သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ် မြန်မာ့အလုပ်သမားများ အခြေအနေ


မေလ (၁) ရက်နေ့က ကျရောက်တဲ့ May Day အလုပ်သမားနေ့အတွက် သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားချက်တွေဟာ အလုပ်သမားတွေအတွက် အင်မတန်မှ မျှော်လင့်အားတက်စရာကောင်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အလုပ်သမားတွေရဲ့ လက်တွေ့ဖြစ်နေတဲ့ အခြေအနေနဲ့ ဘယ်လောက်နီးစပ်မှု ရှိပါသလဲ။ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူ ကိုသူရိန်ဇော်၊ ကိုထွန်းထွန်းနိုင် တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အလုပ်သမားနေ့ သဝဏ်လွှာထဲမှာ ရေးထားပါတယ်။ ဥပဒေနဲ့ နည်းဥပဒေများ သတ်မှတ်ပြဌာန်းခဲ့ပြီး အလုပ်သမားအဖွဲ့အစည်းတွေကို ဖွဲ့စည်းခွင့်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဟုတ်ပါသလား။ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ရနေပါပြီလား။

ကိုသူရိန်ဇော် ။ ။ လွတ်လွတ်လပ်လပ်တော့ မရသေးဘူးခင်များ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဖွဲ့စည်းပုံကိုယ်တိုင်က ချုပ်ထားတာဖြစ်နေတယ်။ ပထမ ဖျက်လိုက်တဲ့ ၆၄ ဥပဒေတွေက သူ့ထက်အများကြီးမြင့်တယ်။ ဒီ ဥပဒေမှာဆိုရင် အလုပ်သမားတွေအတွက် တစပ်တဆက်တည်း လုပ်သက်က အနည်းဆုံး (၆) လ ရှိရမယ်လို့ဆိုထားတယ်။ သမဂ္ဂဆိုတဲ့စကားကို သုံးတာကို သူတို့မကြိုက်ဘူး။ အဲဒါကို ဖယ်ခိုင်းတယ်။ အဲဒီ နံမည် အငြင်းပွားနေခြင်းကိုက ကျနော်တို့မှာ မလွတ်လပ်ဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ အနည်းဆုံး ခြောက်လရှိရမယ်ဆိုတာ ဘာပြောတာလဲ။ တစပ်တဆက်တည်း - ဘာ ခြောက်လလဲ။

ကိုသူရိန်ဇော် ။ ။ စက်ရုံတရုံမှာ အလုပ်ခွင့်တခုမှာ တစိုက်မတ်လုပ်ရတာ ခြောက်လသက်တမ်း ရှိရမယ်။ အနည်းဆုံး ခြောက်လသက်တမ်း ရှိရမယ်လို့ ဆိုတယ်ခင်များ။ အဲဒီတော့ ဒီနေ့မှဝင်တဲ့ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ သုံးလ၊ ငါးလလောက်က ဝင်တဲ့အလုပ်သမားတွေက အဲဒီအလုပ်သမားအဖွဲ့ကို ဖွဲ့စည်းခွင့်မရှိဘူးဖြစ်တယ်။ မှတ်ပုံတင်ထားတဲ့အဖွဲ့တွေရှိတယ်။ အဲဒါကို မပြည့်တော့ တလလောက်လိုတာနဲ့၊ အဲဒီလူပါတာနဲ့ ဖွဲ့စည်းခွင့်မကျဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အလုပ်သမားသမဂ္ဂဆိုတာကို မသုံးနှုန်းရရင် ဘယ်လိုနံမည်ပေးရမလဲ။

ကိုသူရိန်ဇော် ။ ။ သူက အလုပ်သမားအဖွဲ့အစည်းလို့ပဲ ဥပဒေပြဌာန်းထားတဲ့စာအုပ်ထဲမှာ အဖွဲ့အစည်းလို့ပဲ ပြောထားပြီး၊ နောက်တခုက တင်တဲ့အခါမှာ သမဂ္ဂလို့ တင်လို့ရှိရင် သမဂ္ဂစကားလုံးပါရင် ပြင်ခိုင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ အင်္ဂလိပ်လို့ ဘာရေးသလဲ။ Union လို့ မသုံးရဘူးလား။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အလုပ်သမားသမဂ္ဂဆိုတာကို မသုံးနှုန်းရရင် ဘယ်လိုနံမည်ပေးရမလဲ။

ကိုသူရိန်ဇော် ။ ။ Union မကြိုက်ဘဲ၊ Organization လို့ သုံးခိုင်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့များ အဲဒီ သမဂ္ဂစကားလုံးကို သူတို့ မနှစ်မြိုဖြစ်နေရတယ် ထင်ပါသလဲ။

ကိုထွန်းထွန်းနိုင် ။ ။ စစ်အာဏာရှင်တွေ၊ အာဏာရှင်တွေအဆက်ဆက်မှာ သမဂ္ဂဆိုတာကို အမြဲတမ်း စိုးရိမ်ကြောက်လန့်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ။ အဲဒီလို သမဂ္ဂတွေကို ကြောက်လန့်တဲ့စိတ်တွေက အခုထိ ရှိနေတယ်။ အဲဒီအတွက်ကြောင့် သူတို့က သမဂ္ဂဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သုံးခွင့်မပေးဘူး။ အဲဒါကြောင့်မို့ ဒီခေါင်းစဉ်လေးတောင်မှ အမည်တောင်မှ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်မရဘူးဆိုရင် အလုပ်သမားတွေက သူတို့ရဲ့ ဘဝအာမခံချက်တွေ၊ အခွင့်အရေးတွေကို ကာကွယ်ဖို့အတွက်ကို ဘယ်လိုလုပ်ပြီး ဆက်လက်ပြီး ကာကွယ်နိုင်မလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အလုပ်သမားအဖွဲ့အစည်းဆိုတဲ့ နံမည်နဲ့တော့ ဖွဲ့ဖြစ်သွားပြီပေါ့။

ကိုထွန်းထွန်းနိုင် ။ ။ အလုပ်သမားအဖွဲ့အစည်းနံမည်နဲ့တော့ ဖွဲ့ဖြစ်သွားပြီ။ တရားဝင်မှတ်ပုံတင်လည်း ချပေးလိုက်ပါပြီ။

ဦးကျော်ဇံသာ ။ ။ အဲဒီ အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်တွေက ဘယ်လောက်အထိ ပေးထားပါသလဲ။

ကိုသူရိန်ဇော် ။ ။ သူတို့ရဲ့ နည်းဥပဒေထဲမှာပါတဲ့အတိုင်းပဲ လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ထပ်ပြီးထုတ်ထားတဲ့ အလုပ်သမားညှိနှိုင်းရေးဥပဒေ၊ အဲဒီ ဥပဒေမှာ လောလောဆယ် တရားဝင်ဖြစ်သွားတဲ့အတွက် အဲဒီ စက်ရုံတရုံမှာ သမဂ္ဂ ဖြစ်ပြီဆိုရင် အလုပ်သမားရဲ့ ကိုယ်စားလှယ်နှစ်ယောက်၊ အလုပ်ရှင်ကိုယ်စားလှယ်နှစ်ယောက်နဲ့ ညှိနှိုင်းရေးကော်မတီလေးတခုကို သူတို့ဖွဲ့စည်းခွင့်ရမယ်။ အဲဒီ ကော်မတီ သက်တမ်းကတနှစ်ဖြစ်တယ်။ အဲဒီ ညှိနှိုင်းရေးကော်မတီမှာ ဖြေရှင်းလို့မရတဲ့အခါကြမှ ခုံသမာဓိအဖွဲ့တွေကို အဆင့်ဆင့်တက်ပြီးတော့ ဖြေရှင်းခွင့်တော့ လောလောဆယ် ပေးထားပါတယ်။ ဒီ ညှိနှိုင်းရေးကော်မတီကနေ ခုံသမာဓိအဖွဲ့အဆင့်ဆင့်ကို ညှိနှိုင်းမဖြေရှင်းဘဲနဲ့ ဆန္ဒပြသပိတ်မှောက်ခွင့် မရှိဘူးလို့ ဥပဒေမှာ ပြဌာန်းထားတယ်။ အဲဒါကြောင့်မို့ ဘယ်လောက်အထိ သူတို့တတွေ အခွင့်အရေးတွေရမယ်ဆိုတာကို ကျနော်တို့ သတိကြီးစွာထားပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ~ အရတော့ ကျနော်တို့ ပြောစရာမရှိပါဘူး။ တကယ်လုပ်တဲ့အခါမှာ ဘယ်လောက်အထိ လုပ်ခွင့်ရှိမလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ကံသေကံမ ဘာမှပြောလို့ မရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာထဲမှာ ထို့အပြင် အလုပ်သမားများနဲ့ လည်းကောင်းတို့၏ မိသားစုများအတွက် လူမှုရေးကာကွယ်စောင့်ရှောက်မှုများ ပိုမိုရရှိစေရန်၊ ဆေးကုသမှုခံယူခွင့်၊ ငွေကြေးအကျိုးခံစားခွင့်၊ အငြိမ်းစားယူပြီးနောက် ဆေးကုသမှု ဆက်လက်ခံစားခွင့်၊ မိသားစုထောက်ပံ့အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အလုပ်လုပ် ကိုင်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ အလုပ်ခွင်မှာ ထိခိုက်မှုအကျိုးခံစားခွင့်၊ နာရေးစရိတ်ခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်နဲ့ အိမ်ယာစီမံကိန်းအကျိုးခံစားခွင့် စတဲ့ အကျိုးခံစားခွင့်များပါဝင်သော လူမှုဖူလုံရေးဥပဒေသစ်ကိုလည်း ရေးဆွဲပြီးဖြစ်ပါတယ်လို့ ဆိုထားတော့ အင်မတန်ကောင်းတဲ့ကိစ္စတွေပါ။ အလုပ်မရှိတောင် အာမခံချက်ရမယ်ဆိုတဲ့ကိစ္စတွေ ပေးထားပါတယ်။ ဒီဟာတွေ တကယ်ပဲ ဖြစ်လာပြီလား။ လောလောဆယ်မှာ ဖြစ်မယ့်အလားအလာ ရှိပါသလား။ လက်တွေ့အကောင်အထည် မဖော်သေးရင်တောင်မှ ဥပဒေ ပြဌာန်းပြီးပြီဆိုတော့။

ကိုသူရိန်ဇော် ။ ။ အလုပ်သမားထုကြားကိုတော့ အခုထက်ထိ မရောက်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အစိုးရသစ် တက်လာပြီးနောက် အစိုးရသစ်ဆိုကြပါစို့။ နောက် လွှတ်တော်တွေခေါ်လာပြီးနောက်မှာ အလုပ်သမားတွေရဲ့ ဘဝမှာ ဘာအပြောင်းအလဲ လောလောဆယ်မှာ ရှိလာသလဲ။

ကိုသူရိန်ဇော် ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ မျှော်လင့်ချက်ဆိုတဲ့ အပြောင်းအလဲတခုရှိလာတယ်လို့ ပြောလို့ရတယ်။ ပထမခေတ် အစိုးရဟောင်းလက်ထက်မှာတုန်းကတော့ ဘာမှကို ပြောခွင့်ဆိုခွင့် မရှိဘူး။ ဘာမှ မျှော်လင့်ခွင့်မရှိတာ။ အခုတော့ အဲဒီလို ပြောနေတဲ့စကားတွေကိုက မျှော်လင့်စရာလို့ အဲဒီလိုပဲမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ မျှော်လင့်ချက်လွှဲပြီးတော့ လက်တွေ့အကျိုးခံစားခွင့် - ဥပမာ လစာတွေ ပိုရလာတယ်။ အလုပ်ချိန်အပို overtime အချိန်ပိုလုပ်အားခတွေ အမှန်တကယ် ရလာတယ်။ အလုပ်သမားတွေ နာမကျန်းဖြစ်ရင် ပိုပြီးဂရုတစိုက် ဆေးဝါးကုသခံယူပိုင်ခွင့် ရှိလာတယ် စသဖြင့် အဲဒီလို ဘာမှ လက်တွေ့အကျိုးခံစားခွင့်တွေ မတွေ့သေးဘူးလား။

