သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မတ်လ (၂၇) ရက်နေ့ တော်လှန်ရေး/တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ပြောဆိုသွားခဲ့တဲ့ မိန့်ခွန်းအကြောင်း ဦးကျော်ဇံသာ က မြန်မာနိုင်ငံစစ်ရေး အကဲခတ် ဦးဌေးအောင်၊ ဗွီအိုအေ တပ်မှူးတပ်သားပြောစကားအစီအစဉ် ထုတ်လုပ်သူ ဦးရော်နီညိမ်း တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ကာကွယ်ဦးစီးချုပ်တွေ အစဉ်အဆက်မိန့်ခွန်းပြောကြားခဲ့တယ်။ အထူးသဖြင့် ၈၈ နောက်ပိုင်းဆိုပါတော့။ အဲဒီနောက်ပိုင်း ပြောဆိုခဲ့တဲ့ ကာကွယ်ဦးစီးချုပ်တွေအသီးသီး မိန့်ခွန်းတွေနဲ့ အခုခေတ်ပြောင်းနေပြီလို့ ခေတ်မှာ ပြောဆိုလာတဲ့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ရဲ့  မိန့်ခွန်းကို ယေဘုယျနှိုင်းယှဉ်ချက် ဘာတွေထူးခြားချက် တွေ့သလဲဆိုတာကို အကျဉ်းချုံး ကြည့်ကြရအောင်ပါ။

ဦးဌေးအောင် ။ ။ နိုင်ငံတော်အကြီးအကဲတွေပဲဖြစ်ဖြစ်၊ တပ်မတော်အကြီးအကဲတွေပဲဖြစ်ဖြစ် သူတို့ ဒီအခမ်းအနားကြီးတွေမှာ သူတို့ပြောတဲ့ မိန့်ခွန်းတွေက သူတို့ရဲ့ ပေါ်လစီ၊ သူတို့သွားမယ့်လမ်းကြောင်းတွေ၊ ရည်ရွယ်ချက်တွေကို ဖော်ပြတဲ့သဘောဖြစ်ပါတယ်။ အခုလက်ရှိ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့  ၆၇ နှစ်မြောက် တပ်မတော်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ပြန်ကြည့်တဲ့အခါကြတော့ တပ်မတော်ပေါ်ပေါက်လာပုံနဲ့ တပ်မတော်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တပ်ခေါင်းဆောင်အဆင့်ဆင့်ရဲ့  အနေအထားတွေကိုလည်း ဖော်ပြတာတွေ့ရတယ်။ နောက်တခုက ဒီမှာ ထူးခြားတယ်လို့ ပြောနိုင်တာကတော့ သူတို့အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံကို တပ်မတော်အနေနဲ့ အဓိကထားပြီး ကာကွယ်စောင့်ရှောက်သွားမယ်။ နောက်တခုက သူတို့အနေနဲ့ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်ပြီးပါဝင်သွားမယ်ဆိုတဲ့အနေအထားတွေကို အဓိကထားပြောသွားတာကို တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ ကိုရော်နီအနေနဲ့ ဘာများထူးခြားလာသလဲ။ ဒီမိန့်ခွန်းဟာ အရင် ဦးစီးချုပ်တွေရဲ့  မိန့်ခွန်းနဲ့ဆရင်။

