သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေး


မြန်မာနိုင်ငံကလေးစစ်သားအသုံးပြုမှုတိုက်ဖျက်မှုအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်သားအဖွဲ့အစည်းတွေက နှစ်ကာလအတန်ကြာအောင် ကြိုးပမ်းအားထုတ်မှုတွေ ရှိလာခဲ့ပြီးဖြစ်ပါတယ်။ ကလေးစစ်သား အသုံးပြုမှုလုံးဝ ပပျောက်တော့မယ့် အခြေအနေ အခုအချိန်မှာ ရောက်လာပါပြီးလာဆိုတာတော့ အာရှလူ့အဖွဲ့ရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦး အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုတို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။

ဦးကျော်ဇံသာ။ ။ ဒီကနေ့ ကျနော်ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှုနှင့် ပတ်သက်ပါတယ်။ မကြာသေးခင်ကတင်ပဲ ကုလသမဂ္ဂက မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုတဲ့ တိုင်းပြည်နိုင်ငံစာရင်းက ပပျောက်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံဟာ ကလေးစစ်သားအသုံးပြုမှု စာရင်းက ပပျောက်သွားမယ်ဆိုတာ တိုင်းပြည်အတွက် အင်မတန်ဂုဏ်ယူစရာ၊ အင်မတန် အားတက်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ဘယ်လောက်ထိ လျင်လျင်မြန်မြန် ဖြစ်နိုင်မလဲမယ်ဆိုတာ ကျနော်စမ်းစစ်ပါတယ်။ ကိုမင်းလွင် ဘယ်လို သဘောရပါလဲ။ ပြောပါဦးခင်ဗျာ။

ဦးမင်းလွင်ဦး။ ။ မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သား ပပျောက်ရေးအတွက် ဆောင်ရွက်တဲ့ ဥစ္စာက ကုလသမဂ္ဂမှာလည်း ဒီအသံက လူ့အခွင့်ရေးကောင်စီမှာလည်း ဒီအသံက တော်တော် ကျယ်ကျယ်လောင်လောင်ဖြစ်တာ အတော်ကြာပါပြီ။ အဲ့ဒီတော့ ကျနော်တို့ ဒီလိုဖြစ်တဲ့အတွက် စစ်အစိုးရ လက်ထက်မှာပဲ ၂၀၀၇ ခုနှစ်မှာ တပ်မတော်အတွင်းမှာ အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းခြင်းကနေ ကာကွယ်တဲ့အဖွဲ့အစည်းတွေကို သူတို့စတင်ဖွဲ့စည်းပြီးတော့ အရေးယူဆောင်ရွက်ဖို့ လုပ်တာကိုကျနော်တို့ တွေ့ရတယ်။ ၁၄ ရက် ဒီဇင်ဘာ ၂၀၀၇ ကတည်းကနေ စတင်ပြီးတော့ ဆောင်ရွက်လာတာပေါ့နော်။ အဲ့ဒီတော့ အဲ့ဒီမှာ ကော်မတီရဲ့ ဥက္ကဌကတော့ ကျနော်တို့ သူရဦးမြင့်အောင် လက်ထက်ကစပြီးတော့ ဆောင်ရွက်လာတာပေါ့။ အဲ့ဒီတော့ အခုချိန်ထိကို ၂၀၁၁ ခုနှစ်အထိကို မပပျောက်နိုင်သေးဘူး ဖြစ်တယ်။ ဘာကြောင့်လဲဆိုတာကို ကျနော်တို့က ပြန်လည်းကြည့်တဲ့အခါမှာ တပ်မတော်အတွင်းမှာ ကလေးစစ်သားအဖြစ် ခေါ်ယူစုဆောင်းဖို့အတွက် သာမန်ပြည်သူတွေကနေပြီးတော့လည်း ကလေးတွေကို နည်းမျိုးစုံနှင့် ဖျားယောင်းပြီးတော့ စစ်တပ်အတွင်းကို အခကြေးငွေယူပြီးတော့ ရောင်းစားတဲ့ကိစ္စတွေရှိတယ်။ စစ်တပ်အတွင်းက အရာရှိ၊ အရာခံတွေ ကိုယ်တိုင်ကိုက အငြိမ်းစားယူချင်တယ်ဆိုလိုရှိရင် ဘယ်နှစ်ဦး အစားပြန်လဲသွင်းပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သူတို့အနေနှင့် ငွေပေးပြီးတော့ခေါ်ယူတဲ့ ဥစ္စာတွေရှိတယ်။ ဒါတွေကြောင့် မပျောက်ပျက်ဘဲနှင့် ဒီကလေးစစ်သားအမှုတွေက ဆက်လက်ပြီးတော့ဘဲ ဖြစ်ပွားနေတယ်လို့ဘဲ ကျနော်တို့က ထင်မြင်ယူဆတယ်။ နောက်ပြီးတော့တခါ ထိရောက်စွာအရေးယူမှုနှင့်လည်း အားနည်းတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် တကယ်တမ်းက အရေးယူမယ်ဆိုလို့ရှိရင် ကျနော်တို့ လူကုန်ကူးမှု တားမြစ်ရေးဥပဒေ၊ ကလေးလူငယ် စောင့်ရှောက်ရေးဥပဒေတွေအရ ထိထိရောက်ရောက် အရေးယူမှ ဒီဥစ္စာက ပပျောက်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော် စစ်တပ်၊ တပ်မတော်ဆိုလို့ တပ်မတော်ထဲက ပုဂ္ဂိုလ်တစ်ဦးက ဒါအမည်မဖော် အသံမပေးဘဲ သူတို့ရဲ့ ပြသနာကိုပြောပြတာ။ သူတို့က စစ်သားစုဆောင်းပေးဖို့ သူတို့ကို တာဝန်ပေးတယ်တဲ့ အထက်က။ ဆိုတော့ စစ်သားစုဆောင်းမယ့်အခါမှာကြတော့ ၁၈ နှစ်အထက် တစ်ယောက်မှ စုဆောင်းလို့မရဘူး။ ဆိုတော့ သူတို့က ရတဲ့လူကို စုဆောင်းရတယ်။ ကလေးတွေကို လာရောင်းကြတယ်။ အဲ့ဒီတော့ သူတို့က ကလေးတွေကို ယူပြီးတော့ စုဆောင်းပေးရတယ်လို့ ဆိုတယ်။ ဆိုတော့ စုဆောင်းရတဲ့ တပ်သား တပ်မတော်အောက်ခြေအဆင့်က သူတွေအတွက်လည်း ဒါလည်း ပြဿနာတစ်ခုပဲ။ သူတို့မှာလည်းပဲ။ မြန်မာနိုင်ငံမှာ စစ်သားစုဆောင်းပေးဖို့ လိုအပ်နေတဲ့ ကိစ္စက။ ဘယ်လောက်ထိ အရေးကြီးစုဆောင်းနေဖို့ လိုအပ်နေလို့လဲ။ စာရင်းအရကတော့ မြန်မာပြည်မှာ စစ်သားက သိန်းတော်တော်များများကို ရှိနေတာပဲ။ ကိုမင်းလွင် လက်တွေ့စာရင်းမှာများ တကယ်မရှိဘူးလား။ စစ်သားတွေ ဘယ်လောက်တောင် ထပ်ပြီးစုဆောင်းနေသလဲ။ အဲ့ဒါနှင့် ပတ်သက်လို့ ဘယ်လို အထောက်အထားတွေ သိရှိရပါသလဲ။

ဦးမင်းလွင်ဦး။ ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိတင်ဘဲ ကျနော်တို့ အရှေ့တောင်အာရှမှာ ဆိုလို့ရှိရင် အင်အားအကြီးဆုံး အတောင့်ဆုံးလို့တောင် ပြောလို့ရတာပေါ့ဗျာ။ တရုတ်ပြည်ပြီးလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံက စစ်တပ်အင်အားအများဆုံးလို့တောင် ဆိုနိုင်တယ်။ သို့သော်လည်း ဒီပြည်တွင်းစစ်တွေ မရပ်စဲနေ လို့ကတော့ အစိုးရကိုယ်တိုင်ကလည်း စစ်သားတွေကို ခေါ်ယူစုဆောင်းနေမယ်။ ထိုနည်းတူစွာပဲ နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာလည်း ဒီပြည်တွင်းစစ် မငြိမ်းချမ်းတဲ့အတွက်ကို စစ်သားတွေက ခေါ်ယူစုဆောင်း အသုံးပြုမှုတွေ ရှိနေဦးမှာပဲဖြစ်တယ်ဆိုတာကို ကျနော်အနေနှင့် အပေါ်ယံ အကြမ်းဖျဉ်း ပြောချင်ပါတယ်ခင်ဗျာ။

ဦးကျော်ဇံသာ။ ။ မတင်တင်ညိုရဲ့ သဘောထားကိုလည်း ပြောပါဦး။ မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုခြင်းမရှိတဲ့ တိုင်းပြည်အဖြစ်က လွတ်မြှောက်ဖို့ လွယ်လွယ်ကူကူနှင့် ဖြစ်နိုင်မယ်ထင်လား။

မတင်တင်ညို။ ။ မှန်းစပြီးပြောရင်တော့ အင်မတန်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကလက်ရှိပေါ့လေ ဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေက အခုလိုမျိုး ဘယ်လိုလုပ်မယ်၊ ဘယ်လိုကိုင်မလဲ၊ ဘာတွေတော့ လုပ်နေပါပြီးဆိုတဲ့ဟာမျိုးကို ဒီစာရွက်တွေပေါ်မှာ ချရေးတာထက်စာလိုရှိရင် တကယ့်ရိုးရိုးသားသားနှင့် စိတ်ဆန္ဒရှိရှိနှင့်တာ လုပ်သွားမယ်ဆိုလို့ရှိရင်တော့ ဖြစ်နိုင်ချေရှိတယ်လို့ ကျမမြင်ပါတယ်။ အရေးကြီးဆုံးကတော့ အဲ့ဒီစစ်ပွဲတွေ ရပ်သွားဖို့က အရေးကြီးပါတယ်။ စစ်ပွဲတွေမရှိတော့ဘူးဆိုလို့ရှိရင် စစ်သားတွေဆိုတာလည်းဘဲ အခုလိုမျိုး အရေးတကြီး လိုအပ်တော့မှာ မဟုတ်ဘူးပေါ့နော်။ နောက်ပြီးတော့မှလည်း ဒီကလေးအခွင့်အရေးနှင့် ပတ်သက်တဲ့ စာချုပ်စာတမ်းတွေလည်း ရှိပါတယ်။ နိုင်ငံတကာက ပြဌာန်းထားတာဟာ။ အဲ့ဒီကလေးအခွင့်အရေးတွေကို အဲ့ဒီမှာပြဌာန်းတဲ့အတိုင်း သူတို့ရဲ့ပညာရေး၊ စားဝတ်နေရေး၊ ပြီးတော့မှ ဒီကျန်မာရေး၊ ဒီလိုမျိုး အသီးသီးပေါ့လေ၊ ဒီလိုမျိုး ကိစ္စတွေလိုမျိုးကိုတာ သေသေချာချာလိုက်နာဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ပပျောက်သွားမယ်လို့ပြောချင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ မတင်တင်ညိုရေ အစိုးရတင်ပဲလား။ အခု ကလေးစစ်သားစုဆောင်းမယ်ဆိုတယ့် မြန်မာနိုင်ငံမှာ သူတို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေလည်း ပါတယ်။ အားလုံး စုစုပေါင်း အဖွ့ဲခြောက်ဖွဲ့ဝင်က စာရင်းတွေမှာ သူတို့ တွေ့ရပါတယ်။ ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကလေးစစ်သားစုဆောင်းမှုတွေကို မတင်တင်ညိုအနေနှင့် ဘယ်လိုထောက်ပြချင်ပါသလဲ။

