သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်မှ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်နေပြီလား?


ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံဟာ တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် အာဏာရှင်စနစ်အောက်ကနေ အကောင်းဖက်ကို တဖတ်မြှင့်တက်လာပြီးတော့ အပြည့်အဝ ဒီမိုကရေစီစနစ်ဆီ ဦးတည်နိုင်ပြီလို့ SDU (Shan Democratic Union) ခေါ် ရှမ်းဒီမိုကရေစီအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးစိုင်းဝမ်စိုင်းက ရေးသားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် ဦးစိုင်းဝမ်စိုင်း (Sai Wansai), ပအိ့ုဝ်အမျိုးသား လွှတ်မြောက်ရေးအဖွဲ့ချုပ်ခေါင်းဆောင် ခွန်ဥက္ကာ တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ဦးစိုင်းဝမ်စိုင်းရဲ့ ဆောင်းပါးတပုဒ်ကို ဖတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခုအခါမှာ electoral authoritarian အုပ်ချုပ်ရေးအဆင့်ကို ရောက်လာပြီလို့ ဆိုပါတယ်။ အဲဒီအဆင့်ကနေ full fledge democracy အဆင့်ကို သွားနေတယ်လို့ ဆိုပါတယ်။ ဆရာက အကောင်းမြင်တဲ့သဘောလို့ တွေ့ရပါတယ်။ ဒါကို မဆွေးနွေးခင် အဓိပ္ပါယ်သတ်မှတ်ချက်လေးကို အရင်ပြောရအောင်ပါ။ ဆရာက Andreas Schedler ကိုးကားပြီးရေးထားပါတယ်။ ဗမာလိုဆိုရင် အကြမ်းမျဉ်း ဘယ်လိုရှင်းမလဲခင်များ။ မြန်မာနိုင်ငံဟာ အခုအခါမှာ closed authoritarian အုပ်ချုပ်ရေးကနေ electoral authoritarian အုပ်ချုပ်ရေး ရောက်လာပြီဆိုတာကို အကြမ်းမျဉ်းလေး ပရိသတ်နားလည်းအောင် ရှင်းပြပေးပါ။

ဦးစိုင်းဝမ်စိုင်း။ ။ ယေဘုယျအားဖြင့် အစိုးရပုံစံကို သတ်မှတ်ထားတာ အကြမ်းဖျဉ်း လေးခုလောက် ရှိပါတယ်။ ထိပ်ဆုံးမှာနေတာကတော့ ဒီမိုကရေစီ (democracy type regime) အစိုးရပုံစံ။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စု၊ အနောက်ဥရောပ နိုင်ငံတွေအားလုံးပါတယ်။ နောက်တခုကတော့ electoral democracy regime အဲဒါကတော့ ရွေးကောက်ပွဲကို တရားမျှမျှတတ လုပ်ပေးတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အခွင့်အရေးအပြည့်အဝ မရှိဘူး။ အဲဒါကြတော့ တူရီကီ၊ ဘရာဇီး တို့ကို ပုံစံပေးထားတယ်။ နောက်တခုကတော့ electoral authoritarian regime ဒါကတော့ ရွေးကောက်ပွဲကို ဘန်းပြလုပ်ပေးတယ့် အာဏာရှင်စနစ်။ ဒါပေမဲ့ ဒီ အာဏာရှင်စနစ်ရဲ့ ကောင်းကျိုးဆိုးကျိုးကြတော့ နည်းနည်းပါးပါး လွတ်လပ်ခွင့်ရှိတဲ့အတွက်ကြောင့် အဲဒီကနေ တိုးတက်သွားနိုင်တယ်ဆိုတဲ့ အနေအထားမျိုးပြထားတယ်။ အဲဒါက အခု ဗမာပြည်၊ မလေးရှား၊ စင်္ကာပူတို့ထဲမှာ အကျူံးဝင်တယ်။ နောက်ဆုံးတခုကတော့ authoritarian regime ဒါကတော့ တပါတီ၊ စစ်အာဏာရှင်စနစ် နဲ့ သက်ဦးစံပိုင်စနစ် စသဖြင့် အဲဒါကတော့ တရုတ်ပြည်နဲ့ ဆော်ဒီအာရေးဗီယားကို ပုံစံပေးထားတယ်။ ဆိုတော့ ကျနော်က bi-elections ရွေးကောက်ပွဲကိုကြည့်ပြီး၊ နောက် သမ္မတကြီး ဦးသိန်းစိန် က ပြုပြင်ပြောင်းလဲမှုတွေကို တဖြည်းဖြည်းလုပ်လာတဲ့အခါကြတော့ အောက်ဆုံးအဆင့် တပါတီ သို့မဟုတ် authoritarian regime ကနေ တဆင့်အမြင့်ကို တက်လာပြီလို့ electoral authoritarian regime အဆင့်ကို တက်လာပြီလို့ သတ်မှတ်လို့ရတယ်လို့ ကျနော်က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာက အခုအခါမှာ electoral authoritarian ရွေးကောက်ပွဲကို ဘန်းပြလုပ်ပေးတယ်။ ဒါပေမဲ့ အာဏာရှင်တော့ ဆန်နေသေးတယ်။ ဒီအဆင့်ကနေ full fledge democracy ဖြစ်လာနိုင်တယ်လို့ ဆရာက အကောင်းမြင် သုံးသပ်ထားတာကို တွေ့ရပါတယ်။ ဒီလို အကောင်းမြင်နိုင်တဲ့ အထောက်အထား ဘာတွေတွေ့ရလို့လဲခင်များ။

