သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နဲ့ ဥရောပထိပ်တန်း သံတမန်တွေ၊ ကွန်ဂရက်လွှတ်တော်အမတ်တွေ မြန်မာပြည်သွားရောက်ကြပြီး ဗမာအစိုးရရဲ့  ပြုပြင်ရေးအစီအစဉ်တွေကို ထောက်ခံအားပေးကြောင်း ပြောကြပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်အရေးယူထားတဲ့ကိစ္စတွေကိုတော့ ပြုပြင်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်တဲ့ အတိုင်းအတာပေါ်မှာကြည့်ပြီး လျှော့ပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို သံအမတ်စေလွှတ်ပြီး သံတမန်ဆက်ဆံရေးအဆင့် တိုးမြှင့်ဖို့ အမေရိကန်က ဆုံးဖြတ်ပါတယ်။ EU (European Union) ဥရောပနိုင်ငံများ သမဂ္ဂအဖွဲ့ကလည်း ထိပ်တန်း ဗမာအစိုးရအရာထမ်း (၈၀) ကျော်ကို ဥရောပနိုင်ငံတွေကို ပြည်ဝင်ခွင့်ပေးလိုက်ပါတယ်။

ကမ္ဘာ့ဘဏ် အာရှဖွံ့ဖြိုးရေးဘဏ်စတဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့တွေကိုလည်း မြန်မာပြည်ကို လေ့လာအကဲဖြတ်ပြီး အတတ်ပညာပိုင်းမှာ အကူအညီပေးဖို့ အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ကို ပေးစရာရှိတဲ့ ဒေါ်လာသန်း (၄၅၀) ကျော်နဲ့ ကမ္ဘာ့ဘဏ်ကို သန်း (၃၀) ကျော်ကို ဗမာအစိုးရ အကြွေးဆပ်နိုင်ပါတယ်။ ဒါပေမဲ့ အစိုးရဆိုင်ရာ လုပ်နည်းလုပ်ထုံး ရှုပ်ထွေးမှုကြောင့် ငွေချေးနိုင်ဖို့နဲ့ ဒဏ်ခတ်မှု ရုတ်သိမ်းဖို့ကိစ္စမှာ ကြန့်ကြာဖို့များကြောင်း သိရပါတယ်။

နိုင်ငံသားလွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို ဂရုမစိုက်တဲ့အတွက် ဗမာအစိုးရကို အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဒဏ်ခတ်မှုအကြောင်း ကွန်ဂရက်လွှတ်တော် အာရှရေးရာ သုတေသီ Michael Martin က လွန်ခဲ့တဲ့လက (၃၂) မျက်နှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ၁၉၉၀ နဲ့ ၂၀၀၈ အကြား (၁၈) နှစ်ကာလမှာ သမ္မတအမိန့် (၄) ခုနဲ့ ဥပဒေ (၅) ခုကို ပြဌာန်းပြီး ဗမာအစိုးရကို ဒဏ်ခတ်အရေးယူထားတာ ဖြစ်ပါတယ်။ ပြည်ဝင်ခွင့် ပိတ်ပင်မှု၊ ဘဏ္ဍာရေးဝန်ဆောင်လုပ်ငန်း ကန့်သတ်မှု၊ သွင်းကုန်ပိတ်ပင်မှု၊ အရင်းအနှီးသစ်ကို ပိတ်ပင်မှု၊ ကူညီထောက်ပံ့ရေး ချုပ်ချယ်မှု စတာတွေ ပါဝင်ပါတယ်။ ကလေးစစ်သား၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ဘာသာရေးချုပ်ချယ်မှု၊ အလုပ်သမား အခွင့်အရေး ချိုးဖျက်မှုစတဲ့ ဗမာအစိုးရရဲ့  ဆိုးဝါးတဲ့လုပ်ရပ်တွေကို အရေးယူထားတာလည်း ရှိပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီအနိုင်ရတာကို စစ်အစိုးရက အသိအမှတ်မပြုတဲ့အပြင် ပါတီဝင်တွေကို ဖိနှိပ်ညှဉ်းပမ်းလာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူတာ ဖြစ်ပါတယ်။ ၁၉၈၉ ဧပြီလမှာ မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေးအခွင့်ထူးတွေကို ရုတ်သိမ်းပါတယ်။ မြန်မာပြည်ကို မူးယစ်ဆေးထုတ်လုပ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းက ငွေကြေးမထောက်ပံ့နိုင်အောင်လည်း အမေရိကန်က လှုံဆော်လာပါတယ်။ နောက်ပိုင်း ဆက်လက်အရေးယူတာတွေ ရှိပေမယ့် ဒီပဲယင်း အရေးအခင်းဖြစ်တော့မှ အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် အရေးယူတာ ဖြစ်ပါတယ်။ အခုတခါ ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲမှု စတင်ပြုလုပ်လာတဲ့အတွက် အန်အယ်လ်ဒီ ပါတီ ဘယ်လောက်လွတ်လပ်မှု ရှိသလဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းစွာနေနိုင်သလား စတာတွေအပေါ် မူတည်ပြီး အရေးယူမှုကို လျှော့ပေးသွားဖို့ ရည်ရွယ်ပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးဟာ ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ရေး အစိအစဉ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သဘောထားပေါ်မှာ မူတည်နေပါတယ်။ ရှေ့ လ (၁) ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာသုံးသပ် အကဲဖြတ်ပြီးမှ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းရေးကို စဉ်းစားကြဖို့ ဒေါ်စုက သဘောတူပါတယ်။ ပြုပြင်ရေးမလုပ်မခြင်း ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်ပြီး အငြင်းပွားတာ တွေ့ရှိပေမယ့် ဒေါ်စုရဲ့  ရပ်တည်ချက်ဟာ ပြောင်းမသွားပါဘူး။ အမေရိကန် အစိုးရရဲ့  မြန်မာ့ရေးရာ နိုင်ငံခြားပေါ်လစီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီးတဲ့ အခန်းကပါဝင်နေပါတယ်။ ဘယ်အချိန်အခါမှာ ဒဏ်ခတ်အရေးယူမှု လျှော့ပေးမယ် (သို့မဟုတ်) ရုတ်သိမ်းမယ်ဆိုတာကို ဆုံးဖြတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သဘောထားကို အလေးထားကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်က သဘောတူရင်တောင်မှ လက်တွေ့ရုတ်သိမ်းဖို့ကိစ္စမှာ အခက်အခဲတွေရှိနေကြောင်း ကွန်ဂရက်လွှတ်တော် အာရှရေးရာ သုတေသီ Michael Martin ရဲ့  ဖေဖေါ်ဝါရီလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေနဲ့ သမ္မတအမိန့်တွေမှာ ထပ်နေတဲ့ကိစ္စတွေ ပါဝင်တာမို့ ဥပဒေနဲ့ အမိန့်တခုကို ရုတ်သိမ်းရုံနဲ့ ကန့်သတ်မှုအားလုံး ပျက်ပြယ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဥပမာ မြန်မာပြည်က သွင်းကုန်ပိတ်ပင်ထားတဲ့ ဥပဒေကို ရုတ်သိမ်းရတာ လွယ်ကူပေမယ့် ကူညီထောက်ပံ့မှု ကန့်သတ်ချုပ်ချယ်ထားတာတွေ ရုတ်သိမ်းဖို့ကိစ္စမှာ အခက်အခဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အန်အယ်လ်ဒီ ပါတီကို ကောင်းကောင်းမွန်မွန် ဆက်ဆံရုံနဲ့ ဒဏ်ခတ်အရေးယူမှုအားလုံး ရုတ်သိမ်းနိုင်မှာ မဟုတ်ပါဘူး။ မူးယစ်ဆေး မှောင်ခိုမှု၊ လူကုန်ကူး၊ ဘာသာရေး ချုပ်ချယ်မှု၊ တိုင်းရင်းသားပြဿနာ ဖြေရှင်းနိုင်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စုဝေးခွင့်ရှိမှုစတဲ့ အခြေအနေတွေ ကောင်းမွန်လာဖို့လည်း လိုအပ်တာကြောင့် အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုဟာ မြန်မြန်ဆန်ဆန် ကွယ်ပျောက်သွားနိုင်တဲ့အရာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG