သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ကို စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေးအဖွဲ့


ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့  မြန်မာနိုင်ငံမှာ ရေးဆွဲနေတဲ့ လူ့အခွင့်အရေး ဥပဒေများ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင် ဆွေးနွေးကူညီလိုတယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီလို ဥပဒေတွေနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာ က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့  အာရှရေးရာ တွဲဘက်ညွှန်ကြားရေးမှူး Elaine Pearson ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ မကြာခင်က ပြဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးချီတက်ခွင့် ဥပဒေကို ဖျက်သိမ်းပြီးတော့ အသစ်ပြန်ရေးဖို့ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုထားတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလို တောင်းဆိုရပါသလဲ။

Elaine Pearson ။ ။ ဒီ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေဟာ ပြဿနာတွေ အများကြီးရှိနေတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီ ဥပဒေဟာ နိုင်ငံတကာ အဆင့်အတန်းကို လုံးဝမမှီပါဘူး။ အဓိက ပြဿနာတွေထဲကတခုကတော့ အဓိပ္ပါယ် အတိအကျမရှိတဲ့ အသုံးအနှုန်းတွေကို သုံးထားတာပဲဖြစ်ပါတယ်။ ဥပမာ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေခြင်း၊ နိုင်ငံတော် စည်းလုံးညီညွှတ်ရေးကို ခြိမ်းခြောက်ခြင်း စတာတွေပါ။ အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း သတ်မှတ်မထားပါဘူး။ နောက်ပြီး အဲဒီ ဥပဒေအရ ဆန္ဒပြရင် ထောင်ဒဏ်တနှစ် ကျခံရမှာ ဖြစ်ပါတယ်။ ကိုယ့်အမြင်ကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသသူတွေကို ဒီလို ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ထားတာမျိုး လုံးဝမလုပ်သင့်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီ ဥပဒေမှာပါဝင်တဲ့ အဲဒီလို စကားရပ်တွေကို ဘယ်လို အဓိပ္ပါယ် ကောက်ယူရမယ်ဆိုတဲ့ အတိအကျ သတ်မှတ်တဲ့ နည်းဥပဒေတွေ ပေါ်ထွန်းလာလိမ့်မယ်လို့ မမျှော်လင့်နိုင်ဘူးလား။ အဲဒီ ဥပဒေတွေထဲမှာ ပါလာလိမ့်မယ်လို့ မဆိုနိုင်ဘူးလား။ အဲဒါကို စောင့်မကြည့်နိုင်ဘူးလား။

Elaine Pearson ။ ။ အခုအချိန်ထိကတော့ နည်းဥပဒေတွေဆိုတာ မတွေ့ရသေးပါဘူး။ ပြည်ထဲရေးဌာနက ရေးဆွဲလိမ့်မယ်လို့ ကျမတို့ နားလည်းထားပါတယ်။ လုပ်ထုံးလုပ်နည်း ဥပဒေတွေ မပေါ်လာသေးသမျှတော့ ဒီ အသုံးအနှုန်းတွေရဲ့  အဓိပ္ပါယ်ကို အတိအကျ သိရအုံးမှာ မဟုတ်ပါဘူး။ အဓိပ္ပါယ်ကို အတိအကျ ဖော်ဆောင်တဲ့ နည်းဥပဒေတွေ ပြဌာန်းဖို့ ကျမတို့ တောင်းဆိုထားတာပါ။ တချိန်တည်းမှာ နိုင်ငံတကာနဲ့ ညှိနှိုင်းရေးဆွဲဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီ နည်းဥပဒေတွေကလည်း အပြုသဘောဆောင်လိမ့်မယ်လို့ မထင်ပါဘူး။ ပိုလိုတောင် ရက်စက်ကြမ်းကြုတ်လာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ထောက်ပြဝေဖန်စရာ ဥပဒေက ဒီ ငြိမ်းချမ်းစွာ စုဝေခွင့် ဥပဒေတခုပဲ ရှိပါသလား။ တခြား ဥပဒေတွေ၊ ပြဌာန်းချက်တွေအပေါ် ဘယ်လိုသဘောထားသလဲဆိုတာကို သိပါရစေ။