မတင်တင်ညို။ ။ ကျမတို့အနေနှင့်ကတော့ မရှိဘူးလိုတော့ ပြောလို့မရဘူးပေါ့နော်။ ဘာဘဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနှင့်ကတော့ လက်နက်ကိုင်အင်အားစုတွေ အသီးသီးတွေမှာတော့ ကလေးစစ်သားတွေက အနည်းနှင့်အများကတော့ ရှိမယ်လို့တော့ကျမတို့အနေနှင့်ပြောချင်တာပေါ့နော်။ ဒါကလည်းဘဲ မဖြစ်သင့်တဲ့ ကျမတို့နိုင်ငံမှာမရှိသင့်တဲ့ စနစ်တစ်ခုကြောင့်မို့လို့ လက်နက်ကိုင်ဆွဲပြီးတော့မှ တိုက်ပွဲဝင်နေရတဲ့ တိုင်ရင်းသားလက်နက်ကိုင် အင်အားအသီးသီးကလည်းပဲ လိုအပ်မှုအရ စုဆောင်းလိုက်တဲ့ အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရှိနိုင်မယ်လို့တော့ ကျမတို့အနေနှင့် ပြောချင်ပါတယ်။ ဒါပေမယ့် တာဝန်အရှိဆုံးကတော့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရဖြစ်တယ်ပေါ့နော်။ ဒါပေမယ့်လည်းပဲ အခုနလိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေမှလည်း ကလေးစစ်သားတွေကို အသုံးပြုထားတာမျိုးရှိတယ်ဆိုရင် သူတို့အနေနှင့် ဒါအမြန်ပေါ့လေ ဒီကိစ္စမျိုးတွေ မဖြစ်သင့်ဘူး။ ဒါကို ဝိုင်းဝန်းတိုက်ဖျက်ရမယ်။ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ရမယ်။ ဒီတာဝန်ယူမှု၊ တာဝန်ခံမှုတွေကတော့ ရှိရမယ်ဆိုတာကို ကျမတို့ နည်းနည်းထောက်ပြချင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဆိုတော့ နောက်တစ်ခုက ကျနော်တို့ဆီက ကလေးစစ်သားစုဆောင်းခံရတဲ့ ကလေးတွေဟာ များသောအားဖြင့် သိပ်ဆင်းရဲနွမ်းပါးတယ်။ စားဝတ်နေရေး မဖူးလုံနိုင်တဲ့ကလေးတွေ၊ ပညာရေးကိုလည်း ကောင်းကောင်းမွန်မွန် သင်ယူခွင့် မရရှာတဲ့ ကလေးတွေဖြစ်ပါတယ်။ ဆိုတော့ အဲ့လိုကလေးတွေ ပပျောက်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေကကော ဘယ်လောက် ထိထိရောက်ရောက် ဖြစ်လာနိုင်ပါသလဲ။ နောက် မတင်တင်ညိုကိုလည်း ကျနော်မေးချင်ပါတယ်။ ကိုမင်းလွင် အဲ့လို နိုင်ငံတကာမှာ ဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေ ဒီအလှူရှင်တွေက ကလေးတွေရဲ့ ဘဝသာယာစိုပြည်ရေး လုံခြုံရေးအတွက် ပံ့ပိုးထားတဲ့ဟာတွေကော ရှိပါသလား။