ဦးရော်နီညိမ်း ။ ။ ဘာထူးခြားသလဲဆိုရင် အရင်အစဉ်အဆက်က တပ်မတော်ကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေကို အရင်တုန်းက ပစ်ပယ်ထားခဲ့တဲ့သဘောရှိရာကနေ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအစ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေအဖြစ် ထည့်ပြောသွားတာ ဒါတခုက ထူးခြားတယ်။ နောက်တခုက အခုန ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောသွားတာကတော့ မတ်လ (၁၄) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် က ရေဒီယို၊ ရုပ်မြင်သံကြား မိန့်ခွန်းမှာ အန်အယ်လ်ဒီရဲ့  ရွေးကောက်ပွဲဝင်ရတဲ့ အဓိက ရည်ရွယ်ချက် (၃) ခုထဲက နံပတ် (၃) ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြုပြင် ပြင်ဆင်ရေးဆိုတာကို ဥပမာပေး ပြောသွားတဲ့အခါမှာ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း လွှတ်တော်မှာ ပါဝင်နေတာကို မသင့်လျော်တဲ့ကိစ္စ။ ဒါမျိုးကိစ္စတွေကို ပြင်ဆင်ဖို့အတွက် အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲဝင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားခဲ့တယ်။ ဆိုတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကတော့ တပ်မတော်သားတွေ (၂၅) ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ပါဝင်ပြီးတော့ တည်ရှိနေတာဟာ အမျိုးသားရေး၊ နိုင်ငံရေး တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်တယ်လို့ သူကိုပြောသွားတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်ကို ပြန်လည်ချေပတယ်လို့ အဲဒီလိုမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တချို့ မီဒီယာသမားတွေလည်း ထောက်ပြကြတယ်။ အဲဒါကို အဓိကထား ပြောကြားတာ တွေ့ရပါတယ်။ ကျနော်တို့ အဲဒါကို နောက်အသေးစိတ် ဆွေးနွေးကြတာပေါ့။ အရပ်ဖက် ဥပဒေကို စစ်တပ်က လိုက်နာရမယ်ဆိုတဲ့ စကားကိုလည်း ပြောတယ်။ တချို့ က ထောက်ပြပြီးတော့ အကောင်းမြင်ကြပါတယ်။ ဦးဌေးအောင် ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။ အမှတ်ပေးချင်ပါသလား။

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ တပ်မတော်ဆိုတာကလည်း ဗမာပြည်သူပြည်သားတွေ၊ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခု။ အဲဒီတော့ ဝန်ထမ်းအဖွဲ့အစည်းတွေ မှန်သမျှ၊ ဗမာနိုင်ငံသား မှန်သမျှဟာ မြန်မာနိုင်ငံအစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အရပ်ဖက်ဥပဒေတွေကို လိုက်နာရမယ်ဆိုတာကတော့ ပြောစရာမလိုပါဘူး။ ဒါပေမဲ့ တကယ် အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်၌က တိတိကျကျ လိုက်နာခဲ့ရဲ့ သလားဆိုတာကတော့ ပြန်စမ်းစစ်ဖို့လိုတယ်။ ကျနော်တို့ ထောက်ပြချင်တာကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့ သမ္မတကိုယ်၌က လက်မှတ်ရေးထိုး ညွှန်းကြားတာကို ဒီနေ့အထိ လိုက်နာခြင်းမရှိတာကို ကျနော်တို့တွေ့ရတယ်။ အဲဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကိုယ်၌က အရပ်ဖက်ဥပဒေတွေကို လေးစားလိုက်နာမှု ရှိရဲ့ လား။ အစိုးရကိုရော အသိအမှတ်ပြုရဲ့ လားဆိုတာကို မေးခွန်းထုတ်စရာတခု ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လိုက်နာရမယ်လို့ စကားပြောတာထက် လက်တွေ့လိုက်နာပြရမယ်ဆိုတာက ပိုအရေးကြီးတယ်ဆိုတဲ့ သဘောပေါ့။

ဦးဌေးအောင် ။ ။ ဟုတ်ပါတယ်။ နောက် ကျနော်ပြောချင်တဲ့ အချက်တချက်က တပ်မတော်ရဲ့  ခေါင်းဆောင် (၃) ယောက်ကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုသွားတဲ့နေရာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တပ်မတော်ကို စပြီးတည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့  ဖခင်အစစ်အမှန်ဖြစ်တယ်။ နောက်တခုကလည်း နိုင်ငံရေးလုပ်မယ့်အခါမှာ တပ်မတော်ကနေ နုတ်ထွက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ရိုးရိုးသားသား ရှင်းရှင်းလင်းလင်းနဲ့ နိုင်ငံရေးလုပ်သွားတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ နောက် ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကြတော့ တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားခဲ့တဲ့ မူဝါဒတွေကို လွှဲချော်ပြီးတော့ စစ်အာဏာရှင်တွေကို ကာကွယ်ပေးတဲ့ တပ်မတော်ဖြစ်အောင် တလက်ကိုင် တပ်မတော်ဖြစ်အောင် ပြောင်းလဲပြစ်ခဲ့တဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ အဲဒီတော့ ဒီ ခေါင်းဆောင်နှစ်ယောက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရိုးရိုးသားသားနဲ့ တပ်မတော်ကို ထူးထောင်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်တယောက်ကို နှိုင်းယှဉ်တာကတော့ ကျနော်အမြင်မှာတော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က တမင် ဆင့်ကဲဆင့်ကဲ အာဏာအမွေလွှဲပေးခဲ့တဲ့ စစ်ခေါင်းဆောင် နှစ်ယောက်ကိုပါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်ပြီးတော့ အရောင်တင်ပေးလိုက်တာ၊ အမွမ်းတင်ပေးလိုက်တယ်လို့ပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအချက်နဲ့ ပတ်သက်လို့လည်း ကိုရော်နီ ကို မေးချင်ပါတယ်။ ကိုရော်နီအနေနဲ့ အဲဒီအချက်ကို ဘယ်လို သဘောရပါသလဲ။ နောက် ဒီနေရာမှာ ကျနော် သတိထားမိတာလေး ရှိသေးတယ်။ သူ့ရဲ့  မိန့်ခွန်းထဲမှာ ဖွဲ့စည်းပုံဥပဒေကို ကာကွယ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်းဟာ ဖွဲ့စည်းပုံဥပဒေကို တကယ်တော့ ဖျက်ဆီးခဲ့တဲ့လူပဲ။