ကိုသူရိန်ဇော် ။ ။ အဲဒါတွေက ကျနော်တို့ အလုပ်သမားတွေအားလုံးနဲ့ ညီအကိုမောင်နှမတွေ၊ သားသမီးတွေအားလုံးက စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေပါ။ ကျနော်တို့ကိုယ်တိုင်လည်း အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေပါ။ ကျနော်တို့မှာ တစုံတရာ တိုးတက်မှု ဘာမှမရှိသေးပါဘူး။ အခုထက်ထိ အဲဒီ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ အရင်တုန်းက ဥပဒေမှာကတော့ အလုပ်ရှင်၊ အလုပ်သမားဆိုတာ အလုပ်ရှင်ကတော့ အရင် အစိုးရဟောင်းလက်ထက်တို့ ဘာတို့ထက် မဆလခေတ်တို့မှာတော့ နိုင်ငံပိုင် အလုပ်သမားတွေရဲ့ ကိစ္စသာဖြစ်မယ်။ ၈၈ နောက်ပိုင်းမှာ ပုဂ္ဂလိကလုပ်ငန်းတွေ ရှိလာခဲ့တယ်။ အဲဒီကာလက ပုဂ္ဂလိကစက်ရုံတွေ၊ လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမားတွေဖြစ်တဲ့ ပဋိပက္ခမှာ အာဏာပိုင်တွေ ရပ်တည်ခဲ့တာနဲ့ အခု ဒီဥပဒေတွေ ရေးဆွဲပြီးနောက်ပိုင်းမှာ အာဏာပိုင်တွေ ရပ်တည်ချက် ဘယ်လိုပြောင်းလဲလာပါသလဲ။

ကိုသူရိန်ဇော် ။ ။ အာဏာပိုင်တွေဆိုတဲ့နေရာမှာ ကျနော်တို့နဲ့ အနီးစပ်ဆုံးလို့ ပြောလို့ရတယ့် အငယ်တန်း အာဏာပိုင်၊ အရာရှိတွေရဲ့ အမြင်မှာ ပြောပြောနေတာက ဥပမာ စက်ရုံအလုပ်ရှင်တွေမှာလည်း အခက်အခဲရှိတယ်။ အလုပ်သမားတွေက နင်းကန်ပြီး လိုချင်သလောက် တောင်းနေတယ်ဆိုတဲ့အသံမျိုးတွေ ထွက်ပြီးတော့ အလုပ်ရှင်တွေကတောင်မှ တခါတရံကြရင် ညှိနှိုင်းဆွေးနွေးလိုတဲ့ စိတ်တွေကို သွားတွေ့ရပါတယ်။ အဲဒါကို တော်ရုံတန်ရုံ ရှင်းလင်းတဲ့ကိစ္စတွေကို အလုပ်သမားနဲ့ အလုပ်ရှင်တွေကြားထဲမှာ တတ်နိုင်သလောက် ညှိနှိုင်းပေးပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီလိုမျိုး မလိုလားအပ်တဲ့ အရာရှိတွေ ဝင်လာမှာဆိုတဲ့အတွက်ကြောင့် အချို့အချို့သော အရာရှိတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ရှိလည်းရှိပါတယ် အလွန်နည်းပါတယ်။ အဲဒီတော့ သူတို့ရဲ့ အတွေးအခေါ်က ပထမခေတ် အတွေးအခေါ်ကို မပြောင်းလဲနိုင်သေးတဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ ဒါက အထက်က ညွှန်းကြားချက်ဟုတ်မဟုတ်ဆိုတာကိုတော့ ကျနော်တို့ မသိရပါဘူး။

