ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်အကြောင်း နဲ့ ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး ပဋိပက္ခများအရေးကို ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း၊ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုအခါမှာ မြန်မာအစိုးရဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ ညှိနှိုင်းဖို့ ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ဆိုတာကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ အရင်တုန်းက နှစ်ဖွဲ့ရှိခဲ့တာ တချို့က ခေါင်းမာတဲ့ပုဂ္ဂိုလ်တွေပါတယ်၊ ဘာညာဆိုပြီး သတင်းတွေထွက်နေခဲ့ပါတယ်။ အခုအခါမှာတော့ တိုင်းရင်းသားအရပ်သားတဦးဖြစ်တဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကို ဦးစားထားဖွဲ့စည်းတယ်၊ ပိုမိုကျယ်ပြန့်တဲ့အဖွဲ့အစည်းဖြစ်တယ်။ လွှတ်တော်က တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေပါတယ်။ တရားသူကြီးချုပ်၊ ရှေ့နေချုပ်ပါတယ်။ စစ်ဆင်ရေးမှာ အဓိကပါဝင်နေတဲ့ ဒေသခံတိုင်းမှူးတွေပါတယ်ဆိုတော့ ပိုမိုထိရောက်တဲ့အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ထဲမှာပါဝင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောပါတယ်။ ပထမဦးဆုံး တိုင်းရင်းသားသတင်းသမားတွေ အခုလက်ရှိ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အစဉ်သဖြင့် သတင်းရေးနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုကြားပါသလဲ။ ဘယ်လို မြင်ပါသလဲဆိုတာကို ပထမဦးဆုံး ကိုနော်ဒင်း ကို မေးချင်ပါတယ်။ ကိုနော်ဒင်း တာဝန်ယူပြီးလိုက်နေတဲ့ ကိုနော်ဒင်းတို့ဒေသကဖြစ်တဲ့ KIA/KIO တို့နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လောလောဆယ် အပြင်းထန်ဆုံး၊ တားလို့မရဆုံး ဖြစ်နေပါတယ်။ ဆိုတော့ ဒီလို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ပြုပြင်ဖွဲ့စည်းလိုက်တဲ့အတွက် ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့အတွက် တစုံတရာ အလားအလာကောင်း တွေ့ရပါသလား။
ကိုနော်ဒင်း ။ ။ အခုလိုမျိုး ရှမ်းတိုင်းရင်းသားဖြစ်တဲ့ ဒေါက်တာစိုင်းမောင်ခမ်း ကို အခု ငြိမ်းချမ်းရေးအသစ်ဖွဲ့စည်းလိုက်တဲ့ ကောင်စီရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာကိုတော့ ကျနော့်ကိုယ်ပိုင်အမြင်အရ ကြိုဆိုပါတယ်။ ကချင်အမျိုးသားတွေအားလုံးကလည်း ကြိုဆိုပါလိမ့်မယ်။ သို့သော်လည်း သူ့အနေနဲ့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တကယ်ပဲ ကချင်လူမျိုးတွေ တောင့်တတဲ့ ပင်လုံကိုအခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖက်ကို ဘယ်လောက်အထိ ဦးဆောင်နိုင်ဖို့ လုပ်ပေးနိုင်မလဲ။ ဦးဆောင်နိုင်မလဲဆိုတဲ့ အခြေအနေကတော့ စိတ်ပူစရာဖြစ်တယ်။ တခုကလည်း မြန်မာအစိုးရအနေနဲ့က ၂၀၀၈ အခြေခံဥပဒေမူဘောင်အတွင်းမှာပဲ သူက နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းတွေအားလုံးကို အဓိက လုပ်ချင်တာဖြစ်တယ်ဆိုရင် သူ့အနေနဲ့က ရုပ်ပြပဲဖြစ်ပြီး လက်တွေ့မှာ သူဘယ်လောက်အထိ လုပ်နိုင်မလဲ။ သူကို ဘယ်လောက်အထိ စစ်တပ်က အခွင့်အရေးပေးထားမလဲ။ ပြီးတော့ သမ္မတဦးသိန်းစိန် အစိုးရက သူကို အာဏာပေးထားမလဲ စတဲ့အချက်တွေကတော့ အရမ်းအရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ တိုင်းမှူးတွေ၊ တပ်မမှူးတွေ ပါလာလိမ့်မယ်ဆိုတော့ ဒီ ပုဂ္ဂိုလ်တွေ ပါလာခြင်းဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပိုပြီးအထောက်အကူ မဖြစ်နိုင်ဘူးလား။ သို့တည်းမဟုတ် သူတို့ဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပိုပြီးအဟန့်အတားဖြစ်စေမယ် ထင်ပါသလား။ ဆရာခွန်စိုင်း ဘယ်လိုသဘောရပါသလဲ။
ဦးခွန်စိုင်း ။ ။ ကျနော့်အမြင်မှာ ဒုသမ္မတကြီး စိုင်းမောက်ခမ်း ပါတာဟာ ရိုးရိုးလူတွေ၊ လူပိန်းအနေနဲ့ ပြောမယ်ဆိုရင် ဒီဥစ္စာက make-up ပေါ့။ ဒါပေမဲ့ make-up ထည့်တယ်ဆိုတာက အရေးမကြီးဘူးလားဆိုတော့ အလုပ်တိုင်းမှာ make-up ဆိုတာ အမြဲတမ်းလိုပါတယ်။ ကျနော်တို့ make-up မရှိဘဲနဲ့ ကြည့်ရှုလို့မကောင်းဘဲနဲ့ အလုပ်တခုလုပ်ရတယ်ဆိုတာ ဒါမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လည်း ဒုသမ္မတကြီး စိုင်းမောက်ခမ်း ပါတာဟာ make-up ကောင်းတခုဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ နံပါတ်တစ်က။ နံပါတ်နှစ်က စစ်ဘက်ဆိုင်ရာက ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ဒု-ဥက္ကဋ္ဌအဖြစ် ပါဝင်တယ်။ နောက်ပြီး အရေးကြီးတဲ့ စစ်တိုင်းဒေသက စစ်တိုင်းမှူးတွေလည်းပါမယ်။ ဒီဥစ္စာက ကချင်ဘက်ကရော၊ SSA - ရှမ်းပြည်တပ်မတော်တွေက မျှော်မှန်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအထိ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်တွေချုပ်ခဲ့ပြီးပြီ။ SSA ဆိုရင် ငါးလကျော်ပြီ။ အခုအထိ အကောင်အထည်မဖော်နိုင်သေးတာက စစ်ဖက်ဆိုင်ရာဘက်က ပါဝင်မှုက သိပ်အားနည်းသေးတယ်လို့ သူတို့မြင်တယ်။ ဒါကြောင့်မို့ စစ်တိုင်းဖက်က ပိုပြီးအာဏာရှိတဲ့လူ၊ ပိုပြီးဆုံးဖြတ်နိုင်တဲ့လူတွေပါလို့ရှိရင် သိပ်ကောင်းမယ်လို့ သူတို့က အကြံပြုထားတာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်းအနေနဲ့ စစ်တပ်က အကြီးအကဲတွေကိုယ်တိုင် ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါဝင်ဆွေးနွေးမယ်ဆိုတော့ ဆွေးနွေးပွဲကောင်းလာနိုင်မယ့် အလားအလာ မမြင်ဘူးလား။
ကိုနော်ဒင်း ။ ။ ကျနော်က ဒီနေရာမှာ ပြီးခဲ့တဲ့ ကချင်အပစ်အခတ်ရပ်စဲရေးနဲ့ အခု တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာ တွေ့ဆုံပွဲတွေရဲ့ အတွေ့အကြုံကို နည်းနည်းလေးပြောချင်တယ်။ စစ်အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးကို လုပ်နိုင်တယ်။ သို့သော်လည်း အရပ်သားအစိုးရလို့ ပြောတဲ့ သမ္မတဦးသိန်းစိန် တက်လာတဲ့ အရပ်သားအစိုးရနောက်ပိုင်းမှာ စပြီးတိုက်ခိုက်လာတာကို တွေ့ရတယ်။ တိုက်တဲ့နောက်ပိုင်းမှာလည်း ကျနော်တို့ အခုအချိန်ထိ ခုနှစ်ကြိမ် အနည်းဆုံး KIO ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရဖက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက တွေ့ဆုံခဲ့တယ်။ အဲဒီ တွေ့ဆုံပွဲ အတွေ့အကြုံအရဆိုရင် နိုင်ငံရေးကို ဆွေးနွေးသွားဖို့ကို ပြောကြတယ်။ ပြီးတော့ အပြန်အလှန်ယုံကြည်မှု ရှိဖို့အတွက်။ တိုက်ပွဲတွေဖြစ်နေတဲ့နေရာကနေ နှစ်ဖက်တပ်များကို ဆုတ်ခွါပေးဖို့အတွက် သဘောတူညီချက်တွေလည်း ထုတ်ပြန်တာမျိုးတွေ ရှိခဲ့တယ်။ စစ်တပ်က အဲဒါကို လိုက်နာမှုမရှိဘူး။ အဲဒါကြောင့် အခုအခြေအနေမှာက တကယ်ပဲ အစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားလားဆိုတဲ့အချက်က မေးခွန်းကြီး ဖြစ်လာပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးနော်ဒင်း ကို ဆက်ပြီးမေးချင်တဲ့အချက်က ဦးအောင်သောင်း အကြောင်းကို ပြောလာတော့။ အခုအခါမှာ ဦးအောင်သောင်းလည်း မပါတော့ဘူးလို့ ပြောပါတယ်။ အဲဒီတချက်ကိုလည်း မေးချင်တယ်။ နောက် စစ်တပ်က မလိုက်နာဘူးဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ကြားတဲ့ သတင်းတချို့ကို ပြောပါရစေ တချို့က ဘာပြောသလဲဆိုရင် ဘယ်သူနဲ့ စကားပြောရမလဲ၊ ငြိမ်းချမ်းရေးတခါတည်းမိသေးအောင်။ ပွဲပြတ်အောင်ဆိုပြီးမေးတယ်။ သို့ပေမယ့် ကချင်ဖက်မှာက ကေအိုင်အို ခေါင်းဆောင်တွေက သူတို့တပ်ကို သူတို့ထိန်းလို့ရသည့်တိုင်အောင် ကချင်ပြည်သူစစ်တွေ ဖွဲ့စည်းထားတယ်။ အဲဒီ ပြည်သူစစ်တွေက ဗဟိုကအမိန့်ပေးတာကို အတိအကျ မလိုက်နာဘူး၊ ပြည်သူစစ်တွေဒဏ်ကို စစ်တပ်ကလည်း အတော်ခံရတယ်လို့ ဆိုပါတယ်။ အဲဒီအချက် ဘယ်လောက်မှန်ပါသလဲ။
ကိုနော်ဒင်း ။ ။ လုံးဝမမှန်ကန်ဘူး။ သက်သေလည်း မရှိဘူး။ ဘာကြောင့်လဲဆိုရင် ကေအိုင်အိုဖက်က အရပ်သားအဖွဲ့တွေကို ဖွဲ့စည်းထားတာကတော့ မှန်ပါတယ်။ သို့သော်လည်း အရပ်သားအဖွဲ့တွေအားလုံးက သက်ဆိုင်ရာဒေသအသီးသီးမှာ အခြေစိုက်ထားတဲ့ သက်ဆိုင်ရာ တပ်ရင်းတွေအောက်မှာ စစ်ရေးနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှုတွေအားလုံးက အမိန့်ကို လိုက်နာရတာဖြစ်တယ်။
ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း ကို ပြန်မေးချင်ပါတယ်။ အခု ကျနော်တို့ဆီက သတင်းထောက်က စောစောကပဲ ငြိမ်းချမ်းရေးအဖွဲ့သစ်ရဲ့ အဖွဲ့ဝင်ဝန်ကြီးတယောက်ကို မေးတယ်။ သူတို့ဟာ ကချင်နဲ့ အရင်တွေ့မယ်။ တွေ့ပြီးတော့ အကုန်လုံး ဘက်စုံပါဝင်တဲ့အဖွဲ့တွေနဲ့ တွေ့မယ်။ မျက်နာစုံညီတွေ့မယ်လို့ ပြောပါတယ်။ ကချင်နဲ့ မတွေ့ခင်မှာ အရင်တုန်းက ဦးအောင်သောင်းနဲ့ တွေ့မယ်။ ဒါပေမဲ့ မပြေလည်ဘူး၊ ပျက်သွားတယ်။ အခု ဦးအောင်သောင်း မပါဘူး။ ဦးစိုင်းမောက်ခမ်း ဦးဆောင်ပြီးတွေ့မယ်။ ဦးခွန်စိုင်း ပြောတဲ့ make-up လိမ်းပြီးတော့ တွေ့တယ်ဆိုတော့ ပိုပြီးအမြင်ကောင်းတဲ့ အခြေအနေမျိုးများ မဖြစ်လာနိုင်ဘူးလား။ မထင်ဘူးလား။
ကိုနော်ဒင်း ။ ။ ကချင်တွေဖက်ကတော့ အဲဒီလိုမျိုး မျှော်လင့်ပါတယ်။ အဓိကတော့ နိုင်ငံရေးကို တက်လှမ်းနိုင်မယ့် ဆွေးနွေးပွဲမျိုးကို ကချင်ဖက်က လိုလားနေတာဖြစ်တယ်။ သမ္မတဦးသိန်းစိန် အစိုးရကိုလည်း တောင်းဆိုထားတဲ့အချက်ရှိတယ်။ အဓိကတော့ ပြဿနာတွေအားလုံးကတော့ ပင်လုံကနေ စလာတာဖြစ်တယ်။ ပင်လုံကတိကဝတ်ကို ကတိမတည်တော့ အခုလိုမျိုး ပြဿနာတွေ ဖြစ်လာတာဖြစ်တော့ တွေ့ဆုံပွဲတွေအားလုံးက အဲဒီဖက်ကို ဦးတည်သွားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ရမယ်။
ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း အဲဒီတော့ ကချင်ကလွဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အင်အားစု အတော်များများနဲ့ နားလည်းမှုလည်း အတော်ရလာပြီ။ မကြာခင်က ဒီရက်အတွင်းမှာပဲ CNF နဲ့ လက်မှတ်ရေးထိုးကြတယ်။ ဘာခြားနားသလဲ။ တခြားတိုင်းရင်းသားတွေကလည်း ပင်လုံက သဘောတူညီချက်ကို အကောင်အထည်ဖော်ပါ။ နိုင်ငံရေးအရ ဖြေရှင်းဖို့ကို ပြောကြတယ်။ ကချင်ကတော့ ဒီအတိုင်းပြောတယ်။ ပြောတဲ့နေရာမှာ ဘယ်သူမှမထူးဘူး။ အတူတူပဲ တိုင်းရင်းသားတိုင်း ဒီစကားပဲပြောကြတယ်။ ဘာဖြစ်လို့ ကချင်က ဝကွက်ပြီး ပြဿနာတက် ကျန်ရစ်တယ်လို့ ထင်သလဲ။ ကိုနော်ဒင်း ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကို သုံးသပ်ပြပါ။
ကိုနော်ဒင်း ။ ။ အဓိကတော့ အခုအခြေအနေမှာ ကချင်ပြည်သူလူထုတွေအားလုံးကလည်း ထူးခြားမှုတခုရှိတယ်။ ကချင်ပြည်သူလူထုက လူမျိုးတွေအများစုက ခရစ်ယာန်တွေဖြစ်တယ်။ သူတို့အားလုံးက အသင်းတော်မှာ ဆုတောင်းတာပဲဖြစ်ဖြစ် အားလုံးက တိုက်ပွဲတွေရပ်သွားဖို့ ဆုတောင်းတာ မရှိတော့ဘူး။ အရင်က ငြိမ်းချမ်းရေးကာလတုန်းကတော့ ဗမာပြည် ငြိမ်းချမ်းဖို့အတွက်၊ ကချင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် ကချင်ပြည်သူတွေအားလုံးကတော့ ဆုတောင်းကြတယ်။ သို့သော်လည်း ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေဖြစ်လာတဲ့နောက်ပိုင်းမှာ ကချင်လူမျိုးတွေအားလုံးက ကချင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်၊ ကချင်လူမျိုးတွေ ရသင့်ရထိုက်ဖို့အတွက် အချုပ်အခြာအာဏာကို ရဖို့အတွက် ကျနော်တို့ ကချင်လူမျိုးတွေအားလုံးက ဆုတောင်းနေကြတာဖြစ်တယ်။ အဲဒီအချက်ကို အခြေခံပြီးမှ ကေအိုင်အို ဖက်ကလည်း ကချင်လူမျိုးတွေ လိုလားတဲ့ နိုင်ငံရေးရပိုင်ခွင့်အတွက် အခုအခြေအနေမှာတော့ လမ်းမှန်မှန်ရောက်ပြီးမှ ကချင်လူမျိုးတွေအားလုံးရဲ့ ထောက်ခံမှုကို အပြည့်အဝရနိုင်တဲ့ အကောင်းဆုံး၊ အမြင့်မားဆုံးရနိုင်တဲ့ အခြေအနေကို ရောက်လာပြီဆိုတဲ့ အချက်ကို ကျနော်အနေနဲ့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးခွန်စိုင်း နည်းနည်းဖြည့်စွက် ဆွေးနွေးစေချင်ပါတယ်။ ကချင်ဒေသမှာမှ ဘာဖြစ်လို့ ပြဿနာ မပြေမလည် ဖြစ်နေရတာလဲ။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ကိုနော်ဒင်း ပြောသလို ကချင်တိုင်းရင်းသားတွေ လိုချင်သလို ဖယ်ဒရယ် လိုချင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်ကြတယ်။ နိုင်ငံရေးကိစ္စကို ပြေလည်ချင်ကြတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ကချင်နဲ့ ဒီကိစ္စကို ညှိလို့မရဖြစ်နေတာလဲ။
ဦးခွန်စိုင်း ။ ။ ကချင်နဲ့က တခြားအဖွဲ့တွေနဲ့ မတူနိုင်တာကတော့ သူက ခါးသည်းတဲ့အတွေ့အကြုံကို ရလိုက်တယ်။ မထင်မှတ်ဘဲနဲ့ စစ်ပွဲဖြစ်လာတဲ့အခါကြတော့ ဒီခါးသည်းတဲ့ အတွေ့အကြုံအရ သူတို့က နိုင်ငံရေးဖက်က အရင်ဖြေရှင်းချင်တယ်လို့ အဲဒီလိုမျိုး သူတို့အနေနဲ့ တောင်းဆိုမှု ဖြစ်လာတယ်လို့ ထင်ပါတယ်။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကျနော်ထင်တာကတော့ ပင်လုံအခွင့်အရေး၊ ပြည်နယ်တွေ အခွင့်အရေးရဖို့ဆိုလို့ရှိရင် ရှမ်းပြည်နယ်ကြီးပဲ သက်သက်တောင်းလည်းမရဘူး။ ကရင်ပြည်နယ်သက်သက် တောင်းလည်းမရဘူး။ ရခိုင်ပြည်နယ်ကြီးသက်သက်ပဲ တောင်းလို့မရဘူး။ ပြည်နယ်တွေအားလုံးက ဝိုင်းဝန်းပြီးမှ အတူတူတွဲ တောင်းရမယ်။ ဒါတင်မကဘူး တိုင်းဒေသကြီးတွေနဲ့ ပေါင်းပြီး ထပ်တောင်းရမယ်။ အဲဒီလိုမှ ဖြစ်နိုင်မယ်။ ကျနော်တို့ တပြည်နယ်ထဲ တောင်းတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာကို မြင်ကြတာကို တွေ့ရပါတယ်။