သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု နဲ့ နိုင်ငံရေးပါတီများ


၁၉၉၀ ရွေးကောက်ပွဲတုန်းက သက်ဝင်လှုပ်ရှားပြီး နောက်ပိုင်းမှာ တားဆီးပိတ်ပင်ခံခဲ့ရတဲ့ တိုင်းရင်းသားပါတီတချို့ဟာ အခုအခါမှာ ပြန်လည်မှတ်ပုံတင်လာကြပါတယ်။ အခုလက်ရှိမှာ ၂၀၀၈ ရွေးကောက်ပွဲတုန်းက လူထုအားပေးထောက်ခံခဲ့တဲ့ ပါတီတွေအသီးသီးရှိနှင့်ပြီး ဖြစ်ပါတယ်။ ဒီလိုမျိုး တိုင်းရင်းသားဒေသမှာ စင်ပြိုင်ပါတီတွေ ပေါ်ပေါက်လာတာနဲ့ ပတ်သက်လို့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ SNLD ပြန်လည်တည်ထောင်တဲ့ကိစ္စပါ။ တကယ်တော့ SNLD သာမက တခြား ၁၉၉၀ ရွေးကောက်ပွဲမှာ အောင်ပွဲရခဲ့ပြီး နှိပ်ကွပ်ခြင်းခံခဲ့ရတဲ့ တိုင်းရင်းသားပါတီတွေ ပြန်လည်ထူထောင်တာနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာ ဖြစ်ပါတယ်။ ဆိုတော့ SNLD က တချိန်က ရှမ်းတိုင်းရင်းသားတွေ အများစု ထောက်ခံမှုကို ရရှိခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ကျနော် မှတ်မိသလောက် ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် အမတ်နေရာ အများဆုံးရရှိခဲ့တယ် ထင်ပါတယ်။ ဟုတ်ပါသလား။

ဦးစိုင်းညွန့်လွင် ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ဖြစ်ပြီးတော့ အခု ၂၀၀၈ ရွေးကောက်ပွဲလုပ်ချိန်မှာတော့ SNLD က တရားဝင်ရပ်တည်ခွင့် မရှိသေးဘူး။ အဲဒီအတွက် SNDP ကျားဖြူပါတီက ရှမ်းပြည်လူထုကို စည်းရုံးပြီး ရွေးကောက်ပွဲဝင်ခဲ့တယ်။ သူတို့လည်း အမတ်နေရာ အများကြီး ရပါတယ်။ အခု ဆက်လက်ပြီးတော့ အဲဒီဖြစ်စဉ် ဆက်သွားနေတဲ့နေရာမှာ SNLD ပါတီ ပြန်လည်တည်ထောင်ခြင်းနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ လိုအပ်သလဲဆိုတာကို သိချင်ပါတယ်။ ပထမဦးဆုံး မေးချင်တာက ရှမ်းပြည်သူတွေရဲ့ သာမန်ပြည်သူတွေရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။ ဒီကိစ္စမှာ ဦးစိုင်းညွန့်လွင် တို့ ဘယ်လိုကြားမိပါသလဲ။ ရှမ်းပြည်သူတွေ ဘဝင်ကျပါသလား။ SNLD ပြန်လည်တည်ထောင်လာတာနဲ့ ပါတီနှစ်ခု ဖြစ်လာတဲ့အပေါ်။

ဦးစိုင်းညွန့်လွင် ။ ။ ကျနော်တို့ ပထမဦးဆုံး ရွေးကောက်ပွဲပြန်ဝင်ဖို့ကိစ္စ ကျနော်တို့ စဉ်းစားတဲ့အခါမှာ စည်းရုံးရေးနယ်မြေကိစ္စကို စဉ်းစားရပါတယ်။ စဉ်းစားပြီးတော့ လုပ်တဲ့အခါမှာ ကျနော်တို့ ဝင်နိုင်တဲ့နယ်မြေက အနည်းဆုံး (၃) ခုဝင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်နေချိန်မှာ ပါတီမှတ်ပုံတင်ဖို့ကိစ္စကလည်း အချိန်က စကားပြောလာပါတယ်။ အချိန်ကလည်း မရဘူးဆိုတော့ မဝင်တော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ SNDP နဲ့ ကျနော်တို့ အမြဲတမ်း အဆက်အသွယ် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သီးခြားပါတီအနေနဲ့ ထူထောင်လိုက်တဲ့အတွက်ကြောင့် ရှမ်းပြည်သူတွေရဲ့ အမြင်မှာ ရှုပ်ထွေးစရာ မဖြစ်ဘူးလား။ ဘယ်ပါတီကို အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီနှစ်ခုစလုံး ပြိုင်ဝင်လာမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ပေးတဲ့နေရာမှာ ပိုပြီးတော့ ရှုပ်ထွေးစရာ၊ ဝေဝါးစရာ မဖြစ်ပေဘူးလား။