ဦးမင်းလွင်ဦး။ ။ UNICEF ကနေပြီးတော့ ဒီကလေးသူငယ်၊ ဒီ လမ်းဘေးရောက်သွားပြီးတော့ ဘဝမျိုးစုံ ကျင်လည်ရတဲ့အဆင့်ကို ခုနစ်ဆင့် သတ်မှတ်ပြီးတော့ သူတို့ သုတေသနလုပ်ထားတဲ့ ဥစ္စာတွေရှိပါတယ်။ အဲ့ဒီတော့ ဒီနိုင်ငံတကာအဖွဲ့စည်းတွေကလည်း တက်နိုင်သလောက် အဖက်ဖက်ကနေပြီးတော့ ဝိုင်းဝန်း ပံ့ပိုးချင်သော်လည်း ကျနော်တို့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က ပူးပေါင်းပါဝင်ရမယ်။ နောက်ပြီးတော့ ဒီလိုမျိုးလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ခွင့်ပြုပေးရမယ်။ အကြမ်းဖျဉ်းပြောရရင်ဗျာ လမ်းဘေးရောက်နေတဲ့ စာမသင်နိုင်တဲ့ ကလေးတွေကို စာသင်နိုင်ဖို့အတွက် အခွင့်အရေးဖန်တီးပေးတဲ့ ဘုန်းကြီးကျောင်းသော်လည်းကောင်း၊ အခမဲ့ ပညာသင်ကြားရေး ကျောင်းကိုသော်လည်းကောင်း ဖွင့်ရင်ဖွင့်ခွင့်ပြုဖို့အတွက် အစိုးရက အားပေးအားမြှောက် လုပ်ပေးရမယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ယခင်က အဲ့ဒီလိုမျိုး မဖြစ်ခဲ့ဘူး။ စစ်အစိုးရလက်ထက်မှာ ကလေးသူငယ်တွေကို စာသင်ပေးမယ်ဆိုရင် အဲ့ဒီစာသင်ပေးတဲ့သူက ပြသနာအရှာခံရပြီးတော့ ထောင်ကျမယ့်ကိန်းဆိုက်တဲ့ အခြေအနေတွေ ထိရောက်ခဲ့တာကို ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် အုပ်စိုးသူအစို့ရကနေပြီးတော့ ဒီလိုမျိုးနိုင်ငံတကာက ကူညီချင်တဲ့ကိစ္စရပ်တွေကို ဝမ်းပန်းတသာကြိုဆိုရမယ်။ ပံ့ပိုးကူညီမှုတွေ လုပ်ရမယ်။ လုပ်နိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးဖို့အတွက် လုပ်ပေးရမယ်။ ဒါမှလည်းပဲ ကျနော်တို့ ဒီကလေးတွေရဲ့ အနာဂတ်လှပလာမယ့် အခြေအနေမျိုးကို ဖန်တီးနိုင်မှာ ဖြစ်တယ်။ အခုအစိုးရလက်ထက်မှာ တော်တော်များများ လမ်းတွေဖွင့်ပေးတယ်။ ဆောင်ရွက်မှုတွေ ခွင့်ပြုလာတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို ကျနော်တို့ ကြိုဆိုတယ်။ ဒီလိုမျိုး အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးမယ့် အဖွဲ့တွေကို ပိုပြီးတော့ လမ်းဖွင့်ဆောင်ရွက်ပေးဖို့လိုတယ်။ ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေကလည်း ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်မှုတွေနှင့် ချဉ်းကပ်ဆောင်ရွက်ဖို့လိုတယ်လို့ပဲ ကျနော်အနေနှင့် ပြောချင်ပါတယ်ခင်ဗျာ။

ဦးကျော်ဇံသာ။ ။ အစိုးရနှင့်လက်နက်ကိုင် တိုက်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေဘက်ကိုလည်း ကြည့်ပါဦး မတင်တင်ညို။ အဲဒီဘက်မှာရောက်နေတဲ့ ကလေးစစ်သားတွေကို တိုင်းရင်းတွေလက်နက်ကိုင်တွေရဲ့ လက်ကဆွဲထုတ်ပြီးတော့ သူတို့ဘဝကို ထူထောင်ပေးမယ်ဆိုတဲ့ နိုင်ငံအဖွဲ့အစည်းမျိုးကော မရှိဘူးလား။ ရှိရင်ကော ဒီတိုင်းရင်းသားအဖွဲ့အစည်းတေအနေနဲ့ လက်ခံနိုင်တဲ့ အခြေအနေ ရှိပါသလား။

မတင်တင်ညို။ ။ ကျမအမြင်ကို ပြောရမယ်ဆိုလို့ရှိရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်းပဲ သူတို့ကတော့ ဘယ်ဖက်အခြမ်းမှာ ရှိနေတဲ့ ကလေးစစ်သားရယ်လို့ သတ်မှတ်မှာတော့ မဟုတ်ဘူးပေါ့နော်။ တကယ့်တကယ် ကူညီခွင့်ရမယ်ဆိုလို့ရှိရင် သူတို့ကလည်း ကူညီဖို့ အစီအစဉ်မျိုးရှိတယ် ဆိုလို့ရှိရင် သူတို့ကတော့ အကုန်လုံးကို ကူညီမှာပေါ့နော်။ ပြီးတော့ နောက်တစ်ခုက ကျမအနေနှင့် ယုံကြည်နေတာတစ်ခုက အခုနလို ဒီလက်နက်ကိုင်တိုင်ရင်းသား အင်အားစုတွေကလည်းပဲ သူတို့မှာရှိနေတဲ့ ကလေးစစ်သားတွေကို အခုနကလိုမျိုး သူတို့ဘဝကို တိုးတက်ဖို့အတွက် အစစအရာရာ တဖက်ကနေ တာဝန်ယူပြီး လုပ်ဆောင်ပေးမယ် ဆိုလို့ရှိရင် သူတို့အနေနှင့် ငြင်းမယ်လို့ မထင်ထားဘူးပေါ့နော်။ ကျမအနေနှင့် တစ်ခုပြောချင်တာကတော့ အရင် ကလေးစစ်သားဟောင်းတွေကောပေါ့နော် သူတို့တွေကိုလည်း ပြန်ပြီးတော့မှ ပြုစုပျိုးထောင်တဲ့ဟာတွေမှာကြတော့ ကိုယ့်တပ်မှာရှိတယ့် ကလေးကမှ ကိုယ်တာဝန်ရှိတယ် မဟုတ်ဘဲနဲ့ပေါ့လေ တာဝန်ယူထားတဲ့ အစိုးရအနေနှင့်ပေါ့လေ အခုလိုမျိုး လုပ်ဆောင်မယ်ဆိုလို့ရှိရင် အားလုံးကို တာဝန်ယူပြီးတော့ လုပ်ဆောင်တာကောင်းတယ်။ ဒီကလေးတွေကို တကယ်ပဲ စိတ်ဓါတ်ပိုင်းဆိုင်ရာအရရော၊ သူတို့ဘဝ ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ပါ လုပ်ပေးရမယ့်ပုံစံမျိုးလို့ ကျမအနေနှင့် မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ မတင်တင်ညို ကို ကျနော်ဆက်မေးချင်တာက မြန်မာနိုင်ငံအမျိုးသမီးအဖွ့ဲချုပ်အနေနှင့် ဒီကလေးတွေ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လုပ်ဆောင်နေတယ်။ အခု အစိုးရကလည်း ကုလသမဂ္ဂနှင့် ဒီလိုပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ လုပ်လာတော့ မတင်တင်ညိုတို့အနေနှင့်ကော မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီးတော့ ဒီကိစ္စတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပါဝင်ဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးလား ခင်ဗျာ။

မတင်တင်ညို။ ။ ကျမတို့ကတော့ တတတ်တအား နှင့် ဝင်ရောက်ပူးပေါင်း လုပ်ကိုင်ချင်တဲ့ဆန္ဒ ရှိပါတယ်။ တကယ်လည်း ဖြစ်သင့်တယ်ပေါ့နော်။ နောက် အစိုးရတွေရဲ့ ဆုံးဖြတ်ချက်က အင်မတန်မှ ကောင်းတယ်လို့ ကျမတို့ ပြောချင်တာပေါ့နော်။ အရေးကြီးတာက လက်တွေ့မှာ တကယ် အကောင်ထည်ဖော်ဖို့၊ တကယ်ပဲ စိတ်လိုက်မာန်ပါ လိုက်လုပ်ဖို့ပဲ အရေးကြီးတယ်လို့ ကျမတို့အနေနှင့်က ထောက်ပြချင်တာပါ။

ဦးကျော်ဇံသာ။ ။ ကိုမင်းလွင်ကိုကျနော်နောက်ဆုံးမေးချင်တာက အခုရက်ပိုင်းအတွင်းမှာ တချိန်တုန်းက Congo မှာ ကလေးစစ်သားစုဆောင်း တိုက်ခဲ့တဲ့ စစ်ခေါင်းဆောင် warlord စစ်သားတစ်ယောက်ကို ICC အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာခုံရုံးက ထောင်ဒဏ်ချမှတ် လိုက်ပါတယ်။ ပထမဦးဆုံးက ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ခုံရုံးတစ်ခုကနေပြီးတော့ ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်မှုဟာ မြန်မာနိုင်ငံလို ကလေးစစ်သားစုဆောင်းမှု အသုံးပြုမှု ကျူးလွန်မှုရှိခဲ့တဲ့နိုင်ငံ အပေါ်မှာ ဘယ်လိုမျိုးရိုက်ခက်မှုရှိမယ်လို့ ထင်ပါသလဲခင်ဗျာ။

ဦးမင်းလွင်ဦး။ ။ ဟာ အများကြီး ရှိတာပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နောက်ပိုင်းတွေမှာ ကလေးစစ်သားတွေ အသုံးပြုမှုရပ်စဲသွားဖို့အတွက်က ဒါက အဓိကကျတယ်။

ဦးကျော်ဇံသာ။ ။ အဲ့ဒီတော့ မြန်မာနိုင်ငံ အရင်ကလေးစစ်သားစုဆောင်းပြီးတော့အသုံးပြုခဲ့တဲ့ အမှုကိစ္စတွေကော နိုင်ငံတခွင်က လွတ်မြောက်မလား။

ဦးမင်းလွင်ဦး။ ။ အဲ့ကိစ္စကတော့ ကျနော်တို့ အခု ဒီနေ့ ကျနော်တို့ သိရတဲ့ ထောင်ဒဏ် (၁၄) နှစ်အပြစ်ပေးခြင်း ခံရတဲ့လူကတော့ သူကိုယ်တိုင်ကိုက ကလေးစစ်သားတွေကို စုဆောင်းဖို့ အမိန့်ပေးတယ်။ စစ်ပွဲတွေကို စေလွှတ်တယ်။ စီမံခန့်ခွဲ အုပ်ချုပ်တယ်ဆိုတဲ့ ကိစ္စရပ်တွေနှင့် ပတ်သက်ပြီးတော့ အရေးယူခြင်းခံရတာပါ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာတော့ အဲဒီလို မဟုတ်ဘဲနှင့် တစ်ဦးတစ်ယောက် အထက်က ညွှန်းကြားတယ်ဆိုပေမယ့် အဲဒီအထက်က ဘယ်သူမှန်း မသိတာက ပြသနာဖြစ်တယ်။ နောက်တခါ အရေးယူမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ လာရောင်းတဲ့သူကော၊ လက်ခံတဲ့သူကော နှစ်ဦးလုံးကို အရေးယူရမှာ ဖြစ်တယ်။ အဲ့ဒီတော့ လက်ရှိအခြေအနေမှာ အဲ့ဒီလို အရေးယူတာ မဟုတ်ဘဲနဲ့ လာရောင်းတဲ့ သူကိုတော့ ကလေးမိဘထံက ခိုးယူတယ်ဆိုတဲ့ လူခိုးမှုနှင့် အရေးယူလိုက်တယ်။ ဝယ်တယ်ဆိုတဲ့ စစ်တပ်က စစ်ဗိုလ်တွေ၊ အရာခံဗိုလ်တွေ၊ ဗိုလ်ကြီးတွေက ဒီအမှုကနေ ကင်းလွှတ်နေတယ်။ အဲ့ဒီလိုမျိုး မဖြစ်အောင် တပ်မတော်ကိုယ်တိုင်ကိုက တိတိကျကျနှင့် အရေးယူဖို့လိုတယ်။ အရေးယူတယ်လို့တော့ သူတို့က ဆိုပါတယ်။ အဲ့ဒီတော့ တစ်နှစ်မှာ (၆၀) တခါတလေ (၁၂၀) အရေးယူမှုတွေ ရှိတယ်ဆိုတာကို ရံဖန်ရံခါ သတင်းစာမှာ ဖော်ပြတာကို ကျနော်တို့ တွေ့ရပါတယ်။

XS
SM
MD
LG