သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဝတ် စစ်အစိုးရအကြောင်း သိကောင်းစရာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ စစ်အစိုးရအဖွဲ့ဝင်တွေဟာ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားလို ဝတ်လိုက်ရုံနဲ့ အရပ်သားအစိုးရ ဖြစ်လာနိုင်ပါမလား။ ၂၀၁၀ ရွေးကောက်ပွဲနောက် ပေါ်ပေါက်လာမယ့် အစိုးရဟာ ဘယ်လို ပုံသဏ္ဍာန်မျိုး ဖြစ်လာနိုင်မလဲဆိုတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်၊ စာရေးဆရာ မောင်သာမည တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လက်ရှိအာဏာယူထားတဲ့ အစိုးရဟာ အခုအခါမှာ စစ်ယူနီဖောင်းကိုချွတ်ပြီးတော့ အရပ်သားအဝတ်အစားကို ဝတ်ဆင်လိုက်ကြပါတယ်။ နောက် သူတို့ဟာ တပ်မတော်အစိုးရ မဟုတ်တော့ဘူး။ တပ်မတော်အစိုးရလို့ ခေါ်ဝေါ်တာကို ရေးသားခြင်းမပြုရဘူးလို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုဆိုရင် ဘယ်လိုအစိုးရလို့ ခေါ်ဆိုရပါမလဲ။ ဧရာဝတီအယ်ဒီတာ ဦးအောင်ဇော် ကို မေးမြန်းချင်ပါတယ်။ သူတို့ကို တပ်မတော်အစိုးရလို့ မခေါ်နဲ့ဆိုရင် ဘယ်လိုခေါ်ရမယ်ဆိုတာကို ထပ်ဆင့်ညွှန်ကြားတာ ကြားရပါသလဲ။

ဦးအောင်ဇော် ။ ။ ဘယ်လိုခေါ်ရမလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ ဖားတပိုင်း ငါးတပိုင်း အစိုးရလို့ ခေါ်ရမလား။ လူပြက်အစိုးရလို့ ခေါ်ရမလား။ ဘာကြောင့်လည်းဆိုတော့ ဧရာဝတီမှာ ကျနော်တို့ နေပြည်တော်ကရတဲ့ ပုံတွေဆိုရင် အားလုံး တိုက်ပုံတွေ၊ ခေါင်းပေါင်းတွေ ဝတ်လာကြတာကို တွေ့ရတယ်ဆိုတော့ ဒီမှာတောင် တချို့က နောက်ပြောင်ပြောနေတာရှိတယ် ရွှေမန်းတင်မောင် ပြဇာတ်အစိုးရလို့ ခေါ်ရမလား။ ဒါမှမဟုတ် လူပြက်အစိုးရလို့ ခေါ်ရမလားလို့ နောက်ပြောင်ပြောနေတာရှိတယ်။ ကျနော်ထင်တာကတော့ ဒါကတော့ အရပ်သားအစိုးရ အရသာပုံစံမျိုးကို နအဖစစ်အစိုးရက စပြီးတော့ (ကျနော်ကတော့ စစ်အစိုးရလို့ ခေါ်လိုက်တယ်) ပုံဖော်ပြီး ပေးတယ်လို့ ကျနော်ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ အခုနပြောသလို ရွှေမန်းတင်မောင်ပြဇာတ် အစိုးရဆိုလို့ ကျနော်ဆီက စာရေးဆရာမ မေငြိမ်း ကပြောတယ် “အဲဒီလို ဇာတ်ထဲကလူတွေဆိုရင်လည်း ရင်ဖုံးတိုက်ပုံ ခေါင်းပေါင်းနဲ့ဆိုရင် တောင်ရှည်ပုဆိုး ဝတ်ရမယ်။ အခုက သူတို့က ရိုးရိုးကွင်းပုဆိုးဝတ်ထားတော့ သူတို့က ဘိတ်သိက်ဆရာနဲ့ အနီးစပ်ဆုံး ဖြစ်နေတယ်” လို့ပြောတယ်။