ဦးကျော်ဇံသာ ။ ။ အလုပ်ရှင်ကတော့ သူတို့ လုပ်ငန်းခွင်မှာ အဆင်ပြေမှ သူ့အလုပ်က ရှေ့ကိုဆက်ပြီး အဆင်ပြေအလုပ်ဖြစ်မှာကို။ ဆိုတော့ အခုန အရာရှိအပိုင်းကလူတွေကတော့ သူတို့အကျိုးစီးပွားသိပ်မပါတဲ့ သဘောလို့ သူတို့မြင်တယ်လို့တူပါတယ်။ ဆိုတော့ ဘာကြောင့်လဲ သူတို့အကျိုးစီးပွား လိုချင်လို့လား။ ပြဿနာဖြစ်လာတဲ့အခါမှာ အလုပ်ရှင်တွေက အဲဒီအတွက်များ ဒီလို ပြောကြတာလား။

ကိုသူရိန်ဇော် ။ ။ အများအားဖြင့် အလုပ်ရှင်တွေက အရာရှိတွေနဲ့ သွားနီးစပ်ပြီး၊ အလုပ်သမားတွေကြတော့ နီးစပ်ဖို့အခက်အခဲ ရှိပါတယ်။ အလုပ်သမားတွေကို အခုအချိန်အထိ အလုပ်ရှင်တွေလို့ အရာရှိတွေက တန်းဖိုးထား ဆက်ဆံဖို့ ဝန်လေးနေတဲ့အချက်တွေကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက ပြဿနာဖြစ်တဲ့ကိစ္စပေါ့။ ကလေးတွေ၊ အလုပ်သမားတွေရဲ့ မိသားစုရဲ့ စားဝတ်နေရေးအတွက် လုပ်ခတွေ၊ လခတွေ ပိုတိုးပေးပါသလား။

ကိုသူရိန်ဇော် ။ ။ ဘာမှ မရသေးပါဘူး။ မရသေးတဲ့အတွက်ကြောင့် အလုပ်သမားတွေကြားမှာ တော်တော်လေးကို အခုအချိန်မှာ အကြပ်အတည်းပိုပြီးဖြစ်လာတယ်။ ပိုပြီးပြောဆိုမှုတွေ ရှိလာတယ်။ ဒါပေမဲ့ သူတို့က တရားဝင်ပြောဖို့ကိုလည်း မပြောရဲဘူး။ သူတို့က ကြောက်လန့်မှု အခုထိ မပြေသေးတဲ့ အနေအထားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အနှိမ့်ဆုံးလုပ်ခံကို ဘယ်လောက်လို့ သတ်မှတ်ထားပါသလဲ။

