သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားအစိုးရလက်အောက် တိုင်းရင်းသားဒေသ အခြေအနေ


အရပ်သားအစိုးရလက်အောက် တိုင်းရင်းသားဒေသ အခြေအနေ

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ စစ်အစိုးရမဟုတ်တော့ဘူးဆိုတဲ့ သမ္မတဦးသိန်းစိန် လက်အောက် မြန်မာနိုင်ငံမှာ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့  အရပ်သားတွေနဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံရေးအပြုအမှုတွေ တိုးတက်ပြောင်းလဲမှု ရှိလာသလားဆိုတာကို RNDP (Rakhine Nationalities Development Party) ပါတီရဲ့  မြောက်ဦးမြို့ နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ထွန်းသာ နဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးတင့်လွင် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ အရပ်သားအစိုးရပြောင်းလဲ ဖွဲ့စည်းလာပြီးတဲ့နောက်ပိုင်း အစိုးရရဲ့  အဓိကကြွေးကြော်သံတခုကတော့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓါတ်ဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓါတ် မွေးရမယ်ဆိုတာ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာဖြစ်တဲ့ ပြဿနာအတော်များများက တိုင်းရင်းသားနဲ့ ပြည်ပဆက်ဆံရေးဟာ တိုင်းရင်းသားအချင်းချင်းကြားမှာ ဖြစ်ကြတာမဟုတ်ပါဘူး။ အဓိက အုပ်ချုပ်သူနဲ့ တိုင်းရင်းသားကြားမှာဖြစ်တယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ အုပ်ချုပ်သူတွေထဲမှာဆိုရင် စစ်တပ်ရဲ့  အပြုအမှုက တိုင်းရင်းသားဒေသတွေမှာ အတော်ဆိုးဝါးတယ်ဆိုပြီးတော့ လူ့အခွင့်အရေးချိုးဖောက်တဲ့နေရာမှာလည်း သူတို့ဟာ အပြင်းထန်ဆုံးဖြစ်တယ်လို့ တိုင်းရင်းသားတွေထံမှ ညည်းညူသံကြားရပါတယ်။ ဆိုတော့ အခု အရပ်သားအစိုးရလည်း ပြောင်းလဲလာပြီ။ အရပ်သားအစိုးရရဲ့  မူဝါဒကလည်း စစ်မှန်တဲ့မျိုးချစ်စိတ်ဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓါတ်ရှိရေးလို့ ဆိုလာတော့ စစ်တပ်ရဲ့  အပြုအမှု ဘယ်လောက်ပြောင်းလဲလာပါသလဲဆိုတာကို ဒီနေ့ စမ်းစစ်လိုခြင်း ဖြစ်ပါတယ်။ ပထမဦးဆုံး ဦးအောင်ထွန်းသာအနေနဲ့ ဦးအောင်ထွန်းသာဟာ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။ ဆိုတော့ ဦးအောင်ထွန်းသာရဲ့  ပြည်သူတွေဆီကကြားရတဲ့ အခြေအနေကို နည်းနည်းပြောပြပါ။ ဦးအောင်ထွန်းသာရဲ့  ပြည်သူတွေအပေါ် စစ်တပ်ရဲ့  ဆက်ဆံပုံ၊ ဆက်ဆံနည်းတွေ နည်းနည်းပြောင်းလဲလာသလား။ ဘယ်လိုပြောင်းလဲမှု ရှိပါသလဲ။

ဦးအောင်ထွန်းသာ ။ ။ ကျနော်တို့ မြောက်ဦးအတိုင်းအတာနဲ့တော့ အရင်ကထက်ဆရင် နည်းနည်းပျော့ပျောင်းလာတယ့် သဘောရှိတယ်လို့ သိရပါတယ်။ အရင်တုန်းကဆိုရင် ငါတို့ အစိုးရကတပ်အစိုးရပဲ၊ တပ်မတော်အစိုးရပဲဆိုပြီး ပြောနေဆိုနေကြတယ်။ ဒီနေ့ အရပ်သား အစိုးရတက်လာတော့ ဒီစကားတွေကို မပြောတော့ပါဘူး။ အရပ်သားဆီ ရောက်သွားပြီဆိုတော့ သူတို့လေသံပျော့သွားပြီလို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ လေသံတော့ပျော့သွားပြီ။ အပြုအမှုကရော အရပ်သားတွေအပေါ် ဆက်ဆံပုံဆက်ဆံနည်းကရော။