Elaine Pearson ။ ။ မြန်မာနိုင်ငံရဲ့  လွှတ်တော်ထဲမှာ မကြာခင်က ဆွေးနွေးခဲ့တဲ့ ဥပဒေတွေ အားလုံးပဲဆိုပါတော့။ အဲဒီအထဲက တချို့ နဲ့ ပတ်သက်လို့ကတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။ ဥပမာအားဖြင့် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။ ကျမတို့ သိရသလောက် အဲဒီ ဥပဒေကြမ်းဟာ သိပ်ကောင်းမွန်ပြီး အစိုးရဟာ ILO အဖွဲ့နဲ့ ထဲထဲဝင်ဝင် ညှိနှိုင်းဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့ တခြားဥပဒေတွေကတော့ ပြဿနာတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် နေရာပြုပြင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေပါ။ ဒီပြဿနာအတွက် မြန်မာနိုင်ငံမှာ ဥပဒေတရပ် လိုအပ်နေတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဥပဒေ မူကြမ်းတွေကို အများပြည်သူ လေ့လာနိုင်အောင် မလုပ်ခဲ့တာ။ ပြည်တွင်း ပြည်ပက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ခဲ့တာကြောင့် ဒီ ဥပဒေ ပေါ်ထွက်လာရင် လူပုဂ္ဂိုလ် တဦးချင်းစီရဲ့  အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပါမလားဆိုတာကို ကျမတို့ စိုးရိမ်နေတာပါ။

ဦးကျော်ဇံသာ ။ ။ အလုပ်သမားဖွဲ့စည်းနိုင်မှုဆိုင်ရာ ဥပဒေ နဲ့ တခြားဥပဒေတချို့ ကိုကြတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေညှိနှိုင်း ရေးဆွဲကြတယ်။ ကောင်းကောင်းမွန်မွန် ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ဆိုတော့ ဒီ စုဝေးချီတက်ခွင့် ဥပဒေ ရေးဆွဲတဲ့နေရာမှာ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ ပါဝင်ဆွေးနွေးခွင့်ရအောင် မကြိုးစားခဲ့ဘူးလား။

Elaine Pearson ။ ။ သေချာတာပေါ့။ အစိုးရအနေနဲ့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းတွေကို ကျမတို့ကို မျှဝေဖြန့်ပေးခဲ့ရင် ကျမတို့က သိပ်ဝမ်းသာမှာပါ။ ဒီ ဥပဒေတွေ နိုင်ငံတကာ အဆင့်မှီတဲ့ ဥပဒေတွေဖြစ်လာအောင် ဝမ်းမြောက်ဝမ်းသာ အကြံပေးကူညီမှာ ဖြစ်ပါတယ်။ ရှေ့ က ပြောခဲ့သလိုပါပဲ နိုင်ငံတကာနဲ့ ညှိနှိုင်းလုပ်ဆောင်တဲ့ကိစ္စရပ်တွေထဲမှာ ခလေးသူငယ်ဆိုင်ရာ ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒီကိစ္စအတွက် မြန်မာအာဏာပိုင်တွေဟာ UNICEF တို့လို Save the Children တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခဲ့တာပါ။ ဒါပေမဲ့ အခု လွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်လို့တော့ ကျမတို့ဆီကို ဘယ်သူမှ ဆက်သွယ်လာတာ မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဘယ်ဖက်က စတင်ဆက်သွယ်ရမလဲ။ HRW ဘက်က စတင်ဆက်သွယ်ရမလား။ မြန်မာအစိုးရဘက်က စတင်ဆက်သွယ်လာရမလားဆိုတာကို ပြောပါအုံး။

Elaine Pearson ။ ။ ပုံမှန်အားဖြင့်တော့ အစိုးရတွေဘက်က စပြီး လူ့အခွင့်အရေးအဖွဲ့တွေကို ဆက်သွယ်လာတာမျိုးက သိပ်ရှားပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဥပဒေမူကြမ်းကို လူသိရှင်ကြား ထုတ်ပြန်နိုင်ပါတယ်။ နိုင်ငံအတော်များများမှာ ဒီလိုပဲ လုပ်ကြပါတယ်။ သူတို့ ဥပဒေကြမ်းတွေကို အင်တာနက်မှာတင်တယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လမ်းတွေဖွင့်ပေးတယ်။ အဖွဲ့အစည်းအမျိုးမျိုးက ဝေဖန်တင်သွင်းကြတယ်။ ဒီလိုပဲ အဲဒီ ဥပဒေကြမ်းကို ကောင်းမွန်တိုးတက်အောင် လုပ်နေကြတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရဘက်က စတင်လှုပ်ရှားလာမယ်ဆိုတာကိုပဲ စောင့်မျှော်နေရတယ် သဘောပေါ့။ Human Rights Watch အနေနဲ့ စတင်မကြိုးစားနိုင်ဘူးလား။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ ကျနော်၊ ကျမတို့ဘက်က အကြံကောင်းဥာဏ်ကောင်းတွေ ပေးချင်ပါတယ်ဆိုပြီး ဆက်သွယ်ရင်ကော။

Elaine Pearson ။ ။ မဟုတ်ပါဘူး။ ကျမတို့ဘက်က တကယ်ပဲ ဆက်သွယ်ခဲ့ပါတယ်။ ကျမတို့ဆီက အဖွဲ့ဝင်တွေ နေပြည်တော်ကို သွားပြီးတော့ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆိုတော့ Human Rights Watch အဖွဲ့ဟာ ဘယ်လိုအဖွဲ့အစည်းလဲ။ ဘာတွေလုပ်ခဲ့သလဲဆိုတာကို သူတို့ သိကြပါတယ်။ ဒါပေမဲ့ လွှတ်တော်က ဥပဒေကြမ်းကို ဝေငှဖြန့်ချီရေးနဲ့ ပတ်သက်တဲ့ သတင်းအမျိုးမျိုး ကြားနေရလို့ပါ။ တချို့ ကလည်း လွှတ်တော်က ဥပဒေတွေကို ဖြန့်ချီတာဟာ ပြစ်မှုတရပ် ကျူးလွန်တယ်လို့ ဆိုကြပါတယ်။ ဒီလို ပြစ်မှုမြောက်နိုင်တယ်ဆိုတဲ့ အထောက်အထားကို ကျမတို့ တကယ် မတွေ့ရပေမယ့် အခုအချိန်အထိတော့ ဒီ ဥပဒေကြမ်းကို ဖြန့်ဝေရမှာကို တွန့်ဆုတ်နေတာကို တွေ့နေရဆဲဖြစ်ပါတယ်။ လူတွေဟာ ကြောက်နေကြဆဲ ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေနဲ့လည်း ဒါတွေကို လူထုကြားမှာ ဖြန့်ဝေလို့ ရသလား၊ မရဘူးလားဆိုတာကို မသိကြပါဘူး။ ဒါကြောင့် ကျမတို့က မသိရှိနိုင်ဘူး ဖြစ်နေတာပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ ခလေးသူငယ် ဥပဒေတွေ ရေးဆွဲတဲ့ နမူနာကို ကြည့်မယ်ဆိုရင် မြန်မာအစိုးရဟာ သူတို့နိုင်ငံရဲ့  ဥပဒေတွေကို နိုင်ငံတကာနဲ့ ညှိနှိုင်း ရေးဆွဲဖို့။ နိုင်ငံတကာ အဆင့်မှီအောင်လုပ်ဖို့ ဆန္ဒရှိနေတယ်ဆိုတာကတော့ သံသယရှိစရာ မလိုဘူးဆိုတဲ့သဘော တွေ့နေရပါတယ်။ ဟုတ်ပါသလား။