ကိုသူရိန်ဇော် ။ ။ စက်ရုံတွေက ပေးတဲ့ အနှိမ့်ဆုံးလုပ်ခက တစ်သောင်းကျော်မှာပဲ ရှိပါသေးတယ်။ Overtime ကြေး၊ ဆုကြေး၊ ရက်မပျက်ကြေး စသဖြင့် ပေါင်းပြီးပေးတာမှ ခုနှစ်သောင်း အလွန်ဆုံးရပါတယ်။ တော်တော်များများ ငါးသောင်းပတ်ဝန်းကျင်လောက်မှာ ရပါတယ်။ အဲဒီတော့ သူတို့က အလုပ်တရက် ပျက်တာနဲ့ ဆုကြေး၊ ရက်မပျက်ကြေးတို့ ပြုတ်သွားပါတယ်။ အဲဒီအခါမှာ အရမ်းနည်းသွားပါတယ်။ အဲဒီတော့ သူတို့ အဓိက လိုချင်နေတာကလည်း သူတို့ရဲ့ မူရင်း နေစားလုပ်ခကို သူတို့က ပိုပြီးတော့ - အဲဒါက အာမခံချက်ရှိတဲ့အတွက် ပိုလိုချင်တယ်။ ဒါပေမဲ့ အဲဒါကို ပေးဖို့အတွက်က အလုပ်ရှင်တွေက မကြိုးစားသလို၊ အရာရှိတွေကလည်း ညှိနှိုင်းမှုမှာ အရမ်းနှောင့်နှေးပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အလုပ်ခွင်ကို သွားဖို့လာဖို့။ ရုံးတက်ဖို့ အလုပ်ခွင် အသွားအပြန်အတွက် သယ်ယူပို့ဆောင်ရေးကို သူတို့ တာဝန်ယူပါသလား။

ကိုသူရိန်ဇော် ။ ။ ယူတဲ့အပိုင်းလည်းယူတယ်၊ မယူတဲ့အပိုင်းလည်း မယူဘူး။ ခက်နေတာက အဲဒီမှာ overtime ဆင်းရတာက ည ၁၀ နာရီလောက်အထိ တခါတလေ ဖြစ်တဲ့အတွက်ကြောင့် အနည်းဆုံး ရှစ်နာရီလောက်ဖြစ်တော့ အိမ်ကိုပြန်ရောက်တဲ့အချိန်က ၁၀ နာရီလောက် ပြန်ရောက်တယ်။ များသောအားဖြင့် အလုပ်ဆင်းတဲ့လူတွေက ကျေးလက်ဆင်ခြေဖုံး ရပ်ကွက်တွေက များတဲ့အတွက်ကြောင့် အဲဒီအချိန်မှ ပြန်လာရတော့ ခလေး၊ မိန်းခလေးအတွက် အများကြီးအခက်အခဲရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ဆီက လိုက်မပို့ဘူးပေါ့။

ကိုသူရိန်ဇော် ။ ။ သူတို့ဆီက လိုက်ပို့တယ်ဆိုတာ တစုံတရာအထိပဲ လိုက်ပို့တယ်။ ဥပမာဆိုပါစို့ လမ်းမကြီးပေါ်အထိ လိုက်ပို့ပြီးတော့ အဲဒီကနေ နောက်ထပ် သုံးမိုင်၊ နှစ်မိုင်လောက်သွားတဲ့နေရာကြတော့ ခလေးမလေးတွေက အချိန်မတော် လမ်းလျှောက်ရတာမျိုးတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အလုပ်သမားတွေကို စက်ရုံးမှာ အစားအစာကျွေးပါသလား။ ထမင်းတို့ဘာတို့။

ကိုသူရိန်ဇော် ။ ။ နောက်ပိုင်းမှာ အဲဒီလို အစားအစာကျွေးတာရှိတယ်။ ရှိတာကလည်း သူတို့က ပိုက်ဆံနဲ့ကျွေးတာဖြစ်တယ်။ ထမင်းကို လစာပေးစားတာ ဖြစ်ပြီး အနည်းအကျဉ်းအားဖြင့် ထမင်းစရိတ်အနေနဲ့ သက်သာတယ်ဆိုပေမယ့် စားရတာကတော့ အရမ်းကို ဒုက္ခရောက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အလုပ်သမားတွေနေတဲ့ အိမ်တွေ၊ နေထိုင်တဲ့အိမ်တွေ များသောအားဖြင့် ငှားနေကြတာလား။

ကိုသူရိန်ဇော် ။ ။ စက်မှုဇုံနဲ့ နီးတဲ့နေရာတွေမှာ အများအားဖြင့် ငှားနေကြတာပါ။

ဦးကျော်ဇံသာ ။ ။ ငှားရမ်းခ၊ အိမ်ငှားခဆိုရင် ဘယ်လောက်ရှိမလဲ။ သူတို့ဝင်ငွေရတာနဲ့ တွက်ကြည့်ချင်လို့ပါ။

