ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ တရုတ်နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ တောင်တရုတ် ပင်လယ်မှာ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ကိစ္စမှာ မြန်မာအစိုးရက တရုတ်နိုင်ငံဘက်က ရပ်တည်လိုက် ပါတယ်။ ဒီလို တရုတ်နဲ့ မြန်မာ အလွမ်းသင့်နေကြတဲ့ကိစ္စဟာ အာဆီယံ စည်းလုံးညီညွှတ်ရေးကို ခြိမ်းခြောက်နေတယ် (Burma-China alliance threatens ASEAN unity) လို့ The Vancouver Sun သတင်းစာမှာ နိုင်ငံတကာရေးရာ ပင်တိုင်ဆောင်းပါးရှင် Jonathan Manthorpe က ရေးသားထားပါ တယ်။ အသေးစိတ်ကို သတင်းစာဆရာ Jonathan Manthorpe နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Jonathan Manthorpe ခင်ဗျား။ ခင်ဗျားအနေနဲ့ Burma-China alliance threatens ASEAN unity မြန်မာနဲ့ တရုတ်တို့ အလွမ်းသင့်နေတဲ့ကိစ္စဟာ အာဆီယံရဲ့ စည်းလုံးညီညွှတ်ရေးကို ထိခိုက်စေတယ်၊ ခြိမ်းခြောက်နေတယ်လို့ ရေးထားတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်ပါသလဲ။
Jonathan Manthorpe ။ ။ တရုတ်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားတို့အကြား ရေပိုင်နက်၊ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်ပွားနေတဲ့ကိစ္စမှာ မြန်မာနိုင်ငံက တရုတ်ဘက်က ရပ်တည်လိုက်တာ ဟာ သူ့ရဲ့ အာဆီယံမိတ်ဆွေ (၉) နိုင်ငံအပေါ် မဟာသစ္စာဖောက်မှုကြီးကို ကျူးလွန်လိုက်တာ ဖြစ်ပါတယ် လို့ ထင်ပါတယ်။ ဒါဟာ သူ့ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေဖြစ်ရမယ့် လူတွေကို မိတ်ပျက်အောင် လုပ်လိုက်တာပဲ။ လာမယ့်နှစ်အတွင်းမှာ ဥရောပသမဂ္ဂလို စီးပွားရေး၊ နိုင်ငံရေးအရ တသားတည်း၊ တဖွဲ့ တစည်းတည်း ဖြစ်လာအောင် ဖန်တီးမယ်ဆိုတယ့် အာဆီယံအဖို့ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အာဆီယံဟာ မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့စဉ်တုန်းက သူတို့ရဲ့ တွက်ချက်မှုတွေထဲမှာ မြန်မာနိုင်ငံကို တရုတ်သြဇာအောက် လုံးလုံးလျားလျား ကျရောက်သွားမယ့်အရေး ကာကွယ်ဖို့အတွက်ဆိုတဲ့ တွက်ချက်မှုမျိုးလည်း ပါတယ်လို့ သိရပါတယ်။ ဆိုတော့ အခု မြန်မာက ဒီကိစ္စမှာ တရုတ်ဘက်ကို ပြတ်ပြတ်သားသား ရပ်ပြလိုက်တော့ အာဆီယံတွက်ကိန်း မှားခဲ့တာပေါ့။
Jonathan Manthorpe ။ ။ ဒီကိစ္စမှာ သူတို့တွက်သလို ဖြစ်မလာပါဘူး။ ကျနော် မှတ်မိပါတယ်။ အဲဒီ တုန်းက မြန်မာကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တယ့်အတွက် မြန်မာစစ်အုပ်စုရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကို အာဆီယံက ဂုဏ်ပြုလိုက်တာလားဆိုပြီ၊ နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။ အာဆီယံကတော့ ဒါ အပြုသဘောဆောင် ဆက်ဆံရေးသာဖြစ်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆွဲဆောင် သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဟာ အတုအယောင် အရပ်သားအစိုးရကို ဖန်တီးပြီး ဖိနှိပ် ချုပ်ချယ်ဆဲပါ။ စီးပွားရေးအားဖြင့်လည်း တရုတ်ပြည်ရဲ့ ကိုလိုနီအဖြစ် ကျရောက်နေပါပြီ။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ မြန်မာပြည်ဘက်ကနေ ကြည့်ကြရအောင်ပါ။ အာဆီယံနဲ့ တရုတ် နှစ်ခု အနက်က ဘယ်ဟာက ပိုပြီးမြန်မာနိုင်ငံအတွက် အားထားလောက်တယ် ထင်ပါသလဲ။ အနောက်အုပ်စု တွေရဲ့ ဖိအားတွေ၊ ဒဏ်ခတ်မှုတွေကို ဘယ်သူက ပိုပြီကာကွယ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါသလဲ။
Jonathan Manthorpe ။ ။ မှန်ပါတယ်။ ခင်များမေးတဲ့ ရှုထောင့်ကလည်း ကြည့်သင့်ပါတယ်။ မြန်မာ အစိုးရလည်း အဲဒီအတိုင်း စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တံခါးတွေကို တရုတ်အတွက်သာ ဖွင့်ပေးမယ့်အစား၊ အိမ်နီးချင်း အာဆီယံမိတ်ဆွေတွေနဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေအတွက် ဖွင့်ပေးနိုင်ရင် မြန်မာနိုင်ငံအတွက် ပိုအကျိုးဖြစ်ထွန်းမယ် ထင်ပါတယ်။ အခု တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုအများစုဟာ မြန်မာအတွက် အနုတ်လက္ခဏာသာ ပြနေတာပါ။ မြန်မာပြည်သူတွေကို အကျိုးပြုမယ့် ရင်းနှီး မြုပ်နှံမှုတွေ လုံးဝမဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီမိုကရေစီရေးအတွက် ပံ့ပိုးကြတဲ့နေရာမှာ တရုတ် နဲ့ အာဆီယံ ဘယ်သူကပိုပြီ ထိရောက်မှုရှိမယ် ထင်ပါသလဲ။
Jonathan Manthorpe ။ ။ အာဆီယံက ပိုသာတာပေါ့။ အာဆီယံတည်ဆောက်လာခဲ့တာ အနှစ် (၃၀) ကျော်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ တိုးတက်ပြောင်းလဲမှုတွေ အများကြီးရှိပါတယ်။ အင်ဒိုနီးရှားကိုကြည့်ပါ။ ကမ္ဘောဒီယားလို နိုင်ငံမျိုးတောင် ပြောင်းလဲလာနေပါတယ်။ မလေးရှား၊ ဖိလစ်ပိုင်တို့ကို ကြည့်ပါ။ အကြီးအကျယ် တိုးတက်ပြောင်းလဲလာခဲ့ပါပြီ။ ဒီမိုကရေစီအရေးသာမက အစိုးရအုပ်ချုပ်ရေး ယန္တရား တခုလုံးနဲ့ ပြည်သူတရပ်လုံးရဲ့ ဘဝတန်းဖိုးတွေလည်း သိသိသာသာ တိုးတက်ခဲ့ပါပြီ။ ဗီယက်နမ်ကို ကြည့်ပါ။ လာအိုတောင် အရင်နဲ့ မတူတော့ပါဘူး။ ဆိုတော့ မြန်မာနိုင်ငံစနစ် အပြောင်းအလဲအတွက် အာဆီယံဟာ တရုတ်ပြည်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်တဲ့ အတုယူစရာ နမူနာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အုပ်ချုပ်ရေးစနစ်ဟာ သိသိသာသာ ပြောင်းလဲတိုးတက်မှု ဘာမှ မရှိသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စကိုပြောရင်း တခုသတိရလာပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံလျှို့ဝှက်ချက် တွေကို တရုတ်ဆီသွား ဖောက်သည်ချနေတယ်၊ ဖွင့်ထုတ်နေတယ်လို့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု က ပြောတယ်ဆိုပြီ မကြာသေးခင်က ဝီကီလိခ့် (WiKi Leak) က ဖော်ထုတ်လိုက်ပါတယ်။ အဲဒါကို Jonathan သတိထားမိပါသလဲ။
Jonathan Manthorpe ။ ။ ဟုတ်ပါတယ်။ အဲဒါကို ကျနော်တွေ့လိုက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မအံ့သြပါဘူး။ ကျနော်တို့ အခုပြောနေတာကို တရုတ်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေရဲ့ ချစ်ကြည် ရင်းနှီးမှုကို ပြောနေတာ မဟုတ်ပါဘူး။ ပြည်သူလူထုချင်း မိတ်ဆွေဖြစ်ကြတာ အင်မတန် အကျိုးရှိတဲ့ ကိစ္စပါ။ အခု ကျနော်တို့ပြောနေတာက အာဏာရှိလူအုပ်စု နှစ်စုအကြောင်းကို ပြောနေတာပါ။ သူတို့ နှစ်ဖွဲ့စလုံး မြန်မာပြည်က အုပ်စုသူကော၊ တရုတ်အုပ်စုသူတွေပါ သူတို့အာဏာတည်မြဲရေးအတွက် သိပ်ပြီး မလုံမခြုံဖြစ်နေကြသူတွေပါ။ သူတို့ရဲ့ ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့နေကြသူတွေလည်း ဖြစ်ကြပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလို အာဆီယံနဲ့ တရုတ် အငြင်းပွားနေတဲ့ကိစ္စမှာ မြန်မာက တရုတ်ဘက်က ပြတ်ပြတ် သားသား ရပ်လိုက်တော့ ဒီကိစ္စကို အာဆီယံဘက်က ဘယ်လိုအဓိပ္ပာယ်ကောက်ယူမလဲ။ ဘယ်လိုသုံးသပ်မယ် ထင်ပါသလဲ။
Jonathan Manthorpe ။ ။ သိပ်အရေးကြီးပါတယ်။ ဒီအချိန်ဟာ အာဆီယံအတွက် သိပ်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ အထူးသဖြင့် တောင်တရုတ်ပင်လယ်ကနိုင်ငံတွေဟာ တရုတ်တို့ရဲ့ ကြီးမားတဲ့ဖိအားကို ရင်ဆိုင်နေကြရတာပါ။ တရုတ်ကလည်း ဒီနယ်မြေကို ပိုင်ဆိုင်ရေးအတွက် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာကို လုပ်နေတာပါ။
Hanoi မှာဆိုရင် တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲကြီး ပြင်းပြင်းထန်ထန် တွေ့ခဲ့ရပါတယ်။ ဒီလို ဆန္ဒပြပွဲမျိုးဟာ ဗီယက်နမ်မှာ အစိုးရက ခွင့်မပြုဘဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဆိုတော့ အခြေအနေက အတော့်ကို တင်းမာနေပါတယ်။ မြန်မာနိုင်ငံကိုတော့ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပစ်တဲ့ အထိတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ အဖွဲ့စည်းတခုမှာ အဖွဲ့ဝင်တယောက်အနေနဲ့ အဖွဲ့ရဲ့ စည်းကမ်းကို လိုက်နာရမယ်။ အဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိရမယ်ဆိုတာကို သိအောင်တော့ အဖွဲ့ဝင်အဖြစ်က ခေတ္တရပ်ဆိုင်းထားတာ စသဖြင့် တခုခုလုပ်ဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာအစိုးရက ဒီလိုလုပ်ရတာဟာ တရုတ်ရဲ့ ဖိအားကိုကြောက်လို့၊ တနည်းအားဖြင့် နီးရာဓားကို ကြောက်လို့ လုပ်ရတာ မဖြစ်နိုင်ဘူးလား။ အာဆီယံထက်စာရင် မြန်မာနိုင်ငံက တရုတ်ကို ပိုကြောက်နေရတာ။ နောက်ပြီးတော့ မြန်မာအာဏာပိုင်တွေထဲမှာ တရုတ်ရဲ့ အန္တရာယ် သတိပြုမိသူတွေ အများကြီးရှိတယ်လို့ လူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ တရုတ်ကို လည်း မချစ်သော်လည်း အောင့်ကာနမ်း နေရတဲ့အဖြစ်မျိုးဆိုရင်ကော။
Jonathan Manthorpe ။ ။ ဟုတ်ပါတယ်။ တရုတ်ရဲ့ ဖိအားပါပဲ။ တချိန်တည်းမှာ အကျိုးစီးပွားလည်း ပါပါတယ်။ တရုတ်နဲ့ ဆက်ဆံပြီး မြန်မာအာဏာရှိ ခေါင်းဆောင်တွေ ချမ်းသာကြွယ်ဝနေကြတယ် ဆိုတာကိုလည်း သတိရသင့်ပါတယ်။ တရုတ်ဘက်ကလည်း မြန်မာခေါင်းဆောင်တွေ အာဏာတည်မြဲရေး အတွက် လက်နက်တွေ၊ လေ့ကျင့်မှုတွေ နည်းမျိုးစုံနဲ့ ပံ့ပိုးပေးနေတာပါ။ မြန်မာဘက်ကလည်း တရုတ်နဲ့ ဆက်ဆံရေးက ရေရှည်အကျိုးအမြတ်တွေကို တွက်ထားပြီသာပါ။ တရုတ်နဲ့ ဆက်ဆံရေးကို အာဆီယံနဲ့ ဆက်ဆံရေးထက်သာမက၊ အိန္ဒိယနဲ့ ဆက်ဆံရေးအတွက် လိုသလိုအသုံးချစရာအဖြစ် မြင်ထားပါတယ်။ တရုတ်နဲ့ မြန်မာဆက်ဆံရေးကိုလိုက်ပြီး အိန္ဒိယကလည်း မြန်မာအစိုးရအပေါ် သိသိသာသာ လိုက်လျောမှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးပါ။ တရုတ်ကို ချိန်ခွင်လျှာ ထိန်းညှိနိုင်ရေးအတွက်ပါ။ တကယ်တော့ မြန်မာအာဏာပိုင်တွေ တရုတ်ဆီက ရနိုင်တဲ့အကျိုးအမြတ်တွေဟာ ရေတိုမျှသာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့အတွက် တရုတ်က ထောက်ခံမယ်ဆိုတော့ ဒီလို တရုတ်ရဲ့ ထောက်ခံချက်ကို အာဆီယံက အလေးအနက်ထားပြီး စဉ်းစားလိမ့်မယ်လို့ ထင်ပါသလား။
Jonathan Manthorpe ။ ။ ဒီလို တရုတ်ရဲ့ ထောက်ခံမှုဟာ အရေးပါသလားဆိုတာကို ကျနော် မသိပါဘူး။ စောစောကပဲ ကျနော်တို့ ပြောခဲ့ပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံကို အရေးယူတာမျိုးတွေ ရှိကောင်းရှိလာနိုင်တယ်။ ဆိုတော့ ဒီလို အခြေအနေမျိုးမှာ အာဆီယံက မြန်မာနိုင်ငံကို ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌရာထူးအတွက် လက်ခံဖို့ ပိုမိုခက်ခဲသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ မြန်မာ နိုင်ငံကို ဥက္ကဋ္ဌအဖြစ် လက်ခံပါလို့ အာဆီယံကို တရုတ်က ညွှန်ကြားနိုင်မလားဆိုရင် ကျနော်ကတော့ မထင်ပါဘူး။ အာဆီယံခေါင်းဆောင်တွေက တရုတ်ဖိအားကို အပြင်းအထန် ခုခံကြမှာပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ မြန်မာနိုင်ငံဟာ အခုအချိန်အထိ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာ သိပ်ကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ရပ်တည်နေခဲ့ပါတယ်။ နှစ်ဘက်စလုံးက အကျိုးအမြတ်တွေကိုလည်း ရနိုင်သလောက် ယူနေခဲ့တယ်လို့ ဆိုကြပါစို့။ ဒါပေမဲ့လည်း အာဆီယံနဲ့ တရုတ်နိုင်ငံကြားမှာ မြန်မာရဲ့ ရပ်တည်ချက်က အဲဒီလောက် လိမ်မာတာ မတွေ့ရဘူးလို့ ဆိုရလိမ့်မယ်။ အထူးသဖြင့် အာဆီယံဘက်က စိတ်ပျက်စရာ ဖြစ်လာရတယ်ဆိုတာ အခုမြင်နေရပါပြီ။ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။
Jonathan Manthorpe ။ ။ ပြောရခက်ပါတယ်။ ဒီတခါတော့ သိပ်လိမ္မာ ပါးနပ်တာမတွေ့ရပါဘူး။ ဒီကိစ္စအတွက်လည်း ပြင်းထန်တဲ့ အကျိုးဆက်တွေ၊ တုံ့ပြန်မှုတွေကိုလည်း ခံရဖွယ်ရှိနေပါတယ်။ အခုအခါ တရုတ်က အာဆီယံအတွင်း အကွဲအပြဲတွေဖြစ်အောင် မြန်မာနိုင်ငံကို အသုံးချနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်မှာ စီးပွားရှိနေတဲ့ နိုင်ငံတွေနဲ့ အဲဒီမှာ အကျိုးမရှိတဲ့ နိုင်ငံတွေကြားမှာပါ။ ဒါပေမဲ့ အခုအခါမှာ တရုတ်နိုင်ငံရဲ့ အင်အား၊ အထူးသဖြင့် ရေတပ်အင်အား ချဲ့ထွင်လာတာကို သဘောပေါက် ကြတဲ့အတွက် မြန်မာနိုင်ငံမှတပါး အာဆီယံနိုင်ငံတွေ အချင်းချင်း ပိုမိုစည်းလုံးညီညွတ်လာကြတာကို တွေ့ရပါတယ်။ ဒီအကြောင်းကြောင့်လည်း အမေရိကန်နဲ့ ပိုပြီနီးစပ်မှု ရှိလာတာကို တွေ့ရပါတယ်။ အမေရိကန်ရဲ့ အစဉ်အလာဖြစ်ခဲ့တဲ့ ဗီယက်နမ်ပင် ဒီကိစ္စကြောင့် အမေရိကန်နဲ့ ပိုမိုသင့်မြတ်လာပါတယ်။
ဦးကျော်ဇံသာ ။ ။ အထက်အကြောင်းအရာကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ဒီဖြစ်ရပ်ဟာ တရုတ်ရဲ့ သြဇာ မြန်မာနိုင်ငံအပေါ် ကြီးမားသထက် ကြီးမားလာတယ်ဆိုတာကို ပေါ်ပေါ်ထင်ထင် တွေ့မြင်လိုက် ရတယ်လို့ ဆိုနိုင်ပါတယ်။ ဘက်မလိုက်ဝါဒကို တည်တည်မတ်မတ် ကျင့်သုံးခဲ့ရချိန်တုန်းက ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ် တက်ခဲ့တာကို ပြန်ပြောင်းသတိယစရာ ဖြစ်သလို။ လွတ်လပ်တဲ့ နိုင်ငံခြားရေးဝါဒ ပြောင်းလဲကျင့်သုံးလာခြင်းဟာ လွတ်လပ်စွာ ဘက်လိုက်ရေးဝါဒ ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေကိုလည်း ပြန်လည်ကြားလာရပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ တောင်တရုတ်ပင်လယ်ကိစ္စ။ တရုတ်နဲ့ အာဆီယံ အငြင်းပွားကြတဲ့ကိစ္စမှာ ဘယ်ဘက်က မှန်တယ်၊ မှားတယ်ဆိုတာကိုပင် လွတ်လွတ် လပ်လပ် ထောက်ပြပြောဆိုနိုင်ခွင့် မရှိဘဲ။ တရုတ်ရဲ့ ဖိအားကြောင့် တဖတ်သတ် ဘက်လိုက်ရတယ် ဆိုတာ တိုင်းပြည်သိက္ခာကျတယ်ဆိုတာကိုတော့ ထားလိုက်ပါတော့။ ဒီအရေးဟာ တိုင်းပြည်အတွက် အန္တရာယ်ကို ဖိတ်ခေါ်စရာ မဖြစ်လာပါစေနဲ့လို့ ဆုတောင်းနေမိပါတယ်ဆိုရင် သောတရှင်များက စိုးရိမ်တတ်ရန်ကောလို့ ထင်ကြလေမလားခင်ဗျား။