သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တော်တော်များများကို လုပ်ဆောင်လာပေမယ့် ပြေလည်မှုမရသေးတဲ့ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ်က ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Christina Fink ခင်များ အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ဖြေရှင်းရအခက်ခဲဆုံး ပြဿနာဟာ တိုင်းရင်းသားလူမျိုးစု ပြဿနာလို့ လူအများက သဘောတူကြပါတယ်။ ပါမောက္ခ Fink လည်း ဒါကို သဘောတူမယ် ထင်ပါတယ်။ ဆိုတော့ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကို နမူနာအားဖြင့်ကြည့်ပါ - အဲဒီမှာဆိုရင် မတူကွဲပြားတဲ့ လူမျိုးစုပြဿနာတွေ ပိုတောင်များပါတယ်။ ဒါပေမဲ့ သူတို့ဟာ လွတ်လပ်ရေးရပြီးကတည်းက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လာတယ်။ ဒီကိစ္စတွေကို ကျော်လွှာပြီးတော့။ နောက် အင်ဒိုနီးရှားနိုင်ငံ မကြာခင်ကမှ ပြဿနာတွေပြေလည်ပြီး ဒီမိုကရေစီလမ်းကို အောင်အောင်မြင်မြင် လျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ ဒီလို ပုံစံမျိုး မြန်မာနိုင်ငံဟာ ဘာကြောင့် မဖြစ်နိုင်ဘူးလို့ ထင်ပါသလဲ။

Christina Fink ။ ။ အိမ်နီးချင်းနိုင်ငံတွေမှာက တိုင်းရင်းသားလူမျိုးစုတွေကို အခွင့်အရေးတွေ ပိုပြီးပေးထားကြပါတယ်။ ဥပမာပြောရရင် အိန္ဒိယမှာ ဖယ်ဒရယ်အစိုးရကို ကျင့်သုံးပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရတွေဟာ သူတို့ပြည်နယ်အတွင်း နိုင်ငံရေး၊ စီးပွားရေး ဆုံးဖြတ်ပိုင်ခွင့်အာဏာတွေ အထိုက်အလျောက် ရှိကြပါတယ်။ တခါ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့လည်း ပြည်နယ်အတွင်း၊ ဒေသအတွင်း စာသင်ကျောင်းတွေမှာ ကိုယ့်ဘာသာစကားကို တနိုင်ငံလုံး သုံးတဲ့ဘာသာစကားနဲ့ ပူးတွဲသုံးနိုင်ကြပါတယ်။ ဆိုတော့ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင်လည်း ဘာသာတရား (၅) မျိုးကို တန်တူသတ်မှတ်ပေးထားတာ ဆူဟာတို အစိုးရအပါအဝင် တောက်လျှောက်ပါပဲ။ ဘယ်ဘာသာတရားဟာ နိုင်ငံတော်ရဲ့ အဓိက ဘာသာတရား ဖြစ်ရမယ်ဆိုတာ ထည့်မထားပါဘူး။ နောက်ပြီးတော့ လူများစုပြောကြတဲ့ ဂျားဗား (Javanese) ဘာသာစကားကို အမျိုးသားဘာသာစကားလို့ မသတ်မှတ်ပါဘူး။ လူတိုင်းပြောဆို ဆက်ဆံနိုင်တဲ့ ကူးသန်းဆက်ဆံရေးမှာသုံးတဲ့ ဘဟာစာ (Bahasa) အင်ဒိုနီးရှားကိုသာ အများသုံးဘာသာ သတ်မှတ်ထားပါတယ်။ ဘဟာစာ ဟာ ဘယ်အုပ်စုရဲ့ သီးခြားဘာသာစကား မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အင်ဒိုနီးရှား နဲ့ အိန္ဒိယ တို့မှာ အဲဒီလို အောင်မြင်နေပြီး မြန်မာနိုင်ငံမှာ ဘာကြောင့် အဲဒီလို မဖြစ်နိုင်တာလဲ။ တချို့ကတော့ မြန်မာနိုင်ငံရေးခေါင်းဆောင်ပိုင်း စစ်တပ်အကြီးအကဲတွေလည်းပါတယ်။ သူတို့တတွေက လူမျိုးစုတွေကို မယုံကြည်ကြဘူး။ ခွဲထွက်ကြလိမ့်မယ်လို့ စိုးရိမ်နေကြတယ်လို့ ဆိုကြတယ်။ အဲဒါ ဟုတ်ပါသလား။

Christina Fink ။ ။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့ကတည်းက စစ်အစိုးရအဆက်ဆက်ဟာ ဖယ်ဒရယ်စနစ်ဟာ တိုင်းပြည်ပြိုကွဲစေမယ့် စနစ်ဖြစ်တယ်လို့ အလေးအနက် ပြောလာကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဖယ်ဒရယ်နိုင်ငံတွေ အများကြီးရှိနေပါတယ်။ အဲဒီ နိုင်ငံတွေကိုကြည့်ရင် ဖယ်ဒရယ်စနစ်ဟာ တိုင်းပြည်ကခွဲထွက်မယ့်စနစ် မဟုတ်ပါဘူး။ ခွဲထွက်မယ့်အရေးက ကာကွယ်ပေးတဲ့စနစ်ဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဖယ်ဒရယ်စနစ်ကြောင့် ဒေသခံတိုင်းရင်းသား လူထုတွေက သူတို့လိုအပ်တဲ့ အခွင့်အရေးရရှိစေပါတယ်။ သူတို့အရေးတွေမှာ သူတို့ဟာ သူတို့ကိုယ်စားပြု ပါဝင်နိုင်ကြတယ်။ ဒါကြောင့် သူတို့အနေနဲ့ ခွဲထွက်စရာမလိုဘူးဆိုတာကို သူတို့သိပါတယ်။ တကယ်လို့သာ အစိုးရက ဗဟိုချုပ်ကိုင်တဲ့ အစိုးရဖြစ်ပြီး အဆုံးအဖြတ်တွေကို ဗဟိုကသာ ဆုံးဖြတ်နေမယ်ဆိုရင် ကွဲလွဲတဲ့ဒေသအသီးသီးက လူထုအနေနဲ့ သူတို့လိုအပ်ချက် မရဘူးဆိုတာ ဖြစ်လာပါတယ်။ သူတို့ဆန္ဒသဘောထားကို နားမထောင် ဂရုမစိုက်တဲ့သဘော ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ပြဿနာ သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့အတွက် ခွဲထွက်ရမယ်ဆိုတဲ့အသိ ဖြစ်လာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ဒါ ဖယ်ဒရယ်စနစ် ပြည်ထောင်စုပြိုကွဲမယ်ဆိုတာက သူ အာဏာသိမ်းချင်လို့ pretext ရမယ်ရှာ အကြောင်းပြခဲ့တယ်ဆိုပါတော့ သူ့မတိုင်ခင်ကရော ဘာကြောင့် မဖြစ်နိုင်တာလဲ။ ဥပမာ လွတ်လပ်ရေးအတွက် ညှိကြတုန်းက ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် တိုင်းရင်းသားတွေကို တန်တူအခွင့်အရေးပေးဖို့ သဘောတူညီခဲ့ပါတယ်။ ကျနော်တို့ လေ့လာတွေ့ရှိရတဲ့အတိုင်း။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီနောက်မှာ ဘာကြောင့် လွှင်မျောပျက်ပြယ်သွားတယ် ထင်ပါသလဲ။

Christina Fink ။ ။ လူနည်းစုရဲ့ ခံစားချက်၊ မျှော်မှန်းချက်တွေကို လူအများစုထဲက လူတွေက နားလည်းဖို့ခက်တယ်လို့ ကျမထင်ပါတယ်။ ဒီ လူအများထဲက လူအနည်းစု သဘောထားကို နားလည်းသဘောပေါက်တယ်လူဆိုတာ သိပ်ကိုရှားပါးပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်မတန် ထူးခြားတဲ့ပုဂ္ဂိုလ်ပါ။ သူဟာ လူတဦးချင်းဆီရဲ့ တန်တူညီမျှရေးကိုသာမက တိုင်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေပါ တန်တူအခွင့်အရေးရဖို့ သဘောပေါက်ခဲ့တဲ့လူပါ။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့နောက် ကျန်ခေါင်းဆောင်တွေအဖို့ စိမ်ခေါ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ အထူးသဖြင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာပြီးအခါမှာ ဒီပြဿနာတွေဟာ စစ်တပ်က ဖြေရှင်းမှ ရနိုင်တော့မယ်။ အားလုံးဟာ ဗမာလူမျိုးတွေပဲ တကွဲတပြား ဖြစ်မနေမှဖြစ်မယ်။ ဒါဆိုရင် ဒီပြဿနာတွေကို ကိုင်တွယ်ရ လွယ်ကူမယ်။ ဒါကြောင့် အကောင်းဆုံးက Burmanization အားလုံး ဗမာဖြစ်အောင် လုပ်ရမယ်ဆိုတာနဲ့ Centralization of Power အာဏာကို ဗဟိုကပဲ ချုပ်ကိုင်ထားရမယ်ဆိုတာမျိုး ဖြစ်လာခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အုပ်ချုပ်သူ အကြီးအကဲ အသိုင်းအဝိုင်းက အထူးသဖြင့် စစ်တပ်စသဖြင့် သူတို့ခေါင်းထဲမှာ ဒီအယူအဆ စွဲထင်လာခဲ့တယ်။ ~ တမျိုးဖြစ်လာခဲ့တယ်ဆိုပါတော့။ ဒီအစွဲ ထင်မြင်ချက်ကို ပပျောက်အောင် အခုအခါမှာ ဘာဆက်လုပ်သင့်ပါသလဲ။ ရှေ့ခရီးကို ဆွေးနွေးကြည့်ရအောင်ပါ။

Christina Fink ။ ။ ဒါဟာ စစ်တပ်က လူတွေသာမက ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက လူတွေအတွက် အရေးကြီးပါတယ်။ မြန်မာ့အခြေအနေနဲ့ ဆင်တူတဲ့ နိုင်ငံတွေမှာ အဆင်ပြေအောင်မြင်နေတဲ့စနစ်ကို ဒီပုဂ္ဂိုလ်တွေအားလုံး လှမ်းမျှော်ကြည့်နေရမှာ ဖြစ်ပါတယ်။ ဥပမာ အင်ဒိုနီးရှားနဲ့ အိန္ဒိယတို့ပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ အားချေ (Aceh) နဲ့ ဆူမက်ထရာ (Sumatra) မြောက်ပိုင်းတို့အတွက် အစီအစဉ်တွေ လုပ်ထားပါတယ်။ အားချေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အသင့် ပေးထားပါတယ်။ ဒီ သဘောတူညီချက်ကြောင့် ပြည်တွင်းစစ်ရပ်စဲနိုင်ခဲ့ပြီး အခုအချိန်အထိ အလုပ်ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး တည်မြဲလာပါတယ်။ အိန္ဒိယမှာဆိုရင်လည်း ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အသင့် ရထားတဲ့အတွက် လွတ်လပ်ရေးရပြီးကတည်းက တည်မြဲနေတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာလည်း အခုတလော peace talk အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစကားပြောတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ မကြာခဏ ကြားနေရပါတယ်။ ဒီလို စောစောက အင်ဒိုနီးရှား၊ အိန္ဒိယတို့မှာလို ပြေလည်မှုတွေ ရရှိမယ်လို့ ထင်ပါသလား။ မြန်မာနိုင်ငံက ပုဂ္ဂိုလ်တွေလည်း အင်ဒိုနီးရှားနိုင်ငံမှာ ဘယ်လိုလုပ်တယ်ဘာညာဆိုတာကို သူတို့ သိကြပါတယ်။

Christina Fink ။ ။ ကျမ အထင်ပြောရရင်တော့ အဲဒီလို ပုံစံမျိုးကို လူအများစုက လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလိုလားမှု အရှိန်အဟုန် တိုင်းပြည်ထဲမှာ မြင့်မားလာရင် အပြည့်အဝ ရှိလာရင်တော့ ဒီ ငြိမ်းချမ်းရေးဆန္ဒကလည်း တိုင်းရင်းသားတွေဘက်ကပဲ မဟုတ်ဘဲ ဗဟိုအချက်အခြာ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းပြပြရှိနေဖို့ လိုပါတယ်။ မြန်မာပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် တည်ငြိမ်အေးချမ်းရေးအတွက် ဒီလို ငြိမ်းချမ်းရေး မရှိမဖြစ် လိုအပ်တယ်ဆိုတာ အမှန်တကယ် သဘောပေါက်ပြီး လိုလားကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် အင်ဒိုနီးရှား၊ အိန္ဒိယတို့ ပုံစံမျိုးတွေကို စဉ်းစားကြရပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ စစ်တပ်က ကြီးစိုးထားပြီး အားလုံး သီးခြားကိုယ်ပိုင်ဟန်ကို ဖျက်ပြီးပေါင်းစည်းကြရမယ်ဆိုတဲ့ ပုံစံဟောင်းအတိုင်း စဉ်းစားလုပ်ကိုင်နေကြတာကို တွေ့ရနေဆဲပါ။ ငြိမ်းချမ်းရေး လိုလားမှု ဖိအားတွေ မြှင့်မားလာမှ တခြားနည်းတွေ၊ ပုံစံတွေ စဉ်းစာလာကြမှာပါ။ ဒီ လိုလားမှုတွေ ဖိအားတွေ တောက်လျှောက်ရှိနေဖို့ လိုပါတယ်။ အခု လောလောဆယ်မှာတော့ အစိုးရထဲက ပုဂ္ဂိုလ်တချို့ ပိုမိုသဘောပေါက်လာပြီ ထင်ပါတယ်။ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့လည်း သူတို့ဖောက်နေတဲ့ တံတားတွေ၊ လမ်းတွေ၊ ပိုက်လိုင်းတွေ၊ ပြည်ပအထိ ဆက်သွယ်မယ့် လမ်းမကြီးတွေ တကယ်အလုပ်ဖြစ်နိုင်ဖို့။ ဒီလို စစ်မှန်တဲ့ ပုံစံမှန်တဲ့ ငြိမ်းချမ်းရေးရမှ ဖြစ်မယ်။ အပစ်အခတ်ရပ်စဲရုံနဲ့ မရနိုင်ဘူးဆိုတာကို သဘောပေါက်ကြပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက democratization နဲ့ federalism ကိစ္စ ဆက်စပ်မှုကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ အခုဆိုရင် ဒီမိုကရေစီအသွင် ကူးပြောင်းနေတယ်ဆိုပေမယ့် အတော်လေး ဒီခရီးကို လျှောက်လှမ်းကြရအုံးမယ် ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အကောင်အထည်မဖော်သေးဘဲနဲ့ ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန် မထွန်းကားသေးဘဲနဲ့ ဒီလို ငြိမ်းချမ်းတည်မြဲမယ့် ဖယ်ဒရယ်စနစ်မျိုး တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးနိုင်တဲ့ မှန်ကန်တဲ့စနစ် ပေါ်ထွန်းတည်တံ့နိုင်မလား။

Christina Fink ။ ။ ထာဝရ မတည်မြဲနိုင်ပါဘူး။ ဒါက ပြဿနာပါပဲ။ ဝ ဒေသ၊ ကိုးကန့်ဒေသတို့လို မြောက်ပိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ဖယ်ဒရယ်ပုံစံမျိုး ရှိခဲ့ဘူးပါတယ်။ ကချင်ဒေသမှာတောင် ဒါမျိုး ရှိခဲ့ဘူးပါတယ်။ ၁၉၉၀ လွန် နှစ်ပိုင်းတွေကစပြီး မကြာသေးမီကာလအထိ အဲဒီဒေသတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်လေးကို ရရှိခဲ့ကြတာပါ။ သူတို့ ကိုယ်ပိုင်တပ်ဖွဲ့တွေ ဆက်လက်ထားရှိနိုင်ခဲ့တယ်။ သူတို့ စာသင်ကျောင်း၊ အဆက်အသွယ်တွေနဲ့ သူတို့ဒေသအတွင်းကိစ္စတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းနေခဲ့ကြတာပါ။ ဒါပေမဲ့ ဒါဟာ မတည်မြဲဘူးဆိုတာကို တွေ့ရှိခဲ့ရပါပြီ။ စစ်တပ်က သူတို့ရဲ့ အစီအစဉ် နောက်ထပ် ချမှတ်ပြီး အဲဒီဒေသက တိုင်းရင်းသားတပ်ဖွဲ့တွေကို သူတို့စစ်တပ်အတွင်း သွတ်သွင်းဖို့ လုပ်လာပါတယ်။ တိုင်းရင်းသားအုပ်စုတွေက လက်မခံတော့ စစ်တပ်က တိုက်ခိုက်လာတယ်။ ဆိုတော့ ဒီမိုကရေစီအစိုးရစနစ် တရပ်မရှိဘဲ ဖယ်ဒရယ်စနစ်တရပ် တည်တန့်နိုင်မယ်လို့ တိုင်းရင်းသားတွေလည်း ယုံကြည်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ ဥပဒေမှာ အတိအလင်း ထည့်သွင်းပြီးမှ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကမ္ဘာ့ ဖယ်ဒရယ်နိုင်ငံတွေကို ကြည့်ပါ။ ဘယ်နိုင်ငံမှ ပြည်နယ်တွေမှာ ပြည်နယ်အလိုက် စစ်တပ်တွေထားရှိတာ မတွေ့ရပါဘူး။ ပြည်နယ်မှာ ပြည်နယတပ်ဖွဲ့ပဲ သီးခြားရှိမယ်။ စစ်တပ်ဆိုတာကတော့ ပြည်ထောင်စုတခုလုံးနဲ့ ဖယ်ဒရယ်စစ်တပ်ပဲ ရှိတယ်ဆိုတာကို သိရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအတွက် သီးခြားစစ်တပ်ထားဖို့ဆိုတာ ဖြစ်နိုင်မလား။

Christina Fink ။ ။ ဒါက သိပ်ခက်ခဲတဲ့ ကိစ္စလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံမှာ ဖြေရှင်းခဲ့တဲ့ ပုံစံက မြန်မာနိုင်ငံအတွက် နမူနာကောင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥပမာ လူမဲစစ်တပ်တွေကို စစ်တပ်ထဲ ပေါင်းစည်းမယ့်ကိစ္စမှာ တဖြည်းဖြည်းချင်း ပေါင်းစည်းတဲ့စနစ်ကို သုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထဲကိုလည်း ဒီလိုပဲ ပေါင်းစည်းဖွဲ့စည်းခဲ့တာပါ။ ရဲတပ်ဖွဲ့မှာဆိုရင် လူဖြူရဲအရာရှိတွေက (၇) နှစ်ဆက်ပြီး တာဝန်ယူပါတယ်။ လူမဲအရာရှိက (၇) နှစ်ကြာမှ လွှဲပြောင်းယူဖို့ လုပ်ပါတယ်။ အဲဒီမှာလည်း အစတုန်းက လူမဲတွေက စစ်တပ်နဲ့ ရဲကို ငါတို့ ချက်ချင်းလွှဲပြောင်းယူမယ်။ လူဖြူတွေက မပေးနိုင်ဘူးလို့ ဆိုတာမျိုး ဖြစ်ခဲ့တာပါ။ ဒါပေမဲ (၇) နှစ်အချိန်ယူလိုက်တော့ နှစ်ဖက်စလုံးက လက်ခံလာနိုင်ကြပါတယ်။ ဒီလို ပုံစံတမျိုးမျိုးကို မြန်မာနိုင်ငံမှာလည်း ဖန်တီးချသင့်တယ်လို့ ထင်ပါတယ်။ အဲဒီ သဘောတူညီချက်ကို စားပွဲပေါ်မှာထိုင်ပြီး လုပ်ရင်တော့ လက်ခံနိုင်ကြမယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာက တိုင်းရင်းသားလူမျိုးစုတွေဘက်က ဘာများ ပြုပြင်ပြောင်းလဲစရာ လိုပါသလဲ။ ကျနော်တို့ အစိုးရနဲ့ စစ်တပ်ကို အများကြီး ပြောခဲ့ပြီးပါပြီ။ တိုင်းရင်းသားတွေရဲ့ အခုလက်ရှိ သဘောထားတွေ၊ အခု လက်ရှိ ရပ်တည်ချက်တွေက စစ်မှန်ငြိမ်းချမ်း တိုးတက်ကောင်းမွန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပြီပြည့်စုံတယ် လုံလောက်တယ် ထင်ပါသလား။

Christina Fink ။ ။ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေ ရှိကြပါတယ်။ သူတို့ဟာ လက်ရှိစနစ်ဘောင်ထဲမှာ ပါဝင်လှုပ်ရှားနေပါပြီ။ စနစ်၊ ဘောင်မရှိဘဲ အပြင်မှာတော့ လက်နက်ကိုင်အင်အားစုတွေ ရှိနေကြပါတယ်။ ဆိုတော့ လက်နက်ကိုင်အင်အားစုတွေဟာ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းဖို့ လိုအပ်ပါတယ်။ ပြီးတော့ သူတို့ဟာ ဒီမိုကရေစီခရီးစဉ်မှာ အတူချီတက်မယ်ဆိုတဲ့ သဘောထားရှိဖို့ လိုအပ်ပါတယ်။ သူတို့မှာ အာဏာအတော်အသင့်နဲ့ လူထုထောက်ခံမှုလည်း အတော်အသင့် ရှိကြပါတယ်။ တချိန်တည်းမှာလည်း သူတို့လည်း သေနတ်ပြအုပ်ချုပ်လာခဲ့ကြတာပါ။ ဒီအချက်ဟာ အသွင်ကူးပြောင်းရေးမှာ တချို့တွေအတွက် အခက်အခဲ ဖြစ်ကောင်းဖြစ်နိင်ပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲ တင်မြှောက်ခံရတာ မဟုတ်ဘဲ အာဏာယူအုပ်ချုပ်ခဲ့တဲ့ လူတွေဖြစ်နေလို့ပါ။ ဒီအတွက် သူတို့ဘက်က ပြောင်းလဲပြင်ဆင်ရမယ့်ကိစ္စ တွေ ရှိနေပါတယ်။

XS
SM
MD
LG