ဦးရော်နီညိမ်း ။ ။ သူကတော့ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ တပ်မတော်သမိုင်းကြောင်းထဲမှာ ဖျောက်ဖျက်ထားတဲ့ ကိစ္စတွေတချို့ ကို အခုမှ ပြန်ဖော်ထုတ်ပြီး တပ်မတော်က ၁၉၄၁ ဒီဇင်ဘာ ၂၇ နေ့မှ စတင် ပြီး ဘီအိုင်အေ အနေနဲ့ ပေါက်ဖွားလာတာကို အခုခေတ် တပ်မတော်သားတွေ မသိရှိဘူး ဖြစ်နေတာကို သူကထောက်ပြပြီး ဒီ ပုဂ္ဂိုလ်တွေကိုပါ ထည့်ပြီးတော့ ပြောသွားတာပေါ့။ ပြောရမယ်ဆိုရင်လည်း သူ့အနေနဲ့ ရှိသမျှ ကာကွယ်ဦးစီးချုပ်။ သူက ရှစ်ယောက်မြောက်။ သူ့ရှေ့ က (၇) ယောက်စလုံးကို ထည့်ပြောရင်တော့ သိပ်ပြီးမဆိုးဘူးပေါ့။ အခုတော့ နှစ်ယောက်ကိုပဲ ပြောသွားတာက အခုန ကိုဌေးအောင် ပြောသလို အမွမ်းတင်ပြောသွားတာ သူမှာ ရည်ရွယ်ချက်တော့ ရှိပုံရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်။ တပ်မတော်ဟာ နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါနေမယ်။ နောက်ပြီးတော့ သူတို့က ထင်မြင်ယူဆရင် သူတို့အထင်နဲ့ သတ်မှတ်ပြီး နိုင်ငံတော်အာဏာကိုလည်း သိမ်းနိုင်တယ်ဆိုတဲ့ ကိစ္စတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ရဲ့  ရွေးကောက်ပွဲ ဦးစားပေးလုပ်ငန်းစဉ် (၃) ရပ်။ အဲဒီအထဲမှာ နောက်ဆုံးအချက်က ထည့်ပြောခဲ့တာကို တုံ့ပြန်ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဌေးအောင် ဘယ်လိုသဘောပေါက်ပါသလဲ။

ဦးဌေးအောင် ။ ။ ဟုတ်ပါတယ်။ သူတို့လိုချင်တဲ့ စစ်အာဏာရှင်စနစ်ကို ရာသက်ပန်တည်ဆောက်နိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး ဖြစ်လာအောင် ဆယ်စုနှစ် နှစ်ခုနီးပါးလောက် အချိန်တွေယူပြီး စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ အဲဒီနေရာမှာ အာဏာသိမ်းစရာ မလိုတော့ဘဲနဲ့ အလိုအလျောက် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အာဏာကို သိမ်းထားပြီးသာဖြစ်အောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို အခုလက်ရှိ ကာကွယ်ရေးဦးစီးချုပ်က သူတို့အနေနဲ့ အသက်နဲ့လဲ ကာကွယ်စောင့်ရှောက်မယ် ပြောနေတာကတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် တိုင်းသူပြည်သားတွေအကုန်လုံးက ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ပြင်ဆင်ပြောင်းလဲမယ်ဆိုတာကို သူ့အနေနဲ့ ခြိမ်းခြောက်တဲ့သဘောလည်း ပါတယ်လို့ ကျနော်ကယူဆတယ်။ နောက်တခုက တပ်မတော်သားတွေကို ဒါကိုပြောပြီးတော့ သွေးထိုးလှုံဆော်တယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာ ဗိုလ်ချုပ်နေဝင်းကတော့ သူကိုယ်တိုင် နှင်းခြေဖျက်ဆီးပြီးတော့ အာဏာသိမ်းလိုက်တာ။ ဗိုလ်ချုပ်မင်းအောင်လှိုင် ပြောတာက ကာကွယ်စောင့်ရှောက်တယ်ဆိုတာဟာ amendment ကို ဖွဲ့စည်းပုံနည်းအရ ပြင်ဆင်ခြင်းကို ဆန့်ကျင်တယ်လို့ ကျနော်တို့ တန်ပြန်လို့ရမလား။ အဓိပ္ပါယ်ကောက်ယူလို့ ရမလား။ ကိုရော်နီ ဒီကိစ္စနဲ့ ပတ်သက်လို့ပြောပါ။

ဦးရော်နီညိမ်း ။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ အချက်တချက်ကို သူထောက်ပြသွားတာကို ကျနော် သတိထားမိပါတယ်။ ဘာလဲဆိုတော့ တိုင်းသူပြည်သားတိုင်းက ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရမယ်။ ငါတို့ဟာ တိုင်းသူပြည်သားထဲက ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေကိုလည်း ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို သူက တိုင်းသူပြည်သားတွေပါ တာဝန်ရှိပြီးတော့ ကာကွယ်စောင့်ရှောက်ရမှာမို့ သူတို့က အဲဒီအထဲကနေအပါအဝင် ကာကွယ်စောင့်ရှောက်ရတဲ့ အနေအထားမျိုး သူကပြောတယ်။ အခု ဦးကျော်ဇံသာ မေးတဲ့အတိုင်းဆိုရင် သူက ပြင်ဆင်မယ်တို့။ အခြေခံဥပဒေတခုလုံးကို ဖျက်ပစ်မယ်တို့ ဆိုတဲ့ဟာမျိုးကို သူတို့ ပါးစပ်ကနေ commitment လုပ်ပြီး ပြောနေစရာမလိုဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာရိုသေစောင့်ရှောက်ပါမည်လို့ ကျမ်းကျိန်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း သူအာဏာသိမ်းတဲ့အခါမှာ တခါတည်း ဖျက်ချလိုက်တာပဲ။ အဲဒီတော့ ဒီဥစ္စာက လုပ်ချင်ရင် လုပ်လို့ရတယ့် အနေအထားရှိပါတယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ပြောပါ။ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ်ဆိုတာဟာ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့် မပေးဘူး ဥပဒေအရ ပြောတာမဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံကို ဖျက်ဆီးမယ့်အရေးကနေ ကာကွယ်မယ်ဆိုတဲ့ သဘောမျိုး မဖြစ်နိုင်ဘူးလား။

ဦးဌေးအောင် ။ ။ တခုရှိပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာက တပ်မတော်တခုတည်းမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားအားလုံးက ကိုယ့်စိတ်ဆန္ဒအမှန်နဲ့ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင် ဒါကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားရှိကိုရှိပါတယ်။ ဒါပေမဲ့လို့ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၂၀ ပုဒ်မခွဲ (စ) မှာ ပြဌာန်းထားတာက တပ်မတော်ဟာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိက တာဝန်ရှိတယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာကို အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က တပ်မတော်နေ့ မိန့်ခွန်းထဲမှာ တခါထပ်ပြီး စကားလုံးအတိအကျနဲ့ ထပ်ပြောသွားခဲ့တယ်။ အဲဒါ ဘာကိုဖော်ပြသလဲဆိုရင် အခုလက်ရှိ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့အနေနဲ့ ကာကွယ်စောင့်ရှောက်မယ်ဆိုတာက ဒီဟာကြီးတခုလုံးကို ပြောတာမဟုတ်ဘဲနဲ့ ဒီအထဲမှာပါတဲ့ တချို့ အချက်တွေ အဓိကအားဖြင့် တပ်မတော်က လက်မခံနိုင်တဲ့အချက်တွေကို သူတို့အနေနဲ့ ပြောင်းလဲမယ်ဆိုလို့ရှိရင် ဒါကို အပြောင်းအလဲမခံဘူး။ ဒါကို တို့က ကာကွယ်သွားမယ်။ ဒါကို တားဆီးသွားမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ခြိမ်းခြောက်ပြီး ပြောတယ်လို့ ကျနော်ကတော့ သဘောပေါက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မှတ်ချက်တောင်းချင်တာက ကိုရော်နီ အရင်ပြောပါ။ ဒီ မိန့်ခွန်းကို ကြည့်လိုက်ရင် တပ်မတော်ရဲ့  အခန်းကဏ္ဍ။ တပ်မတော်ဟာ နောက်ကွယ်က ရှိနေတာကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ပြောလိုက်တော့ နောက်ကွယ်ကနေမကဘူး ငါတို့ကို မေ့မထားနဲ့ဆိုတာကို သတိပေးလိုက်တဲ့သဘောလား။ သို့တည်းမဟုတ် တပ်မတော်ရဲ့  အခန်းဟာ အပြင်က သုံးသပ်နေသူတွေပြောအရ တဖြည်းဖြည်း နောက်ဆုတ်သွားမယ့်သဘောလား ဘယ်လိုတွေ့ရပါသလဲ။

ဦးရော်နီညိမ်း ။ ။ အခု မိန့်ခွန်းအရတော့ တပ်မတော်က နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ပါနေအုန်းမယ်ဆိုတာကို သူထပ်ပြီးတော့ သူ့တပ်မတော်သားတွေကို အတည်ပြုရင် တိုင်းသူပြည်သားတွေကိုလည်း အသိပေးလိုက်တာ။ အဲဒီတော့ လောလောဆယ်တော့ တဖြည်းဖြည်း နောက်ဆုတ်သွားမယ်ဆိုတဲ့ အရိပ်အရောင်ကိုတော့ ဒီမိန့်ခွန်းမှာ မတွေ့ရဘူး။ နောက် အဓိက လိုအပ်ချက်ကြီးတခုကတော့ တိုင်းရင်းသားအရေး။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆက်ပြီးတိုက်ပွဲဖြစ်နေတာ၊ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲ၊ ငြိမ်းချမ်းရေးလုပ်တာတွေ။ အဲဒါတွေကို ဘာမှထည့်သွင်းပြောဆိုသွားခြင်း မရှိဘူး။ ဒီတခုကတော့ ဒီမိန့်ခွန်းမှာ အဓိက လိုအပ်ချက်ကြီးလို့ ကျနော်မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်အနေနဲ့ ခပ်တိုတိုပြောပေးပါ။

ဦးဌေးအောင် ။ ။ ဗမာတပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းတယောက်တည်း ထူထောင်ခဲ့တာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့က ပိုပြီးတော့ ကြီးထွားအောင် တပ်မတော်ကြီး ခေတ်မီအောင်လုပ်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးနှစ်ယောက်ရဲ့  အခန်းကဏ္ဍကို မြှင့်တင်ပြောဆိုမှုတွေပါတယ်။ နောက်တခုက တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှေ့ တန်းကဆက်ပြီး ပါနေမယ်။ နောက်တခုက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့  အဓိကကျတဲ့ အနှစ်သာရတွေကို ပြုပြင်မယ်၊ ပြောင်းလဲမယ်၊ ဖျက်ဆီးမယ်ဆိုရင် တပ်မတော်အနေနဲ့ လက်ခံမှာမဟုတ်ဘူးဆိုတာကို ထည့်ပြတယ်။ နောက်ဆုံးအနေနဲ့ကတော့ တပ်မတော်ကြီးကို ခေတ်မီအောင် ဆက်ပြီးအင်အားကြီးထွားအောင် တည်ဆောက်မယ်ဆိုတာကို တိတိလင်းလင်း တပ်မတော်သားတွေကို ပြောသလိုနဲ့ တိုင်းသူပြည်သားတွေကို သတိပေးသွားတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG