ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာသတင်းထောက် ကိုဇော်ဇော်၊ ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာန အယ်ဒီတာ ကိုအောင်ဇော် တို့နဲ့ မြန်မာနိုင်ငံမှာ အာဏာရရှိလာတဲ့ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့် ပေးလာနိုင်တဲ့ အလားအလာ ရှိပါသလား၊ ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာရင် နိုင်ငံတကာ ညီလာခံတွေ လက်ခံကျင်းပပြီး နိုင်ငံခြားသတင်းထောက် ရာပေါင်းများစွာကို လာရောက်သတင်းယူခွင့် ပေးလာရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို မြန်မာအစိုးရက ဘယ်လို ရင်ဆိုင် လုပ်ကိုင်သွားမလဲ ဆိုတာတွေကို ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အရင်တုန်းက ပုဂ္ဂလိကမီဒီယာတွေ ဖော်ပြခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုကျော်သူ တို့ နာရေးကူညီမှုအဖွဲ့ လှုပ်ရှားမှုဓါတ်ပုံတွေကို ဖော်ပြခွင့်ရတယ်လို့ ကြားရပါတယ်။ အဲဒီလို ဖော်ပြခွင့်ရတဲ့အတွက် ပြည်တွင်းက မီဒီယာသမားတချို့  တော်တော်လေး ဝမ်းပန်း တသာရှိကြတယ်။ အလားအလာကောင်းတယ်လို့ ကြားရပါတယ်။ အဲဒါ ဘယ်လောက်ဟုတ်ပါသလဲ။ ပြည်တွင်းက သတင်းမီဒီယာသမားဖြစ်တဲ့ ကိုဇော်ဇော် က အရင်ရှင်းပြပေးပါ။ မြန်မာနိုင်ငံအတွင်းမှာ အရင်ဖော်ပြခွင့် မရဘူးတဲ့ ဓါတ်ပုံတွေ၊ သတင်းတွေ ဖော်ပြခွင့်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက် အကောင်းမြင်ကြပါသလဲ။
ကိုဇော်ဇော် ။ ။ ဒီတပတ်ထွက်တဲ့ Weekly Eleven သတင်းဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့တကွ နာရေးကူညီမှုသတင်း ဖော်ပြတာတွေ တွေ့လိုက်ရတော့ ဘာပဲဖြစ်ဖြစ် ထူးခြားတယ်ဆိုတာတော့ အမှန်ပါပဲ။ နောက်တခုက Seven Days ဂျာနယ်မှာ ထပ်ပါလာတယ်ဆိုတော့ ဒါက ထူးခြားမှုအဖြစ်တော့ ကျနော်တို့ သတ်မှတ်ပါတယ်။ သို့သော်လည်း နိုဝင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်မှာ သတင်း လွတ်လပ်ခွင့် အတော်အတန် ရလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတဲ့ပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ပုံတွေ အတော်အတန် ဖော်ပြခွင့်ရပြီး နောက်ပိုင်းမှာ ပြန်ပိတ် သွားပါတယ်။ အခု ပြန်ပြီးရတယ်ဆိုတာ ဒါဟာ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ပထမဦးဆုံး ဖော်ပြခွင့် ရတဲ့အတွက် ထူးခြားမှုလို့တော့ ပြောနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ပိုင်းပြန်ပိတ်သွားလိမ့်မယ်လို့ စိုးရိမ်စိတ်တွေ ရှိနေပါသလား။ စောစောကဖြစ်သလို။
ကိုဇော်ဇော် ။ ။ ဒါကတော့ ကျနော်တို့ အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင်တော့ နောက်ထပ် ဖြစ်ပေါ် လာမယ့် အခြေအနေတွေကို စောင့်ကြည့်ရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု သမ္မတသစ်ပေါ်လာပြီ၊ သမ္မတသစ်က တိုင်းပြည်ကို မိန့်ခွန်းတွေ ပြောပြီးပြီ။ မိန့်ခွန်းတွေက အင်မတန်ကောင်းပါတယ်။ မိန့်ခွန်းအရ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ လက်တွေ့လုပ်လာမယ့်ဟာတွေ ဘာမှသိပ်ထူးထူးခြားခြား ဘာမှမတွေ့ရသေးတဲ့အတွက်ကြောင့် ပြန်ပိတ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ ရှိနေတာအမှန်ပါပဲ။
ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် ကြားတဲ့အတိုင်းပဲ မြန်မာနိုင်ငံအတွင်းက ကျနော်တို့လို ဘဝတူ သတင်းသမားတဦးက ပြောတဲ့သတင်းစကားတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အနီးကပ်စောင့်ကြည့်နေတဲ့ ကိုအောင်ဇော်ရဲ့  အမြင်ကို ပြောပါ။ အခု သတင်းလွတ်လပ်ခွင့်နည်းနည်း window opportunity နည်းနည်းရှိလာသလား။ အလားအလာကောင်းတယ်လို့ ထင်ပါသလား။
ကိုအောင်ဇော် ။ ။ ကျနော်ထင်တယ် ကျနော်တို့ စောင့်ကြည့်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းလေး ရေးခွင့်ရတာနဲ့ သတင်းလွတ်လပ်ခွင့်ရတော့မလားဆိုပြီး ရင်မခုန်သင့်ဘူးလို့ ထင်ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး ရေးစရာတွေ အများကြီးရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားအကြောင်းတွေ၊ ဆည်မြောင်းတွေ ဖောက်နေတဲ့ အကြောင်းတွေ၊ တရုတ်လက်ဝါးကြီးအုပ်နေတဲ့ အကြောင်းတွေ၊ နိုင်ငံရေးကိစ္စတွေ အများကြီး ရှိပါတယ်။ အဲဒီကိစ္စလေးတခု ဖော်ပြခွင့်ရှိတာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရတော့မလားမျိုး တွေးလို့ မရပါဘူး။ ဒါအပြင် မြန်မာနိုင်ငံမှာ သတင်းစာ journalists ပေါင်း (၂၄) ယောက်လောက် ထောင်ကျ နေတုန်းဖြစ်ပါတယ်။ ဘလော့ဂါတွေလည်း ပါပါတယ်။ သူတို့လွတ်မြောက်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်မြင်တာကတော့ ဒီအစိုးရကနေပြီတော့ မိန့်ခွန်းတွေမှာတော့ ရွှန်းရွှန်းဝေ အပျော်ကတော့ ရွှေမန်း မဟုတ်ဘဲနဲ့ လက်တွေ့ တိုင်းပြည်ရဲ့  စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာအခန်းကဏ္ဍကို ဘယ်လိုမျိုး freedom ပေးမလဲဆိုတာမျိုးက အရေးကြီးပါတယ်။ အဲဒါကို အမြန်ဆုံးလုပ်သင့်ပြီး ကျနော်တို့လို အပြင်မှာ ဗွီအိုအေ၊ ဘီဘီစီ၊ ဧရာဝတီ၊ ဒီဗွီဘီ အားလုံး journalists တွေကိုလည်း အထဲကို ဖိတ်ပြီး မီဒီယာ coverage လုပ်ခိုင်းတာမျိုးတွေ လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တဆက်တည်း စဉ်းစားမိတာက အခု မြန်မာနိုင်ငံရဲ့  အလှည့်ကျ အာဆီယံ သက်တမ်းဟာ မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမတကြိမ်တုန်းက မြန်မာနိုင်ငံက လက်မခံ ခဲ့ပါဘူး။ အလှည့်ကျရောက်လာမယ်ဆိုတာကို သတင်းကြားရုံနဲ့ ပြင်ပအတိုက်အခံတချို့ ဆီကို ဒါကို ကန့်ကွက် တယ်၊ ဘာညာပြောနေကြတယ်။ ဒါက သတင်းသမားတွေရဲ့  အလုပ်ပေါ့။ ကျနော်က သတင်းသမား တယောက် အနေနဲ့ မြင်တာကတော့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရင် အာဆီယံညီလာခံတွေကို တိုင်းပြည်အတွင်းမှာ လက်ခံကျင်းပရမယ်။ အဲဒီအခါ မီဒီယာသမားတွေကို ဖွင့်ပေးရမယ်။ အာဆီယံ နိုင်ငံတိုင်းမှာ စံနစ်ချင်း မတူသော်လည်း အာဆီယံညီလာခံတွေ တာဝန်ယူရပြီဆိုရင် ပြည်ပသတင်းထောက် အနည်းဆုံး ၇၀၀-၈၀၀ -၁၀၀၀ စသဖြင့် - ကိုအောင်ဇော်လည်း ပြည်ပမှာ မကြာခဏတွေ့နေရတယ်ကိစ္စပါ။ ဒီလိုမျိုးကို လက်ခံချင်တဲ့သဘောထားမျိုး ရှိရဲ့ လား။ မြန်မာနိုင်ငံဟာ နိုင်ငံခြားသတင်းထောက်တွေကို စောစောက ကိုအောင်ဇော်ပြောသလို ကျနော်တို့ သတင်းဌာနတွေကို သူတို့လွှတ်တော်ကို ပွင့်ပွင့်လင်းလင်း မခေါ်ရဲတာ အာဆီယံလို ညီလာခံကြီးလုပ်ဖို့ သတင်းထောက်တွေ ထောင်နဲ့ချီပြီး လက်ခံနိုင်ပါ့မလား။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာကိုဇော်ဇော်ရဲ့  သဘောထားကို သိချင်ပါတယ်။ မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတကာ ညီလာခံတွေကို လက်ခံကျင်းပနိုင်ဖို့၊ နိုင်ငံရေးကိစ္စကို ထားလိုက်ပါ။ သတင်းသမားတွေကို အဲဒီလောက် ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်ပါ့မလား။ လက်ခံချင်ပါသလား။
ကိုဇော်ဇော် ။ ။ ကျနော်တို့လည်း ကြားပါတယ်။ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ လုပ်လိုတယ်ဆိုတော့ (၂)နှစ် တော့ ကျန်သေးတယ်။ ၂၀၁၁ ဆိုတော့ (၃) နှစ်နီးပါးပေါ့။ အချိန်ကာလအားဖြင့် ပြင်ဆင်မယ်ဆိုရင်တော့ လုံလောက်တယ်လို့ ယုံကြည်ပါတယ်။ သို့သော် အခုနလို သတင်းသမားတွေ အများကြီးကို လက်ခံနိုင်ဖို့ အသင့်ဖြစ်ပြီလားဆိုတာကတော့ စောစောက ကျနော်တို့ ဆွေးနွေးခဲ့သလိုပါပဲ လက်ရှိ အနေအထားရ ပြောရရင်တော့ ဘယ်လိုမှ အသင့်မဖြစ်သေးပါဘူး။ အခြေခံ အဆောက်အအုံရလည်း အဆင်သင့် မဖြစ်သေးပါဘူး။ ထို့အတူ နိုင်ငံရေးအရလည်း အသင့်ဖြစ်သေးတယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ပြီးခဲ့တဲ့ လက်ရှိ အစိုးရသစ်ဆိုတာကလည်း ပြီးခဲ့တဲ့ အစိုးရဟောင်းကိုပဲ ဆက်ခံတဲ့အတွက် သူတို့ရဲ့  သဘောထားတွေက သတင်းသမားတွေဆိုရင် သူတို့က အင်မတန် စိုးရိမ်ပါတယ်။ အမြဲတမ်း သတင်းသမား တွေအပေါ် သံသယမျက်စီနဲ့ ကြည့်ပါတယ်။ ထို့အတူ ပြည်တွင်းမှာလည်း သတင်းသမားတွေ ဝင်လာပြီဆိုရင် မြို့ တော်တွေ၊ မြို့ ကြီးတွေမှာ ထိန်းချုပ်ထားလို့ ရမှာမဟုတ်ပါဘူး။ တခြား သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေ၊ ပတ်ဝန်ကျင် ထိန်းသိမ်းရေးကိစ္စတွေ ဒီလိုဟာမျိုးတွေလည်း အများကြီးရှိတာကြောင့် သတင်းသမားတွေကို လက်ရှိအနေအထားရတော့ အဲဒီလောက် လက်ခံနိုင်တဲ့ အနေအထားလည်း မရှိဘူး။ လက်ခံချင်မယ်လို့လည်း မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံအစိုးရက အာဆီယံအဖွဲ့မှာ ဥက္ကဋ္ဌ လုပ်ပြီးတော့ နိုင်ငံတကာ ညီလာခံတွေကို လက်ခံကျင်းပရတဲ့အခါ သတင်းသမားတွေကို လွတ်လွတ်လပ်လပ် လက်ခံရဲပါ့မလား။ လက်ခံနိုင်ပါသလား။
ကိုအောင်ဇော် ။ ။ သူတို့ လက်ခံကျင်းပနိုင်ရင်တော့ ကျနော်မြင်ပါတယ် သူဟာ အတိုင်းအတာတခုအထိ သတင်းထောက်တွေကို ပေးဝင်မယ်လို့ ကျနော်ထင်တယ်။ အဲဒါ အရေးကြီးတဲ့ကိစ္စတခုလို့ မထင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အခုန ကိုကျော်ဇံသာ ပြောသွားတယ်မဟုတ်လား။ အတိုက်အခံတွေက ကန့်ကွက် နေပြီ။ အတိုက်အခံတွေကလည်း အတိုက်အခံအလုပ်ကို လုပ်မှာပဲ။ ဒါပေမဲ့ ကျနော်တို့ သတင်းထောက်တွေ၊ အယ်ဒီတာတွေကလည်း သတင်းစာဆရာတွေရဲ့  ကျင့်ဝတ်ကို လုပ်ရမှာ ဖြစ်ပါတယ်။ သူတို့က သတင်းစာဆရာတွေ ဖိတ်တယ်။ ကျနော်တို့ကို ဖိတ်တယ်ဆိုရင် ကျနော်တို့က သွားပြီးတော့ coverage ကို လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်မြင်တာက တရုတ်မှာ အိုလံပစ်လုပ်တုန်းကလည်း အားလုံးကို ဖိတ်တာ ပဲ။ ဒါပေမဲ့ domastic reporters, local reporters တွေကြတော့ အဲဒီ နိုင်ငံတကာ သတင်းထောက်တွေ ပြန်သွားတဲ့အခါနောက် ဖိနှိပ်မှုတွေ ဆက်ရှိနေတာပဲ။ အဲဒီအခါမျိုးကြတော့ ခဏတဖြုတ် မိက်ကပ်လိမ်း၊ သနပ်ခါးလိမ်းတာမျိုး လုပ်လေ့ရှိပါတယ်။ ဘယ်အစိုးရမျိုး မဆို၊ ဒီစစ်အစိုးရမျိုးမဆို၊ အာဏာရှင် အစိုးရ မျိုးမဆို။ အဲဒီလိုကာလတခုတည်းကို ကြည့်ပြောလို့မရဘူး။ အဲဒီနောက်မှာ political issue တခုလုံး ရှိတယ်ထင်တယ်။ (၂) နှစ်ဆိုတဲ့ ၂၀၁၄ မရောက်ခင်မှာ မြန်မာနိုင်ငံက မီဒီယာ အဆောက်အအုံတွေ၊ အဲဒါတွေ ပြောင်းမယ်ဆိုရင် ကျနော်ထင်တယ် အာဆီယံမညီလာခံ မကလို့ အပြည်ပြည်ဆိုင်ရာ ညီလာခံတွေ လက်ခံကျင်းပမယ်ဆိုရင်လည်း သတင်းထောက်တွေ သွားရင်လည်း ပြဿနာရှိမယ်လို့ မထင်ပါဘူး။ အဲဒါတွေကို မပြင်ဆင်နိုင်ဘူးဆိုရင်တော့ မြန်မာစစ်အစိုးရက - လက်ရှိ အစိုးရပဲခေါ်ခေါ် စစ်အစိုးရခေါ်ခေါ် ဘာကိုမှ လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်မယ်လို့ မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ သတင်းထောက်တွေကို ကျနော်တို့ ကောလာဟလ ကြားနေရတာက လွှတ်တော် စတော့ မယ် ဆိုတော့လည်း ပြင်ပသတင်းထောက်တွေက အများကြီးလာချင်ကြတယ်။ လျှောက်လွှာတွေ ပို့နေတယ် ပြောလိုက်တော့ အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးက ပြောသတဲ့ - မီဒီယာဆိုတာ ဖွင့်ပေးရတာလွယ်တယ်။ ထိန်းရတာ ခက်တယ်ကွ လို့ တခွန်းပြောလိုက်တာနဲ့ လက်တွန့်သွားတယ်လို့ - ဟုတ်မဟုတ်မသိဘူး အပြင်က ကြားတာပါ။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးရဲ့  အခန်းကဏ္ဍပေါ့ - ဒီပုဂ္ဂိုလ်က သတင်းသမားတွေကို လွတ်လပ်ခွင့် ပေးချင်စိတ်မရှိတာ။ ကျန်တဲ့လူတွေက လိုက်လျောချင်တဲ့စိတ် ရှိတယ်ဆိုတဲ့အမြင်လည်း ပေါ်ပေါက်လာ နိုင်ပါတယ်။ အခုနပြောတဲ့ ကောလာဟလထဲက - အဲဒါ ဘယ်လောက်မှန်ပါသလဲ။
ကိုဇော်ဇော် ။ ။ အဲဒါကတော့ ဖြစ်နိုင်ပါတယ်။ ဦးကျော်ဇံသာ ကြားသလို ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမဲ့ ဘယ်လောက်မှန်သလဲဆိုတာကတော့ အတော်ပြောဖို့ ခက်တဲ့ကိစ္စပေါ့။ သို့သော် ကျနော်တို့ နိုင်ငံရဲ့  အနေအထားက တဦးတယောက်ရဲ့  အပေါ်မှာ ထိပ်ဆုံးကလူတယောက်ပေါ်မှာပဲ အရာတော်တော်များများက မူတည်တာပါ။ ဒီတော့ သူပြောတယ်ဆိုလို့ရှိရင် ဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ တခု ကျနော်တို့ ကြည့်စရာရှိတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  လွှမ်းမိုးမှုက အခုအချိန်အထိ ဘယ်လောက်ကျန်သေးသလဲ။ ဘယ်လောက်အထိ နေ့စဉ် အစိုးရကိစ္စတွေမှာ ဝင်ရောက်လုပ်နေတယ်၊ ဘယ်လောက်ပါဝင်သလဲဆိုတာကို ပြည်တွင်းမှာ အမျိုးမျိုး ကြားရပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သေသေချာချာ ပြောနိုင်တဲ့ အနေအထား မရှိပါဘူး။ ဒါပေမဲ့ လွှတ်တော် ခေါ်ယူကျင်းပမယ်ဆိုတဲ့ကာလနဲ့ အခုလွှတ်တော်လည်း ပထမအကြိမ် ကျင်းပပြီးသွားပြီ။ သမ္မတသစ်လည်း ပေါ်ထွက်လာပြီ။ ဒါပေမဲ့ အစိုးရသစ်အနေနဲ့ သတင်းစာရှင်းလင်းပွဲမျိုး မလုပ်သေးဘူးဆိုတာ ထူးခြားတဲ့ ကိစ္စတရပ်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရသစ်တရပ်ပေါ်လာပြီဆိုရင် သူရဲ့  မူဝါဒတွေ အားလုံးကို ချပြနိုင်ဖို့၊ ပြည်သူတွေသိဖို့၊ နိုင်ငံတကာသိဖို့ ဒါတွေ အရင်ဆုံးလုပ်ရမယ့်ကိစ္စပါ။ အခုအချိန်အထိ သမ္မတ အနေနဲ့ဖြစ်ဖြစ်၊ အစိုးရရဲ့  ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ဖြစ်ဖြစ် ဘာမှ သတင်းစာရှင်းလင်းပွဲမျိုးလုပ်တာ မတွေ့ရသေးပါဘူး။ ဒါကြောင့်မို့ သူတို့တတွေက သတင်းသမားတွေနဲ့ ပတ်သက်လို့ အထူး သတိထား ဆက်ဆံတယ်ဆိုတာ သေချာတဲ့အချက်ပါ။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ ကိုအောင်ဇော် က ဗိုလ်ချုပ်သန်းရွှေ ကို မင်းတရားကြီး၊ ဘဝရှင် မင်းတရားကြီး ဆိုပြီး ဝတ်လဲတော်တွေနဲ့ မျက်နာဖုံး ဖော်ပြခဲ့လို့ ကျနော် ဒီကိစ္စကို ဆွေးနွေးခဲ့ဖူးတယ်။ အခု ကိုအောင်ဇော်ရဲ့  မင်းတရားကြီးအခန်းကဏ္ဍ ဘယ်လောက်ကျန်သေးသလဲ။ နောက် (၂) နှစ်လည်း သူ အဲဒီလို ဆက်လက်နေအုံးမလား။ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့်အချိန်အထိ ခန့်မှန်းချက်လေး ပြောပါ။
ကိုဇော်ဇော် ။ ။ ခန့်မှန်းလို့ ရပါတယ်။ သူ့ရဲ့  အနာဂတ်အတွက်ကတော့ သူ့မိသားစုအနာဂတ်အတွက် အာဏာကို နောက်ကထိန်းချုပ်ထားဖို့ ရှိပါတယ်။ ဦးနေဝင်းလည်း အဲဒီပါပဲ။ အာဏာလွတ်တာနဲ့ တပြိုင်တည်း ဦးနေဝင်း ဘယ်လိုဖြစ်သွားသလဲဆိုတာ သူကိုယ်တိုင်တွေ့ခဲ့ရတာ။ ဦးနေဝင်းက သူ့ရဲ့  အကျဉ်းသားအဖြစ်နဲ့ ဆုံးပါးသွားတာ ဖြစ်ပါတယ်။ ဘဝရှင်မင်းတရားကြီးရဲ့  အခန်းကဏ္ဍက ရှိနေတုန်းပဲလို့ ထင်ပါတယ်။ တဆက်တည်းပြောချင်တာက မီဒီယာကို တိုင်းပြည်ရဲ့  အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင်တခုအနေနဲ့ သေသေချာချာ ပြုစုပျိုးထောင်ဖို့သင့်တယ်လို့ ထင်ပါတယ်။