ဦးအောင်ဇော် ။ ။ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ကျနော်မြင်တာက အဲဒီလိုမျိုးဝတ်ထားတယ်။ ပုံမကျပန်းမကျ ဖြစ်နေတယ်။ ဒါအပြင် သတိတွေဆွဲထားတယ်။ ဆိုတော့ သူတို့က စစ်သားတွေက တသက်လုံး ယူနီဖောင်းဝတ်လာတာ အဲဒီလိုမျိုး အရပ်သားအဝတ်အစား ဝတ်ရင်လည်း ကြည့်ကောင်းတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ရန်ကုန်မှာတော့ အဲဒါကို ကြည့်ပြီးတော့ တဟားဟားနဲ့ သဘောကျနေကြတယ်လို့ ကြားမိတယ်။

ဦးကျော်ဇံသာ ။ ။ အနည်းဆုံးတော့ လူတွေ ပျော်ရတာပေါ့။ ဆရာသာမည အနေနဲ့ ဘာကြားမိပါသလဲ။

ဦးသာမည ။ ။ ကျနော်တို့ကလည်း သူ တရားဝင် ဘယ်လိုခေါ်ရမလဲဆိုတာတော့ တိတိကျကျ မကြားရဘူး။ ဒါပေမဲ့ အခုန ကိုအောင်ဇော် ပြောသလို သူတို့ကတော့ သူတို့လိုချင်တဲ့ ပုံစံတခုကို စပြီးတော့ စမ်းသပ်လိုက်တယ်လို့ မြင်တယ်။ ဆိုလိုတာက စစ်တပ်ကနေ တချို့က အရပ်ဝတ်လှဲမယ် အရပ်ဘက်မှာနေမယ်။ နောက်ကွယ်ကတော့ စစ်တပ်ကဆက်ပြီး အမိန့်ပေးနေမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ကိုအောင်ဇော် မြင်သလို ကျနော်လည်း မြင်တယ်ဆိုတာက အခုနပြောတဲ့ တောင်ရှည်ပုဆိုးတွေ ဝတ်ထားပေမယ့် သတိကလည်း ဆွဲထားတယ်ဆိုတော့ အထဲထဲမှာ စစ်ယူနီဖောင်းတွေများ ရှိနေသေးသလားလို့ ကျနော်က မြင်နေမိတယ်။

ဦးအောင်ဇော် ။ ။ နှလုံးသားထဲမှာတော့ စစ်တပ်က ရှိနေပြီသာလို့ ရှိမှာပေါ့။

ဦးသာမည ။ ။ အဲဒီလို စစ်ယူနီဖောင်းလည်း ဝတ်ထားဆဲပေါ့။ ကျနော်သုံးချင်တာကတော့ အရပ်ဝတ် စစ်အစိုးရလို့ ခေါ်ရင်ကောင်းမလားလို့။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် အနေနဲ့ ဆရာသာမညရဲ့ အခေါ် ‘အရပ်ဝတ် စစ်အစိုးရ’ ဆိုတာကို ဘယ်လိုသဘောရပါသလဲ။

ဦးအောင်ဇော် ။ ။ အရပ်ဝတ် စစ်အစိုးရဆိုတာလေးက ကောင်းပါတယ်။ သူတို့ ဘယ်လိုဘဲဝတ်ဝတ် အင်္ဂလိပ်လိုပြောကြတယ်မဟုတ်လား cosmetic မိတ်ကပ်လိမ်းကြတယ်ပေါ့။ မိတ်ကပ် လိမ်းလိမ်း၊ တောင်ရှည်ပုဆိုးဝတ်ဝတ်၊ ခေါင်းပေါင် ဝတ်ဝတ်၊ ထမီ ဝတ်ဝတ် ဒီလူတွေက ဒီလူတွေဘဲဆိုတော့ မြန်မာလူထုက သိနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အဝတ်အစား ပြောင်းရုံနဲ့ အသွင်သဏ္ဍာန်ပြောင်းရုံနဲ့ အနှစ်သာရအားဖြင့် ဘယ်လောက်ပြောင်းမယ့် အခြေအနေရှိပါသလဲ။

