သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လူကုန်ကူးမှု အကြောင်းရင်းဇစ်မြစ်


မြန်မာပြည် လူကုန်ကူးမှု အကြောင်းရင်းဇစ်မြစ်

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတဲ့ လူကုန်ကူးမှု ဇစ်မြစ်ကဘာလဲ။ နိုင်ငံရေး စံနစ်ကြောင့်လား။ စီးပွားရေးကြပ်တည်းမှုကြောင့်လား ဆိုတာကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးရှေ့နေ လမ်းပြကြယ် ဦးအေးမြင့်၊ ပြည်ပအခြေစိုက် BLC (Burma Lawyer’s Council) ခေါ် မြန်မာနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အထူးသဖြင့် လူမှောင်ခိုကူးတဲ့ကိစ္စဟာ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ အမေရိကန်အစိုးရရဲ့  အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ ဘာရေးသလဲဆိုတော့ မြန်မာနိုင်ငံအစိုးရဟာ အမျိုးသမီးတွေ လိင်ကိစ္စအတွက် ရောင်းစားခံရတဲ့ကိစ္စကို တားမြစ်ဖို့ အားထုတ်မှု ရှိပေမယ့်လည်း နိုင်ငံတကာ စံအရ အနိမ့်ဆုံးလုပ်သင့်တာကိုတောင် မလုပ်ဘူးလို့ ဆိုပါတယ်။ ပထမဦးဆုံး ကျနော် အခြေအနေလေးကို သိပါရစေ။ ဦးအေးမြင့် စပြောပါခင်များ။ မြန်မာနိုင်ငံအတွင်းမှာ လူကုန်ကူးမှုအခြေအနေ ဘယ်လောက် ဆိုးဝါးနေတယ်ဆိုတာကို အကျဉ်းချုံးပြောပါခင်များ။

ဦးအေးမြင့် ။ ။ မြန်မာနိုင်ငံအတွင်းမှာ လူကုန်ကူးမှု အဆိုးဝါးဆုံးအခြေအနေတော့ ရောက်ရှိနေတယ်။ နိုင်ငံရေးနဲ့လည်း ဆက်စပ်တယ်။ စီးပွားရေးနဲ့လည်း ဆက်စပ်တယ်။ အခုလက်ရှိ အမျိုးသမီးတွေ၊ ခလေးတွေ စီးပွားရေးကြောင့် ရပ်တိုင်းရွာတိုင်းမှာ ရောင်းစားခံရလို့။ သားသမီးနဲ့ မိဘတွေ အဆက်အသွယ် မရှိတော့တာတွေက ရပ်ကွက်တိုင်း၊ ရွာတိုင်းမှာကို ရှိနေတယ်။ ဒါကို လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက အကူအညီမပေးဘူး။ ဒါကလည်း စီးပွားရေး ကြပ်တည်းတာရယ်။ နိုင်ငံရေးကြောင့်ရယ် အကုန်ဆက်စပ်ပြီး ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရအနေနဲ့ ဒါကို ဟန့်တားဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေ မရှိဘူးလား။ အမျိုးသမီးဆိုရင် အမျိုးသမီးကယ်ဆယ်စောင့်ရှောက်ရေး အသင်းတို့ဘာတို့၊ နောက်ပြီးတော့ တရားဥပဒေအရ လူကုန်ကူးမှုကို ဟန့်တား တားမြစ်ဖမ်းဆီးတာတို့ မရှိဘူးလား။