ဦးအောင်ထွန်းသာ ။ ။ ကျနော်တို့ ရခိုင်ပြည် အတိုင်းအတာနဲ့ဆိုရင်တော့ ဟိုတော်တော်ဝေးတဲ့နေရာတွေတော့ မသိပါဘူး။ မြောက်ဦးမြို့  အတိုင်းအတာနဲ့တော့ မြောက်ဦးမှာ တပ် (၃) တပ်ရှိတယ်။ သူတို့ရဲ့  မြောက်ဦးဒေသမှာ အရင်လို အားနဲ့ဒေါနဲ့ ပြောသံဆိုသံတော့ သိပ်မရှိတော့ပါဘူး။ အရင်တုန်းကဆိုရင် သူတို့ပြောသံဆိုသံတွေက မောက်မောက်မာမာ ဆက်ဆံတာတွေရှိတယ်။ အခုတော့ အဲဒါတွေ လျော့နည်းလာပြီး တဖြည်းဖြည်း ပျောက်လာတယ်လို့ ယူဆလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက ရခိုင်ပြည်ဖက်ရဲ့  ယေဘုယျအခြေအနေ။ ကျနော်တခု သိချင်တာက အဲဒီလို ပျော့ပျောင်းလာတယ်ဆိုတဲ့ နေရာမှာ အစတုန်းကဆိုရင် ဒေသအတွင်းမှာ ငွေကြေးကောက်ခံတာ၊ စစ်တပ်ကနေ အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ အများကြီးပါပဲ။ အဲဒီလုပ်ငန်းတွေရော လျော့ပေါ့သွားပါသလား။

ဦးအောင်ထွန်းသာ ။ ။ ကျနော်တို့ဒေသမှာ အတင်းအဓမ္မ အလုပ်ခိုင်းတာတို့၊ ငွေကြေးကောက်ခံတာတို့တော့ အခု လုံးဝမကြားရသလောက် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ လုံးဝမကြားရသလောက်ဆိုတော့ အရင်တုန်းကတော့ ကုလားတန်မြစ်ပေါ်မှာ လှေတွေပါတွေ သွားလာနေရင် သူတို့ navy က သင်္ဘောတွေရပ်နေပြီး အခွန်ပေးရတယ်ဆိုတာတွေ တွေ့ရပါတယ်။ အဲဒါမျိုးတွေ မရှိတော့ဘူးလား။

ဦးအောင်ထွန်းသာ ။ ။ အဲဒါတော့ စစ်တွေနဲ့ ပုဏ္ဍားကျွန်းကြားမှာ တခုတော့ ရှိပါတယ်။ အဲဒီကြားမှာ အခုလည်း navy ရှိပါတယ်။ သူတို့ဆီက ပုဇွန်းတို့ဘာတို့ အဲဒါတွေလာရင် သူတို့ဆီကို တက်ခိုင်းပြီးတော့ ကောက်ကြေးငွေ ဘယ်လောက်ပေးခဲ့ပါ၊ ဘယ်လောက်ပါရင် ဘယ်လောက်။ ပုဇွန်းပါရင်လည်း ပုဇွန်းပေးခဲ့ပါ - အဲဒါမျိုး တောင်းတာတော့ရှိတယ်လို့ ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးမျိုးတင့်လွင်တို့ဘက်မှာကောခင်များ။

ဦးမျိုးတင့်လွင် ။ ။ အသွားအလာ ခက်ခဲတာတခုပဲ ရှိပါတယ်။ ပြဿနာတွေတော့ လောလောဆယ် မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးအောင်ထွန်းသာ စောစောကပြောတဲ့အထဲမှာ အရင်တုန်းကဆိုရင် ကျနော်ကြားသိရသလောက်ဆိုရင် စစ်တပ်ကလူတွေ၊ သာမန်အရာရှိတွေလာရင်တောင် အရပ်သားတွေက လမ်းဘေးဖယ်ပေးရတာတို့၊ အင်မတန် သူတို့ကို အရိုအသေပေးရတယ်လို့ဆိုတယ်။ အခုကြတော့ အဲဒါမျိုးတွေ လုပ်သေးသလား။

ဦးအောင်ထွန်းသာ ။ ။ အဲဒါမျိုးတော့ မရှိတော့ပါဘူး။ အရင်တုန်းကလို ကြောက်စရာလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ကိုယ့်အသိနဲ့ကိုယ်တော့ ဒါလူကြီးပဲဆိုပြီ အရိုအသေပေးတာတော့ နည်းနည်းပါးပါး ရှိတာပေါ့။ ဒါပေမဲ့ အရင်တုန်းကလို ကြောက်ကြောက်လန့်လန့်နဲ့ ဟိုဟာလုပ်ဒီဟာလုပ်တော့ မရှိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးမျိုးတင့်လွင် တို့ မွန်ပြည်နယ်ဘက်က အခြေအနေလည်း ပြောပါအုံး။

ဦးမျိုးတင့်လွင် ။ ။ ကျနော်တို့ဘက်လည်း အဲဒီအတိုင်းပါပဲ။ အရင်ကထက်ဆရင် နူးညံ့သိမ်မွေ့မှုတွေတော့ အများကြီးရှိလာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ထွန်းသာ တို့က အရပ်သားကိုယ်စားလှယ်တွေဖြစ်တယ်။ အဲဒီတော့ အရပ်သားတွေပါဝင်လာတဲ့ အရပ်သားကိုယ်စားလှယ်တွေ အုပ်ချုပ်ရေးမှာပါဝင်လာတဲ့ အရပ်သားတွေ သူတို့အပေါ်မှာ စစ်တပ်ရဲ့  အမြင်ဘယ်လိုနေပါသလဲ။ ဘဝင်ကျပါရဲ့ လား။ စစ်တပ်က လေးလေးစားစား ဆက်ဆံပါသလား။ လူထုကိုယ်စားလှယ် သို့တည်းမဟုတ် သာမန်ပုံမှန်ပဲ ထားသလား။ သို့တည်းမဟုတ် အရပ်သားဆိုရင် အထင်မြင်သေးမှု ရှိသလား စသဖြင့်။

ဦးအောင်ထွန်းသာ ။ ။ လွှတ်တော်အတွင်းမှာတော့ တယောက်နဲ့တယောက် လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ဆက်ဆံတာကတော့ လူကြီးချင်းဖြစ်တယ့်အတွက်ကြောင့် တယောက်ကိုတယောက် အပေါ်စီးက ဆက်ဆံတာမျိုး၊ သူတို့ကို အရိုအသေပေးအောင် လုပ်တာမျိုးတာမျိုးတွေတော့ မရှိပါဘူး။ တန်တူပဲ ဆက်ဆံတာတွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေသအတွင်းကို ပြန်ရောက်တဲ့အခါကြတော့..

ဦးအောင်ထွန်းသာ ။ ။ ဒေသအတွင်းကို ပြန်ရောက်တဲ့အခါကြတော့ ကျနော်တို့ သူတို့နဲ့ မတွေ့သလောက်ပါပဲ။ ကျနော်လည်း ပါတီရုံးသွားလိုက်၊ အလုပ်လုပ်လိုက်နဲ့ သူတို့နဲ့ မတွေ့သလောက်ပါ။ ဒါပေမဲ့ တခြားလူတွေ အရင်တုန်းကလို ပုံစံမျိုးနဲ့ မတူတာတော့ တွေ့ရပါတယ်။ အခုန ကျနော်ပထမဦးဆုံးပြောသလို ပျော့ပျောင်းလာတာတော့ တွေ့ရပါတယ်။ မောက်မောက်မာမာတော့ မရှိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီရုံးတွေကို သူတို့ ထင်ရင်ထင်သလို ဝင်ရောက်စစ်ဆေးတာတို့၊ အထောက်အထား တောင်းခံတာတို့၊ အချက်အလက်တွေ မေးမြန်းတာတို့၊ စစ်ဆေးတာတို့ အဲဒါမျိုးတွေ ဒေသအာဏာပိုင်တွေ လုပ်တာမျိး ရှိပါသလား။

ဦးအောင်ထွန်းသာ ။ ။ တပ်ကတော့ လုံးဝမရှိပါဘူး။ အယ်လ်ဆိုင်ဘီ က တခါတလေ လာပါတယ်။ သူတို့ အကူအညီပေးတဲ့ သဘောမျိုးပါ။ အခု ကျနော်တို့ လွှတ်တော်က ပြန်ရောက်လည်း သူတို့က သတင်းမေးတယ်၊ ဘယ်လိုအကူအညီပေးရမလဲ။ ဘယ်လို အခက်အခဲရှိသလဲ။ လုံခြုံရေးတွေဘာတွေ လာပေးတာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အယ်လ်ဆိုင်ဘီ ဆိုတာ သတင်းတပ်ဖွဲ့ပေါ့။

ဦးအောင်ထွန်းသာ ။ ။ ဟုတ်ကဲ့ သတင်းတပ်ဖွဲ့ပါ။ တပ်ကတော့ လုံးဝမလာပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဧည်စာရင်း တိုင်းရတာတွေဘာတွေ အရပ်သားတွေက အစတုန်းက အမြဲတမ်းလုပ်နေခဲ့ရတယ်။ အဲဒါမျိုးတွေကော ရှိပါသေးသလား။

ဦးအောင်ထွန်းသာ ။ ။ ဧည်စာရင်းက တခါတလေကြရင် ဒီဒေသမှာ ဟို့တလောတုန်းက မောင်းတောကိစ္စနဲ့ ပတ်သက်လို့ ဒီမှာလည်း အဲဒီလိုသတင်း အစအနတွေ ရောက်တယ်ဆိုတော့ ဧည်စာရင်းတွေ အချိန်မတော် စစ်တာတို့ ရှိတယ်လို့ ကြားပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါကတော့ လုံခြုံရေးကိစ္စကြောင့် အရေးပေါ်စစ်တာပေါ့။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ပြည်သူတွေရဲ့  အခုအချိန်၊ အခြေအနေမှာ အငြီးတွားဆုံးအသံက ဘာလဲခင်များ။ ဘာကြားရပါသလဲ။

ဦးအောင်ထွန်းသာ ။ ။ အငြီးတွားဆုံးအသံကတော့ ရပ်ကွက်အုပ်ချုပ်ရေး ခန့်ထားတာနဲ့ ပတ်သက်ပြီး အငြီးတွားဆုံးပဲ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဘယ်သူတွေကို ခန့်ထားပါသလဲ။

ဦးအောင်ထွန်းသာ ။ ။ ခန့်ထားတယ်ဆိုတာက မြို့ နယ်မှာ အရင်တုန်းကတော့ ဥက္ကဋ္ဌ၊ အခုဆိုရင် အုပ်ချုပ်ရေးမှူး၊ သူတို့ပါဝင်တဲ့အဖွဲ့က လိုအပ်တဲ့လူတွေကိုတော့ လောလောဆယ်မှာ ခန့်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အခုလွှတ်တော်မှာ ရခိုင်ပြည်နယ်ကိုယ်စားပြု ပုဂ္ဂိုလ်တယောက် မေးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဲဒီအချက် (၁၀) ချက်နဲ့ ငြိစွန်းတယ်ဆိုရင် တချက်ချက်နဲ့ ငြိစွန်းတယ်ဆိုရင် အဲဒီလူကိုတော့ ကျနော်တို့က စာတင်ပြီးတော့ ဖြုတ်ချရမယ်လို့ သတင်းပေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အရပ်သားတွေ ငြိတယ်ဆိုတာ ဘာကိုငြိတာလဲ။ သူတို့က အနိုင်ကျင့်တယ်။ ဗိုလ်ကျတယ်ဆိုတာလား။

