သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ဆိုင်ရာ IMF အစီရင်ခံစာ


လွန်ခဲ့တဲ့ အပတ်က မြန်မာပြည်ဆိုင်ရာ ၅၄ မျက်နှာ အစီရင်ခံစာကို IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ရေးအစီအစဉ်ကြောင့် မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာရှိကြောင်း သုံးသပ်ထားပါတယ်။ IMF ဟာ အစီရင်ခံစာကို အစဉ်အားလျောစွာ ထုတ်ပြန်လာတာ အနှစ် (၂၀) ကျော် ရှိလာပါပြီ။ ဒီနှစ် အစီရင်ခံစာရဲ့ ထူးခြားမှုတခုက ထုတ်ပြန်ဖို့ မြန်မာအစိုးရက ပထမဦးဆုံး သဘောတူညီလိုက်တာ ဖြစ်ပါတယ်။ ဒုတိယ ကမာ ္ဘစစ်အပြီးမှ တည်ထောင်ခဲ့တဲ့ ဝါရှင်တန်အခြေစိုက်အဖွဲ့မှာ ၁၈၈ နိုင်ငံ ပါဝင်ပါတယ်။ စီးပွားရေး၊ ဘဏ္ဍာရေး လေ့လာစောင့်ကြည့်မှု၊ အတတ်ပညာ အကူအညီပေးမှု၊ ငွေချေးမှု နဲ့ အချက်အလက် သုတေသနပြုပေးမှုကို အဓိကထား လုပ်ကိုင်တဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၂ ခုနှစ်မှာ IMF အဖွဲ့ဝင် ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလက IMF အရာထမ်း (၈) ဦးနဲ့ မြန်မာအစိုးရ အရာထမ်းတွေ နေပြည်တော်မှာ (၆) ရက်ကြာ ဆွေးနွေးပြီး မတ်လမှာ ရေးသားပြီးစီးတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ GDP ပြည်တွင်းထုတ်လုပ်မှု အသားတင်ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ၅.၅ ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ၆ ရာခိုင်နှုန်း တိုးလာမယ်လို့ IMF က ခန့်မှန်းပါတယ်။

ဗမာအစိုးရလက်ထက်မှာ GDP ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်းဖိုးကို ၁၀ ရာခိုင်နှုန်းကျော် တိုးကြောင်း အမြဲတမ်းကြေညာပါတယ်။ အခုတော့ တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းမှာသာရှိကြောင်း IMF အဖွဲ့က တွက်ပြတာကို ဗမာအစိုးရ အရာထမ်းတွေဖက်က လက်ခံတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် သြဂုတ်လ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြည်တွင်းအခွန် ဦးစီးရေးဌာနက တင်သွင်းတဲ့ စာတမ်းမှာလည်း ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်းဖိုးရဲ့ တိုးတက်မှုနှုန်းကို ၆ ရာခိုင်နှုန်းအောက်မှာသာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီအချက်ဟာ နေပြည်တော်အလုပ်ရုံ ဆွေးနွေးပွဲမှာ ဝါဒဖြန့်မှု ကင်းရှင်းတာကို ပြသရာရောက်ပါတယ်။

အချက်အလက် စာရင်းဇယား ရရှိနိုင်ဖို့ကိစ္စမှာ ချွတ်ယွင်းချက်၊ အားနည်းချက်တွေ ရှိနေတာကြောင့် ထိထိရောက်ရောက် စမ်းစစ်ရာမှာ အခက်အခဲရှိတယ်လို့ IMF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စာရင်းဇယား အချိန်မှီ မရရှိနိုင်သလို အစိုးရခန့်မှန်းချက်နဲ့ တသီးပုဂ္ဂလ ခန့်မှန်းချက် အလွန်ကွာခြားနေတာကို တွေ့ရပါတယ်။ တမျိုးသားလုံးဆိုင်ရာ စာရင်းအင်းကို နှောင့်နှေးကြန့်ကြာ တနှစ်တခါသာ ရနိုင်ပါတယ်။

ပုဂ္ဂလကဏ္ဍနဲ့ ပတ်သက်တဲ့ စာရင်းဇယား အပြည့်အစုံမရှိသေးပါဘူး။ ပြည်တွင်းအသားတင် ထုတ်လုပ်မှု GDP ကို ခန့်မှန်းရာမှာ တရားဝင်မှတ်ပုံမတင်တဲ့ လုပ်ငန်း informal sectors ကို ထည့်မတွက်တဲ့အတွက် စီမံကိန်းဌာနရဲ့ လေ့လာချက်တွေဟာ မပြည်စုံပါဘူး။ လွန်ခဲ့တဲ့လကစပြီး ကုန်သည်ကြီးများအသင်းက ထုတ်တဲ့ ပုဂ္ဂလကဏ္ဍ စစ်တမ်းကို ထည့်တွက်ဖို့ စီစဉ်ထားပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်ကို လစဉ် သို့မဟုတ် သုံးလတကြိမ် စုဆောင်းနိုင်မှုမရှိဘဲ နှစ်ကုန်တော့မှ တနှစ်တာ စုဆောင်းတာဖို့ နှောင့်နှေးကြန့်ကြာမှု ရှိပါတယ်။ ဒီစာရင်းဇယားတွေမှာ နိုင်ငံပိုင် လုပ်ငန်းတွေက စုဆောင်းထားတဲ့ အချက်အလက်တွေသာ ပါဝင်ပါတယ်။ ဘဏ္ဍာရေးနဲ့ ငွေကြေးစာရင်းဟာ လိုက်ဖက်တာ မဟုတ်ပါဘူး။ ရသုံးခန့်မှန်းခြေ ဘတ်ဂျက်စာရင်းမှာ ခန့်မှန်းထားတာနဲ့ တကယ်သုံးစွဲတာ အကြီးအကျယ် ကွာခြားနေတယ်လို့ IMF အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၁၁ မှာ IMF က ပြဌာန်းထားတဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယား စုဆောင်းရေး လမ်းညွှန်းလက်စွဲအတိုင်း ငွေကြေးဆိုင်ရာ စာရင်းဇယားတွေကို ဒီနှစ် ဇန်နဝါရီလကစပြီး မှတ်တမ်းလုပ်ဖို့ စီစဉ်ထားပါတယ်။

စာရင်းဇယား မမှန်တဲ့အတွက် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းကို ခန့်မှန်းရတာ အလွန်ခက်ခဲတယ်လို့ ပညာရှင်တွေ ပြောနေကြတာကြာပါပြီ။ လေ့လာမှုအတွက် လိုအပ်တဲ့ စာရင်းဇယား အလွန်အမင်မလုံမလောက်ဖြစ်နေတယ်လို့ IMF အဖွဲ့က ဆိုပါတယ်။ စာရင်းဇယားကို မှန်မှန်ကန်ကန် စုံစမ်းနိုင်တဲ့ စွမ်းအင်ရှိလာအောင် ကြိုးပမ်းရမယ်လို့ ဆိုပါတယ်။ ဂျပန်အကြွေးပြဿနာကို ကိုင်တွယ်သလို တခြားကြွေးမြီးတွေကိုလည်း ကိုင်တွယ်သင့်တယ်လို့ ဆိုပါတယ်။ အခွန်တိုးကောက်တာကိုလည်း IMF က အကြံပေးခဲ့ကြောင်း ပြည်တွင်းအခွန် ဦးစီးဌာနစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တချို့ကလည်း ၂၀၀၇ ခုနှစ်မှာ လူထုဆန္ဒပြမှု ဖြစ်ရတဲ့အထိ၊ လောင်စာဆီ ဈေးနှုန်းတိုးမြှင့်မှုနဲ့ လောင်စာဆီဖြန့်ဝေမှု ပုဂ္ဂလ လက်ကိုလွှဲပြောင်းရာမှာ IMF ရဲ့ အကြံပေးချက်တွေပါတယ်လို့ ဆိုပါတယ်။ ပုဂ္ဂလလုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် ပြုပြင်ရေးလုပ်ဖို့လည်း အကြံပေးထားပါတယ်။ မြန်မာ့စီးပွားရေးဟာ လောင်စာစွမ်းအင်နဲ့ စိုက်ပျိုးရေးကို မှီခိုနေရတာမို့ စိုက်ပျိုးလယ်ယာထုတ်လုပ်မှုနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု အားကောင်းအောင် လုပ်ရမယ်လို့ IMF ရဲ့ လေးလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG