သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကုန်သွယ်မှုလုံခြုံရေး


တရုတ် ကုန်သွယ်မှုလုံခြုံရေး
တရုတ် ကုန်သွယ်မှုလုံခြုံရေး

တောင် တရုတ်-ပင်လယ်မှာ တရုတ်ရေတပ်က ကြီးစိုးဖို့ ကြိုးပမ်းနေချိန်မှာ ပထမဦးဆုံးသော လေယာဉ်တင် သင်္ဘောကြီးကို ရှေ့လမှာ အစမ်းမောင်းကြည့်ပြီး ရှေ့နှစ်မှာပြီးစီးမယ်ဆိုတဲ့ သတင်းထွက်လာတာကြောင့် တရုတ်စစ်တပ် အလှမ်းမီတဲ့နေရာတွေ တဖြည်းဖြည်းကျယ်ပြန့်လာပုံကို သုံးသပ်ကြပါတယ်။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ စစ်အင်အားတိုးချဲ့နေတာကို လေယာဉ်တင်သင်္ဘောကြီးက သက်သေပြသလို ဖြစ်နေပါတယ်။ တကမ္ဘာလုံးမှာ ပျံနံှနေတဲ့ အမေရိကန်အကျိုးစီးပွားကို လေယာဉ်တင် စစ်သင်္ဘော (၁၁) စီးက စောင့်ရှောက်နေတာကို တရုတ်က အားကျနေပုံရပါတယ်။

အနောက်တိုင်းနဲ့ တရုတ်ပြည်ကို ကုန်သွယ်ရာမှာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးဟာ အဓိကအခန်းက ပါဝင်နေပါတယ်။ တရုတ်ကုန်သင်္ဘောတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် တရုတ်စစ်သင်္ဘောတွေ အဆက်မပြတ် လှည့်လည်နိုင်အောင် ထောက်ပံ့ရေးဆိပ်ကမ်းတွေရှိဖို့ လိုအပ်တာကို မြန်မာ၊ သီရိလင်္ကာ နဲ့ ပါကစ္စတန် တို့က ဖြည့်ဆည်းပေးပါလိမ့်မယ်။ ရေကြောင်းကိုချည်း အားမကိုးဘဲ ကုန်းလမ်းကုန်းသွယ်ရေး မြှင့်တင်ဖို့အတွက် တရုတ်-ဥရောပ အမြန်ရထားလမ်းရှိဖို့ လိုပါတယ်။ ဒီရည်ရွယ်ချက်ကို ဦးတည်ပြီး အဝေးပြေး ရထားလမ်းစီမံကိန်း အကောင်အထည် ဖော်နေပါတယ်။

ဥရောပ-အရှေ့အလယ်ပိုင်း အာရပ်ဒေသနဲ့ တရုတ်ပြည်ကို ရထားလမ်းဆက်သွယ်ဖို့ ကုလသမဂ္ဂ က အရင်ဆုံး စိတ်ကူးခဲ့ပေယ့် လက်တွေ့ အကောင်အထည်ဖော်နေသူဟာ တရုတ်အစိုးရ ဖြစ်ပါတယ်။ တိဗက် ရထားလမ်းကို နိပေါလ်နိုင်ငံအထိ ဆက်ဖောက်နေပြီး လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗိယက်နမ် နဲ့ စင်္ကာပူကို ရထားလမ်းနဲ့ ဆက်သွယ်ဖို့ စီစဉ်နေပါတယ်။ တရုတ်၊ ဥရောပ၊ ရထားလမ်း ဖြတ်သွားမယ့်နိုင်ငံတွေကို စည်းရုံးသိမ်းသွင်းထားပြီး ဖြစ်ပါတယ်။ ရထားလမ်းစီမံကိန်းရဲ့ ဆက်စပ်နေပုံကို စာတမ်းပြုစုထားသူဟာ သုတေသီ Dr. Christina Lin ဆိုသူ တရုတ်အမျိုးသမီး ဖြစ်ပါတယ်။ စစ်တပ်သုံးနိုင်အောင် ပြင်ဆင်ထားတဲ့ ရထားဘူတာရုံ တထောင်ကျော် ရှိပါတယ်။ ရထားလမ်းကို စစ်တပ်လှုပ်ရှားရေးနဲ့ စစ်တပ်ထောက်ပံ့ရေး လမ်းကြောင်းအဖြစ် တရုတ်က အသုံးပြုနေတာ ဖြစ်ပါတယ်။

တရုတ်-တိဗက် ရထားလမ်းကို ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်တာကြောင့် ၂၀၀၈ တိဗက် ဆန္ဒပြပွဲ ဖြစ်ပွားနေတဲ့အခါမှာ နှစ်ရက်အတွင်း စစ်အင်အား ဖြည့်တင်းနိုင်ခဲ့တာလို့ သုံးသပ်ကြပါတယ်။ တရုတ် ဆောက်လုပ်မယ့် ရထားလမ်းတွေဟာ ကုန်သွယ်ရေးအတွက် အရေးပါသလို စစ်ရေးအတွက်လည်း အရေးကြီးပါတယ်။ တရုတ်အနောက်ပိုင်းပြည်နယ် ရှင်းဂျန် ကလာတဲ့ ရထားလမ်းကို Kyrgyzstan, Tajikistan နဲ့ Afghanistan တို့ကို ဖြတ်သန်းပြီး အီရန်နိုင်ငံထဲအထိ ဆောက်လုပ်ဖို့ တရုတ်က စီးမံကိန်းချထားပါတယ်။ ဒီ ရထားလမ်းဖောက်လုပ်ဖို့ သက်ဆိုင်ရာနိုင်ငံက သယ်ယူပို့ဆောင်ရေးဝန်ကြီးတွေ လွန်ခဲ့တဲ့ အောက်တိုဘာ က Tajikstan နိုင်ငံ၊ Dushanbe မှာ လက်မှတ်ထိုးကြပါတယ်။ အီရန်ကနေ အီရတ်၊ ဆီးရီးယား နဲ့ တာကီကို ဆက်သွယ်မယ့် ရထားလမ်းဆောက်ဖို့ တရုတ်က အီရန်ကို ဒေါ်လာသန်းနှစ်ထောင် ထောက်ပံ့ပါလိမ့်မယ်။

တချိန်တည်းမှာပဲ နေတိုး (NATO) ကာကွယ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ Turkey နဲ့ တရုတ်ပြည်ကို အမြန်ရထားနဲ့ ဆက်သွယ်မယ့် စီမံကိန်းကိုလည်း သဘောတူထားပါတယ်။ တာကီ ကို ဖြတ်သန်းမယ့် အမြန်ရထားလမ်းနဲ့ တာကီ- ပါကစ္စတန် ရထားလမ်း စီမံကန်းမှာ Bulgaria နိုင်ငံပါ ပါဝင်ဖို့ တရုတ်က ဖိတ်ခေါ်ထားပါတယ်။ Bulgaria ဆိပ်ကမ်း၊ လေဆိပ် နဲ့ မြစ်ကြောင်တွေကို သုံးခွင့်ပြုရင် ငွေအများအပြား ထုတ်ချေးမယ်လို့ တရုတ်ဘက်က ကမ်းလှမ်းထားပါတယ်။ တရုတ်-တာကီ ပူးတွဲ မဟာဗျူဟာဆိုပြီး စစ်ရေးလေ့ကျင့်ခန်း ဆက်လုပ်ရာမှာလည်း ဒီ ရထားလမ်းဟာ အသုံးဝင်မယ်လို့ ဆိုပါတယ်။ တရုတ်-ဥရောပ ရထားလမ်းဟာ အနောက်ပိုင်းပြည်နယ်တွေ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးအတွက် ရည်ရွယ်ပါတယ်။

ယူနန်၊ ရှင်းဂျန် နဲ့ တိဗက်မှာ ကားလမ်း၊ ရထားလမ်းတွေ တိုးချဲ့ဆောက်လုပ်တာကြောင့် တရုတ်-အိန္ဒိယ နယ်စပ်ဒေသမှာ တရုတ်ဘက်က အများကြီး တပန်းသာနေပါတယ်။ အိန္ဒိယ အရှေ့မြောက်ဒေသ သယ်ယူပို့ဆောင်ရေးဟာ အလွန်ခေတ်နောက်ကျ နေပါတယ်။ ရှိနေတဲ့ ကားလမ်းဟာ မိုးရွာတဲ့ဒဏ်ကို မခံနိုင်လို့ ပျက်စီးနေတာများပါတယ်။ သစ်သားတံတားကို ကွန်ကရစ်တံတားအဖြစ် အသွင်ပြောင်းနေတာ အခုထက်ထိ မပြီးနိုင်သေးတဲ့အတွက် နယ်စပ်သွားဖို့ သစ်သားတံတားကို အားကိုးနေရပါတယ်။

လူဦးရေများတဲ့နေရာနဲ့ နည်းတဲ့နေရာ၊ ဆင်းရဲတဲ့နေရာနဲ့ ချမ်းသာတဲ့နေရာ စတာတွေကို ဆက်သွယ်ပေးနိုင်တဲ့ ရထားလမ်းဟာ တိုင်းပြည်စီးပွားရေးမှာ အလွန်အရေးကြီးပါတယ်။ စစ်တပ်ကို ထောက်ပံ့ဖြည့်တင်းရာမှာ ရထားလမ်းဟာ အထိရောက်ဆုံး ဖြစ်ပါတယ်။ တရုတ်ဟာ ကားလမ်း၊ ရထားလမ်းတွေကို နယ်စပ်အထိ အခိုင်အမာ တည်ဆောက်ထားပေမယ့် အိန္ဒိယပြည်မနဲ့ အာသံပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရထားလမ်း တလမ်းသားရှိပါတယ်။ တိဗက်မှာ ရာသီမရွေးသုံးနိုင်တဲ့ နှစ်လမ်းသွား ကားလမ်းကီလိုမီတာ ခြောက်သောင်းဆောက်လုပ်ထားပါတယ်။ အိန္ဒိယ နဲ့ တရုတ်ကို တိုးတက်နေတဲ့ အင်အားကြီးနိုင်ငံတွေအဖြစ် သတ်မှတ်ကြပေမယ့် လက်တွေ့မှာတော့ အိန္ဒိယဟာ တရုတ်ကို အမှီလိုက်နိုင်ဖို့ အများကြီးလိုနေသေးပါတယ်။

XS
SM
MD
LG