Elaine Pearson ။ ။ တချို့ ကိစ္စတွေမှာတော့ အဲဒီလိုမျိုး ဆန္ဒရှိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျန်တချို့ ကိစ္စတွေကြတော့လည်း အဲဒီလို ဆန္ဒမျိုးမရှိပါဘူး။ လယ်ယာမြေ ပြုပြင်ရေး ဥပဒေလို ကိစ္စမျိုးမှာ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းမဆွေးနွေးနိုင်ကြပါသလဲ။ နောက် ပြည်တွင်းမှာရှိတဲ့ လယ်ယာမြေဆိုင်ရာ ကျွမ်းကျင်သူတွေကို ဘာကြောင့် ခေါ်ယူမဆွေးနွေးတာလဲဆိုတာကို ကျမတို့ နားမလည်းနိုင်ပါဘူး။ ဒီလိုပဲ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေကိုလည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေနဲ့ မညှိကြပါဘူး။ အလုပ်သမား ဥပဒေကြတော့ ILO နဲ့ ညှိခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ လယ်ယာမြေဥပဒေတွေရဲ့  ပြဿနာတွေဟာ မြန်မာနိုင်ငံမှာသာမက ကျန်နိုင်ငံတွေမှာလည်း ဒီလိုပဲ ကြားနေရပါတယ်။ ငွေရှင်ကြေးရှင်တွေရဲ့  လက်ထဲ လယ်ယာမြေတွေ ရောက်သွားတယ်။ ဆင်းရဲသား လယ်သမားတွေ၊ ကျေးလက်က လူထုတွေ နစ်နာတာတွေကို ညည်းတွားဝေဖန်သံတွေ ကြားနေရပါတယ်။ ဆိုတော့ ဒီ လယ်ယာမြေ ဥပဒေဟာ ကျန်တဲ့ ဥပဒေတွေနဲ့ တသဘောတည်း တွက်လို့ရမယ်ဆိုတာ ဟုတ်ပါသလား။

Elaine Pearson ။ ။ ဟုတ်ပါတယ်။ ဒါတွေက သီးခြားဆီပါ။ ဒါပေမဲ့ ကျမတို့ အဓိကထားတာကတော့ ဥပဒေပြဌာန်းရေးဆွဲဖို့အတွက် ဆွေးနွေးတိုင်ပင်မှု မရှိတဲ့ကိစ္စသာ ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ ရှိနေတာပဲ။ ဥပဒေကြမ်းကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ အချိန်ပေးသင့်ပါတယ်။ ကျွမ်းကျင်သူတွေဆီက အကြံဥာဏ်တွေ ရယူစေသင့်ပါတယ်။ ဒါမှ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်းမှီ ဥပဒေတွေ ဖြစ်လာနိုင်မှာပါ။

ဦးကျော်ဇံသာ ။ ။ Human Rights Watch အနေနဲ့ ချီးကျူးပြောဆိုနေတဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေအပြင် မြန်မာဥပဒေတွေထဲမှာ အကောင်းမြင်နိုင်တဲ့ တခြား ဥပဒေတွေကော ရှိပါသေးသလား။ ရှိရင် ပြောပြပါ။

