သမ္မတဦးသိန်းစိန်အစိုးရရဲ့ ပထမရက် (၁၀၀) လုပ်ဆောင်ချက်တွေဟာ မျှော်လင့်ထားသလောက် ဖြစ်မလာဘူး။ နားမလည်နိုင်ဘူး စသဖြင့် လက်ရှိ လွှတ်တော်မှာအရွေးခံခဲ့ရတဲ့ ပါတီခေါင်းဆောင်များ၊ လွှတ်တော်အမတ်များက ပြောဆိုလာကြပါတယ်။ ဒါဟာ ဒီမိုကရေစီအတွေ့အကြုံနည်းပါးမှု သက်သက် ကြောင့်ပဲလား။ တခြားဘာအကြောင်းတွေကြောင့်လဲဆိုတာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီဝင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောတို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေး သုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဦးရဲထွန်းကို မေးချင်ပါတယ်။ အခု လွှတ်တော်ခေါ်ယူကျင်းပခဲ့တာ ရက်ပေါင်း (၁၀၀) ကျော်ခဲ့ပြီ။ ဒီကာလအတွင်း အာဏာပိုင်းအစိုးရရဲ့ လုပ်ငန်းအပေါ်မှာ ဘယ်လိုသဘောရပါသလဲ။ အပြည့်အဝ ကျေနပ်မှုရှိပါသလား။ မျှော်လင့်ထားသလို အစိုးရက ဆောင်ရွက်နိုင်ခဲ့ပါသလား။
ဦးရဲထွန်း ။ ။ အခု ရက် (၁၀၀) ပြည့်သွားတဲ့ကာလမှာတော့ အစိုးရရဲ့ လုပ်ဆောင်ချက်မှာတော့ သမ္မတအနေနဲ့လည်း အစိုးရရဲ့ ပေါ်လစီ၊ ရှေ့သွားမယ့် ပေါ်လစီနဲ့ ပတ်သက်လို့ သူမိန့်ခွန်းပြောတာ၊ ချပြတာတွေတော့ အားလုံးသိတဲ့အတိုင်းပဲ အားလုံးကျေနပ်ကြတယ်။ မထောက်ခံတဲ့လူဆိုတာတော့ မရှိသလောက်ပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ သူတို့လုပ်တဲ့ အရေးကြီးတဲ့ခြေလှမ်းကတော့ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းပါ။ အဲဒါနဲ့ ပတ်သက်လို့လည်း လက်တွေ့လုပ်ငန်းတွေ လုပ်ဖို့အတွက် ကော်မတီတွေ ဖွဲ့တာ။ Seminar တွေ ဆွေးနွေးပွဲတွေလုပ်တာ။ ဒါတွေကတော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ တိုးတက်တဲ့ သဘော ဆောင်ပါတယ်။ အသေးစိတ်တွေကျတော့ ကျနော်တို့လည်း သေချာမလေ့လာရသေးဘူး။
ဦးကျော်ဇံသာ ။ ။ မိန့်ခွန်းကတော့ လူတိုင်းကြိုဆိုကြပါတယ်။ ဦးရဲထွန်း ပြောတဲ့အတိုင်း အဲဒီအထဲမှာ ဆင်းရဲမှုလျှော့ချရေးကို ဆောင်ရွက်နေတယ်ဆိုတာ မှန်ပါတယ်။ နိုင်ငံရေးအားဖြင့် ပြန်လည်သင့်မြတ်ရေးတို့ ဘာတို့ ပြောခဲ့တာလည်း ကျယ်ကျယ်လောင်လောင် ဖြစ်ပါတယ်။ အဲဒီကိစ္စကို ဘယ်လောက် ဆောင်ရွက်နိုင်တယ်လို့ ထင်ပါသလဲ။
ဦးရဲထွန်း ။ ။ နိုင်ငံရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိစ္စနဲ့ ပတ်သက်လို့ ပြောတဲ့ ကိစ္စကတော့ ဦးကျော်ဇံသာနဲ့ ကျနော်တို့ တခါ အင်တာဗျူးလုပ်ခဲ့ပြီးပြီ။ အဲဒီထဲမှာ သမ္မတကြီးရဲ့ သဘောထားက လက်တွေ့ကျပြီး ဒီအတိုင်းဖြစ်စေချင်တယ်။ လက်တွေ့ဆောင်ရွက်စေချင်တယ်။ ဒါမှန်ကန်တယ်လို့ ကျနော်ထောက်ခံခဲ့တယ်။
ဆိုလိုတာက ဒီကိစ္စတွေကို ပြေလည်အောင်ဆောင်ရွက်ရမှာ စစ်ရေးကို ထိပ်တန်းမတင်ဘဲနဲ့ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ စာသင်ခန်းတွေဆောက်၊ ကျေးလက်ဆေးပေးခန်းတွေဆောက် အဲဒီလို အပြန်အလှန် ဆက်ဆံမှုတွေရ၊ ယုံကြည်မှုတွေရတဲ့အခါကြတော့ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေးတိုးတက်လာအောင် လုပ်မှသာ ခိုင်မြဲတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ရမယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ လက်တွေ့မှာကျတော့ အသေးစိတ်ပြဿနာတွေ ဘယ်လိုရှိကြသလဲတော့ မသိဘူး။ ကျနော်က တခွန်းတည်းနဲ့ပြောရမယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပေါ်လစီတွေနဲ့ အခုလက်တွေ့ ဖြစ်နေတာတွေ မကိုက်ညီဘူးဆိုတာကိုပဲ ပြောလိုပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးလှစော အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အခု နိုင်ငံတော် အစိုးရအနေနဲ့ ရက်ပေါင်း (၁၀၀) ကျော်လွန်လာတဲ့အတွင်းမှာ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးလှစောတို့ရဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအနေနဲ့ ကျေနပ်ပါသလား။
ဦးလှစော ။ ။ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားပါတီအပါအဝင်၊ ရှမ်းပါတီနဲ့ ပြည်နယ်နဲ့တိုင်းပါတီ (၁၅) ပါတီက ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ နံပါတ် (၁) အချက်အနေနဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အနှစ်သာရရှိရှိ လက်တွေ့ အကောင်အထည်ဖော်ပေးပါဆိုတာကို တောင်းဆိုခဲ့တယ်။ အခုလောလောဆယ် ရက် (၁၀၀) ကာလ အတွင်းမှာတော့ သိသိသာသာ တိုးတက်မှုတွေ၊ ပြောင်းလဲမှုတွေ ဘာမှတော့ ရေရေရာရာ မတွေ့ရဘူး။
မတွေ့ရတဲ့အပြင် ဗမာပြည်ရဲ့ အဓိကပြဿနာကြီးတွေဖြစ်တဲ့ ကျနော်တို့အမြင်မှာ သုံးသပ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွေက ကျနော်တို့ မျှော်လင့်ထားတာနဲ့ ဖြစ်လာတာတွေက တခြားစီ။ ပြဿနာတွေကို ဘာမှရေရောရာရာ မကိုင်တွယ်နိုင်ဘူး။
ဒီကြားထဲမှာ anti-poverty တွေ ဘာတွေလုပ်တယ်။ ဒါပေမဲ့ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတိုင်ပင်။ လူထုနဲ့ ဆွေးနွေးတိုင်ပင် ဘယ်လောက်အထိ လုပ်တယ်ဆိုတဲ့ အတိုင်းအတာဆိုတာတွေကို မသိရဘူး။ ကျနော်တို့ အခုမြင်ရတဲ့ ရလဒ်ဟာ ခိုင်ခိုင်မာမာ ကျေနပ်လောက်စရာ မရှိဘူး။ ရခိုင်ပြည်နယ် သီးခြားအနေနဲ့ ပြောမယ်ဆိုရင်လည်း ကျနော်တို့ ရခိုင်ပါတီဟာ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားတန်းတူရေးကို ဦးစားပေးပြီ လုပ်လာခဲ့တဲ့ပါတီ။ အဲဒီတော့ ဒီပါတီဟာ အခုဆိုရင် တော်တော်ကို ဆိုးဆိုးဝါးဝါး အတိုက်အခိုက်ကို ခံနေရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အတိုက်အခိုက်ကို အကြီးအကျယ်ခံနေရတယ်။ အဲဒီတော့ သဘောထားကြီးတယ်ဆိုတာကို မတွေ့ရဘူး။
ကျနော်တို့ကတော့ အတူတူ ပူးပေါင်းပြီး ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုမှာ ကိုယ့်အကိုတွေ ညီတွေလို ချစ်ချစ် ခင်ခင် ပူးပေါင်းသွားကြမယ်ဆိုတဲ့ဆန္ဒ ဝင်လာခဲ့တယ်။ အခုဟာက ကျနော်တို့ကို အညွှန့်ချိုးသလို ကျနော်တို့ ရိုးရိုးသားသားနိုင်တဲ့ အမတ် (၃) ယောက်ကိုလည်း ဖြုတ်ချဖို့ ကြိုးစားတယ်။ အရင် တိုင်းမှူးဖြစ်ခဲ့တဲ့ လူတယောက်က ကျနော်တို့ ရခိုင်ကိုလာပြီး ပါတီကိုခြိမ်းခြောက်တဲ့ပုံစံမျိုးတွေနဲ့ လုပ်နေတယ်ဆိုတော့ အတော်လေးကို စဉ်းစားဖို့ခက်တယ်။ စိတ်ပျက်ဖို့လည်း ကောင်းတယ်။
ဦးကျော်ဇံသာ ။ ။ တခုမေးချင်တာက အဲဒီလို ခြိမ်းခြောက်မှုတွေကို တရားဥပဒေကြောင်းအရ ကိုင်တွယ် ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလား။
ဦးလှစော ။ ။ ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒါကို ချင့်ချိန်နေတယ်ပေါ့။ သမ္မတဦးသိန်းစိန်က နိုင်ငံတော် မိန့်ခွန်းတွေ ပြောတယ်။ ဒါပေမဲ့ ပါတီက တာဝန်ရှိတဲ့လူကြီးတွေက တမျိုးပြောနေတယ်။ အဲဒီတော့ ဖြစ်ချင်သလို ဖြစ်နေသလား။ နောက်တခုက ပြည်တွင်းငြိမ်းချမ်းရေးကို ပြောနေတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မယ်လို့ပြောတယ်။ တိုက်မယ်ဆိုတဲ့လူက တိုက်နေတယ်ဆိုတော့ ကျနော်တို့ ဘယ်လိုနားလည်းရမှန်း မသိဘူး။
ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ပြောတဲ့ ဆင်းရဲနွှမ်းပါးမှု လျှော့ချရေးလုပ်ဆောင်နေတာကို တွေ့တယ်ဆိုတော့ အဲဒီရလဒ် ဘယ်တော့မြင်ရမယ် ထင်ပါသလဲ။ အလားအလာ တွေ့ရပါသလား။ ဘယ်လောက်ဖိဖိစီးစီး ရှိပါသလဲ။
ဦးရဲထွန်း ။ ။ ကျနော်တို့ ဒေသမှာတော့ ဘာမှသက်ရောက်မှု မရှိသေးပါဘူး။ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ ကတော့ နည်းနည်းစုံတာပေါ့။ စုံတယ်အခါကျတော့ အရေးကြီးတဲ့ဟာမပါမှာတော့ စိုးရိမ်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက အခုန ဦးလှစောကလည်း ပြောတယ်။ ပါတီအနေနဲ့ နိုင့်ထက်စီးနင်းလုပ်ခံရတာတွေ ရှိတယ်။ အဲဒီလိုကိစ္စမျိုးကို ဦးရဲထွန်းတို့ပါတီမှာ ကြုံရတာ မရှိဘူးလား။ တကယ်လို့ ရှိခဲ့ရင် ဒီကိစ္စတွေကို ရှမ်းတိုင်းရင်းသားများပါတီအနေနဲ့ ဘယ်လိုရင်ဆိုင်နေကြသလဲ။
ဦးရဲထွန်း ။ ။ ကျနော်တို့ဆီမှာတော့ ပါတီအနေနဲ့ အဲဒီလိုမျိုး လုပ်ခံရတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံ ပြောင်းလဲခါစဆိုတော့ တချို့ကိစ္စလေးတွေမှာ ကျနော်တို့က ကိုယ့်ရဲ့ တတ်သိနားလည်တဲ့ ကိုယ့် အရည်အချင်းနဲ့ပဲ လုပ်ရတာရှိတယ်။ ဥပမာဆိုရင် ဒီနှစ်နွေရာသီမှာ ရှမ်းစာပေသင်ကြားဖို့ ကျနော်တို့ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့တဲ့အခါမှာ လွှတ်တော်ထဲမှာ ပညာရေးဝန်ကြီးကိုယ်နှိုက်က လွတ်လွတ်လပ်လပ် သင်ကြားနိုင်ပါတယ်။ လိုအပ်တဲ့အရာတွေကလည်း ပညာရေးဌာနက ထောက်ပံ့ပါမယ်လို့ ပြောထားပြီးသာ။ ပြောထားပြီးဖြစ်တဲ့အတွက် ကျနော်တို့က သင်ကြားဖို့အတွက်လုပ်တဲ့အခါမှာ သက်ဆိုင်ရာပညာရေးမှူးက ခွင့်ပြုတယ်။ ခွင့်ပြုပေမယ့် အုပ်ချုပ်ရေးပိုင်းက အဲဒါကို အရင်က လုပ်ပုံလုပ်နည်းအတိုင်း ဘယ်သူက ခွင့်ပြုလို့လုပ်တာလဲ။ ခင်များကို ခွင့်ပြုတာလဲ စသဖြင့် မြို့နယ်ပညာရေးမှူးကို မေးတယ်။ အဲဒါမျိုးတွေဆိုရင် ကျနော်တို့က အောက်မှာတင်ပဲ ဖြေရှင်းရတာ။
ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ပြောနေတာက ရှမ်းစာပေကို အစိုးရဖွင့်လှစ်ထားတဲ့ အစိုးရကျောင်းတွေမှာ သင်ဖို့လား။ ပုဂ္ဂလိကကျောင်းမှာ သင်ဖို့လား။
ဦးရဲထွန်း ။ ။ နွေရာသီမှာ ကျောင်းစာသင်ခန်းတွေကို အသုံးပြုပြီးတော့ ကျောင်းပိတ်တဲ့အချိန်မှာ သင်ဖို့ပါ။
ဦးကျော်ဇံသာ ။ ။ ကျနော်ဆက်မေးပါမယ်။ အစိုးရပိုင်း လုပ်တာကတော့ ဒီလောက်ဆို လုံလောက်ပါပြီ။ လွှတ်တော် - ဦးရဲထွန်းက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်။ အထူးသဖြင့် ဦးလှစောကတော့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘူး။ ပါတီအတွင်းရေးမှူး။ ဒါပေမဲ့ ဦးလှစော ပါတီကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးတက်နေတယ်ဆိုတော့ ပြည်သူကို ကိုယ်စားပြုတယ်ဆိုတဲ့ လွှတ်တော်က ဘယ်လောက်လုပ်ပိုင်ခွင့်ရှိသလဲ။
အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ ပိုဆိုးလာတယ်။ ဒီလိုကိစ္စမျိုး ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင်တော့ အရေးပေါ်လွှတ်တော်ခေါ်ယူပြီး ဆွေးနွေးကြမှာပဲ။ အခု ဗြိတိန်မှာဆိုရင် သတင်းပေါက်ကြားမှု၊ သတင်းခိုးနားယူမှုကိစ္စကို ဝန်ကြီးချုပ်က ခရီးစဉ်ဖျက်ပြီး အထူး ပါလီမန် အစည်းအဝေးခေါ်ပြီး ဒီကိစ္စကို ခေါ်ယူကြတယ်။ ဒီလောက် အဆင့်မမြင့်ဘူးထားပါတော့ ဒါပေမဲ့ ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ကိစ္စကို လွှတ်တော်က ဘယ်လောက် အရေးယူဖြေရှင်းနိုင်မလဲ၊ ဖြေရှင်းနိုင်မလဲလို့ ထင်ပါသလဲ။
ဦးရဲထွန်း ။ ။ ဒီကိစ္စကတော့ ကချင်ပြည်နယ်မှာတော့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့က ဝင်ရောက်ပြီး ဖျန်ဖြေပေးတဲ့အနေအထားမှာ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေကလည်း နာခံပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားနေတယ်လို့ ကြားသိရတယ်။ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆောင်ရွက်ချက် ပါပဲ။ တကယ်အောင်မြင်မယ်ဆိုရင်လည်း ကျနော်တို့က ဝမ်းသာရမျာပေါ့။ ကျနော်တို့ ရှမ်းပြည်နယ်မှာလည်း ဘယ်လိုဖြစ်နေသလဲတော့ မသိဘူး။ ဒီဘက်မှာ စစ်ရေးအရ တာဝန်ယူနေတဲ့ စစ်တိုင်းမှူးတွေက လက်ခံဖို့လိုတယ်။
ဦးကျော်ဇံသာ ။ ။ အခု ဖြစ်နေတဲ့ကိစ္စက စစ်တိုင်းမှူးက အာဏာပိုရှိသလား။ ပြည်နယ်ဝန်ကြီးချုပ်က အာဏာပိုရှိသလားဆိုတာကလည်း ပြဿနာတရပ်လို့ တချို့က ဆိုကြပါတယ်။ ဘယ်လိုတွေ့ရပါသလဲ ရခိုင်ပြည်နယ်အတွင်းမှာကော။
ဦးလှစော ။ ။ အဲဒါကတော့ generally ပြောလို့ရပါတယ်။ သူတို့မှာက centralization နဲ့ de-centralization ထဲမှာ ရေရာ တိကျတဲ့ မူ မရှိဘူး။ နောက်တခုက ရှင်းရှင်းလေးပါ။ သူတို့မှာ democratic တည်ဆောက်ရေး အတွေ့အကြုံလည်း မရှိဘူး။ တချိန်တည်းမှာ သူတို့က စစ်ဖက်က လာတဲ့လူတွေဆိုတော့ centralization နဲ့ သွားနေမှာပဲ။ ပြည်နယ်မှာ ဘာလုပ်ခွင့်ရှိသလဲ။ ပြည်နယ်မှာ ဘယ်လိုလဲ ပြည်နယ်အခြေအနေဘာလဲ ဆိုတာကို လုပ်ခွင့်ရှိသလား၊ မရှိဘူးလားဆိုတာက တော်တော်ကို မရေမရာကြီးဘဲ။ သူတို့မှာ ဗဟိုနဲ့ ပြည်နယ် အာဏာခွဲဝေမှု အတွေ့အကြုံလည်း မရှိဘူး။ နောက် ဆွေးနွေးမှုလည်း မရှိဘူးဆိုတော့ ပိုရှုပ်ထွေးတာပေါ့။
ဦးကျော်ဇံသာ ။ ။ ကျနော် မေးချင်တာက ဒီကိစ္စက အတွေ့အကြုံ ပြဿနာလား။ သဘောထား ပြဿနာလား။
ဦးလှစော ။ ။ နှစ်ခုစလုံး ဆိုင်ပါလိမ့်မယ်။ တကယ်လို့ အတွေ့အကြုံ မရှိဘူးဆိုရင် ဒါကို ရိုးရိုးသားသား ဖွင့်ပြပြီး လုပ်လို့ရတာပေါ့။
နောက်တခုက ဆင်းရဲမှု တိုက်ဖျက်ရေးကိစ္စပေါ့။ အဲဒါကို ကြားဖြတ်ဆွေးနွေးချင်တယ်။ ဆင်းရဲမှု တိုက်ဖျက်ရေး ကိစ္စဆိုတာ တိုင်းပြည်မှာ အဆင်းရဲဆုံးက တိုင်းရင်းသားတွေပါ။ အဲဒီတော့ ဆင်းရဲသား တိုက်ဖျက်ရေးကို ဘယ်လိုလုပ်မလဲဆိုတာကို တိုင်းရင်းသားဒေသမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားဒေသမှာရှိတဲ့ local အခြေအနေကို အကုန်သိရမှာပေါ့။
နောက်တခုက တိုင်းရင်းသားတွေ ဆင်းရဲတယ်ဆိုတာ ဘာကြောင့်ဆင်းရဲသလဲ။ ကျနော်တို့ ရခိုင်မှာ natural gas တွေရောင်းတာ ဒီလောက် ဘီလီယံနဲ့ ပိုက်ဆံတွေရနေတယ်။ ဒါပေမဲ့ ကျနော်တို့ မီးတောင်မရဘူး။ ဘာကြောင့် ဆင်းရဲနေရသလဲ။ အဲဒီတော့ မစို့မပို့ သိန်း-သန်း မြန်မာငွေ နှစ်ရာလောက်ချေးပြီး ရခိုင်ပြည် ဆင်းရဲတွင်းထဲက လွတ်မလား။ အဲဒါတွေက သေချာစဉ်းစားရမယ့်ကိစ္စ။ အဲဒီတွေကို မစဉ်းစားဘဲနဲ့ program ကြီးတွေလုပ် လုပ်ပြီးတော့ ပိုက်ဆံ မစို့မပို့ကို ရခိုင်ပြည်ကိုပေး။ ဟိုပေးဒီပေးလုပ်နဲ့ အလွန်စိတ်ပျက်ဖို့ ကောင်းတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး ဦးရဲထွန်းကို တချက်မေးချင်ပါတယ်။ စောစောက ဦးလှစောကို မေးတဲ့မေးခွန်းပါ။ အခု ပြည်နယ်အစိုးရနဲ့ စစ်တိုင်းမှူးတွေ အာဏာကိစ္စ။ ပြည်နယ်တိုင်းရင်းသားကိစ္စတွေကို ပြေပြေလည်လည် မဆောင်ရွက်နိုင်တာကို လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အဖုအထစ်တွေ ရှိနေတဲ့ကိစ္စ။ ဒါ အတွေ့အကြုံ လိုအပ်နေတဲ့ကိစ္စလား။ သဘောထား မမှန်ကန်တဲ့ကိစ္စလား။ ဦးရဲထွန်း ဘယ်လိုထင်ပါသလဲ။
ဦးရဲထွန်း ။ ။ ကျနော်တို့က အခုမှ ဖွဲ့စည်းပုံစည်းမျဉ်းက အသစ်ဖြစ်ပြီး အခုမှ စကျင့်သုံးကြတာဆိုတော့ ဘယ်သူမဆို လွှတ်တော်ဆိုလည်း လွှတ်တော်အမတ်တွေအလျှောက်။ အုပ်ချုပ်တဲ့ ဝန်ကြီးချုပ်နဲ့၊ အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်အဖွဲ့ဝင်တွေအလျောက် ဘာလုပ်ရမှန်း၊ ဘယ်က အမိန့်တောင်းရမှန်း ကိုယ့်ဘာသာကိုယ် အသိစိတ်ဓာတ်နဲ့ လုပ်ရမလား။ မသိကြသေးဘူး။ အတွေ့အကြုံလည်း မရှိကြသေးဘူး။ အဲဒီလိုထင်တယ်။ တချို့ကိစ္စတွေကြတော့ ကိုယ်က လုပ်သင့်လုပ်ထိုက်တာကို ကိုယ်ဘာသာ ကိုယ်လုပ်ရမှာ။
ဦးကျော်ဇံသာ ။ ။ ကြားခဲ့ရတဲ့ ပြဿနာတွေဟာ အတွေ့အကြုံ မရှိသေးလို့ ဖြစ်ရတဲ့ ပြဿနာတွေဆိုရင်တော့ ဖြေရှင်းရ ခက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်း (၅၀) လုံးလုံး ကိုယ့်သဘောနဲ့ကိုယ် ထင်ရာလုပ်လာခဲ့တဲ့ စစ်အစိုးရတဖြစ်လဲ အရပ်သား မစို့မပို့ အာဏာပိုင်တွေဟာ လူထုဆန္ဒကို အမှန်တကယ် ဦးစားပေးလိုတဲ့ဆန္ဒ ရှိပါရဲ့လား။ သဘောထား မှန်ကန်ပါရဲ့လားဆိုတာကိုလည်း ဒီနေရာမှာ မေးစရာဖြစ်နေတယ်လို့ ထင်ပါတယ်။ အဖြေကိုတော့ သော်တာရှင်များ စဉ်းစားရှာဖွေကြပါလို့ ပြောလိုပါတယ်။