီကနေ့အစီအစဉ်မှာ ကျနော် ဆွေးနွေးစေချင်တာကတော့ ဒီ နှစ်နိုင်ငံ ဘာကွာသလဲ။ နှစ်နိုင်ငံလုံးဟာ စစ်အုပ်ချုပ်ရေးကနေပြီးတော့ အရပ်သားအသွင်ကို ဆောင်လာခဲ့တဲ့ အစိုးရမျိုးဖြစ်တယ်၊

ဦးကျော်ဇံသာ ။ ။ ပထမဆုံး ဦးဇော်မင်းအနေနဲ့ ဆွေးနွေးစေချင်ပါတယ်။ ဘာကွာပါသလဲ။ ပထမဦးဆုံး ကျနော်တို့ ခေါင်းဆောင်ပိုင်းကို အရင်ကြည့်ပြောကြရင် ကောင်းမယ်ထင်ပါတယ်။

မြန်မာနိုင်ငံမှာ ၈၈ ဖြစ်စဉ်တုန်းက ရှိနေခဲ့တဲ့ တိုင်းပြည်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းနဲ့ အခု အီဂျစ်နိုင်ငံမှာ ခေါင်းဆောင်ဖြစ်နေတဲ့ ဗိုလ်ချုပ်ဟောင်း မူဘာရတ် (Mohammad Hosni Mubarak) တို့ရဲ့ ခြားနားချက်တို့ကို နည်းနည်း အကျဉ်းရုံးပြီး နှိုင်းယှဉ်ရင်ကောင်းမလား။

ဦးဇော်မင်း ။ ။ ကျနော်မြင်တာကတော့ အီဂျစ်သမ္မတ မူဘာရက်ဟာ ဦးနေဝင်းတို့နဲ့ မတူတာက ဘာလဲဆိုတော့ ဦးနေဝင်းတုန်းက တိုင်းပြည်လွတ်လပ်ရေးရအောင် ငါတို့စစ်သားတွေ တိုက်ခဲ့တယ်လို့ အဲဒီလို ဘက်မှာရပ်တာကိုး။

သမ္မတ မူဘာရက်တို့ကတော့ သူတို့က အင်္ဂလိပ်လက်က လွတ်အောင်တိုက်တဲ့သူတွေ သူတို့ရှေ့မှာရှိခဲ့တယ်။ Anwar El Sadat တို့ Gamal Abdel Nasser တို့နဲ့ မတူဘူးလေ။ သမ္မတ မူဘာရက်မှာက အီဂျစ်နိုင်ငံကြီး လွတ်လပ်ရေးရအောင်၊ အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်အောင် ငါတိုက်ခဲ့တယ် ဆိုပြီး သူ့လက်ထက်ကျ မရှိတော့ဘူးဗျ။ ဦးနေဝင်း လက်ထက်ကျတော့ ရှိတယ်။ အဲဒီနှစ်ခုက ကွာသွားတယ်လို့ ကျနော်မြင်တယ်။ ဦးနေဝင်းက ဒီနိုင်ငံကို ငါတို့တပ်မတော်က ကယ်ခဲ့တာလို့ မြင်တာကိုး။ မူဘာရက် လက်ထက်မှာကျတော့ ငါတို့ကယ်ခဲ့တယ်ဆိုတဲ့ အဆင့်မှာ မရှိတော့ဘူး။ သူကအငယ်လို ဖြစ်သွားတာကိုး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မူဘာရက်လည်း သူတို့ရဲ့ အဓိကအမျိုးသားရန်သူဖြစ်ခဲ့တဲ့ အစ္စရေးနိုင်ငံနဲ့ အကြိမ်ကြိမ်စစ်ဖြစ်ခဲ့တဲ့အထဲမှာ သူလည်းပဲ ရွပ်ရွပ်ချွံချွံခုခံခဲ့ရတဲ့ စစ်သားဟောင်းတယောက်ပါပဲခင်ဗျာ။

ဦးဇော်မင်း ။ ။ ကျနော်ပြောတာက ဒီလိုလေ။ ကျနော်တို့ ဗမာပြည်က ဦးနေဝင်းက ကိုလိုနီနယ်ချဲ့ လက်အောက်က လွတ်လပ်ရေး ရယူခဲ့စဉ်အချိန်မှာ ငါတို့စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတဲ့ဟာကို မြင်တာကိုး။ အီဂျစ်က အစ္စရေးနဲ့တိုက်တဲ့ကိစ္စက ပြဿနာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အစ္စရေးနဲ့ ပြန်ပြီးတော့ ငြိမ်းချမ်းရေးစာချုပ် ချုပ်လာတဲ့ အာရပ်ကမ္ဘာမှာ အီဂျစ်က ပထမဦးဆုံးနိုင်ငံပါပဲ။

ဦးကျော်ဇံသာ ။ ။ ဦးအောင်နိုင်ဦး ဘယ်လိုသုံးသပ်လိုပါလဲခင်ဗျာ။ အဲဒီခေါင်းဆောင်နှစ်ဦး၊ နောက်ပြီးတော့ စစ်တပ်ရဲ့အနေအထားချင်း ကွာဟမှု။

ဦးအောင်နိုင်ဦး ။ ။ ဗိုလ်ချုပ်နေဝင်းဟာ အီဂျစ်စစ်တပ်အာဏာသိမ်းတာကို သဘောကျခဲ့တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိ ဦးဖေခင်ဟာ ကိုင်ရိုမှာ မြန်မာသံအမတ်အကြီးအဖြစ်နဲ့ ရှိစဉ်မှာ ဗိုလ်ချုပ်နေဝင်း သွားလည်တုန်းက သမ္မတနာဆာတို့က အာဏာသိမ်းထားတာကို အတော်လေး သဘောကျသွားတယ်။ ဒါကြောင့်မို့ ဦးဖေတင်က ဝန်ကြီးချုပ်ဦးနုနဲ့ ဝန်ကြီးဦးဝင်းတို့ကို ဗိုလ်နေဝင်းတော့ ဒီမှာတော့ ကြိုက်သွားပြီ၊ ခင်ဗျားတို့ သတိသာထားပေတော့ ဆိုပြီးတော့ သတိပေးတာမျိုးလည်း ကျနော် ဖတ်ဖူး၊ တွေ့ဖူးပါတယ်။

နောက်တခုက မူဘာရက်ရဲ့ရုံးမှာ လေးနှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ အီဂျစ်အရာရှိတယောက်နဲ့ စကားပြောဖူးပါတယ်။ သူပြောတာတွေက မူဘာရက်ရဲ့ အနေအထား၊ မူဘာရက်ရဲ့စိတ်ဓာတ်တွေဟာဆိုရင် ကျနော်တို့နိုင်ငံက အထူးသဖြင့်တော့ ဗိုလ်ချုပ်နေဝင်းတို့၊ ဗိုလ်ချုပ်သန်းရွှေ တို့နဲ့ ပုံစံချင်း တော်တော်တူကြတာ တွေ့ရတယ်ခင်ဗျ။ အဲဒီတော့ ဆင်တာလေးတွေလည်း တော်တော်များများတော့ ရှိနေတယ်ပေါ့နော်။ အဓိက ကတော့ ဘာလဲဆိုတော့ ဒီစစ်ဗိုလ်တွေဟာ အောက်ခြေမှာပြည်သူတွေ ဘာတွေဖြစ်နေပြီလဲဆိုတာကို သေသေချာချာမသိတော့တဲ့ အနေအထားပဲဗျ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကိုအောင်နိုင်ဦး၊ ဆက်ပြီးတော့ ယှဉ်စေချင်တာက စစ်တပ်ကော ဘယ်လိုကွာလဲ။ မြန်မာနိုင်ငံ ၈၈ မှာ ကျတော့ ပစ်လိုက်တာပဲ။ အီဂျစ်မှာကျတော့ မပစ်ဘဲနဲ့ စစ်တပ်ဟာ အတော့်ကို ကြားနေပြီး ထိန်းထိန်းသိမ်းသိမ်းနေခဲ့တဲ့ အခြေအနေကရော ဘယ်လိုကြောင့်ဖြစ်တယ်လို့ ထင်ပါသလဲ။

ဦးအောင်နိုင်ဦး ။ ။ အဓိက ကတော့ ကျနော်တို့ နိုင်ငံမှာက ၂၆ နှစ်လုံးလုံး ဆိုရှယ်လစ်စနစ်အောက်မှာ ပိတ်ပြီးတော့ နေခဲ့တာဖြစ်ပေမဲ့ အီဂျစ်နိုင်ငံဟာ ကျနော်တို့လောက် ဖိနှိပ်မှုတွေ၊ လုံးဝတင်းကျပ်မှုတွေ ဒီလောက်များများ မရှိဘူးခင်ဗျ။ အစ္စလာမ်ဘာသာဝင် အခြေခံဝါဒီတွေကိုပဲ ဖိနှိပ်ထားတာ တော်တော်များပါတယ်။ အဲဒီတော့ အထူးသဖြင့် အီဂျစ်နိုင်ငံဟာ Geopolitics လို့ပဲပြောရမှာပေါ့ဗျာ။ ပထဝီနိုင်ငံရေးလို့ပဲ ပြောရမှာပေါ့ - အရှေ့အလယ်ပိုင်းဒေသမှာ အရေးအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံသော်လည်းကောင်း၊ တခြား ဒီမိုကရေစီမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံကြီးတွေကလည်း အင်မတန်ကို သဘောကျတဲ့ကိစ္စ ဖြစ်တယ်။ ဒီလိုနိုင်ငံကြီးတွေနဲ့ သေသေချာချာ ဆက်ဆံထားတယ်။ ဒီလိုနိုင်ငံကြီးတွေကလည်း အကူအညီ အရမ်းပေးထားတဲ့အတွက်၊ အထူးသဖြင့်တော့ အမေရိကန်က အကူအညီ အရမ်းပေးထားတဲ့အတွက် သွေးထွက်သံယိုမှုကို ကြီးကြီးကျယ်ကျယ် မဖြစ်စေချင်ဘူး။

အခု ဖြစ်မယ်ဆိုတဲ့ အချိန်ကာလလေးမှာတောင်မှ အမေရိကန်က အရေးကြီးတဲ့ စစ်ဗိုလ်တွေနဲ့ အီဂျစ်စစ်ဗိုလ်တွေ အမြဲတမ်းပြောဆို ဆွေးနွေးနေတာတွေ ကျနော်တို့ အခုတွေ့နေရပါတယ်။ အခု လက်ရှိအနေအထားတွေ ပျက်ပြားသွားမှာစိုးရိမ်တဲ့အတွက် အရှေ့အလယ်ပိုင်း တခုလုံးက ဖိအားပေးကြတယ်။ သွေးထွက်သံယို မဖြစ်အောင်လို့ ဝိုင်းပြီးထိန်းကြတာတွေ အများကြီးရှိပါတယ်။

ကျနော်တို့နိုင်ငံမှာကတော့ အဲလို ထိန်းပေးနိုင်ခဲ့တဲ့ အင်အားကြီးနိုင်ငံလည်း တခုမှ မရှိခဲ့ဘူး၊ ပြည်ပနဲ့လည်း အဆက်အဆံမရှိခဲ့တဲ့ အနေအထားမျိုးမှာ ကျနော်တို့ဆီမှာ ဆိုးဆိုးဝါးဝါးတွေ ဖြစ်ခဲ့ပြီးတော့ အခုချိန်ပြန်ကြည့်မယ်ဆိုရင်လည်း အခုနကလို အားပေးတဲ့နိုင်ငံတွေနဲ့ ရင်းနှီးမှု မရှိဘဲနဲ့ အမေရိကန်လိုနိုင်ငံမျိုးနဲ့ ရင်းနှီးမှုမရှိဘဲနဲ့ ကျနော်တို့ဟာ ရန်သူလို ဖြစ်နေတဲ့အခါကျတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ပိုဆိုးလာတဲ့သဘောမှာရှိတယ်၊ နီးနီးကပ်ကပ် အကြံပေးလို့ မရတော့တဲ့ အနေအထားတွေဖြစ်သွားတယ်။ ဒါတွေတော့ ကွာတယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဦးဇော်မင်း ဘယ်လို သဘောရပါသလဲ၊ ကိုအောင်နိုင်ဦးပြောတဲ့အထဲမှာ ပြည်ပဖိအားတွေပေါ့လေ။ သူတို့ ရဲ့ Geopolitics အရ အရေးကြီးတဲ့အတွက် သူတို့ လဲမကျ ပြိုမကျစေချင်ဘူး။ ဒါကြောင့်မို့လို့ အမေရိကန်အပါအဝင် နိုင်ငံတွေက ကျားကန်ပေးတယ်။ ဟုတ်ပါတယ်။ အမေရိကန်က တနှစ်ကို စစ်ရေးအတွက်ချည့်ပဲ ၁.၃ ဘီလီယံ ဆိုတော့ ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီပြီးတော့ ပေးနေတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီအကူအညီကြောင့်များ စစ်တပ်က မပစ်ဘဲနဲ့ နေခဲ့တာလား။ တခြား ဘယ်လိုများယှဉ်ချင်ပါသလဲ။

ဦးဇော်မင်း ။ ။ တိတိကျကျပြောဖို့တော့ ခက်တယ်။ ခက်တယ်ဆိုတာ ဘာဖြစ်လို့လည်းဆိုတော့ နောက်ပိုင်း သမ္မတလက်ထက်က ဒီဘက်အထိဆိုလို့ရှိရင် ကမ္ဘာပေါ်မှာ ပြောရမယ်ဆိုရင်တော့ အီဂျစ်က အမေရိကန် အစိုးရပေးသမျှအကူအညီကို ကမ္ဘာပေါ်မှာ အများဆုံးရတဲ့နိုင်ငံပဲ။ အဲဒီရတဲ့ အကူအညီတွေဟာ တကယ်တန်း နိုင်ငံသူ နိုင်ငံသားတွေဆီကို မှန်မှန်ကန်ကန် စီးဆင်းသွားတာက နည်းတယ်လို့ ဆိုပါတယ်။ အဲဒီတော့ တချို့ပိုက်ဆံတွေ တော်တော်များများကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ အာဏာရှင် တပိုင်းတစနိုင်ငံတွေဆိုတော့ ခေါင်းဆောင်တွေအိတ်ထဲ ရောက်တာပေါ့။ တဘက်မှာလည်း အမေရိကန်နဲ့ လုံးလုံးမဆိုင်သော်ငြားလည်း ပိုက်ဆံပေးတဲ့ငွေရှင်ကပြောတဲ့အခါ နားထောင်တာမျိုးတော့ ရှိတတ်တယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဦးဇော်မင်းပဲ ဆက်ပြီးဆွေးနွေးစေချင်တာက အတိုက်အခံတွေ၊ Muslim Brotherhood ဆိုရင် နာမည်ကြီးပါပဲ။ ဒီအဖွဲ့ကို အစိုးရက တရားဝင်အသိအမှတ်မပြုခဲ့ဘူး။ ဒါပေမဲ့ အခု အဲဒီ Muslim Brotherhood ကိုယ်နှိုက်က အစိုးရနဲ့ ဆွေးနွေးတဲ့စားပွဲဝိုင်းကို ရောက်နေတယ်လို့ သိရပါတယ်။

အဲဒီတော့ Oppoisition ဘက်က သဘောထားကိုလည်း ပြောတာကြားလာရတော့ Muslim Brotherhood ခေါင်းဆောင်တွေက ငါတို့ဟာ ဘာသာရေး လွတ်လပ်ခွင့်ရှိရမယ်၊ လူ့အခွင့်အရေးကို လေးစားတယ်။ အစ္စရေးလ်ကိုလည်းပဲ ငါတို့က နိုင်ငံတခုကို ဖျောက်ဖျက်ပစ်ဖို့-ဘယ်နိုင်ငံကိုမှ ရန်သူလို သဘောမထားဘူးဆိုပြီး သူတို့သဘောထားတွေက အင်မတန် ပျော့ပျောင်းတဲ့စကားပြောလာတာကို တွေ့ရပါတယ်။ ဆိုတော့ ၈၈ ကာလရဲ့အစောပိုင်းပေါ့လေ။ ဒီဘက်ခေတ်အစောပိုင်းမှာ မြန်မာဘက်မှာရော Oppoisition က ဘယ်လိုနေခဲ့သလဲ။ အီဂျစ် Oppoisition နဲ့ နှိုင်းယှဉ်ကြည့်ရင်ရော ဘယ်လို ယှဉ်စရာတွေ့ပါသလဲ။

ဦးဇော်မင်း ။ ။ ကျနော်ထင်တယ်၊ ၈၈ အရှေ့ပိုင်းမှာတော့ ကျနော်တို့တိုင်းပြည်မှာ အတိုက်အခံဆိုတာ မရှိဘူးလေဗျာ။ ၈၈ ပြီးတဲ့ အခါကျတော့လည်း ကျနော်တို့က ရလာတဲ့ နိုင်ငံရေးပါတီကိုလက်ခံ-ဆိုတဲ့အခါကျတော့ --- အဲဒီအချိန်ကျတော့မှ ကျနော်တို့က စလုံးရေစ အစကပြန်စရတာဆိုတော့ ကျနော်တို့မှာ ဘာပဲပြောပြော ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ကျင့်သုံးမှုတွေ၊ ဒီမိုကရေစီကို နားလည်မှုတွေ၊ ဒီမိုကရေစီရဲ့တန်ဖိုးတွေကို ကျနော်တို့နားလည်လာတဲ့ အားနည်းချက်တွေပါပါလိမ့်မယ်။

နောက်တခုကလည်း ဗမာပြည်နဲ့ အီဂျစ်ကို ယှဉ်တဲ့အခါကျ မတူတာတွေ အများကြီးရှိပါတယ်။ အနေအထားမတူဘူး၊ ကိုးကွယ်ရာယုံကြည်မှု တွေ မတူဘူး။ နိုင်ငံလွတ်လပ်မှုအတွက် ဖြတ်သန်းခဲ့ရတဲ့ ပုံစံချင်းတွေက မတူဘူး။ မတူတဲ့ဟာကို ထပ်တူပြုတဲ့အခါကျတော့လည်း ထပ်တူမညီနိုင်တာတွေလည်း ရှိနိုင်တယ်လို့ မြင်ပါတယ်။ ခပ်ဆင်ဆင်တူတာတွေလည်း ရှိမှာပေါ့။

ဦးကျော်ဇံသာ ။ ။ ဦးအောင်နိုင်ဦးကရော အတိုက်အခံချင်းကို ဘယ်လိုယှဉ်မလဲခင်ဗျ။ မြန်မာနဲ့ အီဂျစ် အတိုက်အခံ။

ဦးအောင်နိုင်ဦး ။ ။ ကျနော်ပြောချင်တာ နှစ်ခုရှိပါတယ်။ တခုက မကြာသေးခင်ကပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (Clinton) က အရှေ့အလယ်ပိုင်းမှာရှိတဲ့ ညီလာခံတခုမှာ အရှေ့အလယ်ပိုင်း ခေါင်းဆောင်တွေကို သတိပေးပြောသွားတာရှိပါတယ်။ ဒီအီဂျစ်ကိစ္စ မဖြစ်ခင်လေးတင်ပါပဲ။

အရှေ့အလယ်ပိုင်းမှာ အပြောင်းအလဲတွေလုပ်ဖို့ လိုတယ်။ မလုပ်ဘူးဆိုရင်တော့ ပြဿနာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ စဉ်းစားကြပါလို့ သတိပေးသွားတယ်။ အဲဒါပြီးတဲ့နောက်ပိုင်းမှာ အပြောင်းအလဲတွေ၊ ဒီလိုဆန္ဒပြပွဲတွေ ဖြစ်လာတာပေါ့နော်။ ဖြစ်လာပေမဲ့လည်း အမေရိကန်လိုနိုင်ငံမျိုုး၊ တခြားနိုင်ငံလို နိုင်ငံမျိုးတွေဟာ စနစ်တကျနဲ့ ဒီအစိုးရဆီမှာသွားပြီး သွေးထွက်သံယိုမဖြစ်ဖို့ (သို့မဟုတ်) စနစ်တကျနဲ့ အပြောင်းအလဲတွေလုပ်ဖို့ အားလုံးကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရလို့ရှိရင် အမေရိကန်လို နိုင်ငံကြီးတခုက သေသေချာချာနဲ့ ဝင်ပြီးတော့မှ အခုနလို သွေးထွက်သံယိုမှုတွေမဖြစ်ဘဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်ဘဲနဲ့ ဆွေးနွေးဖို့ဆိုပြီးတော့ ပြောလာတဲ့ကိစ္စဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စ နံပါတ် (၁) ဖြစ်ပါတယ်။

ဒုတိယတချက်ကတော့ အီဂျစ်နိုင်ငံမှာ ကံကောင်းတာကတော့ ပညာတတ်တွေ အရမ်းပေါပါတယ်။ နိုင်ငံတကာကို ထွက်ခဲ့ဖူးတဲ့သူတွေ အများကြီးရှိတယ်။ အထူးသဖြင့်တော့ အတိုက်အခံထဲမှာ နောက်ပိုင်းမှာ နေရာအပေးခံလာရတဲ့ အရင်တုန်းက IAEA လို့ခေါ်တဲ့ နျူကလီယား စောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်ခဲ့တဲ့ မိုဟာမက် အဲလ်ဘာရာဒီ (Mohamed ElBaradei) ကိုယ်တိုင်က ပါလာတယ်။ သူတို့ဟာဆိုရင် နိုင်ငံတကာမှာ ကျင်လည်ခဲ့တဲ့သူတွေ ဖြစ်တယ်။ သမ္မတတွေနဲ့ တိုက်ရိုက်စကားပြောနိုင်တဲ့သူတွေဖြစ်တယ်။ ဆွေးနွေးပွဲဟာ ဘယ်လောက် အရေးပါတယ် ဆိုတာကို နားလည်တဲ့သူတွေဖြစ်တယ်။