ဦးအေးမြင့် ။ ။ အဲဒါက သတင်းစာထဲနဲ့ စာရွက်ပေါ်မှာ ဟန်ဆောင်အလုပ်လုပ်နေတာပဲ ရှိပါတယ်။ တကယ်တမ်း ခံရတဲ့လူတွေက မျက်စိသူငယ်၊ နားသူငယ်နဲ့ ဘယ်သူ့ သွားတိုင်လို့သွားတိုင်ရမှန်း မသိဘူး။ ကျနော်တို့ ပြည်သူ့ရဲတပ်ဖွဲ့ သွားတိုင်တော့လည်း နိုင်ငံခြားကိစ္စမိုလို့ ဟိုလုပ်ဒီလုပ်လှည့်သွားလုပ်တယ်။ မြန်မာနိုင်ငံမှာ ဘာလုပ်သလဲဆိုရင် - ဥပမာ ဒီကနေ ပဲခူးကနေ မြဝတီ အလုပ်သွားလုပ်မယ်ဆိုရင် ကျိုက်ထိုလောက်မှာ အဖမ်းခံရတယ်။ အဲဒါနဲ့ ပါသွားတဲ့ခေါင်းဆောင်၊ ဒီ စီးပွားရေးအတွက် သွားတဲ့လူကို လူကုန်ကူးမှုနဲ့ ထောင်ချနေကြတယ်။ အဲဒီအလုပ်ပဲလုပ်တယ်။ ပြည်တွင်းမှာရှိတဲ့လူကို ပြည်တွင်းမှာပဲ ထောင်ချတာလုပ်တယ်။ ပြည်ပရောက်သွားတဲ့လူတွေကို ကယ်တင်ခြင်းဆိုတာ လုံးဝမရှိခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ပြည်ပရောက်သွားတဲ့လူကို ကယ်တင်ဖို့အတွက် ပြည်ပအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့ အပိုင်းလည်း ရှိပါလိမ့်မယ်ဆိုတော့ မြန်မာနိုင်ငံအတွင်းက ရောင်းစားခံရတဲ့ လူတွေအများဆုံးဟာ ထိုင်းနိုင်ငံမှာလို့ ဆိုပါတယ်။ ဦးသိန်းဦးတို့အနေနဲ့ အဲဒီဘက်မှာအခြေစိုက်ပြီး လှုပ်ရှားနေတယ်ဆိုတော့ ဒီလူကုန်ကူးမှု အခြေအနေဘယ်လောက်ဆိုးသလဲဆိုတာကို ပထမဦးဆုံး ပြောပါ။ ဒုတိယအချက်အနေနဲ့ ကျနော်မေးပါမယ် - ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းမှုဘယ်လောက် ရှိပါသလဲဆိုတာကို အခြေအနေကို ပြောပြပေးပါ။

ဦးသိန်းဦး ။ ။ လူကုန်ကူးမှုကတော့ တော်တော်ဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ အဓိကတော့ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးအရ လုပ်ကိုင်စားသောက်မှုမလွယ်တဲ့အပေါ်မှာ အခြေခံပြီးတော့ ဆင်းရဲနိမ့်ကျမှုအပေါ်မှာ အခြေခံပြီးတော့ ပိုပြီးတော့ စီးပွားရေးကောင်းနိုင်မယ်ထင်တဲ့ နေရာတွေကို သွားလုပ်ချင်ကြပါတယ်။ အဲဒါတွေအပေါ်မှာ အခြေခံပြီတော့ လူကုန်ကူးတဲ့ မသမာတဲ့ ပုဂ္ဂိုလ်တွေက ဒါကို အခွင့်အကောင်းယူပြီတော့ အမျိုးမျိုးဆွယ်ပြီးတော့ မြန်မာနိုင်ငံအတွင်းက လူတွေကို ထိုင်းနိုင်ငံဘက်မှာ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး ပြောဆိုပြီး ရောင်းစားတာတွေ အများကြီး ကြုံနေရပါတယ်။ ဒီဥစ္စာကတော့ အဓိက အခြေခံကတော့ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးအရ အများစုကြီးက စီးပွားရေး ချွတ်ခြုံကျမှုအပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပွားနေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါကို မဖြေရှင်းနိုင်သေးသမျှကာလပတ်လုံး ဒါကြီးက ဒီထက်ဆိုးတဲ့ အနေအထားကို ရောက်မှာပဲဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေး၊ နိုင်ငံရေးကိုတော့ နောက် ဆွေးနွေးကြတာပေါ့။ အခုလောလောဆယ်မှာ ထိုင်းနိုင်ငံအတွင်းမှာ အရောင်းစားခံရတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ဟန့်တားဖို့အတွက် ထိုင်းနိုင်ငံမှာတော့ လူကုန်ကူးမှု ဟန့်တားရေး ဥပဒေ ဘာညာဆိုတာတော့ ရှိလိမ့်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိပါသလဲ။

ဦးသိန်းဦး ။ ။ မှန်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့တော့ ဒီကိစ္စတွေကို ဟန့်တားဖို့အတွက် ဥပဒေ ထုတ်ပြန်ထားပြီး ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကတော့ အလွယ်ကူဆုံးနဲ့ အရှင်းဆုံးမြင်ရမယ်ဆိုရင် လုံးဝ မြန်မာနိုင်ငံသားတွေကို အကူအညီ မပေးပါဘူး။ ဥပမာ ထိုင်းနိုင်ငံရှိတဲ့ မြန်မာသံရုံးကို အကူအညီတောင်း၊ အကြောင်းကြားသည့်တိုင်အောင် သံရုံးက ဘာမှ တစုံတရာ လုပ်ကိုင် ဆောင်ရွက်ပေးတာ မရှိပါဘူး။ ဒါမျိုးတွေဟာ အများကြီးဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေကို မြန်မာအစိုးရအနေနဲ့ တာဝန်ရှိတဲ့ သံရုံးကတောင် အကူအညီမပေးဘူးဆိုရင် အင်မတန်မှ ဆိုးဝါးတဲ့ အနေအထားကို ရောက်ရှိနေတယ်ဆိုတာကို မြင်နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ပြီး ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို ပူးပေါင်း ဆောင်ရွက်မယ်၊ တိုက်ဖျက်မယ်ဆိုတဲ့ သဘောတူညီချက် ရှိမယ်ထင်ပါတယ်။ ဒီ လူကုန်ကူးမှုကိုရော နယ်စပ်ဖြတ်ကျော်တဲ့ ပြစ်မှုအနေနဲ့ ပူးပေါင်းဟန့်တား ကြိုးစားမှုမရှိဘူးလား။

ဦးသိန်းဦး ။ ။ ကျနော် သိရသလောက်တော့ မြန်မာအစိုးရအနေနဲ့ အဲဒါမျိုး မရှိပါဘူး။ တကယ်လို့ ရှိမယ်ဆိုရင် ဒါတွေက တရားဝင်အသိပေးပြီတော့ မြန်မာနိုင်ငံသားတွေ ဒီမှာ အလုပ်လာလုပ်တဲ့ လူတွေက သိန်းဂဏန်းမှ သန်းဂဏန်းအထိ ဒီမှာရှိနေပါတယ်။ တကယ်တန်း လုပ်သင့်တာကတော့ အဲဒီလို ဖြစ်လာမယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ဘယ်သူကို တိုင်ရမယ်။ ဘာလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို အကုန်လုံးအသိပေး အကြောင်းကြားဖို့ လိုပါတယ်။ ဘယ်လိုကူညီပေးနိုင်တယ်။ ဘယ်လိုကူညီပေးမယ်ဆိုတာကို လုပ်ရမှာဖြစ်ပါတယ်။ အခု ဒီကိစ္စက လုံးဝမရှိတဲ့အတွက်ကြောင့်မို့ မြန်မာအစိုးရက အင်မတန်မှ ကိုယ့်နိုင်ငံသားတွေအပေါ်မှာ မျက်နှာလွှဲခဲပစ် လျစ်လျူရှုထားတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းကို ပြန်ကောက်ပါမယ်။ ဦးအေးမြင့် ခင်ဗျား - စောစောက ပြောခဲ့တာက နိုင်ငံရေးနဲ့ဆိုင်တယ်။ စီးပွားရေးနဲ့ဆိုင်တယ်။ ကျနော်နားလည်တာကတော့ အဓိက လောလောဆယ် ကတော့ စီးပွားရေး ကြပ်လို့ ဒီလူတွေ သွားကြတာပေါ့။ ဆိုတော့ မြန်မာနိုင်ငံစီးပွားရေးဟာ စံနစ်သစ်ဖြစ်လာတယ်။ ပြည်ပက တရုတ်တို့ ဘာတို့ဆိုရင် စီးပွားရေး ပိုလုပ်လာမယ်။ အာဆီယံ၊ အိန္ဒိယ တို့။ အနောက်နိုင်ငံတွေက သပိတ်မှောက်တယ် ထားပါတော့ အဲဒီကိစ္စမှာ စီးပွားရေးအခြေအနေ တိုးတက် လာမယ့် အလားအလာ မမြင်ရဘူးလား။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အလုပ်အကိုင် ပိုရလာမယ့် အနေအထားမရှိဘူးလား။

ဦးအေးမြင့် ။ ။ ကျနော်တို့ အမြင်အရကတော့ စစ်မှန်တဲ့ အစိုးရမဖြစ်မချင်း အခြေအနေ တိုးတက်လာမှာ မဟုတ်ဘူး။ အခုက ကျနော်တို့က စစ်မှန်တဲ့ အစိုးရဖြစ်တယ်လို့ ရာခိုင်နှုန်းပြည့် ပြောလို့ရတဲ့ အစိုးရ မဟုတ်တဲ့အတွက် စီးပွားရေးအခြေအနေ မပြောနဲ့ ဒီထက် ဆိုးဖို့အခြေအနေ ရှိနေတာ။ အခုလည်း လယ်သမားတွေ တယောက်မှ လယ်စိုက်လို့ မရဘူး။ ရေတွေကြီးနေတယ်။ ဘဝပျက်နေတာတွေ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးအားဖြင့် စစ်မှန်တဲ့ အစိုးရမဖြစ်ရင် စီးပွားရေးကောင်းလာစရာ မရှိဘူးပေါ့။ မြန်မာနိုင်ငံ လက်ရှိအခြေအနေက။

ဦးအေးမြင့် ။ ။ နိုင်ငံရေးက စစ်မှန်တဲ့အစိုးရဖြစ်မှ စီးပွားရေးကောင်းမယ်။ အခု ဒီမှာက ဗမာပြည်မှာက ယဉ်ကျေးမှုတရပ်လို ဖြစ်နေတယ်။ အာဏာရရင် စီးပွားဖြစ်တယ်ဆို။ အခု ရပ်ကွက်ကလေး အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးလောက် ဖြစ်ရင်ပဲ တကယ့် ရာထူးကြီးရသလို တုတ်တပြက်၊ ဓားတပြက်နဲ့ ရွေးနေရတဲ့ အခြေအနေမျိုးဖြစ်တယ့်အတွက် တိုင်းပြည်က နိုင်ငံရေး၊ စီးပွားရေး နှိမ့်ကျတဲ့အပြင် အသိဉာဏ်ပါ နှိမ့်ကျနေပြီ။ အာဏာရှိရင် စီးပွားဖြစ်တယ် လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ ခေတ်မျိုးဖြစ်နေတယ်။ အာဏာရူးခေတ် မပျောက်မချင်း ကျနော်တို့ စီးပွားရေး ကောင်းမှာ မဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ တိုင်းပြည်အတွင်းမှာ နေတဲ့လူတွေရော - လယ်ယာလုပ်ငန်းလုပ်ပြီး နေတဲ့ ကျေးလက်ရွာက တောင်သူလယ်သမားတွေ ပြည်ပကိုထွက်တဲ့လူတွေထက် ဘဝက ငြိမ်းငြိမ်းချမ်းချမ်း ရှိမှာပေါ့။ စားရတာကတော့ ဆင်းရဲသားပီပီ ငပိရည်နဲ့ တို့စရာ စားရမှာပေါ့။ လယ်ကွင်းထဲကရတဲ့ဟာနဲ့။ အပြင်မှာဆို ရောင်းစားခံရတယ်။ အသတ်ခံရတယ်။ အနိုင်ကျင့်ခံရတယ်။ အဲဒီ အသိဉာဏ်မျိုးကို သူတို့ကို ပေးလို့မဖြစ်ဘူးလား။

ဦးအေးမြင့် ။ ။ အဲဒီ အသိဉာဏ်မျိုးကို ရောင်းစားခံရတယ်။ အသတ်ခံရတယ်။ ပေးလို့ကတော့ ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် ပေးဖို့က မီဒီယာက အရေးကြီးတယ်။ တိုင်းပြည်မှာက သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသလို အခု လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုတာလည်း စာရွက်ပေါ်မှာရှိတယ်။ အဖွဲ့အစည်းဆိုတာလည်း ရှိတယ်။ စစ်မှန်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ မဟုတ်ဘူးလေ။ ဒီလို ဟန်ဆောင်တဲ့ သဘောလောက် ဖွဲ့ထားတဲ့အဖွဲ့။ မနာလို ကုန်းချောမှုကြောင့် လူကုန်ကူးတယ်ဆိုပြီး (၇) နှစ်၊ နောက် (၅) နှစ် ကျကြတယ်၊ အကျဉ်းထောင်အသီးသီးရောက်ကြတယ်။ တယောက်မှ လူကုန်ကူးကြတဲ့ လူတွေမဟုတ်ဘူး။ ရိုးရိုးသားသားနဲ့ စီးပွားရေးကို မပြေလည်။ ကိုယ့်အိမ်နီးနားချင်း၊ ရွာနီးနားချင်းက တယောက်ကသွားပြီး ပြေလည်တော့ အားကျ။ ပြည်ပကိုသွား။ အဲဒီမှာ ပြည်ပကိုရောက်တဲ့အခါမှာ ကုန်သည်တွေက ရောင်းစားခံကြတဲ့အခါ ဘဝပျက်တဲ့လူတွေ တပုံကြီး။ ကျနော်ဆီမှာ လာတိုင်ထားတဲ့လူတွေ အစိတ်သုံးဆယ်လောက်ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးမြင့် ပြောတာကိုကြည့်မယ်ဆိုရင် အစိုးရမူဝါဒ ဆိုတာထက် အောက်ခြေမှာ အကောင်အထည်ဖော်တဲ့လူတွေ တာဝန်မကျေတာ အများကြီးဖြစ်နေမယ်လို့ ထင်တယ်။ ဦးအေးမြင့် ပြောတဲ့စကားအရဆိုရင် ဟုတ်ပါသလား။

ဦးအေးမြင့် ။ ။ ဟုတ်တယ်။ အကောင်အထည်ဖော်တဲ့လူတွေက အပေါ်မှာ မျက်နှာလို မျက်နှာရလုပ်ပြီး သူတို့သဘောကျရင် သူတို့ရှေ့ ကနေပဲ လူတရာလောက် ယိုးဒယားခေါ်သွား၊ ထိုင်းကိုခေါ်သွား ခွင့်ပြုတယ်။ သူတို့ သဘောမကျရင်တော့ ရိုးရိုးသားသား ရန်ကုန်ကနေ မန္တလေးသယ်တာတောင် လူကုန်ကူးမှု ဖြစ်တာ။ အိမ်ဖော်လုပ်ဖို့၊ အလုပ်မရှိလို့ ဆက်သွယ်တဲ့လူနဲ့ လိုက်။ ရထားပေါ်မှာပဲ လူကုန်ကူးတယ်ဆိုပြီး ထောင်ကျကုန်တာတွေလည်း တပုံကြီး။ အစစ်အမှန်တွေ မရှိဘူး။ ဟိုဘက်ရောက်ရင် ချမ်းသာတဲ့လူလို့ပဲ ယူဆကြတယ်။

ဦးကျော်ဇံသာ ။ ။ ဦးသိန်းဦးကို တခုမေးချင်တာက မြန်မာနိုင်ငံလိုပဲ ထိုင်းက စီးပွားရေးအသင့်အတင့် ဖွံ့ဖြိုးတဲ့နိုင်ငံဆိုတော့ လာအို၊ ကမ္ဘောဒီယားတို့ကလည်း ဆင်းရဲတဲ့နိုင်ငံတွေဆိုတော့ အဲဒီက ဝင်လာတဲ့ အလုပ်သမားတွေကရော မြန်မာအလုပ်သမားတွေလိုပဲ ရောင်းစားခံရတာတွေ ရှိပါသလား။ ဘယ်လို ဖြေရှင်းကြပါသလဲ။

ဦးသိန်းဦး ။ ။ ရှိပါတယ်။ လာအိုကနေ လာကြတဲ့အလုပ်သမားတွေ ရှိပါတယ်။ ဒါပေမဲ့ အဓိက ပြောချင် တာကတော့ မြန်မာနိုင်ငံကတော့ သိပ်ကို အဂတိလိုက်စားမှု မြင့်ပါတယ်။ နောက် မြန်မာနိုင်ငံသားတွေ အတွက်က တံခါးပိတ်ဝါဒကို သုံးတဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့ ဟုတ်လားမဟုတ်လားဆိုတာကို လာပြီးလေ့လာနိုင်တဲ့ဟာမျိုး၊ အမြင်ဖလှယ်တာမျိုးတွေ မရှိပါဘူး။ ဥပမာအားဖြင့် လာအိုလို နိုင်ငံမျိုး တွေမှာဆိုရင် ထိုင်းနိုင်ငံကို အချိန်မရွေး ဝင်ထွက်သွားလာလို့ရတယ်။ အင်မတန်မှ လွယ်တဲ့ကိစ္စတွေ ဖြစ်တယ်။ ဆိုလို့ရှိရင် ဒီကိစ္စတွေက အင်မတန်မှ နည်းပါးတဲ့အနေအထားကို တွေ့ရတယ်။

သူတို့အနေနဲ့ အချိန်မရွေး ဝင်ထွက်သွားလာနိုင်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီလို မဟုတ်ပါဘူး။ ထိုင်းနိုင်ငံကိုလာတဲ့ နေရာမှာ အင်မတန်မှ ခက်တယ်။ လာတဲ့နေရာမှာလည်း အများစုကြီးက ခိုးကြောင်ခိုးဝှက်နဲ့။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ စီးပွားရေးသမားတွေက လူကုန်ကူးမှုကို လုပ်တယ်။ မြန်မာနိုင်ငံရဲ့  လက်ရှိနိုင်ငံရေး အနေအထားအရ အင်မတန် အားနည်းတဲ့အတွက်မို့ ဒီလိုကိစ္စတွေ ဖြစ်ရတယ်ဆိုတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တဲ့မေးခွန်းတခုကတော့ ခပ်တိုတို ဖြေပေးပါ။ ဒီကိစ္စကို မြန်မာနိုင်ငံအစိုးရကို ပြောလိုက်ရင် တိုင်းပြည်စီးပွားရေး ကြပ်တည်းလို့ အပြင်မှာ ကျွန်ခံနေရရင် အစိုးရက သေသေချာချာ ဘာကိုညွှန်းမလဲဆိုရင် စီးပွားရေးနိမ့်ကျတာဟာ အနောက်နိုင်ငံတွေက သူတို့ကို ဒဏ်ခတ်အရေးယူထားလို့ဆိုပြီး လက်ညှိုးထိုးပြမှာပဲ။ အဲဒီလိုပြောလာခဲ့ရင် ဦးသိန်းဦးအနေနဲ့ ဘာပြောမလဲ။

ဦးသိန်းဦး ။ ။ အဲဒါ လုံးဝမဟုတ်ပါဘူး။ အထဲမှာ လွတ်လွတ်လပ်လပ်နဲ့ သွားလာလှုပ်ရှားခွင့်ပေးမယ်။ ပြီးတော့ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဆိုရင် လူတွေက ဘယ်သူမှ ပြည်ပနိုင်ငံမှာသွားပြီး ကျွန်ခံနေရတာမျိုး ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ အထဲမှာ အခုပြောသလိုမျိုး လုပ်ကိုင်စားသောက်ရတဲ့နေရာမှာ အင်မတန်မှ အဂတိလိုက်စားမှုတွေ high corruption တွေ များတဲ့ အတွက်ကြောင့် လူတွေက ဒီထက်ကောင်းတဲ့နေရာ။ အထဲမှာဆိုရင် အခွန်အခတွေ ပေးရတာများတယ်။ နိုင်ငံရေးစံနစ်အရလည်း အင်မတန်မှ ကြပ်တည်းတဲ့အတွက်ကြောင့်မို့ လွတ်လပ်တဲ့နေရာမှာ သွားလာပြီး စမ်းကြည့်ချင်တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ စီးပွားရေးချွတ်ခြုံကျနေတာဟာ sanction ကြောင့်မို့ မဟုတ်ပါဘူး။ Sanction က အဓိက ထိခိုက်တာကတော့ လုပ်ငန်းရှင်ကြီးတွေ၊ အစိုးရနဲ့ ပူးပေါင်းတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အဂတိနဲ့ လုပ်စားနေတဲ့ နိုင်ငံရေးသမားတွေပဲ ထိခိုက်မှုရှိပါတယ်။ ကျန်တဲ့ ပြည်သူတွေအနေနဲ့ ဒီအပေါ်မှာ ထိခိုက်မှုမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးအေးမြင့်လည်း ဒီမေးခွန်းကို အကျဉ်းချုံး ဖြေပေးပါ။ ဦးသိန်းဦး ကပြောတယ် sanction ပေးတာဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပဲ ထိခိုက်တယ်ဆိုတော့ အဲဒီလုပ်ငန်းရှင်တွေ စကရုံတွေ ဘာတွေ မဖွင့်နိုင်ဘူး။ မတည်ထောင်နိုင်ဘူးဆိုတော့ မြန်မာကလူတွေ အလုပ်လက်မဲ့ အလုပ်မရကြဘူးလို့ မြန်မာအစိုးရ အာဏာပိုင်တွေက ပြောခဲ့ရင် ဘယ်လိုပြန်ဖြေမလဲ။

ဦးအေးမြင့် ။ ။ အဓိကပြောရင်တော့ စီးပွားရေး၊ လှုမှုရေး ချွတ်ခြုံကျတာ sanction ကြောင့်လည်း မဟုတ်ဘူး။ ကျနော်တို့ အောက်ခြေလူတန်းစားတွေ၊ လယ်သမားတွေ နားလည်အောင်ပြောရင် အုပ်ချုပ်တဲ့ လူတန်းစား ညံ့ဖျင်းလို့၊ အာဏာမက်နေလို့ စစ်မှန်တဲ့လူကြီး မဖြစ်လို့သာ တိုင်းပြည် ဒုက္ခရောက်တာပါ။ စစ်မှန်တဲ့ အစိုးရဖြစ်ရင် နေ့ချင်းညချင်း ကြီးပွားမှာ။ ကျနော်တို့ မြန်မာနိုင်ငံ ဒီလောက်လူညံ့တွေ မဟုတ်ဘူး။

XS
SM
MD
LG