ဦးစိုင်းဝမ်စိုင်း။ ။ ယေဘုယျအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်၊ မီဒီယာကို လွတ်လပ်ခွင့် ပေးလာတယ်၊ စီးပွားရေးပြုပြင် ပြောင်းလဲဖို့အတွင်း ဆိုင်းပြင်းနေတာရယ်။ နောက်ဆုံး အရေးကြီးဆုံးအချက်က အခုန လုပ်သွားတဲ့ ရွေးကောက်ပွဲက ဝင်ပြီးမစွက်ဖက်ဘဲနဲ့ သူနိုင်အောင်လုပ်တဲ့ အခြေအနေမျိုးကို ပြလာတဲ့အခါကြတော့ အကောင်းမြင်တဲ့အပိုင်းကို သူက ရောက်လာတယ်။ အဲဒါအပြင် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်မက်ကိုလည်း ငြိမ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အပိုင်းတွေရှိတော့ အဲဒါကို ကြည့်ခြင်းအားဖြင့် ပြောင်းလဲမှုကို ဦးသိန်းစိန် တဦးတယောက်အနေနဲ့ အားသာနေတယ်လို့ ကျနော်တို့ ကြည့်ရှုသုံးသပ်လို့ရတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အဓိက လောလောဆယ် အခက်အခဲဆုံး ပြဿနာကတော့ တိုင်းရင်းသားပြဿနာကို ပြေလည်အောင် ဖြေရှင်းရေးလို့ သတ်မှတ်ကြတာ၊ သုံးသပ်ကြတာ ရှိပါတယ်။ ဒီအချက်ကို ကြည့်ပြီးတော့ ဆရာ ဦးစိုင်းဝမ်စိုင်းသုံးသပ်သလို မြန်မာနိုင်ငံဟာ အပြည့်အဝ ဒီမိုကရေစီထွန်းကားတဲ့အခြေအနေ ရောက်သွားနိုင်တယ်ဆိုတာ ပြောသလောက် လွယ်နိုင်ပါ့မလား။ ဗိုလ်မှူးကြီးခွန်ဥက္ကာ သဘောထားကို သိပါရစေ။

ခွန်ဥက္ကာ ။ ။ ကျနော်ကတော့ ဦးစိုင်းဝမ်စိုင်းနဲ့ အမြင်တဝက်ပဲတူပါတယ်။ သူပြောနေတဲ့ total authoritarian ကနေ elected authoritarian ကနေ ဒီမိုကရေစီ သွားတယ်ဆိုတဲ့ဟာက အင်ဒိုနီးရှား ကို ဥပမာယူတယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဆူဟာတို ဆင်းပေးပြီးနောက်မှာ အင်ဂျီနီးယားတဦးဖြစ်တဲ့ ဟာဘီဘီ ကို ထားခဲ့ပြီးတော့ ဟာဘီဘီ ကနေ တဖြည်းဖြည်း sunset clock နေဝင်ပြဌာန်းချက်တွေနဲ့ တဖြည်းဖြည်း ဒီမိုကရေစီကို ပြောင်းလာတော့ အင်ဒိုနီးရှား က တစုံတရာ ဒီမိုကရေစီလမ်းကြောင်းကို ရောက်လာပြီလို့ ပြောလို့ရတယ်။ သို့သော် ကျနော်တို့ ဗမာပြည်ရဲ့ အခင်းအကျင်းကြတော့ ဟာဘီဘီ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီး သိန်းစိန် က ဝန်ကြီးချုပ်နဲ့ နေခဲ့တယ်။ authoritarian တုန်းက။ electoral authoritarian ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အာဏာရှင်လို့ ပြောတဲ့အခါကြတော့ အဲဒီ ရွေးကောက်ပွဲနဲ့လား၊ အာဏာရှင်လက်ဟောင်းတုန်းက ပုဂ္ဂိုလ်တွေ၊ ဒီလူတွေပဲ တဆိပ်ခွါပြောင်း၊ ဝတ်စုံပြောင်းပြီး ပါလာတဲ့အခါကြတော့ ကျနော်တို့ပြောသလို ရာခိုင်နှုန်းပြည့် ဒီမိုကရေစီကိုသွားတဲ့ အခြေအနေကို ရောက်ပြီလို့ ပြောရင်တော့ နည်းနည်းစောနေမလားလို့ on the margin ဖြစ်နေသေးတယ်လို့ ကျနော်အနေနဲ့ ပထမအချက် ထောက်ပြချင်တယ်။

တိုင်းရင်းသားတွေအမြင်နဲ့ တိုင်းရင်းသားတွေ ခံစားချက်မှာ အဲဒီအပြောင်းအလဲမှုဟာ သက်ရောက်မှုရှိပြီလား ဆိုရင်တော့ အခုအချိန်ထိ ကျနော်တို့ကြည့်တာတော့ မရှိသေးဘူး။ ဦးဝမ်စိုင်းပြောတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မျှတတယ်လို့ သုံးသပ်ပြီးတော့ ဒါကြောင့် ဒီလိုပြောင်းနိုင်တယ်ဆိုတာက ကြားဖြတ်ရွေးကောက်ပွဲရဲ့ အနေအထားကိုကြည့်ရင် လွှတ်တော်နှစ်ရက်စလုံးမှာ ရမယ့်နေရာက လေးဆယ်လောက်ရှိပြီး အားလုံးပေါင်း ခြောက်ရာကျော်ရှိတဲ့ လွှတ်တော်နှစ်ရပ်မှာ လူလေးဆယ်ရဲ့ အနေအထားက မပြောပလောက်ဘူး။ ဒါတွေမကဘူး ဒီလွှတ်တော်သော်လည်းကောင်း၊ ရွေးကောက်ပွဲသော်လည်းကောင်း အစစအရာရာအားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လက်အောက်ခံပြဿနာတွေပဲ ဖြစ်နေတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို မေ့ထားမယ်ဆိုရင်တော့ ပြောင်းလဲတယ်ဆိုတာ ဖြစ်နိုင်တာပေါ့။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အခိုင်အမာ၊ အုပ်စီးထားတယ်ဆိုရင်တော့ အခုနပြောသလောက်တော့ ရွေးကောက်ပွဲကနေလာတဲ့ အာဏာရှင်ကနေ ဒီမိုကရေစီဘက်ကို တဖြည်းဖြည်း လျှော့ချသွားလိမ့်မယ်ဆိုတဲ့ အယူအဆကတော့ လွယ်သင့်သလောက် မလွယ်သေးဘူးလို့ ဆွေးနွေးချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နောက်တခုက ဆရာစိုင်းဝမ်းစိုင်း က ဘာရေးသလဲဆိုတော့ သဘောထားတင်းမားတယ်ဆိုတဲ့ လူတွေက အဟန့်အတားအနှောက်အယှက် တစုံတရာမရှိခဲ့ရင် condition ခံထားတယ်။ အဲဒီကိစ္စကို ကျနော့် ဒဲ့ဒိုး မေးချင်တာက စစ်တပ် က ဘယ်လောက်အထိ သမ္မတ ဦးသိန်းစိန် လုပ်ချင်နေတဲ့ ပြုပြင်ပြောင်းလဲရေး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် တို့ အန်အယ်လ်ဒီ ရဲ့ ရွေးကောက်ပွဲ ဦးတည်ချက်တွေကိုလည်း မဆန့်ကျင်ဘူး။ စစ်တပ်ရဲ့ သဘောတူညီမှု၊ ထောက်ခံမှုကို ဘယ်လောက်ရနိုင်မယ် ထင်ပါသလဲ။ အဲဒါ မရရင်ကော သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု ရှေ့တိုးနိုင်မယ် ထင်ပါသလား။

