သုံးရလွယ်ကူစေသည့် Link များ

အနှစ် (၂၀) ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရက ဖွဲ့စည်းလိုက်တဲ့ အရပ်သားတပိုင်းအစိုးရရဲ့  ပြုပြင်ရေးအစီအစဉ်တွေကြောင့် ပြည်တွင်းပြည်ပမှာ အခြေအနေပြောင်းဖို့ အလားအလာကောင်းနေပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကို ယုံကြည်စိတ်ချလို့မရသေးကြောင်း ဝေဖန်သုံးသပ်တာတွေရှိပါတယ်။ စစ်ဗိုလ်တွေ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံက စီးပွားရေးအားကောင်းပြီး မြန်မာပြည်ချွတ်ခြုံကျရတဲ့ကိစ္စကို ဆန်းစစ်ကြပါတယ်။ ထိုင်းစီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်ကြီးထွားနေပါတယ်။

မနှစ်က ထိုင်းအစိုးရမှာ နိုင်ငံခြားသုံးငွေလက်ကျန်ဒေါ်လာ သန်းပေါင်းတသိန်း (၇) သောင်း (၅) ထောင်ကျော် (၁၇၅၁၀၀) ရှိပြီး ဗမာအစိုးရမှာတော့ (၄) ထောင်နီးပါးသာ (၃၉၂၉) ရှိပါတယ်။ ဗမာစစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ မှာ ထိုင်းနဲ့မြန်မာ စီးပွားရေးဟာ မတိမ်းမယိမ်းရှိနေရာက အနှစ် (၅၀) ကြာတဲ့အခါမှာ ထိုင်းအစိုးရက ဗမာအစိုးရထက် (၄၅) ဆ ပိုပြီးချမ်းသာနေတာတွေ့ရပါတယ်။ နှစ်နိုင်ငံစလုံးမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ပေမယ့် စီးပွားရေးမှာ ကွာဟချက် ကြီးမားလွန်တာကို သုံးသပ်ဖို့ လိုပါတယ်။

ခေတ်နဲ့မဆီလျှော်တော့တဲ့ အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကိုပယ်ဖျက်ပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ဘုရင်စနစ်ကို ၁၉၃၂ ခုနှစ်မှာ တည်ထောင်သူဟာ ထိုင်းစစ်ဗိုလ်နဲ့ အရပ်သားဝန်ထမ်းဖြစ်ပါတယ်။ အဲဒီကတည်းက ပညာတတ်အရပ်သားဝန်ထမ်းနဲ့ လက်တွဲလုပ်နိုင်တာဟာ ထိုင်းစစ်ဗိုလ်ရဲ့  ထင်ရှားတဲ့ အသွင်လက္ခဏာဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်ကတော့ အာဏာရပြီးတာနဲ့ အရပ်သားဝန်ထမ်းကို အခိုင်းအစေဖြစ်အောင်လုပ်ပြီး BCS နိုင်ငံ့ဝန်ထမ်းစနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ရာထူးမှန်သမျှ ဗမာစစ်ဗိုလ်က သိမ်းယူလိုက်ပါတယ်။ ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ ဒုတိယအသွင် လက္ခဏာဟာ နိုင်ငံရေးအမြင်ဖြစ်ပါတယ်။ တိုင်းပြည်အကျပ်အတည်းကို အရပ်သားက ဖြေရှင်းနိုင်စွမ်းမရှိရင် စစ်တပ်က ဖြေရှင်းပေးရမယ့်လို့ ထိုင်းစစ်ဗိုလ်က ယုံကြည်တာကြောင့် ရေရှည်အာဏာသိမ်းဖို့ မရည်ရွယ်ပါဘူး။

ထိုင်းစစ်ဗိုလ်ရဲ့  ထူးခြားတဲ့ တတိယအသွင်လက္ခဏာကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအင်အားစုလို့ ယူဆတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီပြုပြင်ရေးပြီးတာနဲ့ တပ်စခန်းကို ပြန်ကြပါတယ်။ ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက အာဏာကို လက်ဝါးကြီးအုပ်သုံးစွဲခဲ့ပြီး ၂၀၀၈ မှာ စစ်ဗိုလ်ဦးဆောင်တဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားပါတယ်။ နေပြည်တော်ဟာ စစ်အာဏာရှင်ရဲ့  ပြယုဂ်ဖြစ်ပါတယ်။ ဗမာစစ်တပ်မှာ ဒီမိုကရေစီဆန့်ကျင်တဲ့ အစဉ်အလာကြီးမားပါတယ်။ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းစစ်ဗိုလ်ဟာ ကိုယ်ကျိုးစီးပွားအာရုံစိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ လက်နက်ခဲယမ်းရောင်းဝယ်ရေး၊ မှောင်ခိုလုပ်ငန်းအစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ ၁၉၉၈ စာရင်းအရ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ် (၁၈၅၉) ဦးရှိပြီး (၆၀၀) ကျော်မှာ ဘာတာဝန်မှ မရှိပါဘူး။

ဒါပေမဲ့ ထိုင်းစစ်ဗိုလ်ရဲ့  ကိုယ်ကျိုးရှာလုပ်ငန်းဟာ တိုင်းပြည်မထိခိုက်တဲ့အတွက် ထိုင်းစီးပွားရေး ရှင်သန်တိုးတက်နေတာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ ဆိုရှယ်လစစ်စနစ်မှာရော ဈေးကွက်စနစ်မှာရော အာဏာပါဝါပြဖို့ အဓိကထားအတွက် တိုင်းပြည်ချွတ်ခြုံကျရပါတယ်။ ထိုင်းစစ်တပ်ရဲ့  တာဝန်ဟာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၁၉၉၄ စာတမ်းမှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင်ကတော့ ဖွံ့ဖြိုးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ စစ်တပ်ပါဝင်တာကို သဘောကျပါတယ်။ ပြည်သူလူထု သက်သာချောင်ချိရေးနဲ့ ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးအတွက် ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ စစ်တပ်ပါဝင်ရမယ်လို့ ထိုင်းဘုရင်က ၁၉၉၅ မှာ ပြောဖူးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း (၁၆) ခု ရှိခဲ့ပေမယ့် ထိုင်းစီးပွားရေးဟာ တိုးတက်နေပါတယ်။

၁၉၃၂ ခုနှစ်မှာ ပထမဆုံးအကြိမ် အာဏာသိမ်းတဲ့ ထိုင်းစစ်အစိုးရကစပြီး ဘယ်စစ်အစိုးရကမှ တိုင်းပြည်ကိုခွစီးပြီး ကိုယ်ကျိုးရှာဖို့ စိတ်မကူးကြပါဘူး။ လုပ်စရာရှိတဲ့ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ပြီးတာနဲ့ စစ်တန်းလျားကို ပြန်ကြတာချည်းပါပဲ။ အဲဒီကစပြီး စစ်ဗိုလ်နဲ့ အရပ်သားလက်တွဲပြီး ပြုပြင်ရေးလုပ်တဲ့ဓလေ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသမိုင်းမှာ တန်ပြန်အာဏာသိမ်းပွဲတွေ ရှိတာကိုကြည့်ရင် ထိုင်းစစ်ဗိုလ်ထဲမှာ မိမိယုံကြည်ချက်အတိုင်း လုပ်သူတွေရှိတာ သိသာပါတယ်။ ဒီ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်ဟာ ရာသက်ပန်အာဏာရယူဖို့ စိတ်မကူးပါဘူး။

ထိုင်းစစ်ဗိုလ်ဟာ အဂတိလိုက်စားတဲ့နေရာမှာ နာမည်ကြီးပါတယ်။ စစ်အာဏာသိမ်းတိုင်း စစ်တပ်အသုံးစရိတ် တိုးတောင်းပြီး အကြံအဖန်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ စည်းလုံးရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးမှာလည်း ထိုင်းစစ်ဗိုလ်ဟာ အရပ်သားပညာတတ်နဲ့ လက်တွဲပြီး ပါဝင်နေပါတယ်။ ထိုင်းစစ်တပ်ဟာ ပြည်တွင်းရန်ကိုသာ အာရုံစိုက်ပေမယ့် နေရတကာမှာ ချုပ်ချယ်ဖို့ စိတ်မကူးပါဘူး။ ဒါကြောင့်မို့ စစ်အာဏာသိမ်းတာတွေ ရှိပေမယ့် တိုင်းပြည်စီးပွားရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG