သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ခရီး နဲ့ နိုင်ငံရေးအပြောင်းအလဲ အလားအလာ


ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ခရီး နဲ့ နိုင်ငံရေးအပြောင်းအလဲ အလားအလာ

ဒီတပတ် မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) မြန်မာနိုင်ငံကို ရောက်သွားချိန်ဟာ မြန်မာနိုင်ငံရေးအခင်းအကျင်းတွေ တိုးတက်မှု အရိပ်အရောင်တွေ ရှိလာနေချိန်ဖြစ်တယ်လို့ တချို့ က ယူဆနေကြပါတယ်။ ဒါဆိုရင် မစ္စတာ နမ်ဘီးယားရဲ့  ခရီးစဉ်ဟာ ဘယ်လိုရလာဒ်ကို မျှော်လင့်နိုင်မလဲဆိုတာကို ဦးကျော်ဇံသာ က NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့  ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း နဲ့ Euro-Burma ရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေ တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိဖြစ်တဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ အခု မြန်မာနိုင်ငံကို သွားပါတယ်။ မစ္စတာ နမ်ဘီးယားဟာ ၂၀၁၀ နိုဝင်ဘာမှာ တခေါက်သွားခဲ့ပါတယ်။ သူ့ရဲ့  ပထမခရီးစဉ်။ အခု ဒုတိယခရီးစဉ်ဟာ မြန်မာနိုင်ငံဖက်က ကြည့်မယ်ဆိုရင်တော့ သမ္မတဦးသိန်းစိန် လက်ထက်မှာ ပထမဦးဆုံးအကြိမ် သွားရောက်ခြင်းဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ ပထမအကြိမ် သွားစဉ်တုန်းက သူပြန်ပြောခဲ့တာက facts finding အချက်အလက် ရှာဖွေတဲ့ခရီးစဉ်လို့ ပြောခဲ့တာကို ကျနော်မှတ်မိပါတယ်။ တနည်းအားဖြင့် အခြေအနေကို သွားရောက်လေ့လာ တာဖြစ်တယ်။ ဆိုတော့ သူက မြန်မာနိုင်ငံက အာဏာပိုင်ပုဂ္ဂိုလ်တွေနဲ့ တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည် က တွေ့ရတာ အကျိုးရှိတယ်။ တကြိမ်မက အကြိမ်ကြိမ်ထပ်တွေ့ဖို့ လိုတယ်လို့ ပြောလိုက်တာကို ကျနော်မှတ်မိပါတယ်။ ဒေါက်တာသောင်းထွန်း အဲဒီလိုပြောတာ ဟုတ်ပါသလား။ ဆိုတော့ ဒုတိယသွားတဲ့ခရီးစဉ်ဟာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ။ အချက်အလက် ဆက်လက်ရှာဖွေဖို့ သွားတုန်းပဲလား။ ပထမအကြိမ် သွားတုန်းက တွေ့ခဲ့တဲ့ အချက်အလက်ပေါ်မှာ တစုံတရာ တိုးတက်ပြီးတော့ ဆက်လက်ပြီး လုပ်ဆောင်မယ့် သဘောမျိုးလား။ ဆရာဘယ်လို ကြားသိပါသလဲ။ ကုလသမဂ္ဂနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့။

ဦးသောင်းထွန်း ။ ။ ကျနော် နားလည်းသလောက်ကတော့ အခု ၂၀၁၀ ရွေးကောက်ပွဲပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ အစိုးရပေါ့။ အစိုးရရဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ စဉ်းစားထားတဲ့ စဉ်းစားချက်တွေ။ နောက်တချက်က အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့  အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သူတို့ရဲ့  သဘောထားဘယ်လို ရှိသလဲပေါ့။ ကျနော်တွေ့ရတာကတော့ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  မိန့်ခွန်းထဲမှာပါတဲ့ ဒီ အပြုသဘောဆောင်တဲ့ တချို့ ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စတွေကို စိတ်ဝင်စားတယ်။ ဦးသိန်းစိန်ပြောသွားတဲ့ အထဲမှာ အမျိုးသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး။ နောက် ပြည်သူလူထုရဲ့  ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတွေ မြင့်မားလာအောင်လုပ်ဖို့၊ တရားဥပဒေအရ အုပ်ချုပ်တဲ့စံနစ်။ နောက် လာဘ်ပေးလာဘ်ယူတွေ ပပျောက်ဖို့။ လူသားအရင်းအမြစ်တွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ဆိုတဲ့ တိုင်းပြည်ရဲ့  နိုင်ငံရေးတည်ငြိမ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်သူလူထုရဲ့  လူနေမှုဘဝ မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ အချက်အလက်တွေပါတယ်။ အဲဒီတွေပါသလို မကြာသေးခင်က လုပ်သွားတဲ့ အာဆီယံအစည်းအဝေးမှာလည်း ဒီ အစိုးရသစ်နိုင်ငံခြားရေးဝန်ကြီးကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံအင်အားစုတွေနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်ဆိုတာလည်း ပါတယ်။ ဆိုတော့ ဒီအခြေခံတွေပေါ်မှာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့  အထူးအကြံပေးအရာရှိအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လိုလုပ်လို့ ရမလဲ။ ဘယ်လမ်းကြောင်းတွေ ရှိသလဲ။ ဒါတွေကို အင်အားစုအားလုံးရဲ့  အသံတွေကို နားထောင်ပြီးတော့ သူတို့ ကြိုးပမ်းကြည့်မယ့်သဘောရှိတယ်လို့ နားလည်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဟန်ညောင်ဝေ က ဘယ်လိုမြင်ပါသလဲ။ အခု ကုလသမဂ္ဂကနေပြီးတော့ အစိုးရသစ်ရဲ့  အပြုသဘောဆောင်တဲ့ ပြောကြားချက်တချို့ ကနေ ရှေ့ ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကို စူးစမ်းမယ်ဆိုတာ သေချာပါတယ်။ ဒေါက်တာသောင်းထွန်း ပြောတဲ့သဘောဆိုရင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြင် တခြား အတိုက်အခံတွေ ပြည်ပအတိုက်အခံတွေ၊ ဆရာတို့အပါအဝင် သမ္မတဦးသိန်းစိန်ရဲ့  မိန့်ခွန်းထဲက အပြုသဘောဆောင်တဲ့ အချက်တွေအပေါ်မှာ တကယ် အလေးအနက်ထားပြီးတော့ ကောက်ယူသင့်တဲ့အချက်တွေလို့ ထင်ပါသလား။

ဦးဟန်ညောင်ဝေ ။ ။ ကျနော်တယောက်ထဲအနေတော့ ကောက်ယူသင့်တယ်။ ဒီဟာက ဘယ်လိုဖြစ်ဖြစ်ပေါ့။ သူပြောလာတဲ့စကားဆို သူပြောသလို ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာကို ကြည့်ရမယ်။ သူတကယ်လုပ်မယ်ဆိုရင် ဒါဟာလည်း အားပေးသင့်တယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခြေအနေက အခုပြောင်းနေပါတယ်။ ဘာပြောင်းလဲဆိုရင် အရင်တုန်းကဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကတော့ သူ့ပေါ်မှာ ဘာမှအာဏာဘာမှမရှိဘူး။ သူက အာဏာအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ သူကြိုက်သလို လုပ်လို့ရတယ်။ အခု တက်လာတဲ့သမ္မတကတော့ သူက အခြေခံဥပဒေအောက်မှာ ရှိပါတယ်။ ဆိုတော့ သူကြိုက်သလို လုပ်လို့မရပါဘူး။ သူတို့ဆွဲထားတဲ့ အခြေခံဥပဒေကို လိုက်နာရမယ်။ တိုင်းပြည်အတွက် လုပ်ရမယ်ဆိုတာ သူတာဝန်ဖြစ်လာပါတယ်။ ဆိုတော့ ဒီနေရာမှာ ကုလသမဂ္ဂကလည်း သွားကြည့်ပြီး တကယ်လုပ်နိုင်မလား၊ အလားအလာ ဘာရှိသလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့မယ်။ သူ့အနေနဲ့ ဘယ်လိုမြင်သလဲ မေးမယ်။ ဒါတွေက ကောင်းတဲ့အချက်အလက်တွေလို ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်ကတော့ သမ္မတဦးသိန်းစိန်ရဲ့  မိန့်ခွန်းကို သူတို့က ကုလသမဂ္ဂက မြင်သလောက် အကောင်းမြင်ထားတယ်လို့ အထောက်အထားမတွေ့ရပါဘူး။ ဒီအစိုးရကိုလည်း acknowledge လုပ်တယ်၊ ဒါ recognize လုပ်တာမဟုတ်ဘူး။ အဲဒီလို တရားဝင် သူတို့ထပ်ရှင်းပြောပါတယ်။ အရှိအတိုင်း အခြေအနေတရပ်အနေနဲ့ လက်ခံတယ်။ တွေ့ဆုံဆွေးနွေးဖို့တော့ အဆင်သင့်ပဲဆိုတဲ့အဆင့်အထိ ပြောပါတယ်။ အဲဒီထက်ပိုပြီး အခုန မိန့်ခွန်းပြောတဲ့အထဲမှာ ကောင်းတဲ့အချက်တွေပါတဲ့အတွက် ဒါ ဆွေးနွေးသင့်တဲ့ကိစ္စ၊ ဘာညာလို့ အဓိပ္ပါယ်ဖွင့်သံတော့ မကြားရပါဘူး။ တကယ်လို့သာ အရှိအတိုင်းလက်ခံတယ် acknowledge လုပ်တယ်။ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲဆိုတဲ့ စကားလောက်ဟာ လုံလောက်တယ်ထင်ပါသလား။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီထက်ပိုပြီး လျှော့ပေးသင့်တယ်လို့ ထင်ပါသလား။ ဒီမူနဲ့ ဆက်လက် ရပ်တည်သင့်တယ်လို့ ထင်ပါသလား။

ဦးသောင်းထွန်း ။ ။ ကျနော်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရသစ်ဖွဲ့စည်းပြီးပြီခြင်းမှာ တရားဝင်စာပို့ထားတယ်လို့ သိရပါတယ်။ ဆိုလိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့နောက်ပိုင်းမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးဟာ တိုင်းပြည်အတွက် အကောင်းဆုံးဆိုတဲ့ မူဝါဒကို ဆက်လက်ပြီး ကိုင်ထားပါတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ဖြစ်၊ ကျနော်တို့ဖြစ်ဖြစ် ရွေးကောက်ပွဲရဲ့  လုပ်ပုံလုပ်နည်းတွေနဲ့ ပတ်သက်လို့ မေးခွန်းတွေအများကြီး ရှိပါတယ်။ ကျနော်တို့အပြင် ပြည်တွင်းမှာရှိတဲ့ ရွေးကောက်ပွဲပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဘက်ကလည်း ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်မှုတွေ ပို့ထားတာတွေ ရှိပါတယ်။ ဒါကိုထားလိုက်တော့ ဒါက ဒီလိုဖြစ်ခဲ့တယ်။ သို့သော်လည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ လက်ရှိအာဏာကို ကိုင်ထားတဲ့ အစိုးရနဲ့ ဆွေးနွေးရမယ်။ အဲဒီတော့ ကျနော်တို့က အရှိကိုအရှိအတိုင်း လက်ခံတယ်ဆိုတာ လက်ရှိလောလောဆယ်မှာ အာဏာကို ကိုင်စွဲထားတဲ့အစိုးရက သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဖြစ်နေတာကို။ ဒါကြောင့် အရှိကိုအရှိတိုင် လက်ခံတယ်ဆိုတဲ့ သဘောလို ကျနော်တို့မြင်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ သူတို့တတ်နိုင်တဲ့နည်းနဲ့ သူတို့ စာပေးပို့ပြီးတော့ ကြိုးပမ်းတာပေါ့။ သို့သော် ကျနော်တို့မြင်တာက တကယ်တမ်း လက်ရှိအစိုးရအနေနဲ့က အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တကယ်တမ်း serious လေးနက်မယ်ဆိုရင် ကျနော်တို့ နိုင်ငံရေးအင်အားစုတွေ အားလုံးနဲ့ တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းတွေ။ အရင်တုန်းကဆိုရင် ဗိုလ်ချုပ်အောင်ကြည်ကို ကြားခံဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားတာမျိုးရှိတယ်။ ဒါမျိုးတွေကို လုပ်သင့်တယ်လို့ ကျနော်တို့မြင်တယ်။ ဒါမျိုးတွေတော့ လောလောဆယ်လုပ်ထားပြီးတာတော့ ကျနော်တို့ မတွေ့ရဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရှိကိုအရှိအတိုင်း လက်ခံတယ်။ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲဆိုတဲ့ ရပ်တည်ချက်က လုံလောက်တယ်လို့ ဆရာသတ်မှတ်တယ်ပေါ့။ ဒါထက်နည်းနည်း ပိုပြီးတော့ လိုလိုလားလား သဘောမျိုး၊ မိန့်ခွန်းပြောတာကို ကြိုဆိုပါတယ် ဘာညာ အဲဒီလို ဆက်လုပ်စရာ မလိုအပ်ဘူးလို့ ထင်ပါသလား။

ဦးသောင်းထွန်း ။ ။ ကျနော်တို့အနေနဲ့က အခြေအနေ တစုံလုံးကို ဒီအချက်တွေကို ပြောတဲ့ဆိုတဲ့အပိုင်းတွေကိုတော့ ကျနော်တို့ မှတ်တမ်းတင်ထားတာပေါ့။ ဒီမှတ်တမ်းတင်အချက်အလက်ပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း စာတွေထုတ်ပြန်တာ ရှိပါတယ်။ ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာလည်း သမ္မတဦးသိန်းစိန်ရဲ့  မိန့်ခွန်းပါ အချက်အလက်တွေကို ကောက်နုတ်ဖော်ပြတာကိုလည်း တွေ့ရပါတယ်။ ဒါကတော့ ဒီလိုမျိုး အပြုသဘောဆောင်တဲ့ မူဝါဒတွေကို ပြောထားတာရှိတယ်။ ဒီအခြေခံတွေပေါ်မှာ ကျနော်တို့ လက်တွေ့ဘယ်လို အကောင်အထည်ဖော်မလဲ။ လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်တဲ့ လမ်းကြောင်းပေါ်မှာ ဘယ်လိုစွဲတင်နိုင်မလဲဆိုတဲ့ သဘောထားမျိုးတွေကို အန်အယ်လ်ဒီ အနေနဲ့ ထုတ်ပြန်တာ ကျနော်တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ သမ္မတဦးသိန်းစိန် အစိုးရကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တယောက်မှမပါလေတော့ ကျနော်တို့က ကျွမ်းကျင်သူတွေ မြန်မာအရေးကို နည်းနည်း ထဲထဲဝင်ဝင် သိသူတွေအဖြစ် ဆွေးနွေးခြင်းဖြစ်ပါတယ်။ စစ်အစိုးရဖက်ကတော့ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောတာကလွဲပြီးတော့ လက်တွေ့မှာတော့ သူတို့က ဘာမှတိုးပြီး လုပ်ဆောင်နေတာ မတွေ့ရသေးပါဘူး။ တကမ္ဘာလုံးက တောင်းဆိုနေကြတာ နိုင်ငံရေးအကျဉ်းသမားတွေကို လွတ်ပေးပါဆိုတဲ့ ပြောသံတွေလည်း တချိန်လုံးကြားနေရပါတယ်။ ဒီဟာကို လွတ်ပေးဖို့ကိစ္စလည်း ဘာမှမလုပ်သေးဘူး။ ဆိုတော့ စစ်အစိုးရဖက်က မိန့်ခွန်းထဲမှာ ပြောလိုက်ရုံနဲ့ လုံလောက်ပါသလား။ တကယ်တမ်း သင့်မြတ်ရေး ဖြစ်စေချင်ရင် နည်းနည်း ဒီဟာထက်ပိုပြီး ရှေ့ ကိုတိုးပြီး အပြုသဘော ခြေလှမ်းမျိုး လှမ်းပြသင့်တယ်လို့ မထင်ဘူးလား။

ဦးဟန်ညောင်ဝေ ။ ။ ကျနော်ပြောနေတာက အခြေအနေ ကောင်းလာပြီလို့ ပြောတာမဟုတ်ပါဘူး။ အခုန ပြောတဲ့အတိုင်းပဲ လုပ်ရမယ့်ကိစ္စတွေ မလုပ်သေးဘူး။ တိုင်းရင်းသားနယ်မြေတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ဆိုတော့ လုပ်စရာကတော့ အများကြီး ရှိပါတယ်။ အစိုးရအနေနဲ့ သူက တကယ်ပြန်လည်သင့်မြတ်ရေး လုပ်ချင်နေတယ်ဆိုရင် သူအနေနဲ့ တမျိုးမျိုး လုပ်ပြရပါမယ်။ ကျနော်တို့ဘက်ကလည်း သူတို့ကမ်းလှမ်းလာရင် လက်ခံမယ်ဆိုတာကိုလည်း ပြရမယ်။ မဟုတ်ခဲ့ရင် ဟိုဘက်ကလည်း စလုပ်ဖို့ ပြဿနာရှိတယ်။ ကျနော်တို့ဘက်ကလည်း စလုပ်ဖို့က ပြဿနာရှိတယ်။ ဒီနေရာမှာက ဘယ်သူက ဘယ်သူကိုမှ မယုံကြည်ရပါဘူး။ ဒီမှာကတော့ တဘက်ကတော့ စပြီတော့ ပြရမှာပဲလို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာကတော့ အခု မစ္စတာ ဗီဂျေး နမ်ဘီယား သွားတဲ့ ခရီးစဉ်က လက်တလော ပူပူနွေးနွေး ပေါ်ထွက်လာနိုင်တဲ့ ရလဒ် ဘာများဖြစ်နိုင်မလဲလို့ ကျနော်တို့ ခန့်မှန်းလို့ ရပါသလဲ။ ဥပမာအားဖြင့် နိုင်ငံရေးအကျဉ်းသမားများတချို့ ကို လွတ်ပေးတာမျိုး ဖြစ်လာနိုင်သလား စသည်ဖြင့်ပေါ့။

ဦးသောင်းထွန်း ။ ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ကတော့ တချိန်ချိန်မှာတော့ လုပ်မယ်။ ဒါပေမဲ့လို့ အရည်အတွက် ဘယ်လောက်လွှတ်မလဲ၊ ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ လွှတ်မလဲ။ လုံးဝ လွတ်ငြိမ်းသာခွင့် ပုံသဏ္ဍာန်မျိုးနဲ့ အကုန်လုံး လွတ်မလား။ ဒါမှမဟုတ် တချို့ တဝက်ပဲ လွတ်မလား။ အခါတိုင်းလိုပဲ ရာဇဝတ်အကျဉ်းသားတွေနဲ့ ရောလွတ်မလား။ ဒါတွေကတော့ ဆက်ပြီတော့ ကြည့်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ မစ္စတာ နမ်ဘီယား ခရီးစဉ်ရဲ့  လောလောဆယ် အကျိုးသက်ရောက်မှုအနေနဲ့ အဲဒါကို မမျှော်လင့်နိုင်ဘူးပေါ့။

ဦးသောင်းထွန်း ။ ။ တစုံတရာတော့ နအဖဘက်ကနေပြီးတော့ လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဟန်ညောင်ဝေ အနေနဲ့ ဘယ်လိုမျှော်လင့်ပါသလဲ။ စစ်အစိုးဘက်က ဥပမာအားဖြင့် တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ဖြစ်နေတာတွေကို ခေတ္တရပ်ဆိုင်းပြမလား။ ကုလသမဂ္ဂရဲ့  ကြားဝင်မှုကို လိုလားကြောင်း ပြသတဲ့အနေနဲ့ ဘယ်လိုခန့်မှန်းလို့ ရပါသလဲ။ အကောင်းမြင်ကြည့်ပေးပါ။

ဦးဟန်ညောင်ဝေ ။ ။ ကျနော်အနေနဲ့ကတော့ ချက်ချင်း ဘာရမယ်ဆိုတာတော့ မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီဟာက သူက ပြင်ဆင်ထားမှာပဲ။ ဒါပေမဲ့ ဘယ်အချိန်မှာ သူလုပ်မယ်ဆိုတာကတော့ မသေချာပါဘူး။ တကယ်လုပ်ပြသင့်တာကတော့ အကျဉ်းသားတွေအကုန် လွှတ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကိစ္စက ဒေါက်တာသောင်းထွန်းပြောတဲ့အတိုင်းပါပဲ အင်ဒိုနီးရှား မသွားခင်ကလည်း ပြောတာပဲ။ လွတ်တော့မယ်ဆိုရင် ဘာမှမဖြစ်လာဘူး။ ဒုတိယက ဗိုလ်ချုပ်နေဝင်းတောင်မှ သူအာဏာသိမ်းပြီနောက် သူက တပြည်လုံး ငြိမ်းချမ်းရေးခေါ်ပြီး သူကို တိုက်နေတဲ့ အဖွဲ့အစည်းတွေကို အကုန်ခေါ်ပြီး တွေ့ဆုံခဲ့တယ်။ အလုပ်ဖြစ်တယ် မဖြစ်ဘူး ထားလိုက်ပါ။ ဒါပေမဲ့ သူက လုပ်ရဲတယ်။ လူတိုင်းက အဲဒီအချိန်တုန်းက သဘောကျတယ်။ ဒီတခါမှာလည်း သမ္မတဦးသိန်းစိန်ကလည်း လုပ်နိုင်တယ်လို့ ကျနော်မြင်တယ်။

XS
SM
MD
LG