ဦးစိုင်းဝမ်စိုင်း။ ။ ပထမဦးဆုံး ခွန်ဥက္ကာ က ကျနော်ရဲ့ သဘောထားကောက်ချက် မှတ်ချက်ကို ကြိုဆိုပါတယ်။ နောက်တခုကလည်း ကျနော်က ခွန်ဥက္ကာ ပြောသလို လုံးလုံး ဂဃနဏ သေသေချာချာ ဒီလမ်းကို သွားနေပြီလို့ ကျနော်က ပြောတာမဟုတ်ပါဘူး။ ကျနော် ဆိုလိုချင်တာကတော့ လမ်းစတော့ ပေါ်နေတယ်။ သူတို့ ဒီလမ်းစအတိုင်း သွားသလား၊ မသွားဘူးလားဆိုတဲ့အပေါ်မှာ ကျနော်တို့က ရှေ့တိုးပြီး ကြည့်ရမယ့်အခြေအနေမျိုးပါ။ အခုန ဦးကျော်ဇံသာ ကျနော့်ကို မေးတဲ့မေးခွန်းကလည်း အဲဒီ အဓိကကျတဲ့ မေးခွန်းဖြစ်ပါတယ်။ သေဘောထားတင်းမားတဲ့ စစ်တပ်လူတန်းစား သို့မဟုတ် စစ်တပ်ထွက် လူတန်းစား အာဏာရလူတန်းစားရဲ့ လိုတိုးပိုလျှော့ပေါ်မှာ အများကြီး မူတည်မယ်ဆိုတာ အင်မတန် မှန်ကန်ပါတယ်။ အဲဒါကြောင့်မို့ သူတို့ သုံးနေတဲ့ manipulation ချယ်လှယ်တာနဲ့ အခြေအနေရှိတဲ့ အနေအထားမှာ သူတို့ ချယ်လှယ်မှုကို မလုပ်ဘဲနဲ့ အခုအချိန်ကစပြီး ၂၀၁၅ ခုကာလမှာ ပေးသွားမယ်ဆိုရင် ဒီမိုကရေစီ တည်ဆောက်ရေးကို ရောက်နိုင်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးချုပ်ဦးနု လက်ထက်တုန်းကလည်း ၆၂ မှာ နောက်ဆုံး ဖယ်ဒရယ်ပြည်ထောင်စု ပေးမယ်ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်တွေကို ခေါ်ပြီးတော့ ဆွေးနွေးကြတယ်။ အဲဒါကို အကြောင်းပြပြီး ပြည်ထောင်စုပြိုကွဲမယ်ဆိုပြီး ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ဆိုတော့ history repeats itself ဖြစ်လာနိုင်ပါသလား။ မြန်မာနိုင်ငံမှာ အလားတူ တိုင်းရင်းသားတွေက ဖယ်ဒရယ် ပြောနေချိန်မှာ ဒီလို ပုံစံမျိုး ထပ်ဖြစ်လာနိုင်သေးသလားဆိုတာကို စဉ်းစားမိပါတယ်။ ခွန်ဥက္ကာ ဘယ်လို သဘောရပါသလဲ။

ခွန်ဥက္ကာ ။ ။ ကျနော် အမြင်ကတော့ ဒီ သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တာရော၊ ဦးသိန်းစိန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး အပစ်ရပ် အပြောင်းအလဲတွေအားလုံးက တဖတ်က သွားနေတယ်။ တဖတ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲလိုအဆင့်လောက် ၂၀၁၅ ရွေးကောက်ပွဲက အဲဒီလောက်အဆင့်ပဲ ရှိခဲ့မယ်ဆိုရင်တော့ ရွေးကောက်ခံရတဲ့ အာဏာရှင်ပုံစံကို အဲဒီလောက်မှာတော့ ဖြစ်သွားနိုင်တယ်။ သို့သော် အဲဒီ ၂၀၁၅ ပွဲလောက်မှာ ကြားဖြတ်ရွေးကောက်ပွဲအဆင့်လောက် မရှိဘူးဆိုရင်တော့ အာဏာရှင်က အာဏာရှင်ပဲလို့ အဲဒီလိုမြင်တယ်။ နောက်တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်မှာပါဖို့ ဦးသိန်းစိန်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စမှာ ဦးသိန်းစိန် ကို ကျားကန်ပေးရာရောက်ပြီးတော့ တချိန်တည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အဓိကပြင်ရမယ်ဆိုတဲ့ နိုင်ငံရေးဦးတည်ချက်ပါနေတော့ အဲဒီလို အဓိက ပြင်တဲ့အချိန်မှာ ဖွဲ့စည်းပုံကို အသက်နဲ့လဲပြီးကာကွယ်မယ့် တပ်မတော်က ဘယ်လောက်အထိ သည်းခံမလဲ။ တကယ် ထိပ်တိုက်ဖြစ်လာရင်တော့ သမိုင်းတပတ်၊ သံသရာတကွေ့ ပြန်လည်မယ်လို့တော့ ကျနော်မြင်မိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ စိုင်းဝမ်စိုင်းရဲ့ အမြင်ကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောပါ။

ဦးစိုင်းဝမ်စိုင်း။ ။ ခွန်ဥက္ကာ ပြောသလို ကျနော်ကလည်း သဘောထားတထပ်တည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူတို့ကလည်း အာဏာသိမ်းခွင့်ဆိုတာ ပါနေတော့ ဒါက သိပ်ပြီတော့ ထူးဆန်တဲ့အလုပ်တော့ မဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခု အုပ်စုနှစ်အုပ်စု ပြတ်ပြတ်သားသား ကွဲလာမယ်ဆိုပါတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီ။ သမ္မတဦးသိန်းစိန် က ပြုပြင်ပြောင်းလဲရေးကို လိုလားတယ်။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကိုလည်း လက်ခံတယ်။ အသိအမှတ်ပြုတယ်။ လုပ်ချင်တယ်၊ ပြုပြင်ပြောင်းလဲချင်တဲ့အုပ်စု။ တခါ စစ်တပ်နဲ့ သဘောထားတင်းမားတဲ့ အုပ်စုက ဒါကို လက်မခံနိုင်တဲ့အုပ်စုဆိုတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီတွေ၊ ပြည်သူတွေ၊ တိုးတက်တဲ့ အင်အားစုတွေက သမ္မတဦးသိန်းစိန်ဖက်ကနေ ခွန်ဥက္ကာ ပြောသလို ကျားကန်ပေးသင့်တယ်။ မားမားမတ်မတ် ရပ်တည်ပေးသင့်သလား။ သို့မဟုတ်ဘဲ ဒီ အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သွားနေတယ်ဆိုပြီ ပစ်ပယ်သင့်ပါသလား။ အတိုက်အခံနဲ့ ပြည်သူတွေက ဘယ်ဖက်က ဘယ်လိုရပ်တည်သင့်ပါသလဲ။

ခွန်ဥက္ကာ ။ ။ ပြောရမယ်ဆိုရင်တော့ လောလောဆယ် နိုင်ငံတကာ၊ အာဆီယံ၊ အကုန်လုံးအမြင်ကတော့ ဦးသိန်းစိန် က ပြုပြင်ပြောင်းလဲချင်တယ့်လူဖြစ်တော့ သူကို ရပ်တည်ပေးရမယ်ဆိုတာကတော့ မှန်တယ်။ သို့သော် အခုအချိန်အထိ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ၂၀၀၈ ကို ထိပါးရိပါး မပြောရဲသေးဘူး။ ၂၀၀၈ ဘက်က သူရပ်တည်တယ်။ တချိန်တည်းမှာပဲ လက်ရှိတပ်မတော်ရဲ့ အနေအထားနဲ့ အခင်းအကျင်းကို ချီးမြောက်နေတော့ တပ်မတော်ရဲ့ အနေအထားနဲ့ ၂၀၀၈ အနေအထားအပေါ် တည်တည်ကြီး သမ္မတကြီးအနေနဲ့ သုံးသပ်ချက်ပေးတာတွေ မရှိသေးတာကို တွေ့ရတယ်။ သို့သော် သမ္မတကြီးရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်မင်းကတော့ ၂၀၀၈ ကို ပြင်သင့်တာကို ပြင်ရမယ်။ ကျနော်တို့လည်း မကြိုက်ပါဘူးလို့ ပြောတာရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လွှမ်းမိုးနိုင်တဲ့ National Assembly သို့တည်းမဟုတ် တကယ့် ကြီးမားတဲ့ National Conference ကြီးကြီးခေါ်ပြီး Political mandate နဲ့ ပြင်ရင်တော့ ၂၀၀၈ ကို ပြင်လို့ရပါတယ်။ အဲဒါကြောင့် ၂၀၀၈ ပြင်ပုံပြင်နည်းမှာ တခါ ပညာသာပါတဲ့အခါကြတော့ ၂၀၀၈ ဘောင်ထဲက ဝင်ပြင်မယ်ဆိုရင်တော့ ပြင်လို့မရနိုင်တဲ့ဟာပဲ ဖြစ်သွားမယ်လို့ သတိပေးထောက်ပြချင်တာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာစိုင်းဝမ်စိုင်း သမ္မတဦးသိန်းစိန်ဖက်က ရပ်တည်သင့်သလား။ သို့တည်းမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်နေတဲ့ သမ္မတဖြစ်လို့ ပစ်ပယ်သင့်ပါသလား။

ဦးစိုင်းဝမ်စိုင်း။ ။ ဒီ မေးခွန်းကို ဖြေတဲ့နေရာမှာ conditional အခြေအနေအရဆိုတာကို အသုံးပြုချင်တယ်။ ဦးသိန်းစိန် အနေနဲ့ တိုင်းရင်းသားပြည်သူတွေ လိုလားတယ် ဖယ်ဒရယ်စနစ် နဲ့ နီးစပ်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို လက်ခံနိုင်တဲ့ အနေအထားမျိုး ဒါမှမဟုတ် အဲဒီလမ်းကို သွားနေတဲ့ အနေအထားရှိရင်တော့ သူကိုထောက်ခံသင့်တယ်။ တကယ်လို့ သူက ၂၀၀၈ ကြီးကို လုံးလုံးကိုင်ထားမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ သူကို ထောက်ခံရင် ကျနော်တို့ ကိုယ့်လည်ပင်းကြိုးကွင်းစွပ်တာနဲ့ တူနေတယ်။

XS
SM
MD
LG