ဦးအောင်ဇော် ။ ။ အနှစ်သာရအားဖြင့် ကျနော်ထင်တယ် အခုဆိုရင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ဦးသိန်းစိန် ခေါ်တယ်။ နောက်ပြီးတော့ ဒီနေ့မှာဆိုရင် စိုရိမ်စရာကောင်းတာက လောနိုင်ငံက အစိုးရအဖွဲ့ကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က လက်ခံတွေ့ရှိတယ်။ တွေ့ဆုံတဲ့အခါကြတော့ စစ်ဝတ်စုံတွေနဲ့ စစ်ယူနီဖောင်းတွေနဲ့ တွေ့ဆုံတယ်။ အဲဒီအထဲမှာ ကြီးငါးကြီး က လက်ခံတွေ့ဆုံတာကို တွေ့ရတယ်။ ကြီးငါးကြီး က ဘယ်သူတွေလည်းဆိုတော့ ပြန်ကြည့်တဲ့အခါကြတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နဲ့ သူရဲ့ အထူးလက်ဆွဲတော် ဗိုလ်ချုပ်ကြီး တင်အေး တို့ပါတယ်။ ဒီလူ (၅) ယောက်က စစ်ကောင်စီအဖြစ်နဲ့ ဆက်ပြီးနေမယ်။ နောက်ကွယ်ကနေ ကြိုးကိုင်မယ်ဆိုပြီး သတင်းတွေ ရန်ကုန် နဲ့ နေပြည်တော်မှာ ထွက်နေပါတယ်။ သဘောကတော့ သူတို့ဘာသာ စကပ် ဝတ်ဝတ်၊ တောင်ရှည်ပုဆိုး ဝတ်ဝတ်၊ ဘာဘဲလုပ်ပြလုပ်ပြ နောက်ကွယ်မှာတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့အတူ စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ တိုင်းပြည်မှာ ဆက်ပြီး အာဏာယူမယ်ဆိုတာကို ပြတဲ့အတွက်ကြောင့် အနှစ်သာရအားဖြင့် အများကြီးပြောင်းသွားမယ်လို့ မထင်ဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာသာမည က ဘယ်လိုသဘောရပါသလဲ။

ဦးသာမည ။ ။ ဒါကတော့ ကျနော်တို့က သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကြည့်ရင်တောင် ကိုအောင်ဇော် ပြောတဲ့သဘောမျိုး တွေ့ရတာပေါ့။ စစ်ကောင်စီလို့ ပြောတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီကနေ ဆက်ပြီးတော့ သူတို့က အမြင့်ဆုံး အာဏာပိုင်အဖွဲ့ထဲမှာ အမြင့်ဆုံးနေရာကို ယူထားမယ်ဆိုတာကို တွေ့ရတယ်။ ဒီနေ့သတင်းမှာဆိုရင်လည်း နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ အဖွဲ့က စစ်တပ်က ကြီး (၅) ကြီးနဲ့သာ လက်ခံတွေ့ဆုံတယ်ဆိုတော့ အဲဒီသဘောက ဆက်သွားလိမ့်မယ်လို့ ထင်တယ်။ ကျနော်တို့သုံးနှုန်းတဲ့ နအဖ စစ်အစိုးရဆိုတာကလည်း သိပ်ပြီးတော့ သဘောတရားအရလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ အနှစ်သာရအားဖြင့်လည်း ပြောင်းလဲမှာမဟုတ်ဘူး။ နိုင်ငံတော်အေးချမ်းသာယာရေးဆိုတာကိုလည်း ဆက်ပြီးသုံးနေတယ်။ စစ်ကောင်စီကတော့ ဆက်ရှိနေတယ်။ နောက်ပိုင်းမှာတော့ တပ်မတော်ပိုင်းမှာ အသုံးအနှုန်းတွေ ပြောင်းသွားမလာတော့ မသိဘူး။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာမျိုးနဲ့ နေရာတခု ယူလာပြီး သတင်းစာမျက်နှာပြင်ပေါ်မှာလည်း ပါလာအုန်းမယ်လို့ ကျနော်ထင်တယ်။ အဲဒီတော့ အခုလက်ရှိပုံစံ အရပ်ဘက်ပြောင်းလိုက်တဲ့ပုံစံက ရွေးကောက်ပွဲပြီးရင်လည်း မြင်ရမယ့်ပုံစံတခု နမူနာအားဖြင့် ထုတ်ပြနေတယ်လို့ ကျနော်ကတော့ ယူဆချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ နံမည်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရ ပြည်ခိုင်ဖြိုးအစိုးရ တို့ဘာတို့ လုပ်လေမလား။

ဦးအောင်ဇော် ။ ။ အဲဒါတော့ အများကြီးဖြစ်နိုင်ပါတယ်။ သူများတွေ တွက်ကြတာတော့ အင်ဒိုနီးရှား ဂိုလ်ခါ (Golkar) ပါတီ၊ စင်္ကာပူ အစိုးရပုံစံမျိုး အာဏာရှင် ဒါပေမဲ့ တချိန်တည်းမှာ အရပ်သား အစိုးရပုံစံမျိုး ဆက်ပြီးသွားမယ်လို့ သူတို့က တွက်ကြတယ်။ ဒါပေမဲ့ တကယ့်တကယ် အနှစ်ချုပ်ကို ပြန်ကြည့်ရင် အခုန ကိုသာမည ပြောသလိုပဲ တိုင်းပြည်မှာဖြစ်နေတဲ့ တကယ့်နိုင်ငံရေး ပြဿနာတွေ၊ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ တိုင်းရင်းသားတွေကိစ္စတွေကို မဖြေရှင်းသေးသ၍ ဘာတွေဘဲဝတ်ဝတ်၊ ဘယ်လိုဒီဇိုင်းနဲ့လုပ်လုပ် ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ အဲဒီတော့ အခြေခံကျတဲ့ အပြောင်းအလဲမှုတွေလုပ်နိုင်မှ ဒီအစိုးရကို စစ်အစိုးရခေါ်ခေါ် အရပ်သားအစိုးရခေါ်ခေါ် ကြိုက်သလိုခေါ်ခေါ် အဲဒါကြမှ ပြည်သူလူထုက လက်ခံလိမ့်မယ်လို့ ထင်တယ်။ ဒါအပြင် စီးပွားရေးပြောင်းလဲမှုတွေပါ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ဘာဘဲဖြစ်ဖြစ် ဒီအစိုးရကို အထဲမှာရှိတဲ့လူထုက အစိုးရသစ်ကို အများစုက လက်ခံကြိုဆိုမယ့်သဘော ရှိတယ်။ သူတို့က အဲဒီလိုလုပ်မယ့် ပုံစံမျိုးကို မတွေ့ရသေးဘူး။

ဦးကျော်ဇံသာ ။ ။ ၁၉၇၄ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းကနေ ဦးနေဝင်း ကို အာဏာလွှဲပြီးနောက်ပိုင်းမှာတော့ ယူနီဖောင်းတွေ သိပ်မတွေ့ရတော့ဘူး။ အခုကြတော့ စစ်ကောင်စီက နိုင်ငံခြားကလာတဲ့ နိုင်ငံတော်အကြီးအဲတွေ၊ အစိုးရအဖွဲ့ အကြီးအကဲတွေကို သူတို့က ဦးဆောင်တွေ့နေတယ်ဆိုတော့ ၇၄ နောက်ပိုင်း အစိုးရထက် စစ်တပ်ရဲ့ လွှမ်းမိုးမှု ပိုမိုတွေ့နေရမယ့် သဘောလား။

ဦးသာမည ။ ။ အဲဒီလိုပဲ ပြောရမှာပေါ့။ ၇၄ နှစ်မှာတော့ ထိပ်ပိုင်းအကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင်က တိတိလင်းလင်း အရပ်ဝတ်ပြောင်းလိုက်တယ်။ အခု ကျနော်တို့ အကဲခတ်နေသလောက်ဆိုရင် ဗိုလ်ချုပ်ကြီးသန်းရွှေ က သူနဲ့ စစ်ကောင်စီလုပ်မယ့် အဖွဲ့ဝင်တခုလုံးကတော့ စစ်သားယူနီဖောင်းကို ချွတ်မယ့်ပုံစံတော့ မရှိဘူး။ နောက်တခုက ဖွဲ့စည်းပုံအခြေခံကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်ကလွတ်တဲ့ လူတွေကတော့ စစ်တပ်တာဝန်ကို ထမ်းဆောင်နေအုန်းမယ်။ အဲဒါကိုကြည့်တော့ စစ်တပ်ကိုတော့ လက်မလွှတ်သေးဘူး။ အစောပိုင်းက ကိုအောင်ဇော်ပြောတဲ့ ဖားတပိုင်း ငါးတပိုင်း အစိုးရဆိုတာ အဲဒါမှာ တကယ့်ပေါ်လာမယ်လို့ ထင်တယ်။ စစ်တပ်ထဲကနေ အရပ်ဘက်ဝင်လုပ်သလို အရပ်နဲ့ စစ်နဲ့ပေါင်းထားတဲ့ အရပ်ကဆိုတာ မည်ကာမတ္တ နည်းနည်းပဲ ပါလိမ့်မယ်။ အခုန ကြံ့ဖွံ့အစိုးရ ဖြစ်မလားဆိုတာမျိုး။ ကြံ့ဖွံ့ပါတီက မဲဆန္ဒတွေ တော်တော်များများ အကုန်လုံးလောက်ကို ဝင်နိုင်မှာ။ ကျန်တဲ့ပါတီတွေကတော့ ဝင်နိုင်တဲ့ပုံ မရှိတဲ့အခါကြတော့ ကြံ့ဖွံ့မှာ ဖားတပိုင်း ငါးတပိုင်း စစ်တပ်တဖြစ်လည်း အရပ်သားတွေက ဝင်ပြီးတော့ နေရာယူမယ်။ နောက်တခါ စစ်တပ်ထဲကနေ စေလွှတ်တဲ့ စစ်သား၊ စစ်တပ်တာဝန်ကို ထမ်းဆောင်ဆဲ။ အရပ်ဘက်မှာလည်း အမတ်လာလုပ်နေတဲ့ လူမျိုးတွေလည်းရှိတယ်ဆိုတော့ စစ်တပ်ကပဲ အများဆုံး လွှမ်းမိုးမယ့် အနေအထားတော့ တွေ့ရတာပေါ့။ ၇၄ ခုနှစ်ဖြစ်တုန်းကဆိုရင်တော့ ရှေ့ပိုင်း ရွေးကောက်ပွဲတွေမှာဆိုရင် အရပ်သားတွေပါတာကို တွေ့ရတယ်။ အခုကတော့ အရပ်သားတွေအနေနဲ့ တော်တော်ကြီး ရုန်းကန်ရမယ့်သဘောကို တွေ့နေရတယ်။

ဦးကျော်ဇံသာ ။ ။ ဒေသန္တရအစိုးရ အဆင့်မှာ ကြံ့ဖွံ့ရဲ့ လွှမ်းမိုးမှုက ပိုများပြီးတော့ စစ်တပ်က စစ်ဗိုလ်တွေပါဝင်တာထက် အရပ်သားကြံ့ဖွံ့တွေ ပိုပြီးပါလာနိုင်မလား။ အောက်ခြေ ပြည်နယ်တိုင်းအဆင့်မှာပေါ့။

ဦးအောင်ဇော် ။ ။ ကိုကျော်ဇံသာ ထောက်ပြတာကောင်းပါတယ်။ ၁၉၇၄ နောက်ပိုင်းမှာ ဖြစ်တဲ့ကိစ္စပေါ့။ အဲဒီမှာ အရပ်သားတွေ ပါလာခဲ့တယ်။ ဒေသန္တရအစိုးရထဲမှာ။ ဒါပေမဲ့ အများစုက အစိုးရနဲ့ ပုလင်းတူဘူးစို့တွေ များနေတာကို တွေ့ရတယ်။ ဒါပေမဲ့ တချိန်တည်းမှာ တိုင်းရင်းသားတွေတချို့ကလည်း မြင်တာက သူတို့နယ်တွေထဲမှာ ပိုပြီးတော့ အခွင့်အရေးအာဏာတွေ ပိုရှိလာမယ်လို့ တချို့က တွက်ကြတာရှိတယ်။ ဒါကိုတော့ အစိတ်အပိုင်းတခုအနေနဲ့ စောင့်ကြည့်ရမယ်လို့ ထင်တယ်။ ဒါပေမဲ့ တချိန်တည်းမှာဘဲ မြန်မာနအဖ စစ်အစိုးရအနေနဲ့ ဗမာလူမျိုးတွေ အများစုက အာဏာယူထားတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေကို သူတို့က အလွယ်တကူနဲ့ နယ်တွေ၊ တိုင်းတွေမှာ အာဏာကို အလွယ်တကူပေးမယ်၊ အစိုးရအဆင့်မှာ ပေးမယ်လို့ မထင်ဘူး။ သူတို့ကတော့ ပုံစံအမျိုးမျိုးနဲ့ ချုပ်ကိုင်ဖို့ ကြိုးစားမယ်လို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆက်လက်ပြီးတော့ ကိုအောင်ဇော် နည်းနည်း ဆွေးနွေးပေးပါ။ ၇၄ နောက်ပိုင်း အစိုးရနဲ့ အခု ၂၀၁၀ နောက်ပိုင်း အစိုးရတို့ရဲ့ အားသာချက် အားနည်းချက်ကို အကျဉ်းချုံပြောရင် ဘယ်လိုပြောမလဲ။ ဘယ်ဘက်က ပိုကောင်းမလဲ။

ဦးအောင်ဇော် ။ ။ ပြောရခက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုနောက်ပိုင်း ထွက်လာမယ့် အစိုးရက ကျနော်အနေနဲ့ ပိုအဆိုးမြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ဒီစစ်အစိုးရအနေနဲ့က စစ်ဗိုလ် တမတ်သား ယူထားတာကို တွေ့ရတယ်။ နောက် နိုင်ငံတော်ကိစ္စတွေမှာဆိုရင်၊ တကယ့် အရေးကြီးတဲ့ cabinet ကိစ္စတွေမှာ သူတို့က အားလုံးအာဏာ ယူဖို့ ပြင်ထားတာကို တွေ့ရတယ်ဆိုတော့ သူတို့ဆက်ပြီး အာဏာတည်မြဲရေး၊ တရားဝင် အာဏာတည်မြဲရေးအတွက် ကြိုးစားတဲ့ ခြေလှမ်းကွက်လို့ မြင်တယ်။ ဦးနေဝင်း အစိုးရလက်ထက်ထက် ပိုပြီး ဆိုးနိုင်တယ်လို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမညရဲ့ နောက်ဆုံးမှတ်ချက်လေး ကြားချင်ပါတယ်။ ၇၄ နောက်ပိုင်း အစိုးရနဲ့ ၂၀၁၀ နောက်ပိုင်း အစိုးရတို့ကို နှိုင်းယှဉ်ပြပါ။

ဦးသာမည ။ ။ ၇၄ အစိုးရကတော့ ဆိုရှယ်လစ်စံနစ်အတိုင်း တပါတီ ကြီးစိုးပြီးတော့ လုပ်သွားတာ။ အဲဒါက ထင်သာမြင်သာ ရှိတယ်။ အခုဟာက ဒီမိုကရေစီစံနစ်ဆိုပြီးတော့ ဒီမိုကရေစီပုံစံလည်း မလာဘူးဆိုတဲ့အခါကြတော့ ကျနော်မျက်စီထဲမှာက နည်းနည်းမြင်နေတာက ကြံ့ဖွံ့ကိုလည်း သေသေချာချာ စံနစ်တကျနဲ့ နေရာယူနေပြီဆိုတော့ မြောက်ကိုရီးယားလို တကယ် စစ်နိုင်ငံတခုလို ဖြစ်သွားလေမလားပေါ့။ အဲဒီလောက်အထိ ကျနော်ကတော့ မြင်နေတယ်။ ဗမာနိုင်ငံသားတွေရဲ့ ကံကြမ္မာက တကယ်ပဲ သူတို့ ရုန်းနိုင်ကန်နိုင်တာ မရှိဘူးဆိုရင်တော့ တအိအိနဲ့ စစ်နိုင်ငံအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ မြင်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလိုနဲ့ပဲ ၁၉၆၂ ခုနှစ်က စတင် အသွင်ပြောင်း၊ နံမည်ပြောင်းရုံမက လူတွေပါ ပြောင်းလဲလာခဲ့ပေမယ့် စံနစ်က မပြောင်းခဲ့လေတော့ မြန်မာပြည်သူလူထု အဆက်ဆက်ကလည်း ဒုက္ခပင်လယ်ဝေရပြီး တိုင်းပြည်လည်း မီးတောင်မလင်းနိုင်တဲ့ အဆင့်အထိ ဆုတ်ယုတ်ကျဆင်းလာခဲ့တာကိုတော့ သံဝေဂ ယူသင့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG