သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာနဲ့ ကချင်လွတ်မြောက်ရေး


Parents watch same-sex brides Arisa Thanommek and Pacharee Hungsabut exchange rings at their ceremony in Bangkok, May 19, 2013. (Daniel Schearf/VOA)
Parents watch same-sex brides Arisa Thanommek and Pacharee Hungsabut exchange rings at their ceremony in Bangkok, May 19, 2013. (Daniel Schearf/VOA)

ဗမာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တွေ တိုက်ခိုက်ကြပြန်တဲ့အတွက် ကချင်ဒုက္ခသည် အတော်များများ လိုင်ဇာနယ်ခြားမြို့မှာ ခိုလှုံနေကြတယ်ဆိုတဲ့သတင်းကို မကြာမီက ကြားသိရပါတယ်။ ကချင်လွတ်မြောက်ရေး လက်နက်ကိုင်လှုပ်ရှားမှုမှာ သမိုင်းတပတ် ပြန်လည်နေတာကို ဒီသတင်းက သတိပေးသလို ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်က ဗမာအစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်လို့ ကချင်ဒုက္ခသည်တွေ ခိုလှုံတဲ့ ရွာကလေး နှစ်ရွာကိုပေါင်းပြီး လိုင်ဇာအဖြစ် ကေအိုင်အို အဖွဲ့က တည်ထောင်ခဲ့ပါတယ်။ အခုတော့ လိုင်ဇာဟာ နယ်စပ်မြို့လေးဖြစ်နေပါပြီ။

မြစ်ကြီးနားနဲ့ မိုင် (၇၀) လောက်သာ ကွာဝေးပါတယ်။ မဆလခေတ်ကတည်းက ကေအိုင်အိုဟာ လိုင်ဇာမှာ ဌာနချုပ်ဖွင့်ပြီး အစိုးရတခုလို အုပ်ချုပ်ပါတယ်။ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ဗဟိုဆိုပြီး အုပ်ချုပ်ရေးနယ်မြေ (၅) ခု ပိုင်းခြားထားပါတယ်။ ၁၉၉၄ မှာ အပစ်အခတ် ရပ်စဲလိုက်တဲ့ နောက်ပိုင်းမှာ လိုင်ဇာဟာ နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်လာပြီး ၂၀၀၀ ခုနှစ်မှာ နယ်စပ်ဂိတ်ဖွင့်ပါတယ်။ လိုင်ဇာဟာ ကေအိုင်အေ ရဲ့ စစ်သင်တန်းပေးရာ စစ်စခန်းလည်း ဖြစ်ပါတယ်။

ယူနန်-မြန်မာနယ်စပ်မှာ လိုင်ဇာမြို့ ဖွံ့ဖြိုးတိုးတက်လာပုံကို ကိုယ်တိုင်သွားရောက် သုတေသနပြုပြီး မဟာဝိဇ္ဇာ ကျမ်းပြုစုထားသူဟာ ကချင်အမျိုးသမီး လနောက်ရိုင်းအောင် (Lanau Roi Aung) ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ၂၀၀၉ က တင်သွင်းတဲ့ကျမ်းပါ။ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီးတဲ့ နောက်ပိုင်း တရုတ်ဈေးကွက်စီးပွားရေး လိုင်ဇာကိုရောက်လာလို့ ဒေသခံတွေရဲ့ လူမှုစီးပွားရေး ဘဝပြောင်းလဲသွားရပုံကို တင်ပြထားပါတယ်။ ကေအိုင်အို ဗဟိုကော်မတီ ရုံးစိုက်ရာ နေရာဖြစ်တဲ့အတွက် နိုင်ငံခြားသတင်းထောက်၊ စာရေးဆရာနဲ့ အန်ဂျီအိုတွေ လိုင်ဇာကို မကြာခဏ သွားကြပါတယ်။ စီးပွားရေးလုပ်ဖို့ လိုင်ဇာကို သွားကြသူတွေ တိုးပွားလာသလို ကေအိုင်အို အုပ်ချုပ်ရေးမှာ ပါဝင်အမှုထမ်းသူတွေလည်း များပြားလာပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကေအိုင်အို က စတင် အကောင်အထည် ဖော်ပါတယ်။

ကေအိုင်အို အုပ်ချုပ်ရေးနယ်မြေတိုင်းမှာ ဒေသဖွံ့ဖြိုးရေးကော်မတီ ရှိပါတယ်။ နှစ်ပေါင်းများစွာ စစ်ဒဏ် ခံခဲ့ရတဲ့ ကချင်ပြည်သူ့ဘဝကို ပြည်လည်ထူထောင်ဖို့ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး နဲ့ စီးပွားရေး အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ အဓိက ထားပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကေအိုင်အို က ဘူးဂါးကုမ္မဏီကို တည်ထောင်ပါတယ်။ ရည်ရွယ်ချက်ကတော့ တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ကေအိုင်အို အတွက် ရန်ပုံငွေရှာပေးဖို့ပါ။ ဒေသဆိုင်ရာ စီမံကိန်းတွေမှာ ဘူးဂါးကုမ္မဏီဟာ ဗမာစစ်အစိုးရနဲ့ တွဲလုပ်တာမျိုး ရှိပါတယ်။ ကျောက်မျက်နဲ့ သစ်တင်ပို့မှုက ရန်ပုံငွေအများဆုံးရပါတယ်။ ငွေအများဆုံးပေးနိုင်သူကို ကန်ထရိုက် ချပေးတဲ့စနစ်ကြောင့် တရုတ်နဲ့ မြန်မာလုပ်ငန်းရှင်တွေ လိုင်ဇာကို ရောက်လာကြပါတယ်။ လိုင်ဇာမှာ ကေအိုင်အို တည်ထောင်တဲ့ ဖွံ့ဖြိုးရေးဘဏ်နဲ့ တရုတ်ကုမ္မဏီပိုင် ဖွံ့ဖြိုးရေးဘဏ်ဆိုပြီး ဘဏ် နှစ်ခုရှိပါတယ်။ လုပ်ငန်းကန်ထရိုက်ရသူကို ကေအိုင်အို ဘဏ်က ငွေထုတ်ချေးပြီး ပြန်မဆပ်နိုင်ရင် အိမ်ကို သိမ်းယူပါတယ်။

ကေအိုင်အိုဟာ ဒေသန္တရအစိုးရအဖြစ် အုပ်ချုပ်နေပါတယ်။ စည်းမျဉ်းဥပဒေ၊ တရားရေးဌာန၊ ဘဏ္ဍာရေး ဌာန၊ ပညာရေး၊ ကျန်းမာရေး၊ စာပေယဉ်ကျေးမှု၊ သုတေသန စသဖြင့် အစိုးရဌာနတွေ ရှိပါတယ်။ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နဲ့ ရဲဌာနကို ၂၀၀၃ မှာ ဖွဲ့စည်းထားပါတယ်။ လိုင်ဇာ ကုန်သွယ်ရေး ဂိတ်မှာ ဝင်ထွက်တဲ့ ကုန်ပစ္စည်းတွေကို ကေအိုင်အို က အခွန်စည်းကြပ်ပြီး ရန်ပုံငွေ ရှာပါတယ်။ ဗမာအစိုးရရဲ့ စစ်ဆေးရေးဂိတ်စခန်းကိုလည်း လိုင်ဇာမြို့ပြင်မှာ တွေ့နိုင်ပါတယ်။ ဗမာအစိုးရ အုပ်ချုပ်နေတဲ့ ဒေသတွေအထိ ကေအိုင်အိုက အခွန်ကောက်ပြီး ရန်ပုံငွေရှာပါတယ်။ ကေအိုင်အို လက်အောက်ခံဒေသမှာ ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးပေမယ့် ကျွမ်းကျင်မှု၊ ထိရောက်မှု၊ သိသာမြင်သာမှု မရှိဘူးလို့ လနောက်ရိုင်းအောင် က သုံးသပ်ပါတယ်။

ကေအိုင်အို ဒေသန္တရအုပ်ချုပ်ရေးဌာနတွေ တည်ထောင်တာမကြာသေးတဲ့အတွက် ကျွမ်းကျင်မှု အားနည်းပြီး အဂတိလိုက်စားမှုတွေ ရှိနေတာဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ လိုင်ဇာရဲ့ အနာဂတ်ဟာ ကေအိုင်အို ဒေသန္တရအစိုးရ၊ ဗမာအစိုးရ နဲ့ တရုတ်အစိုးရတို့ရဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေးပေါ်မှာ တည်တယ်လို့ ဆိုနိုင်ပါတယ်။ လိုင်ဇာတံတိုင်း ဆောက်လုပ်တဲ့ကိစ္စဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကချင်နဲ့ တရုတ်ပိုင်နက်ကို ပိုင်းခြားထားတဲ့ လိုင်ဇာချောင်းမှာ တရုတ်ဘက်က ၂၀၀၈ ခုနှစ်မှာ အုတ်တံတိုင်း ဆောက်တာကို ကေအိုင်အိုက နေပြည်တော်ကို အကြောင်းကြားပါတယ်။ ကေအိုင်အို ဟာ ဒေသန္တရအစိုးရသာဖြစ်လို့ နယ်နိမိတ်ကိစ္စမှာ မဆုံးဖြတ်လိုတာကို လိုင်ဇာတံတိုင်းကိစ္စက အထင်အရှား ပြနေပါတယ်။

တရုတ်အစိုးရဟာ ကချင်တွေအပေါ် ထောက်ထားစာနာစိတ် ရှိတယ်လို့ ဆိုပါတယ်။ ကချင် ဆေးဝန်ထမ်းတွေကို တရုတ်ပြည်ကို နှစ်စဉ်စေလွှတ်ပြိး သင်တန်းတက်ခိုင်းပါတယ်။ ကုမင်တက္ကသိုလ်နဲ့ ဆက်ထားတဲ့ တရုတ်ကျောင်း လိုင်ဇာမှာ တည်ထောင်ထားတာ (၄) နှစ်ရှိနေပါပြီ။ မြန်မာဘက် ကချင်နဲ့ တရုတ်ဘက်က ဂျိန်းဖောတို့ဟာ မျိုးနွယ်တူတွေဖြစ်တာကြောင့် သွေးစည်းမှု ရှိကြတယ်လို့လည်း သိရပါတယ်။ ဒါတွေကိုကြည့်ရင် တရုတ်ဟာ ကေအိုင်အို နဲ့လည်း ရေရှည်ဆက်ဆံရေး မြှင့်တင်လိုတာ သိသာပါတယ်။

XS
SM
MD
LG