ဦးအောင်ထွန်းသာ ။ ။ အဲဒါကတော့ မလိုလားအပ်တဲ့လူတွေကို ခန့်ထားလို့ပါ။ အဲဒီလိုပါ။ တခါလာလည်း အဲဒီလူ။ တခါလာလည်း ငွေကြေးပေးပြီးတော့ ခန့်ထားတယ့်လူ။ အဲဒီလိုလူကို ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ အောက်ခြေအာဏာပိုင် အဖွဲ့အစည်းပေါ့။

ဦးအောင်ထွန်းသာ ။ ။ ဟုတ်ပါတယ်။ အများကြီးငြိပါတယ်။ တခြားဟာတော့ ငြီးစရာတော့ မရှိပါဘူး။ ကုန်ဈေးနှုန်းတက်တာတော့ ငြီးလို့မရပါဘူး။ အဲဒါကတော့ တချိန်လုံးဖြစ်နေတာ။ တတိုင်းပြည်လုံး ဖြစ်နေတာ။

ဦးကျော်ဇံသာ ။ ။ လျှပ်စစ်မီးကိစ္စရော။

ဦးအောင်ထွန်းသာ ။ ။ လျှပ်စစ်မီးကလည်း မြောက်ဦး အတိုင်းအတာနဲ့ဆိုရင်တော့ တစ်မီတာကို ငါးရာပေးနေရပါတယ်။ အရင်တုန်းက ကျနော်တို့ လွှတ်တော်မသွားခင်တုန်းက ၁၅၀။ ပြန်လာတော့ ငါးရာဖြစ်နေပြီ။ ကျနော်တို့ လွှတ်တော်ထဲမှာလည်း အဲဒါတွေကို အဆိုတင်ခဲ့တယ်။ ဘာမှလုပ်လို့ မပေးဘူး။ ပေးလို့လည်း မဖြစ်ဘူးဆိုတော့ အဲဒါတွေကို ငြီးတော့ငြီးနေတာပဲ။ ဒါပေမဲ့ ငြီးလို့လည်း မရတာပါဘူး။

ဦးကျော်ဇံသာ ။ ။ တစ်မီတာ ငါးရာဆိုတော့ (၂၄) နာရီ ရသလား။

ဦးအောင်ထွန်းသာ ။ ။ မရပါဘူး။ လေးနာရီခွဲလောက်ပဲ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမျိုးတင့်လွင်အနေနဲ့ မွန်ပြည်နယ်ဘက်က အခြေအနေလည်း ပြောပါအုံး။ မွန်ပြည်နယ်ဘက်မှာ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ပြည်သူတွေ ဘဝင်ကျပါသလား။

ဦးမျိုးတင့်လွင် ။ ။ အဲဒါကတော့ ကျေးရွာဥက္ကဋ္ဌ ဘယ်သူဖြစ်မလဲ။ ရပ်ကွက်ဥက္ကဋ္ဌ ဘယ်သူဖြစ်မလဲဆိုတာပဲ စိတ်ဝင်စားကြတယ်။ အခု ကျနော်တို့ မွန်ပြည်နယ်မှာဆိုရင်လည်း ကျနော်တို့ပါတီက နှစ်ယောက်၊ ပြည်ခိုင်ဖြိုးက နှစ်ယောက်၊ ရပ်မိရပ်ဖက နှစ်ယောက်။ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးက နှစ်ယောက်ဆိုပြီး (၁၀) ယောက်ကို ရွေးချယ်ခိုင်းပြီး အဲဒီ (၁၀) ယောက်ထဲကနေ ပြည်နယ် cabinet အဖွဲ့ကနေ ရွေးချယ်ပြီး ရပ်ကျေးဥက္ကဋ္ဌ၊ ရွာမှာဆိုလည်း ကျေးရွာဥက္ကဋ္ဌ အဲဒီလိုမျိုး ခန့်ဖို့ ပန်ကြားထားတာ ရှိပါတယ်။ အဲဒါကိုလည်း ကျနော်တို့ပါတီအနေနဲ့ ကြိုက်နှစ်သက်တဲ့ နှစ်ယောက်စီ ရွေးချယ်တင်ပေးလိုက်ပြီ။ ဘာမှတော့ အဖြေမကြားသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ သူတို့ ရွေးထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကိုရော အရပ်သားတွေ၊ ဒေသခံပြည်သူတွေက လက်ခံကြပါသလား။ ကြိုက်နှစ်သက်ကြပါသလား။ အဲဒီ ပြည်သူတွေအများဆုံး ငြီးတွားတဲ့ကိစ္စက ဘယ်ကိစ္စလဲ။ အခုလောလောဆယ် မွန်ပြည်နယ်ဘက်မှာ အခု အရပ်သားအစိုးရဖြစ်လာခဲ့ပြီနောက်။

ဦးမျိုးတင့်လွင် ။ ။ လောလောဆယ် အငြီးတွားဆုံးကိစ္စကတော့ ရပ်ကြေးဥက္ကဋ္ဌတွေပဲ။ သက်ဆိုးရှည်နေတဲ့ ဥက္ကဋ္ဌတွေလည်း ရှိနေတယ်ပေါ့။ ရေရှည်ပေါ့ ဥက္ကဋ္ဌတွေကို မဖြစ်စေချင်တော့ဘူး။ အပြောင်းအလဲလေး လိုချင်ကြတယ်။ ဒီကိစ္စလေးတခုပဲ မွန်ပြည်နယ်မှာ ပြဿနာတက်နေတာရှိတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက မွန်ပြည်နယ်ဘက်မှာရော ဦးမျိုးတင့်လွင်တို့ရဲ့  ပါတီတွေ၊ အဖွဲ့အစည်းတွေ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေရဲ့  လှုပ်ရှားသွားလာမှုတွေ၊ နိုင်ငံရေးကိစ္စ ဆောင်ရွက်တဲ့အခါမှာ အာဏာပိုင်တွေက လိုက်ပြီးစောင့်ကြည့်တာတို့၊ ထင်ရင်ထင်သလို ခေါ်ယူစစ်ဆေးမေးမြန်းတာတို့၊ ရုံးကိုအတင်းဝင်လာတာတို့ အဲဒါမျိုးတွေ ရှိပါသလား။

ဦးမျိုးတင့်လွင် ။ ။ မရှိပါဘူး။ ကျနော်တို့ ဘာပဲလုပ်လုပ် သတင်းတပ်ဖွဲ့တော့ရှိတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့သတင်းတပ်ဖွဲ့မရှိဘဲနဲ့ ပါတီအတွင်း နိုင်ငံရေးသက်သက်ကိစ္စကိုတော့ ဆွေးနွေးလို့ မရဘူးပေါ့။ သူတို့ကတော့ လာတက်မှာပေါ့။

ဦးမျိုးတင့်လွင် ။ ။ ကျနော်တို့ ရုံးမှာလုပ်ရင်တော့ သေချာဖိတ်ပါတယ်။ ဒီနေ့ ကျနော်တို့ ဘာလုပ်မလဲ၊ ညာလုပ်မလဲဆိုပြီး အကြောင်းကြားပါတယ်။ အကြောင်းကြားရင် လာပါတယ်။ လာလို့ရှိရင်လည်း သူတို့က ကင်မရာပေး၊ ဘာပေးညာပေးပြီး ပြန်သွားကြတယ်။ ညနေပိုင်းကျမှ ဘာတွေလုပ်လဲ၊ ဘာတွေပြောသလဲဆိုပြီး သတင်းယူပါတယ်။ သိပ်ပြီးတော့ ဖိတဲ့ပုံစံမျိုးတော့ မရှိပါဘူး။

XS
SM
MD
LG