ဦးစိုင်းညွန့်လွင် ။ ။ သူတို့ကလည်း ၂၃ နှစ်တိုင်တိုင် ဒုက္ခခံပြီး ရပ်တည်လာတဲ့ ပါတီကြီးကို မပယ်ဖျက်ချင်ဘူး။ လောလောဆယ် မပယ်ဖျက်ချင်တဲ့အခါကြတော့။ နောက်တခုက ကျနော်တို့ ပါတီဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတို့ (၇) နှစ်လောက် ထောင်ထဲမှာ နေခဲ့ရတဲ့ကိစ္စတွေလည်း ရှိတယ်။ ဆိုတော့ အဓိကတော့ ကျနော်တို့နောက်က လူတွေက ပြောနေတာက SNLD ကို မပယ်ဖျက်ချင်ဘူး။ လောလောဆယ်မှာ အဲဒါတွေလည်း စဉ်းစားရပါတယ်။ ဆိုတဲ့အခါကြတော့ လူထုတွေရဲ့ သဘောထားကိုလည်း ကြားနေရတယ်။ အမျိုးမျိုး ပြောနေကြတယ်။ ဦးကျော်ဇံသာ ပြောသလို တချို့ကလည်း တခုတည်း ဖြစ်စေချင်တယ်။ တချို့ကလည်း သမိုင်းကြောင်းအရ ရှိတဲ့အရာကို လက်မလွှတ်ချင်ဘူး။ အဲဒါကြောင့်ပါ။ ဒါပေမဲ့ SNDP မှာလည်း ဖြစ်နေတာက ကျနော်တို့နဲ့ ပတ်သက်တဲ့လူတွေ တော်တော်များများက ပြန်ပြီးလုပ်နေကြတယ်။ ဆိုတော့ ကျနော်တို့ စဉ်းစားကြတာက ဒီအဆင့်မှာ တခုတည်း မလုပ်နိုင်ဘူးဆိုရင် နောက်တဆင့်မှာ အတူဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့်ပဲ ပါတီ (၂၃) နှစ်လုံးလုံး ရုန်းကန်လှုပ်ရှားလာတဲ့ပါတီကို ဆက်ပြီး အသက်သွင်းဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နောက်ဆုံးတနေ့ ရည်မှန်းချက်ကတော့ နှစ်ပါတီ တချိန်မှာ ပြန်လည်ပေါင်းစည်းရေးပေ့ါ။ ဟုတ်ပါသလား။

ဦးစိုင်းညွန့်လွင် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ နှစ်ပါတီ ပြန်လည်ပေါင်းစည်းရေးတင် မကပါဘူး။ ကျနော်တို့ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝအတိုင်း ကျနော်တို့ ပါတီတွေအားလုံးဟာ တူရာတူတာတွေအားလုံးကို မဟာမိတ်ပြုရမယ်၊ ညီညွှတ်ရေး လုပ်ရမယ်၊ တိုင်ပင်ဆွေးနွေးရမယ်။ အဲဒါတွေအားလုံးကတော့ ဒါက ရှိပြီးသာ သဘာဝပါပဲ။ ကျနော်တို့ SNLD နဲ့ SNDP ပေါင်းတာတွေမကဘူး။ တခြား ရခိုင်၊ ချင်း၊ ကရင်၊ မွန် စသဖြင့် ပုဂ္ဂိုလ်တွေအားလုံး၊ ပါတီတွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းနေရမှာ ဖြစ်တယ်။ နောက်ပြီးတော့ NLD, NDF စသဖြင့် အမြဲတမ်း ထိတွေ့ဆက်သွယ်နေတာ ဖြစ်တယ်။ အဲဒီလိုမျိုးပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ မူအားဖြင့်ပေါ့။ လက်တွေ့မှာ ဥပမာအားဖြင့် အခုကြုံရတာတော့ မပြောတတ်ဘူး။ မဲဆန္ဒနယ်မြေတခုတည်းမှာ SNDP ကလည်း မဲပုံးထောင်မယ်၊ သူတို့အမတ်လည်း ဝင်ပြိုင်မယ်။ SNLD ကလည်း ဝင်ပြိုင်မယ်။ တခါ ဗဟိုကလာတဲ့ NLD ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ပြိုင်မယ်ဆိုတဲ့ ဖြစ်ရပ်မျိုး မဖြစ်ဘူးလား။ အဲဒါမျိုး ဖြစ်လာခဲ့ရင်…

ဦးစိုင်းညွန့်လွင် ။ ။ SNDP နဲ့ SNLD ကတော့ တနေရာတည်း ဝင်ပြိုင်မှာတော့ ဖြစ်ဖို့မရှိလှပါဘူး။ NLD နဲ့ မပြောတတ်ဘူး။ USDP နဲ့လည်း မပြောတတ်ဘူး။ ဒါတော့ လူထုရဲ့ ဆုံးဖြတ်ချက်ကိုတော့ ယှဉ်ပြိုင်ရင် ယှဉ်ပြိုင်ရမှာပေါ့။ ဒါပေမဲ့ SNDP နဲ့ SNLD ကတော့ တနေရာတည်းမှာ ပြိုင်ဖို့တော့ မရှိလှဘူး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဦးခွန်ထွန်းဦး ထောင်ကထွက်လာတဲ့နောက်မှာ SNDP ကျားဖြူပါတီက မဲဆန္ဒတခုမှာ သူတို့ပါတီကို ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ ကမ်းလှမ်းတာကို ကြားသိရပါတယ်။ အဲဒါကို SNLD က ဘာကြောင့် လက်မခံတာလဲ။

ဦးစိုင်းညွန့်လွင် ။ ။ ဦးခွန်ထွန်းဦး အနေနဲ့ SNDP ကို ကိုယ်စားပြုပြီးတော့ ဝင်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျန်တဲ့ SNLD က ပုဂ္ဂိုလ်တွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ နောက်ပြီးတော့ SNLD က ခေါင်းဆောင်တွေ မလွတ်မချင်း သူတို့လည်း မှတ်ပုံမတင်ပါဘူးလို့ ချင်းတို့၊ ရခိုင်တို့၊ မွန်တို့ အဲဒီပါတီတွေက တောင့်ခံထားတယ်။ ဆိုတော့ ကျနော်တို့က အထူးသဖြင့် ဦးခွန်ထွန်းဦး အနေနဲ့ SNDP ထဲကို ဝင်လိုက်တယ်ဆိုရင် ကျနော်တို့အတွက် တောင့်ခံထားတဲ့ ပါတီတွေကို ထောက်ထားရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ သူတို့တောင်းဆိုထားတဲ့ SNDP ကနေ လားရှိုးမှာဝင်ဖို့ကိစ္စကို ကျနော်တို့ ငြင်းပယ်လိုက်ရတယ်။ ဒါကိုတော့ စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ဒီဘက်က တခြား ရခိုင်၊ မွန်၊ ကရင်၊ ချင်း မိတ်ဆွေတွေကိုလည်း ပစ်ပယ်လို့ မရဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု SNLD နဲ့ SNDP နှစ်ခုကိုပဲ ကွက်ပြောမယ်ဆိုရင် ဒီပါတီနှစ်ခု ပေါင်းစည်းရေးဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖြစ်လာနိုင်ပါသလား။

ဦးစိုင်းညွန့်လွင် ။ ။ ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်။ ဒီထက်စောပြီးတော့တောင် ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တယောက်အနေနဲ့ တခြား ရှမ်းတိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖြစ်တဲ့ တခြား တိုင်းရင်းသားများဖြစ်တဲ့ ရခိုင်၊ ချင်းတို့မှာ အဲဒီလို ပါတီတွေ ပြန်လည်ပေါင်းစည်းနိုင်တဲ့ အလားအလာကို ဘယ်လိုမြင်ပါသလဲ။ အချင်းချင်း အဲဒီဖြစ်ဖို့အတွက် ညှိနှိုင်းကြတာ ရှိပါသလား။

ဦးစိုင်းညွန့်လွင် ။ ။ သူတို့ပြောနေကြတာ သူတို့လည်း ကြိုးစားနေကြတယ်။ ရခိုင်မှာလည်း ဒီကိစ္စ ရှိပါတယ်။ မွန်၊ ချင်းတို့မှာလည်း ဒီကိစ္စ ရှိပါတယ်။ အသီးသီး ညှိနှိုင်းနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောကပြောခဲ့တာကို ပြန်ကောက်ချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားနယ်မြေတွေမှာ လာပြီးတော့ ဝင်ပြိုင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တိုင်းရင်းသားတချို့၊ ပါတီမဟုတ်တောင်မှ နိုင်ငံရေးအသိရှိတဲ့ တိုင်းရင်းသားတချို့က နည်းနည်းလေး ငြီးငြူချင်တဲ့သဘော ပြောနေကြတယ်။ ဘာဖြစ်လို့ တို့ပါတီကို ဒီနေရာမှာ ဦးစားမပေးရတာလဲ။ သူတို့ ဘာကြောင့်ဝင်ရသလဲ စသဖြင့်။ အဲဒီလို ပြဿနာတွေကို ဘယ်လိုရှင်းကြမလဲ။ အဲဒီလို ပြဿနာတွေ ဘယ်လောက်ကြီးကြီးကျယ်ကျယ် ရှိပါသလဲ။ NLD နဲ့ တိုင်းရင်းသားပါတီတွေကြားမှာ။

ဦးစိုင်းညွန့်လွင် ။ ။ ကျနော်တို့ SNLD မှာတော့ ဒီကိစ္စကို ပြောကြဆိုကြတာတွေ ရှိပါတယ်။ သို့သော်လည်း သူတို့အကျိုးရှိမယ်ထင်တဲ့ ကိစ္စ။ သူတို့ ဆုံးဖြတ်ချက်ကို ကျနော်တို့ လက်ခံရမှာပဲ။ ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် လာယှဉ်ပြိုင်တာကိုတော့ ကျနော်တို့ ကန့်ကွက်စရာ မရှိပါဘူး။ NLD လည်း လာနိုင်ပါတယ်။ NUP လည်း လာနိုင်ပါတယ်။ USDP လည်း လာနေတာပဲ။ ဒါက တားဆီးလို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ သဘောထား၊ အဆုံးအဖြတ်ကို လက်ခံရမယ့် ကိစ္စဖြစ်တယ်။ ဒီအတွက် ကျနော်တို့က ကောင်းအောင်လုပ်မယ်။ လူထုရဲ့ အကျိုးကို တတ်နိုင်သလောက် ဆောင်ရွက်မယ်။ လူထုရဲ့ ဆုံးဖြတ်ချက်ကို ခံယူမယ်ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မဟာမိတ်ပါတီအချင်းချင်းကော မညှိကြဘူးလား။

ဦးစိုင်းညွန့်လွင် ။ ။ ကျနော်တို့ ၉၀ ရွေးကောက်ပွဲ အတွေ့အကြုံအရ ကျနော်တို့က အဲဒီတခုပဲရှိတယ်။ ၂၀၁၀ က ကျနော်တို့ မရှိဘူး။ ၉၀ မှာလည်း အဲဒီလိုမျိုးပဲ ကမန်းကတမ်းတွေ ဖြစ်နေခဲ့တာ။ ညှိလို့မလွယ်ဘူး။ လက်တွေ့မှာ၊ သီအိုရီအရတော့ မှန်တာပေါ့။ ညှိလိုက်ပြီး လုပ်လိုက်မယ်၊ ဘာညာပေါ့။ ဒါပေမဲ့ လက်တွေ့မှာ တော်တော်လေးခက်တယ်။ တော်တော်လေး ခက်တဲ့ကိစ္စဖြစ်တယ်။ မညှိလိုက်ရဘူး။ ညှိပြီးတော့ အဆင်မပြေတာ မဟုတ်ဘူး။ မညှိလိုက်ရဘူး။

ဦးကျော်ဇံသာ ။ ။ နောက် သီအိုရီအပိုင်း မေးစရာရှိတယ်။ တချို့ ဒီမိုကရေစီ ဖယ်ဒရယ်နိုင်ငံတွေမှာ ဒေသဆိုင်ရာ ပါတီတွေမရှိဘဲ။ ပြည်နယ်အလိုက် မရှိဘဲနဲ့ အကုန်လုံး ပြည်ထောင်စုတခုလုံး လွှမ်းခြုံတဲ့ ပါတီမျိုး ရှိတာကိုပဲ တွေ့ရပါတယ်။ ကျနော် စဉ်းစားမိတာက ဖယ်ဒရယ်ပြည်ထောင်စု အစစ်အမှန် ပေါ်ထွန်းရေးအတွက် တိုင်းရင်းသားတွေဟာ နယ်မြေအလိုက် အခြေပြုတဲ့ ပါတီတွေရှိတာထက် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို ဦးတည်တဲ့ တိုင်းပြည်တခုလုံး၊ ပြည်ထောင်စုတခုလုံးအတွက် တပေါင်းတစည်းတည်းဖြစ်တဲ့ ပါတီဖြစ်လာရင် မကောင်းဘူးလား။ အဲဒါဆိုရင် တိုင်းရင်းသားအရေးကို တိုင်းရင်းသားတွေဟာ ဥပမာ ရခိုင်ပြည်နယ်မှာဖြစ်တဲ့အရေးကို ရခိုင်ပဲ စဉ်းစားစရာမလိုဘူး။ ရှမ်းမှာဖြစ်တဲ့အရေးကို ရှမ်းပဲ စဉ်းစားစရာမလိုဘဲ ပြည်ထောင်စုတခုလုံးက တိုင်းရင်းသားတွေအားလုံး ပူးပေါင်းပြီး ဖြေရှင်းစဉ်းစားဖြစ်အောင် ပြည်ထောင်စုတခုလုံးကို ကိုယ်စားပြုတဲ့ ပါတီကြီးရဲ့ အရေးဖြစ်တယ်ဆိုပြီး စဉ်းစားဖြစ်အောင် အဲဒီလိုမျိုး တပေါင်းတစည်းတည်း ဖြစ်လာရင် မကောင်းဘူးလား။

ဦးစိုင်းညွန့်လွင် ။ ။ ကျနော့်တယောက်တည်း အမြင်နဲ့ဆိုရင် ဒါက တော်တော်လေး ဒီကိစ္စကို ယုံကြည်ပါတယ်။ ဒီနေ့ လက်ရှိအခြေအနေမှာတော့ ရှမ်းတွေက ရှမ်းတွေကိစ္စတခုတည်းကို လုပ်လို့မရတော့ဘူး။ ရခိုင်တွေက ရခိုင်ကိစ္စတခုတည်း လုပ်လို့မရတော့ဘူး။ ချင်းတွေ၊ မွန်တွေလည်း သူတို့ ချင်း၊ မွန်ကိစ္စတခုတည်း လုပ်လို့မရတော့ဘူး။ နောက် ဗမာလူမျိုးစုတွေအနေနဲ့လည်း ဗမာတွေရဲ့ ကိစ္စတခုတည်း လုပ်လို့မရတော့ဘူး။ အားလုံးက အားလုံးကိစ္စကို ပြန်စဉ်းစားမှ အဖြေမှန်ရမယ်လို့ အဲဒီလို စဉ်းစားတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တနေ့မှာမြန်မာနိုင်ငံမှာ အဲဒီလို ပါတီမျိုး၊ ပြည်ထောင်စုတခုလုံးကို ကိုယ်စားပြုတဲ့ ပါတီမျိုး ပေါ်ပေါက်လာနိုင်မယ့် အလားအလာကော မြင်ယောင်မိပါသလား။

ဦးစိုင်းညွန့်လွင် ။ ။ လူမျိုးစုပါတီ တပ်ထားတဲ့ပါတီတွေကတော့ ဖြစ်တော့ဖြစ်လာမယ် မထင်ဘူး။ ဥပမာ ရှမ်းဆိုလည်း သူ့ရဲ့ ပရိသတ်က ရှမ်းပြည်နယ်မှာပဲ ရှိတယ်။ ကရင်ဆိုလည်း သူ့ ပရိသတ်က ကရင်မှာပဲ ရှိတယ်။ သို့သော်လည်း သူတို့ရဲ့ စဉ်းစားတွေးခေါ် ဆုံးဖြတ်ချက်တွေ ဖွံ့ဖြိုးရေးတွေ ကောင်းရာကောင်းကျိုး စဉ်းစားတဲ့အချိန်မှာ ကိုယ့်ကိစ္စတခုတည်းအတွက် မဟုတ်ဘဲ ပြည်ထောင်စုတခုလုံးအပေါ်မှာ စဉ်းစားသင့်တယ်။ စဉ်းစားသင့်တယ့် အချိန်ရောက်ပြီလို့ ကျနော်ထင်ပါတယ်။

XS
SM
MD
LG