ကိုသူရိန်ဇော် ။ ။ နှစ်သောင်းကျော်မှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ငါးသောင်းလောက်ရရင် နှစ်သောင်းကျော်လောက်က အိမ်ငှားခနဲ့ သွားပြီပေါ့။ သူတို့မိသားစု စားဝတ်နေရေးအတွက် ဆီဆန်ဆား အခြေခံ - ကလေးတယောက်ရှိတဲ့ မိသားစုနဲ့ တွက်ကြည့်ကြပါစို့။ အခြေခံ စားသောက်ကုန်အတွက် ဘယ်လောက်လောက် ကုန်မယ်လို့ ခန့်မှန်းပါသလဲ။

ကိုသူရိန်ဇော် ။ ။ များသောအားဖြင့် အခု ဆင်းနေတာတွေက လူငယ်တွေများတယ်။ လူကြီးတွေကို မခန့်တာလည်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာဖြစ်လို့ မခန့်ချင်တာလဲ။

ကိုသူရိန်ဇော် ။ ။ ကျနော်ထင်ပါတယ်။ အခု အလုပ်ခန့်တာကိုက တခါတလေကြရင် ကျနော်ကြုံနေရတဲ့ အနေအထားရဆိုရင် မိန်းခလေးတယောက်က သုံးနှစ်လောက် အလုပ်လုပ်ပြီးရင် အကြိမ်ပေါင်းများစွာဖြစ်တယ် - ရုတ်တရက် လဲကျသွားတာတို့။ ဘာဖြစ်လို့ ဖြစ်တာလဲဆိုရင် အမျိုးသမီးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်လာတယ်။ ဘယ်ကဖြစ်လဲဆိုရင် အားနည်းတာကနေဖြစ်တယ်။ အရမ်းပင်ပန်းတယ်၊ အစာရေစာမဝဘူး။ အဲဒီလို အနေအထားကြောင့် အဲဒီလို ရောဂါမျိုးတွေ ရပြီးတော့ ရုတ်တရက် လဲကျသွားပြီးတော့ ဆေးရုံဆေးခန်း ပို့ရတာမျိုးတွေ မကြာခဏ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်အရမ်း ပင်ပန်းလို့။ သွက်သွက်လက်လက် လုပ်နိုင်တဲ့ လူငယ်တွေကို သူတို့ ပိုသဘောကျတဲ့ အနေအထားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို စက်ရုံထဲမှာ လဲကျသွားတယ်ဆိုရင် ဆေးဝါးကုသမှုကို အစိုးရက တာဝန်ယူကုပေးပါသလား၊ အလုပ်ရှင်က ကုပေးပါသလား။

ကိုသူရိန်ဇော် ။ ။ အများအားဖြင့်တော့ သူတို့က ယေဘုယျ ပြောလိုက်တာကတော့ ဆေးရုံသွား၊ ဆေးခန်းသွားပေါ့။ အဲဒီလိုမျိုး ပြောလိုက်တာမျိုးပဲ ရှိပြီးတော့ တကယ်တော့ ဖိဖိစီးစီး မရှိဘူး။

ဦးကျော်ဇံသာ ။ ။ ဆေးရုံးသွား၊ ဆေးခန်းသွား ပြောလိုက်ပြီးရင် သွားတယ်ဆိုပါစို့။ ကုန်ကျစရိတ်ကို ပြန်တောင်းလို့ ရပါသလား။ သူတို့ ပေးသလား။

ကိုသူရိန်ဇော် ။ ။ သာမန်အားဖြင့်တော့ မပေးတာများတယ်။ ပေးတယ်ဆိုရင်လည်း အဖြစ်လောက်ပဲပေးတယ်။ လုံလောက်အောင် မပေးဘူး။

XS
SM
MD
LG