သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်ဝတ္တရား


ဒီတပတ် မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် အဓိကရုဏ်း တွေနှင့် ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေရဲ့ တင်ပြထုတ်လွှင့်နိုင်မှု အခြေအနေတွေကို သတင်းစာ ဆရာကြီးဦးဝင်းတင်၊ ပြည်သူ့ခေတ်ဂျာနယ်အတိုင်ပင်ခံ ဦးဝံသ တို့နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထဦးဆုံး အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အဓိကရုဏ်းတွေ အစတုန်းက ရာဇဝတ်မှုလို့ စခဲ့တယ်လို့ လတ်တလောအကြောင်းရင်းအားဖြင့်လို့ ဆိုနိုင်ပေမယ့် အခုလောလောဆယ်မှာတော့ လှုမျိုးရေး၊ ဘာသာရေးတွေ ပရောဂတွေ အများကြီးပါလာတယ်လို့ထင်ပါတယ်ဆရာ။ ဒီအချိန်မှာ မီဒီယာသမားတွေ ရေးရသားရတာလည်းပဲ အတော်လေး ဘေးကျပ်နံကျပ် ဖြစ်ပါတယ်။ နှစ်ဖက်ကွဲနေတဲ့ကြားထဲမှာ မှန်မှန်ကန်ကန်ရေးတဲ့သူဟာ နှစ်ဖက်လုံးရဲ့ ဝေဖန်ပုတ်ခတ်မှုတွေ၊ ပြောဆိုမှုတွေအများကြီးခံရပါတယ်ဆရာ။ ပထမဦးဆုံး ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ မီဒီယာသမားတွေရဲ့ အကြပ်အတည်းကို ဆရာတို့ ဘယ်လိုမြင်ပါသလဲ။ ဆရာဦးဝင်းတင ်စပြောပါ။ မီဒီယာသမားတွေဟာ ဘယ်လိုပုံစံမျိုးနှင့် ဒီကိစ္စမှာ ရပ်တည်သင့်ပါသလဲ၊ ဘယ်လိုရေးသားသင့်ပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော် ထင်တယ်ခင်ဗျာ၊ ဆရာ အခုနက ဦးကျော်ဇံသာပြောတဲ့ထဲမှာ ဟိုးဒင်းဖြစ်တဲ့ လူတွေပေါ့ဗျာ၊ မှန်တာဟုတ်လား၊ နှစ်ဖက်မျှပြီးတော့ရေးတယ်ကြတော့ နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်မှုခံရတယ်ဆိုတဲ့ဟာတွေကတော့ ဒါထုံးစံပဲလေ ကြားကနေရပ်တဲ့ဟာကတော့ ရှိရမှာကိုး ဘာလို့လဲဆိုတော့ ကြားမနေလို့လည်း မဖြစ်တဲ့ကိစ္စမျိုးတွေ ပါတာပေါ့ဗျာ။ ကျနော့် သဘောကတော့ ကျနော်အမြဲတမ်း ပြောလေ့ရှိတာကတော့ မှန်တဲ့ဖက်ကရပ်၊ မှားတဲ့ဖက်ကို တိုက်။ သို့သော် တချို့လိုကိစ္စမျိုးတွေ အခါကြတော့ ဥပမာ အခုလို ဘာသာရေးတွေလို ဖြစ်နေတဲ့ကိစ္စမျိုး၊ လူမှုရေးဖြစ်နေတဲ့အခါမျိုး၊ ဆိုတဲ့အခါမျိုးကျတော့ ကြားနေတဲ့ပုံစံနှင့်ပဲ ရပ်တည်ရမှာပဲလို့ ကျနော် ယူဆပါတယ်။ အဲဒီတော့ သတင်းစာ အခုဂျာနယ် မီဒီယာသမားတွေကလည်း ကျနော်ထင်တယ် အခုကြားနေနိုင်အောင်တော့ ကြိုးစားနေတယ်လို့ထင်တယ်။ အဲဒါကြောင့်ပဲ နှစ်ဖက်စလုံးရဲ့ ဆန့်ကျင်တုန့်ပြန်မှုတွေပေါ့၊ သို့မဟုတ်လည်း ဝေဖန်ပုတ်ခတ်မှုတွေ၊ သို့မဟုတ်လည်း စွပ်စွဲပြောဆိုမှုတွေကို တွေ့နေရတယ်လို့ ကျနော် အဲ့ဒီလိုပဲ ပြောလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးဝံသအနေနဲ့ ဘယ်လိုမြင်ဘာလဲခင်များ။

မောင်ဝံသ ။ ။ အထူးသဖြင့်တော့ ပြည်တွင်း မီဒီယာတွေပေါ့ဗျာ။ ပြည်တွင်း မီဒီယာတွေရဲ့ အခတ်အခဲက ကျနော်တို့ ဒီဖြစ်နေတဲ့ ကာယံကံရှင်နှစ်ဖက်ရဲ့ အမြင်တင်မကပဲနှင့် ကျနော်တို့ အစိုးရရဲ့ အမြင်နှင့်ပါ ကျနော်တို့ ရင်ဆိုင်ရတယ်။ အစိုးရက ဘာမှမကြာသေးဘူး မီဒီယာသမားတွေကို ခေါ်ပြီးတော့ ကျနော်တို့ သတိပေးတာတွေ၊ နောက်ပြီးတော့ ဒီထောင်ဒဏ်ခုနစ်နှစ်တို့၊ ထောင်ဒဏ် နှစ်နှစ်တို့ အကျခံရနိုင်တယ်ဆိုပြီးတော့ အလားအလာတွေ ပြောပြတာတွေ၊ အဲဒါမျိုးတွေ ကြုံရတယ်။တကယ်ကတော့ ပြည်တွင်း သတင်း မီဒီယာတွေကော ပြည်ပက မီဒီယာတွေကော အဓိကတာဝန်ကေတော့ သတင်းဖြန့်မယ်ဆိုလို့ရှိရင် အဲ့သတင်းကို ကျနော်တို့ ရအောင်ယူမယ်၊ မြန်နိုင်သမျှ မြန်အောင်ယူမယ်၊ မှန်အောင်စီစစ်မယ်၊ ပြီးလို့ရှိရင် သိချင်နေတဲ့ ပြည်သူလူထုကို ပြန်ပြီးတော့ ကျနော်တို့က ပြန်ပြီးတော့ဖြန့်ဖြူးပေးတယ်။ ဒါဘဲ။

သတင်းအပိုင်းမှာ ကျနော်တို့က ဒီအတိုင်းပဲ သတင်းအရှိအတိုင်းပဲ ပြောတယ်။ ပြီးတော့မှ ဝေဖန်ချက်တို့၊ ဆောင်းပါးတို့က ဒါနောက်မှ လိုက်လာမှာပေါ့ဗျာ။ ဒီအပေါ်မှာ ဖြစ်ရပ်ကိုသုံးသပ်တဲ့ဥစ္စာ။ အခုလောလောဆယ်က ကျနော်တို့က သတင်းဖော်ပြမှုနှင့် ပတ်သတ်တာကိုပဲ ကျနော်တို့ မှာ အခတ်အခဲတွေ ဖြစ်နေတယ်။ စာပေစိစစ်ရေးကို ကျနော်တို့ တင်ပြပြီးတော့မှ ခွင့်ပြုတဲ့သတင်းတွေ၊ သတင်းဓာတ်ပုံတွေ ကျနော်တို့က ဖော်ပြရတယ်။ အဲဒီအဆင့်မှာပဲ ရှိနေသေးရှိတယ်။ အဲဒီတော့ အထူးသဖြင့် အခုလို လူမျိုးရေး၊ ဘာသာရေး နှင့် ပတ်သတ်ပြီးတော့ ဖြစ်နေတယ့် အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ။ ဒါတွေကို ဖော်ပြတဲ့ အခါမှာ ကျနော်တို့မှာလည်း ကိုယ့်မူတွေ၊ ကိုယ့်ရပ်တည်ချက်တွေ၊ ခံယူချက်တွေ ရှိပါတယ်။ ရှိတော့ အခုနက ဆရာဦးဝင်းတင် အမိန့်ရှိသလိုပေါ့ဗျာ၊ ကျနော်တို့က ကြားနေဖို့၊ ဓမ္မဓိဋ္ဌာန်ကျတယ့် သတင်းတွေဖော်ပြဖို့ဆိုတဲ့ ဒီအခြေခံအားဖြင့် အဲ့ဒီခံယူချက်နှင့် ကျနော်တို့ လုပ်တယ်။ ဒါပေမယ့် အဲ့ဒီထက် ပိုအရေးကြီးတာကတော့ အဖြစ်မှန်တိုင်းကို ကျနော်တို့မှာ ရက်စက်ကြမ်းကြုတ်တာတွေ၊ သွေးထွက်သံယိုဖြစ်တာတွေ၊ စိတ်မချမ်းမြေ့ဖြစ်တာတွေ၊ အမြင်မတော်ဖြစ်တာတွေ၊ ဒါတွေကို မဖော်ပြသင့်ဘူး၊ ဒါတွေကို ကျနော်တို့က ထိန်းသိမ်းရမယ်။ ဒါတွေကို တက်နိုင်သမျှ ကျနော်တို့ ပြန်ပြီးတော့ ကိုယ့်ဘာကို ပြန်စိစစ်ရမယ်။

ဒီကျင့်ဝတ်ကို ကျနော်တို့ လိုက်နာပါတယ်။ အဲ့ဒီတော့ ကျနော်တို့ ခံယူတာကတော့ ပြည်သူလူထုကိုကတော့ သတင်းဆိုတာ သိချင်တာဘဲဗျာ့၊ သူတို့သိချင်နေတယ်၊ သူတို့ Want to know ပေါ့ဗျာ၊ သူတို့သိချင်နေတာကတော့ အကုန်လုံးကို ဒါဖြစ်နေတဲ့အခြေအနေတွေကို သိချင်တယ်။ ဒါပေမယ့် ကျနော်တို့က အခုအချိန်မှာ ကျနော်တို့ လူတွေသိချင်တိုင်းကို ကျနော်တို့ ရတိုင်းလည်း ကျနော်တို့ ဖော်ပြလို့သင့်မသင့်ကို ကျနော်တို့ ပြန်စဉ်စားပါတယ်။ ပြန်စဉ်စားပြီးတော့ လူတွေသိသင့်သိထိုက်တယ်။ သူတို့ တကယ်တမ်း သိဖို့လိုအပ်တယ်ဆိုတဲ့ ဥစ္စာတွေကို ကျနော်တို့က ထပ်ပြီးတော့ ဖြစ်နေတဲ့ အခြေအနေပေါ်မှာခံယူတဲ့ ခံယူချက်နှင့်ပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီကြားထဲမှာဘဲ ကျနော်တို့ အခက်အခဲကတော့ အခုနက ကျနော်တို့ တင်ပြသလိုပေါ့၊ ဘေးကျပ်နံကျပ် ဖြစ်တယ်။ ကျနော်တို့မှာ အကောင်းပြော မခံရဘူးပေါ့။ သို့သော် ပြည်သူလူထုကတော့ ကျနော်တို့အပေါ်မှာ နားလည်မယ်လို့ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင် ခင်ဗျာ၊ အဲ့ဒီတော့ အခုလိုအခါမျိုးမှာ မီဒီယာတွေလည်း အကျပ်တည်းတွေ့နေရတယ်။ နှစ်ဖက်လုံးရဲ့ ဝေဖန်မှု၊ တိုက်ခိုက်မှုတွေခံနေရတဲ့ အချိန်မှာ အစိုးရက အခုနက ဆရာ ဦးဝံသ ပြောသလို သတိပေး၊ ခြိမ်းခြောက်တာ၊ ဘောင်ကန့်သတ်ပေးတာတွေဟာ မီဒီယာတွေရဲ့ အမှန်ဖော်ပြမှုအတွက် အထောက်အကူ ဖြစ်စေပါသလား။ အဟန့်အတား ဖြစ်စေပါသလား ဆရာ။

ဦးဝင်းတင် ။ ။ အဟန့်အတား ဖြစ်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်လို့ကတော့ ဒီနည်းနဲ့ ဥပမာဆိုတော့ တားဆီးခြင်း။ သို့မဟုတ်ရင်လည်း ပဲ့ပြင်ခြင်း၊ ဆုံးမခြင်း။ မီဒီယာတွေကို ဒီလို ဆုံးမတယ်၊ ဒီလို ပဲ့ပြင်တယ်။ ဒီလို ထိန်းကွပ်တယ် ဆိုတာမျိုးလုပ်လို့ကတော့ မထိရောက်ဘူးလို့ ကျနော်ကထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတွေက ဖြစ်နေတာကိုး။ အဲ့ဒီသတင်းတွေကို ကျနော်တို့က သတင်းစာတွေက ချိန်ချိန်ဆဆ လုပ်ခြင်းပေါ်မှာသာ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးတော့ ချိန်ဆမှုပေါ်မှာ သွားတည်မယ်။ အစိုးရအကြိုက်လိုက်လို့၊ သို့မဟုတ်လည်း အစိုးရ ပူပန်မှုအတိုင်း လိုက်လို့ အစိုးရ သောကရောက်နေတာတို့ ဆိုတာမျိုးတွေနဲ့ ကျနော်တို့က လိုက်ပြီးတော့ ချင့်တွက်လို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခံစားနေရမယ့်၊ ကြုံတွေ့နေရမယ့် ဒုက္ခတွေက ပြည်သူလူထုရဲ့ ရှေ့မှောက်ကိုရောက်နေပြီ။ ပြည်သူတို့ခေါင်းပေါ်ရောက်နေတဲ့အခါမှာ ကျနော်တို့က ပြောသင့်ပြောထိုက်တာတွေ ပြောမယ်။ ဖြစ်နေတာတွေကို ဒီလိုရှင်းပြမယ်၊ အဲ့ဒီအပေါ်မှာ ကျနော်တို့ သုံးသပ်ချက်တွေလည်းပါမယ်လို့ ကျနော်က မြင်ပါတယ်။ အဲ့ဒီတော့ သတင်းစာတွေက ကျနော်ထင်တယ် မီဒီယာတွေက လုပ်ရမယ့်ကိစ္စက ဘာပါလာမလဲဆိုရင် မှန်ကန်တဲ့သတင်းတွေ ရအောင်ယူမယ်၊ မှန်ကန်တဲ့သတင်းတွေကို ကျနော်တို့ စီစစ်ပြီးတော့ ကိုယ့်ရဲ့ဆန္ဒတွေ၊ သဘော ဆန္ဒတွေ၊ ကိုယ့်ရဲ့အယူအဆတွေကို တက်နိုင်သမျှ ထိန်းကွပ်ထားပြီးတော့ မှန်ကန်တဲ့အတိုင်းကို သုံးသပ်ပြီးတော့ တင်ပြမယ်ဆိုရင် ဒါ သတင်းစာတွေဘက်က လုပ်နိုင်တာ။

အဲ့ဒါနှင့်အတူ စာနယ်ဇင်းတွေက ဘာလုပ်ဖို့ လိုမလည်းဆိုတော့ ဒီသဘောထားတွေကိုလည်း ရေးဖို့လိုလိမ့်မယ်လို့ ထင်တယ်။ ထင်မြင်ယူဆချက်တွေလည်း ပြောရမှာဘဲလို့ ထင်တယ်။ အဲ့ဒါသာလျှင် ပြည်သူလူထုက အကဲဖြတ်နိုင်မယ်၊ သုံးသပ်နိုင်မယ်။ သတင်းပေါ်မှာတည်ပြီးတော့ ကောင်းတဲ့ဖက် လိုက်တယ်တို့၊ မကောင်းတဲ့ဖက် လိုက်တယ်ဆိုတာမျိုး ပြောရတာ ခက်နိုင်တဲ့ အနေအထားရှိတယ့် အခါကြတော့၊ စာနယ်ဇင်းတွေကိုယ်တိုင် မိမိတို့သဘောထား၊ ထင်မြင်ချက်တွေကို အခါအားလျှော်စွာ ဒီလိုအခါမျိုး အခြေအနေမှာ ခပ်များများလေ ဖော်ပြသင့်တယ်၊ ရေးသင့်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ပြည်သူလူထုက မှန်ကန်တဲ့ဖက်ကို ဆုံးဖြတ်နိုင်မယ်၊ ကြားထဲမှာ ဥပမာ ဆူးကြားက ဘူးသီးသလို ဖြစ်နေတဲ့ ပြည်သူလူထုတွေအဖို့လည်း ကြားထဲကနေပြီးတော့ ဘယ်လို ဆုံးဖြတ်ရမလဲဆိုတာ သိလိမ့်မယ်လို့ ကျနော်ကမြင်တယ်။ အဲ့ဒါတခု။

နောက်တခုက အားပေးရမှာက ဘာလည်းဆိုတော့ နှစ်ဖက်စလုံး လူတွေကြားထဲမှာ၊ ပြည်သူလူထုကြားထဲမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုရေးစတဲ့ အစုအဖွဲ့တွေကြားထဲမှာ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အနေအထားတွေကို ကျနော်ထင်တယ် များများဖန်တီးပေးဖို့ လိုလိမ့်မယ်လို့ ကျနော်တော့ထင်တယ်ဗျာ့။ ဆိုပါတော့ဗျာ ဥပမာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရှိသလို၊ မွတ်စလင် သူတို့လည်း အစ္စလာမ် ဖက်က ရဟန်းဘုန်းကြီးဘာတွေ ရှိလိမ့်မယ်။ အဲ့ဒီ အစုအဖွဲ့တွေခြင်း ဆက်သွယ်ပြီးတော့ ပူပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထားတွေ ကို ကျနော် ထင်တယ် မီဒီယာတွေကနေပြီးတော့ ဆက်စပ်ပေးရလိမ့်လို့ ကျနော်ထင်ပါတယ်။ နောက်တခုက အလားတူပဲ ဒီ လူမှုရေးကိစ္စတွေ၊ သို့မဟုတ်လို့ရှိရင်လည်း စီပွားရေးကိစ္စတွေ၊ ယဉ်ကျေးမှုကိစ္စတွေ မှာ ဆိုလို့ရှိရင်လည်း သူ့ဥစ္စာနှင့်သူ ဗမာပဲဖြစ်ဖြစ်၊ ရခိုင်ဘဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ကပြားပဲဖြစ်ဖြစ်၊ မွစ်စလင်ပဲဖြစ်ဖြစ် ဒါတွေကြားထဲမှာ သူတို့ အစုအဖွဲ့ရုံးတွေရှိကြတယ်။ ဒီအစုအဖွဲ့ချင်းတွေကို ဆက်စပ်ပေါင်းစည်းနိုင်အောင်လုပ်ပြီးတော့ အဲ့ဒီလူတွေဟာ မိမိတို့ရဲ့ ပြည်သူ့တွေ၊ မိမိတို့ရဲ့လူထုတွေကို မှန်တဲ့ဖက်ကို ဆွဲခေါ်ဖို့၊ သူတို့လည်း အမှားတွေဆက်ပြီး မလုပ်နိုင်အောင် ဟန့်တားဖို့၊ တားဆီးဖို့။ နောက်တခုက အဲ့ဒါတွေကနေတဆင့် သူတို့ ဒုက္ခသုက္ခရောက်ခြင်းတွေကို ကူညီဖို့၊ ကယ်ဆယ်ဖို့၊ ဆောင်မဖို့၊ စောင့်ရှောက်ဖို့ ဆိုတာတွေကို ဆက်လုပ်သွားရမယ်လို့ ကျနော်က အဲ့လိုပဲ ထင်ပါတယ်ခင်ဗျာ့။

ဦးကျော်ဇံသာ ။ ။ နောက်တခု မီဒီယာမှာ အခု တရားဝင် သူ့မူနှင့် စည်းကမ်းနှင့် လုပ်တဲ့ မီဒီယာအပြင်၊ လူတွေက Facebook မှာ တင်ကြတာတွေ သူတို့ ဒီ Online မှာ ပို့လိုက်ကြတာတွေက၊ သူတို့ထင်သလို သူတို့ဆန္ဒဇွဲနှင့် တင်လိုက်တဲ့ဟာတွေ အများကြီးပါ။ ကျနော်ထင်ပါတယ် အခုဒီကိစ္စမှာလည်း မဖော်ပြသင့်တဲ့ ပုံတွေကို၊ ကြမ်းကြုတ်တဲ့ပုံတွေကို ဖော်ပြတာဟာ အဲဒီလို တာဝန်မဲ့ ရေးသားချက်တွေက တင်ပြတယ်လို့ထင်ပါတယ်။ သူတို့ကိုကော ဘယ်လို ထိန်းကွပ်နိုင်မလဲ ဆရာ၊ သူတို့ရဲ့ ဩဇာလည်း တော်တော်ကြီးနေတယ်ထင်ပါတယ် ဒီကိစ္စမှာ ဆရာဦးဝံသ အရင်ဆွေးနွေးပါ။

မောင်ဝံသ ။ ။ကျနော်ကတော့ ထိန်းကွပ်တယ်ဆိုတဲ့ အသံကြားရင် လန့်လန့်သွားတယ်။ ကျနော်တို့က အဲဒီလို ဘယ်လိုထိန်းကွပ်မလဲဆိုရင် ကျနော်တို့က နည်းနည်းလေးပေါ့ဗျာ။ ထိန်းကွပ်ဖို့ လိုပြီလို့ပြောလိုက်ရင်ပဲ အဲ့ဒီ အခုနက သီးခြား ကင်းလွှတ်နေတဲ့ Facebook တွေ၊ Internet စာမျက်နှာတွေမှာ ကျနော်ထင်တယ် အန္တရာယ်က ဖြစ်လာတော့မယ်။ အဲ့ဒီတော့ ကျနော်ကတော့ အဲ့ဒါဟာကို တက်နိုင်သမျှ စည်းရုံးရေးနည်းနှင့်ပေါ့ဗျာ၊ အခု ကျနော်တို့ဆိုလည်း ကြုံတဲ့လူတွေပေါ့ဗျာ။ ကျနော်တို့ Facebook ပေါ်မှာပြောနေတာဘဲ။ တက်နိုင်သမျှ တော့ Facebook က လွတ်လပ်တယ်၊ ရေးချင်တာရေးလို့ရတယ်၊ ကိုယ့်ဆန္ဒကို ဖော်ထုတ်လို့ ရတယ်။ သို့သော် ကိုယ့်ကိုကိုယ် ထိန်းချုပ်မှုနှင့်၊ ကိုယ်ကိုကိုယ်ပြန်ပြီးတော့ ဝေဖန်ရေးပေါ့ဗျာ နောက်ပြီး အချင်းချင်းလည်း ပြန်ပြီးဝေဖန်ရေးနှင့် ထိန်းသိမ်းကြသင့်တယ်လို့ အဲ့လိုတော့ ကျနော်တို့ ခံယူတယ်ဗျာ။

နောက်ပြီးတော့ တိုင်းသူပြည်သားတွေကနေပြီးတော့ ဂျာနယ်တွေမှာ၊ သတင်းစာတွေမှာ၊ ပုံနှိပ် မီဒီယာတွေမှာ သို့မဟုတ် တရားဝင်အသံလွှတ်ဌာနတွေမှာ ပြောလို့ဆိုလို့ ရေးလို့သားလို့ မရတာတွေကို ဒီ Citizen အနေနဲ့ Citizen Journalist အနေနဲ့ သူတို့က ဒီ Internet မှာပေါ့ဗျာ Facebook ပေါ်မှာ အဲ့လို တက်နိုင်သမျှ ထုတ်ဖော်ပြီးတော့ ရေးကြတယ်။ အဲဒီထဲမှာ ကောင်းတာတွေလည်း အများကြီးပါတယ်ဗျ။ ရာခိုင်နှူန်းအများစုက တော်တော်ကို သိစရာမှတ်စရာတွေ နောက် ကျနော်တို့ မသိသေးတာတွေ၊ အချက်အလက်တွေ တော်တော်ကြီးကို စုံအောင်ရတယ်။ ပညာတွေလည်း အများကြီးရတယ်။ အဲ့ဒီတော့ အဲ့ဒါတွေကို ကျနော်တို့က အားပေးမယ်။ ခုနက ဦးကျော်ဇံသာပြောတဲ့ မသင့်တော်တဲ့ သတင်းတွေ ဓာတ်ပုံတွေ ဒါတွေကို တင်ထားကြတယ်။ ဒါကတော့ အနည်းနှင့် အများကတော့ ရှိမှာပဲ။ ရှိတာကို ကျနော်တို့ ပြောချင်တာက အခုနက ရေးတဲ့သားတဲ့ လူတွေလည်း ထိန်းထိန်းသိမ်းသိမ်း ရေးကြပေါ့ဗျာ။ နောက်တခါ ဖတ်တဲ့သူတွေကလည်း အဲဒီအပေါ်မှာ ဆင်ခြင်တုံတရားနှင့် ဖတ်ကြပါ။ ဆင်ခြင်တုံ တရားဖတ်ပြီးတော့ အဲ့ဟာကို လက်ခံတဲ့ အခါမှာလည်း ဆင်ခြင်တုံတရားနှင့် လက်ခံကြပါလို့ အဲ့လို ကျနော်တို့က ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီ Journalism တွေမှာ Activist Journalism နှင့် Peace Journalism ဆိုရှိတယ်။ Activist Journalism လုပ်ရမယ့် တက်ကြွပြီးတော့၊ လှုပ်ရှားပြီးတော့ စည်းရုံးလှုံဆော်ပြီးတော့၊ တွန်းအားပေးရမယ့် Journalism ကို အသုံးချရမယ့် အချိန်ရှိသလို၊ အခုလိုအချိန်မျိုးပေါ့ဗျာ Peace Journalism ငြိမ်းချမ်းရေးအတွက်ကို အထောက်အကူပြုတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ကိုယ်တိုင် တတတ်တအားနှင့် ပါဝင်ပြီးတော့ အကျိုးပြုထမ်းဆောင် နေတဲ့ တာဝန်မျိုးထမ်းဆောင်တဲ့ Journalism ဒါကိုလည်း ကျနော်တို့က ထည့်ပြီးတော့ အသုံးချဖို့ လိုပါတယ်၊ အားပေးဖို့လိုတယ်လို့ ကျနော် အဲဒီလိုမျိုး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင်ကော ဘယ်လိုသဘောရပါသလဲ။ ဆရာဝံသ ပြောသာကတော့ သူ့ကိုယ်သူပဲ ပြန်ထိန်းရမှာပေါ့လေ။ ဒီ ဖတ်သူ မှတ်သူတွေကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ ဒါကို ခံယူသင့်တယ်၊ ယူဆသင့်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင် ။ ။ ကျနော်ကတော့ အဲ့ဒီလိုပဲယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သတင်းစာတွေမှာလို အဖွဲ့အစည်းတခုမှာ ပါဝင်ပြီးတော့ လှုပ်ရှားနေတဲ့ လူတွေမဟုတ်ဘူး၊ သို့မဟုတ်လည်း ရေးသားနေတဲ့ လူတွေမဟုတ်ဘူး။ ဒီ Citizen Journalist လို့ခေါ်တဲ့ ဒီဟာတွေဟာ သူတို့ရဲ့ တစ်ဦးချင်း လွတ်လပ်စွာ မူပိုင်ရှိနေတယ်၊ ဘယ်သူကိုမှလည်း တင်ပြနေစရာ မလိုဘူး။ တင်ပြဖို့ဟာက ဒီ Internet ပေါ်ကို ရောက်ဖို့ဘဲ သူ့ အလုပ်က ရှိနေတဲ့ အခါကြတော့ သူတင်မယ်ပေါ့ဗျာ အဲဒီအခါမှာ သူ့ရဲ့ ကိုယ်ပိုင်သဘောထားတွေ၊ ကိုယ်ပိုင်ဆန္ဒတွေ၊ ကိုယ်ပိုင်အစွဲအလမ်းတွေ ၊ ကိုယ်ပိုင် အယူအဆတွေနှင့်ပဲ လုပ်မှာပဲဆိုတော့။ ဒါက ပြောစရာမလိုတော့ဘူး။ အဲဒီလူတွေကို သွားပြီးတော့ ထိန်းကွပ်မယ်ဆိုရင် အဲဒီလူတွေကို ထိန်းကွပ်တဲ့ သဘောမဖြစ်ဘဲနဲ့ ဒီ Internet System ကြီး တစ်ခုလုံးကို လုပ်ငန်းတစ်ခုလုံးကို ဒီ Electronic Media တစ်ခုလုံးကို ထိန်းကွပ်သွားရမှာ ဖြစ်တဲ့အတွက် ဒါတော့ ကျနော်ထင်တယ် လုပ်လို့မရဘူးလို့ ကျနော်ထင်ပါတယ်။

ဒုတိယ တချက်ကလည်း ကျနော်ပြောချင်တာက သတင်းဆိုတာ သတင်းပေးရုံတင် မဟုတ်ဘူး။ မိမိတို့မှာ ဆင်ခြင်သုံးသပ်မှုဆိုတာလည်း အမြဲတမ်းရှိတယ်။ ဆင်ခြင်သုံးသပ်မှုဆိုတာ တဆင့်ဆိုလို့ရှိရင် ဝေဖန်စမ်းစစ်မှု ဒီ အဆင့် သုံးဆင့်လောက်တော့ သတင်းလုပ်တဲ့ သတင်းလုပ်ငန်းလုပ်တဲ့သူတိုင်း နားလည်ရတယ်ဆိုတာကို ကျနော်တို့ အဲဒီ Citizen Journalist လို့ဆိုတဲ့ အမည်ခံခံ ဘယ်လိုနည်းနှင့်ပဲ ခံခံပေါ့ဗျာ ဒီ Electronic Media ကို အသုံးပြုနေတဲ့ လူတွေကလည်း ဒီဟာကို သုံးချက်စလုံးကို သဘောပေါက်ဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဩဇာကလည်း ဒီနေ့အခါမှာ ဘာပဲပြောပြော အလွန်ကို ကျယ်ပြန့်လာတယ်၊ ကြီးမားလာတယ်ဆိုတော့ ဒီဟာတွေကိုလည်း ကျနော်တို့က ထည့်မတွက်လို့ မရတော့ဘူး။ သူတို့ကို ထိန်းချုပ်ဖို့ဆိုတာတော့ သူတို့ မီဒီယာချင်းပြန်ပြီးတော့ နားလည်အောင်၊ သဘောပေါက်အောင် လုပ်ဖို့ပဲလိုမှာဘဲ။ အဲဒီထဲမှာ ပိုပြီးပြောနိုင်တာကတော့ သူတို့ကို ဩဇာညောင်းဖို့ဆိုရင်တော့ ဒီ Print Media တွေပေါဗျာ စာလုံးနှင့် ပုံနှိပ်တဲ့ စာအုပ်စာတမ်းတွေ၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေကလည်း Electronic Media ကို သုံးကြတဲ့ Citizen Journalist တွေအပေါ်မှာ ပြန်ပြီးတော့ ဩဇာ သက်ရောက်တည်ရှိလိမ့်မယ်၊ စနစ်တကျ ထိန်းကွပ်မှု ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ ယူဆပါတယ်။

XS
SM
MD
LG