သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မခိုင်းစေမှု မရှိမှ ပိတ်ဆို့ဒဏ်ခတ် ရုတ်သိမ်းသင့်


ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိမရှိ စောင့်ကြည့်ပြီးမှ အရေးယူပိတ်ဆို့မှုတွေကို စဉ်းစားပါလို့ တချို့ကပြောဆိုနေချိန်မှာ ဗြိတိန်နိုင်ငံက TUC (Trades Union Congress) အလုပ်သမားများသမဂ္ဂများ ကွန်ဂရက်ကတော့ အလုပ်ကြမ်းစေခိုင်းမှုတွေ ရပ်ဆိုင်းပြီးမှ စဉ်းစားဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး UK TUC ရဲ့ နိုင်ငံတကာရေးရာ ညွှန်းကြားရေးမှူး Ben Moxhem ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ မြန်မာနိုင်ငံအပေါ်မှာ အရေးယူပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိဖို့ လိုအပ်တယ်လို့ ပြောရသလဲ။

Ben Moxhem ။ ။ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုအဖွဲ့ရဲ့ ရပ်တည်ချက်က ဒီလိုပါ။ မြန်မာပြည်မှာ အားတက်စရာကောင်းတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပါတယ်။ ဒီအတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတချို့ကို ရုတ်သိမ်းသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနေရာ အနံှအပြားမှာ အတင်းအဓမ္မအလုပ်ခိုင်းစေမှုတွေက ရှိနေဆဲပါ။ ဒါတွေကို အစိုးရက ပြုပြင်ဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ဥရောပသမဂ္ဂနဲ့ တခြားသော အစိုးရတွေကို တောင်းဆိုထားပါတယ်။ ဒီလို သိပ်ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသမျှ၊ တိုးတက်ကောင်းမွန်လာခြင်း မရှိသမျှ၊ ပိတ်ဆို့အရေးယူမှုတွေကို မရုတ်သိမ်းကြပါနဲ့အုန်းလို့ တောင်းဆိုထားပါတယ်။

ဦးကျော်ဇံသာ ။ ။ လက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ လူ့အခွင့်အရေး တိုးတက်မှုအတွက် ဒဏ်ခတ်အရေးယူမှုဆိုတဲ့ နည်းလမ်းတခုပဲ ရှိပါသလား။ တခြားအကူအညီပေးတဲ့ နည်းလမ်းတွေ၊ လူ့အခွင့်အရေး သင်တန်းပေးဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ကမ်းလှမ်းပြီးတော့ အစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းတွေနဲ့ မကြိုးစားသင့်ပေဘူးလား။

Ben Moxhem ။ ။ သေချာပါတယ်။ ဒါတွေက အင်မတန် သင့်တော်တဲ့ အကြံဉာဏ်တွေဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဥရောပသမဂ္ဂက မြန်မာအရာရှိကြီး ၉၀ လောက်အပေါ် ပြည်ဝင်ခွင့် ဗီဇာရုတ်သိမ်းခဲ့တာကို ကြိုဆိုပါတယ်။ ဒါ သဘောထား မှန်ကန်မှုကို ပြသခြင်း ဖြစ်တယ်လို့ လက်ခံပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖြစ်ထွန်းဖို့ အားပေးမှုတရပ်လည်း ဖြစ်ပါတယ်။ ဒါအပြင် စာနာမှုဆိုင်ရာ အထောက်အပံ့တွေ၊ လူ့အခွင့်အရေး ကောင်းမွန်ရေး အထောက်အပံ့တွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ထွန်းဖို့ ကူညီပံ့ပိုးတာတွေကိုလည်း ကျနော်တို့ ထောက်ခံပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ စီးပွားရေးဒဏ်ခတ် အရေးယူမှုတွေကို ရုတ်သိမ်းမယ်ဆိုရင်တော့။ ဥပမာ သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်းတို့မှာ ဥရောပ စီးပွားရေးလုပ်ငန်းတွေကစပြီးတော့ ထုတ်ယူတဲ့အဆင့်ကနေ သွားရောက်မြုပ်နံှကြမယ်ဆိုရင် အဲဒီဒေသတွေမှာ အတင်းအဓမ္မ အလုပ်ကြမ်းစေခိုင်းမှုတွေ၊ အလုပ်သမားသမဂ္ဂကို ပိတ်ပင်ထားတာတွေ၊ တိုင်းရင်းသားအုပ်စုတွေကို မြန်မာစစ်တပ်က တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ဒါတွေကို မကိုင်တွယ် မဖြေရှင်းဘဲနဲ့ ဥရောပသမဂ္ဂအနေနဲ့ အဲဒီနယ်ပယ်တွေမှာ ရင်းနှီးမြုပ်နံှမှု မလုပ်သင့်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ TUC အနေနဲ့ ထောက်ခံတင်ပြထားတာက sanction အားလုံးကို ဆက်ထားဖို့ လွှမ်းခြုံပြောနေတာ မဟုတ်ဘဲနဲ့ လုပ်ငန်းတခုချင်းအလိုက် စီစစ်ပြီးတော့ ထိခိုက်မှုသိပ်ရှိတဲ့ နေရာတွေကိုသာ ရွေးပြီး sanction တွေ ဆက်ထားသင့်တယ်ဆိုတဲ့ သဘောလား။

Ben Moxhem ။ ။ တိုးတက်မှုတွေ တခုပြီးတခုရှိလာလို့ ပိတ်ဆို့အရေးယူမှုတွေကို တဖြည်းဖြည်း ရုတ်သိမ်းသင့်တဲ့ သဘောပါ။ တိုးတက်ကောင်းမွန်လာမှုအတွက် ဆုချသင့်ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကိုတော့ တချက်တည်းနဲ့ မရုတ်သိမ်းသင့်ပါဘူး။ ဥရောပသမဂ္ဂအနေနဲ့ ဧပြီလမှာ စည်းဝေးပြီး မြန်မာအစိုးရက အတင်းအဓမ္မ အလုပ်ကြမ်းခိုင်းစေမှုကို မဖျက်သိမ်းဘဲ sanction အားလုံးရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ရင်တော့ ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ။ ILO ရဲ့ နိုဝင်ဘာလတုန်းက တင်ပြခဲ့တဲ့ နောက်ဆုံးအစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံအတွင်း နေရာတိုင်းမှာ အလုပ်ကြမ်းစေခိုင်းမှုတွေ ရှိနေဆဲလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂ၊ ILO နဲ့ မြန်မာအစိုးရတို့ အတူတူထိုင်ပြီး အလုပ်ကြမ်းစေခိုင်းမှု တိုက်ဖျက်ရေးအတွက် Action Plan လုပ်ငန်းအစီအစဉ်တရပ် ချမှတ်ရပါလိမ့်မယ်။ ဒါကို မြန်မာအစိုးရက အရင်အကောင်အထည်ဖော်ပါစေ။ အဲဒီကြမှ အရေးကြီးတဲ့ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းရပါလိမ့်မယ်။ အပြန်အလှန်သဘောပဲ ဖြစ်သင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်အနေနဲ့ သဘောထားဆန်တဲ့ မေးခွန်းတခု မေးပါရစေ။ လူ့အဖွဲ့အစည်းတခုမှာ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်မှုဟာ ဒီမိုကရေစီဖော်ဆောင်ရေးထက် ဦးစွာဖြစ်ထွန်းဖို့ လိုအပ်ပါသလား။ ဒီမိုကရေစီ ဖော်ဆောင်ရေးထက် ဦးစွာ ဖြစ်ထွန်းနိုင်ပါသလား။ ဒီနှစ်ခုက တချိန်တည်းမှာ တပြိုင်တည်း ဖြစ်သွားနိုင်ပါသလား။ ဒါမှမဟုတ် ဒီမိုကရေစီ ထွန်းကားပြီးမှ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် လုပ်ယူနိုင်ပါသလား။

Ben Moxhem ။ ။ သိပ်မေးသင့်တဲ့ မေးခွန်းပါ။ ကမ္ဘာ့နိုင်ငံအတော်တော်များများမှာ ဒီမိုကရေစီဖော်ဆောင်ရေး နဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်ရေးတို့ဟာ အရှိန်အဟုန်အမျိုးမျိုး၊ တခုနဲ့တခု ဆက်နွှယ်မှုအမျိုးမျိုးနဲ့ သွားနေတာကို တွေ့ရပါတယ်။ ဒီနှစ်ခု တခုနဲ့တခု ဆက်စပ်မှုရှိနေတယ်ဆိုတာကတော့ လုံးဝသေချာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုတာ။ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာတွေကို ကျနော်တို့ ကြိုဆိုပါတယ်။ သူတို့ဟာ လူ့အခွင့်အရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အင်အားတရပ် ဖြစ်လာမှာ သေချာပါတယ်။ အလားတူစွာပါပဲ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေကိုလည်း မြန်မာအစိုးရအနေနဲ့ အပြည့်အဝ၊ တရားဝင်ခွင့်ပြုသင့်ပါတယ်။ ဒါဟာ လူမှုရေးတရားမျှတမှု ထွန်းကားရေးအတွက် တကယ့်ကို အထောက်အကူဖြစ်စေမယ့် အလုပ်သမားတွေရဲ့အသံကို ပေါ်ထွက်လာစေပါလိမ့်မယ်။ ဆိုတော့ ဒီနှစ်ခုဟာ လက်ချင်းချိတ်နေတာပါ။ မြန်မာနိုင်ငံရဲ့ ပြဿနာက အရင် အစိုးရတုန်းက အုပ်ချုပ်သူလူတစုကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ဘာမှလုပ်ချင်တဲ့ သဘောမပြခဲ့တာ။ သိပ်ကိုတွန့်ဆုတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဖြစ်လာခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ နောက်အကြံဉာဏ်တချို့လည်း ကြားရပါသေးတယ်။ မြန်မာပြည်မှာ လူ့အခွင့်အရေးအခြေအနေ ကောင်းမွန် ထွန်းကားစေချင်သူတွေအနေနဲ့၊ အဖွဲ့အစည်းတွေအနေနဲ့ ပြည်ပက ဖိအားပေးနေကြမယ့်အစား မြန်မာနိုင်ငံ အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ချိုးဖောက်မှုတွေ ရှိနေတဲ့နေရာတွေ - အထူးသဖြင့် တိုင်းရင်းသားဒေသ နယ်စွန်နယ်ဖြားတွေကို ကိုယ်တိုင်သွားကြပါ။ အဲဒီမှာ ပြုပြင်စရာတွေ အများကြီးတွေ့ပါလိမ့်မယ်။ ကိုယ်တိုင်လုပ်ဆောင်ကြပါ။ ပြုပြင်ကြပါလို့ အကြံပေးနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးကို ခင်များတို့အနေနဲ့ လုပ်သင့်တယ်လို့ မထင်ဘူးလား။

Ben Moxhem ။ ။ သေချာပါတယ်။ လုပ်သင့်ပါတယ်။ ကျနော်တို့အနေနဲ့ ပြင်ပကနေ ဖိအားပေးနေရတာက ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာအဖွဲ့အစည်းက တိုက်တွန်းလို့သာ ဖြစ်ပါတယ်။ ဒီလိုလုပ်မှသာ လူ့အခွင့်အရေး တိုးတက်မှုအတွက် ထိရောက်မှုအရှိဆုံး ဖြစ်မယ်လို့ သူတို့က ဆိုပါတယ်။ ကျနော်တို့က ဒီလို လုပ်နေပေမယ့် မြန်မာနိုင်ငံထဲကို အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တွေ အများကြီးရောက်နေပါတယ်။ အပြုသဘော တိုးတက်မှုတွေရှိအောင် ကွင်းဆင်းလုပ်ဆောင်နေကြပါတယ်။ ဒီအခြေအနေမျိုးသာ ဆက်ပြီးဖြစ်ထွန်းနေမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီရှိလာနိုင်ပါတယ်။ နောက်တခု ပြောချင်တာက အရင်တုန်းကဆိုရင် ခင်များပြောတဲ့ တိုင်းရင်းသားဒေသတချို့ကို သွားရောက်ခွင့် မရှိခဲ့တာ အင်မတန် စိတ်ပျက်ခဲ့ရပါတယ်။ ILO ရဲ့ ထောက်ခံတင်ပြချက်နဲ့ အဲဒီဒေသတွေနဲ့ စစ်ဖြစ်ပွါးတဲ့နေရာတွေဆီ သွားရောက်ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဟိုတုန်းက အစိုးရက လုံးဝတွန့်ဆုတ်နေခဲ့ပါတယ်။ အခုလို အခြေအနေကောင်းတွေ ဆက်ပြီးဖြစ်ထွန်းနေရင်တော့ ခင်များပြောတဲ့ အကြံပြုချက်တွေအတိုင်း ကျနော်တို့ တကယ်လုပ်မှာပါ။

ဦးကျော်ဇံသာ ။ ။ UK TUC က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကို ပေးတဲ့စာထဲမှာ sister organization လို့ ဖော်ပြထားတဲ့ FTUB မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဆိုပါတော့။ အဲဒီအဖွဲ့အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်ရောက်ပြီး တရားဝင်မှတ်ပုံတင်ပြီး လုပ်ငန်းဆောင်ရွက်နိုင်မယ့် အလားအလာ ရှိနေပြီလား။ မြန်မာအစိုးရက သူ့ရဲ့ အဓိကပြိုင်ဘက် သူကို အဓိကစိန်ခေါ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတောင် အခုအခါမှာ အသိအမှတ်ပြုပြီး ရှေ့တိုးဆောင်ရွက်နေတာတွေ ရှိပါတယ်။

Ben Moxhem ။ ။ ဖြစ်နိုင်တဲ့ အလားအလာတော့ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာတချို့ ရှိနေပါသေးတယ်။ တခုကတော့ လူတိုင်း ကြိုဆိုကြတယ့် အလုပ်သမားအဖွဲ့အစည်း ဥပဒေ - Labor Organization Law ကို တရားဝင်အတည်မပြုသေးတဲ့ကိစ္စပါ။ ဒီဥပဒေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြဌာန်းအကောင်အထည်ဖော်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ နောက်တခုက အဲဒီ ဥပဒေထဲမှာ နိုင်ငံတကာ အလုပ်သမား ဥပဒေ အဆင့်အတန်းတွေနဲ့ ကိုက်ညီမှုမရှိသေးတဲ့ အချက်တွေ အများကြီးပါနေပါတယ်။ ဒါလည်း စိတ်မချရတဲ့အချက်ပါ။ ဒီအချက်တွေ ပြင်ဆင်ရေးအတွက်လည်း အမြန်ဆုံး ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါအပြင် ခင်များမေးခွန်းကို တိုက်ရိုက်ဖြေဆိုရမယ့်ဆိုရင်တော့ FTUB ကို အရင် အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။ ဆိုတော့ သူတို့မြန်မာပြည် ပြန်သွားရင် သူတို့ လုံခြုံမှုရရှိဖို့နဲ့ တရားဝင်မှတ်ပုံတင်ခွင့် ရရှိဖို့အတွက် အာမခံချက် လိုအပ်ပါတယ်။ ကျနော် နားလည်းသလောက်တော့ ဆွေးနွေးညှိနှိုင်းတာတွေ ရှိနေဆဲလို့ ထင်ပါတယ်။ တိုးတက်မှု ရှိလာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပထမအချက်ကတော့ အလုပ်သမားဥပဒေတွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တချို့ ကမ္ဘာ့နိုင်ငံတွေကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ပါ။ လွတ်လပ်ပြီး တရားမျှတရဲ့လားဆိုတာကို ကြည့်ပြီးမှ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းဖို့ စဉ်းစားပါလို့ ပြောနေကြပါတယ်။ သူတို့ပြောတဲ့အထဲမှာ သူတို့ရဲ့ သတ်မှတ်ချက်တွေထဲမှာ အလုပ်ကြမ်းစေခိုင်းမှု မပါဝင်တော့သလိုပါပဲ။ ခင်များတို့ Trades Union Congress ကသာ ဒီကိစ္စကို အဓိကထားနေတာပါ။

Ben Moxhem ။ ။ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးသဘောထား မှတ်ချက်ကို ကျနော်တို့ မကြားရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ အရင်တုန်းက သဘောပေါက်ထားတာကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက သိပ်အလောတကြီး မဖြစ်သင့်ဘူးဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ သတိကြီးစွာနဲ့ ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့ ပြောတယ်လို့လည်း သိထားပါတယ်။ ကျနော်တို့ရဲ့ မြန်မာအဖွဲ့အစည်းကလည်း ဒီသဘောထားကို ထောက်ခံထားပါတယ်။ ကျနော်တို့ဟာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ကျနော်တို့ အလုပ်သမားအဖွဲ့အစည်းတွေကို အထူးအလေးထားပါတယ်။ သူတို့ပြောတာကိုလည်း နားထောင်ပါတယ်။ ဥရောပသမဂ္ဂကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ရွေးကောက်ပွဲကိစ္စနဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ အပစ်အခတ်ရပ်ဆဲရေးကိစ္စတွေကို sanction ရုတ်သိမ်းဖို့ လိုအပ်ချက်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ချက်တွေနဲ့တောင်မှ မကိုက်ညီသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ ရှိနေသေးပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာလည်း ပြောစရာတွေ ကြုံရသလို။ တိုင်းရင်းသားတွေ နဲ့ စိုးရိမ်စရာကောင်းလောက်အောင် တိုက်ပွဲတွေဖြစ်နေပါသေးတယ်။ ဆိုတော့ EU ရဲ့ သတ်မှတ်ချက်တွေကိုတောင်မှ စောင့်ကြည့်နေရဆဲပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံမှာ အခုမှ ဖြစ်ထွန်းပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်နဲ့ စတင်ပေါ်ပေါက်လာတာပါ။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးကတည်းကဆိုပါစို့။ ရာစုဝက် ရှိခဲ့ပါပြီ။ တခုခုလုပ်လိုက်ရုံနဲ့ ချက်ချင်းပျောက်ပျက်သွားနိုင်ပါသလား။ ဒီအခြေအနေဟာ။ လူ့အခွင့်အရေး အခြေအနေ လုံးဝတိုးတက်ကောင်းမွန်လာအောင် လုပ်ရမယ့်ကိစ္စတွေ၊ လိုအပ်ချက်တွေကို ပြောပါ။ ခင်များတို့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းကြီးတရပ်အနေနဲ့ ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။

Ben Moxhem ။ ။ ဒါဟာ ဖြည်းဖြည်းချင်း ဖြစ်လာမယ့်ကိစ္စပါ။ တိုးတက်မှုခြေလှမ်း သိပ်နှေးကွေးမယ်ဆိုတာ ကျနော်တို့ ကောင်းကောင်းသဘောပေါက်ပါတယ်။ အလုပ်ကြမ်း စေခိုင်းမှုအတွက် လုပ်ရမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နမူနာတခု ပြောပါရစေ။ နံပတ်တစ် အစိုးရအနေနဲ့ အလုပ်ကြမ်းစေခိုင်းမှုကို ဥပဒေနဲ့ ဆန့်ကျင်တဲ့အလုပ်အဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ် ပြဌာန်းရပါလိမ့်မယ်။ အလုပ်ကြမ်း အဓမ္မစေခိုင်းသူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပါလိမ့်မယ်။ ဒီအတွက် အမိန့်ပေးညွှန်းကြားသူတွေကိုလည်း အရေးယူဖို့ လိုအပ်ပါတယ်။ အလုပ်ကြမ်းစေခိုင်းမှု ပပျောက်သွားခဲ့ပြီဖြစ်တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။ မြန်မာပြည် လေ့လာသင်ယူနိုင်တာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အကောင်းမြင်နိုင်တဲ့အချက်တွေလည်း ရှိပါတယ်။ တကယ်လို့ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေကို တရားဝင်ခွင့်ပြုလိုက်မယ်ဆိုရင် လုပ်ငန်းခွင်တွေမှာ ရှိနေတဲ့ ပြဿနာတွေကို အလုပ်သမားတွေအနေနဲ့ ပထမဦးဆုံးအကြိမ် ထောက်ပြပြောဆိုခွင့် ရလာမယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်။ အထောက်အကူ ဖြစ်လာနိုင်ပါလိမ့်မယ်။ ဒါဟာ လူမှုရေးတရားမျှတမှု ထွန်းကားရေး၊ အလုပ်ကြမ်းစေခိုင်းမှု ပပျောက်ရေးတို့အတွက် ကြီးမားသော အင်အားစုတရပ် ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ ဒီဖြစ်စဉ်ဟာ ကြာမယ်။ ဒါပေမဲ့ သမိုင်းဟာ အပြုသဘောဆောင်တဲ့ဘက်မှာ ရှိနေပါပြီ။

ဦးကျော်ဇံသာ ။ ။ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးရဲ့ နောက်ဆုံး မေးခွန်းတခုတော့ မေးပါရစေ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲ အနိုင်ရပြီး အရွေးခံရမယ်ဆိုရင် အဲဒီနောက်ပိုင်း ဖြစ်လာနိုင်တဲ့ မြင်ကွင်း scenario ကို စဉ်းစားမိပါသလဲ။ အထူးသဖြင့် လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောပါ။

Ben Moxhem ။ ။ ဒီမေးခွန်းကိုတောင် မြန်မာ့အရေးကို TUC ထက် စောင့်ကြည့်လေ့လာနေသူတွေ၊ ပိုပြီးသိရှိနားလည်းသူတွေအတွက် ချန်ထားချင်ပါတယ်။ သူ အရွေးခံရဖို့အရေးအတွက် ကျနော်တို့ သိပ်ပြီး စိတ်အားထက်သန်နေကြပါတယ်။ အပြုသဘော လက္ခဏာလို့လည်း မှတ်ယူပါတယ်။ အဲဒီနောက် ဘာဖြစ်လာမလဲဆိုတာကိုတော့ မခန့်မှန်ရပါစေနဲ့။

XS
SM
MD
LG