တဘက်မှာ သမ္မတ မူဘာရက်ဘက်ကလည်း လျှော့ပေးလာတာရှိတယ်။ ဒီအပေါ်မှာ အမိအရယူနိုင် ခဲ့တဲ့အတွက် အခုနကလို ဆွေးနွေးပွဲတွေ ဖြစ်လာတာပဲ။ ကျနော်တို့နိုင်ငံမှာ ၈၈ မှာပြန်ကြည့်မယ်ဆိုရင် စစ်တပ်ဘက်က ဆွေးနွေးပွဲ လုပ်ရအောင်လို့ ပြောပေမဲ့လည်း လက်တွေ့မှာ သေသေချာချာ မကျင့်သုံးခဲ့တာရှိသလို အတိုက်အခံတွေဘက်ကလည်း စစ်တပ်က ဆွေးနွေးကြရအောင်လို့ ပြောခဲ့တဲ့ကိစ္စကို သေသေချာချာ အမိအရမယူနိုင်ခဲ့တာဟာ သက်သေအများကြီးရှိခဲ့ပါတယ်။ ဒါတွေတော့ တော်တော်ကွာတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဇော်မင်းကို နောက်ဆုံးမေးချင်တာက ဦးအောင်နိုင်ဦးက ၈၈ ဒီဘက်ပိုင်းမှာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အတွေ့အကြုံမရှိခဲ့တဲ့ မြန်မာ့အတိုက်အခံလို့ ပြောပါတယ်။ အခုအချိန်ကစပြီး နောင်ကိုမျှော်ကြည့်မယ်ဆိုရင်ကော အဲလိုများ တခုခုဖြစ်ခဲ့ကြရင် အတိုက်အခံနဲ့ အစိုးရတို့ဟာ နှစ်ဘက် စေ့စပ်ညှိနှိုင်းနိုင်တဲ့ အဆင့်အတန်း မျိုးရောက်လာကြပြီလို့ မျှော်လင့်နိုင်ပါသလား ဦးဇော်မင်းခင်ဗျာ။

ဦးဇော်မင်း ။ ။ ကျနော့်မှာ တိုက်ရိုက် ဖြစ်နိုင်ပါတယ်လို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်းပဲ ဖြစ်လာခဲ့မယ်ဆိုရင်တော့ နှစ်ဘက် အကျအဆုံးနည်းနည်း၊ သွေးထွက်သံယိုနည်းနည်းဖြစ်မယ့်လမ်းကို ရွေးမယ်ဆိုရင်တော့ တိုင်းသူပြည်သားတွေအတွက်၊ တိုင်းပြည်အနာဂတ် အတွက်တော့ ကောင်းပါလိမ့်မယ်လို့ ကျနော်တော့ အဲလိုမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုအောင်နိုင်ဦးရဲ့ နောက်ဆုံးမှတ်ချက်ကို ခပ်တိုတို ပြောပေးလိုက်ပါခင်ဗျာ။

ဦးအောင်နိုင်ဦး ။ ။ ကျနော်စာရေးခဲ့တာရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ ပြဿနာတွေဖြေရှင်းဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တဲ့ ယဉ်ကျေးမှု (Dialoge cluture) မရှိဘူးလို့ ရေးခဲ့တာရှိပါတယ်။ အခု အနှစ် နှစ်ဆယ်အတွင်းမှာ ကျနော် အဲဒါမျိုးမြင်နေပါတယ်။ လက်ရှိ အနေအထားမှာလည်းပဲ တဘက်နဲ့တဘက် ပြေလည်သယောင်ပြနေပေမယ့် လက်တွေ့မှာကတော့ ထိပ်တိုက်ရင်ဆိုင်ရေး ပုံစံမျိုးတွေရှိနေတယ်။ ဗြောင်ကြီး မဟုတ်တောင်မှ ပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့မှာ တော်တော်အားနည်းနေတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်မို့လို့ ရှေ့မှာလည်း အလားအလာ သိပ်မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်။

XS
SM
MD
LG