Elaine Pearson ။ ။ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ ပါဝင်ပတ်သက်နေတဲ့ ဥပဒေက နှစ်ခုပဲ တွေ့ရပါတယ်။ တခုက အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေပါ။ ဒါက အတည်ပြုပြီးပါပြီ။ နောက်တခုကတော့ peaceful assembly law ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကတော့ အပြုသဘော တိုးတက်မှုတရပ်ဆိုတာ သေချာပါတယ်။ ဒီ ဥပဒေကြောင့်လို့ မှတ်ပုံတင်ခွင့် မရနိုင်ခဲ့တဲ့ အန်အယ်လ်ဒီ ပါတီဟာ အခု မှတ်ပုံတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ Elaine Pearson အနေနဲ့ Human Rights Watch ရဲ့  အာရှရေးရာ တွဲဘက်ညွှန်းကြားရေးမှူးဖြစ်တယ်။ ဒီအထဲမှာမှ အဓိက တာဝန်ယူရတဲ့ နိုင်ငံတွေက အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံ ဖြစ်တယ်ဆိုတော့ အင်ဒိုနီးရှားမှာကော စစ်တပ်ကြီးစိုးတဲ့စနစ်ကနေ ဒီမိုကရေစီစနစ် အသွင်ပြောင်းခဲ့တုန်းက လူ့အခွင့်အရေး အခြေအနေဟာ မြန်မာပြည်လိုပဲ ရှိခဲ့ပါသလား။ အဲဒီတုန်းက အခြေအနေကို အခု မြန်မာနိုင်ငံ အလားအလာနဲ့ နှိုင်းယှဉ်ပြီး ပြောပါ။

Elaine Pearson ။ ။ အင်ဒိုနီးရှားနဲ့ မြန်မာပြည်ကြားမှာ တူညီတဲ့အချက်ရှိတာတော့ သေချာပါတယ်။ နှစ်နိုင်ငံစလုံးက စစ်တပ်အာဏာ စိုးမိုးခဲ့တဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ အဲဒီကနေ ပြောင်းလဲလာကြတာလေ။ ပြောင်းလဲမှု စတင်လာပုံကတော့ လုံးဝကွဲပြားပါတယ်။ အင်ဒိုနီးရှားကဆိုရင် အခု သက်ဝင်လှုပ်ရှားနေတဲ့ ပါလီမန်ကို မြင်တွေ့နေရပါပြီ။ ပါလီမန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ အများကြီးဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးတာတွေလည်း လုပ်နေကြပြီ။ သမ္မတကတော့ ဗိုလ်ချုပ်ဟောင်းတယောက်တော့ ဖြစ်နေဆဲပါ။ နိုင်ငံရေးပါတီထဲမှာလည်း စစ်တပ်ကလူတွေ အများကြီး တက်တက်ကြွကြွ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ အင်ဒိုနီးရှားနိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလတုန်းကရော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ။

Elaine Pearson ။ ။ အင်ဒိုနီးရှားနိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလတုန်းကတော့ ကျမက Human Rights Watch မှာ အလုပ်မလုပ်သေးပါဘူး။ ဒါပေမဲ့ တရားဥပဒေတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့ လိုအပ်တယ်ဆိုတာကိုတော့ ထောက်ပြခဲ့တယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ အင်ဒိုနီးရှားမှာလည်း မကြာသေးခင်ကာလအထိ ငြိမ်းချမ်းစွာ ဆန္ဒသဘောထား ဖော်ထုတ်သူတွေကို ပြစ်မှုဆိုင်ရာအရ အရေးယူခွင့် ဥပဒေတွေ ပြဌာန်းထုတ်ပြန်ထားတာ တွေ့နေရဆဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် နိုင်ငံတော် ပုန်ကန်မှု ဥပဒေဆိုတာဟာ ပပူရ နဲ့ မော်လကတ်စ် ကျွန်းက လှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချ အသုံးချနေဆဲ ဖြစ်ပါတယ်။ ဆိုတော့ သွားရမယ့်ခရီးက အဝေးကြီး ရှိပါသေးတယ်။ ဒါပေမဲ့ ဒီ ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံနဲ့ ကိုက်ညီမှု မရှိဘူးဆိုတဲ့ စိမ်ခေါ်မှုတွေ၊ ဖွဲ့စည်းပုံ တရားရုံးကို ရောက်လာတာတွေလည်း ကြားနေရတယ်။ အချုပ်ပြောရရင်တော့ အင်ဒိုနီးရှားမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးမယ့် အဆောက်အအုံတွေ အားကောင်းစ ပြုလာပြီးလို့ ဆိုရမှာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာလည်း Myanmar Human Rights Commission ဆိုပြီး အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ အခုအခါမှာဆိုရင် ဒီ ကော်မရှင်ကို အစိုးရလက်အောက်က လွတ်မြောက်စေရမယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်အောင် ထားရမယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ကြားလာရပါပြီ။ အားတက်စရာကောင်းတယ်လို့ ယူဆပါသလား။

Elaine Pearson ။ ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့တော့ သူတို့ဟာ လုံးဝလွတ်လပ်တဲ့ အဖွဲ့အစည်းတရပ် ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဖွဲ့ဝင်တွေအားလုံးက အစိုးရဝန်ထမ်းဟောင်းတွေ ဖြစ်နေတာပါ။ အခုအချိန်အထိ သူတို့ရဲ့  ထုတ်ပြန့်ချက်တွေကို ကြည့်လိုက်ရင် အစိုးရရဲ့  အားထုတ်မှုတွေကို အပြတ်အသတ်ထောက်ခံထားတာ တွေ့ရပါတယ်။ ဘက်လိုက်မှု ကင်းမဲ့တာ မတွေ့ရပါဘူး။ ဥပမာ ပြောရရင် ကေအိုင်အို အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာဖို့ တောင်းဆိုတာ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မစုံစမ်း မစစ်ဆေးဘူးဆိုတာတွေက ကျမတို့အဖွဲ့ရဲ့  အမြင်မှာတော့ ကြီးမားတဲ့ ပြဿနာတွေပါ။ လူ့အခွင့်အရေးဆိုတာ အစိုးရပြောတာကို မကြည့်ဘဲ၊ ဘက်လိုက်မှုကင်းကင်းနဲ့ ဆုံးဖြတ်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ လူ့အဖွဲ့အစည်းတခုမှာ ဒီမိုကရေစီ မထွန်းကားဘဲ၊ မခိုင်မာဘဲ လူ့အခွင့်အရေး အပြည့်အဝ ရရှိနိုင်မယ် ထင်ပါသလား။

Elaine Pearson ။ ။ ဒီမိုကရေစီတရပ် မရှိဘဲ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့ဆိုတာကတော့ ခက်ခဲမယ်ထင်ပါတယ်။ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ခွင့် စတာတွေ မရှိဘဲနဲ့ လူထုအနေနဲ့ သူတို့ရဲ့  အခြေခံလိုအပ်ချက်တွေကို ကိုက်ညီမှု ရှိမရှိဆိုတာ ပြောဆိုဖို့ မဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီမိုကရေစီ ကင်းမဲ့မှုအပြင် တခြား ဘယ်အချက်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးအားမြောက် လုပ်ရာရောက်ပါသလဲ။ ဥပမာအားဖြင့် စီးပွားရေး မမျှတမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေများလား စသဖြင့် ပြောပါအုံး။

Elaine Pearson ။ ။ Impunity ဆိုတဲ့ ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပါ။ အစိုးရတွေဟာ လူ့အခွင့်အရေးတွေကို မကြာခဏ ချိုးဖောက်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို ပြစ်ဒဏ်မချနိုင်လို့ပါ။ လူ့အခွင့်အရေး ချိုးဖောက်လည်း သူတို့အတွက် အန္တရာယ် သိပ်မရှိဘူးလေ။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချုပ်ငြိမ်စေချင်ရင် ချိုးဖောက်သူတွေအနေနဲ့ သူတို့ရဲ့  လုပ်ရပ်တွေအတွက် ရှိလာမယ့် အကျိုးဆက်တွေကို နားလည်းသဘောပေါက်လာအောင် လုပ်ရပါလိမ့်မယ်။ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာဟာ ကျူးလွန်တဲ့ စစ်တပ်အနေနဲ့ အပြစ်ဒဏ်က ကင်းလွတ်နေလို့ပဲ ဖြစ်ပါတယ်။ စစ်သားတွေရဲ့  ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို တရားဝင်စုံစမ်းစစ်ဆေး အရေးယူမှု မရှိလိုပဲ ဖြစ်ပါတယ်။

XS
SM
MD
LG