ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ အိန္ဒိယခရီးစဉ်ကို မြန်မာ့အရေး လှုပ်ရှားသူတွေက ကန့်ကွက်နေကြပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေ လူသတ်လက်နက်တွေ ဝယ်ယူဖို့ တချို့သော နိုင်ငံတွေကို သွားရောက်တဲ့အခါမှာ ဒီလို ကန့်ကွက်သံတွေ မကြားခဲ့ရပါဘူး။ အိန္ဒိယလို့ လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ နိုင်ငံကြီးကို စစ်ခေါင်းဆောင်တယောက် သွားရောက်ရာက ကောင်းကျိုးတစုံတရာ မပေါ်ထွက်လာနိုင်ဘူးလား ဆိုတာကို အိန္ဒိယအခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေသူ ဒေါက်တာတင့်ဆွေ၊ နယူးဒေလီ ရှစ်လေးလုံးကျောင်းတိုက် ဆရာတော် အရှင်အဂ္ဂ တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့မှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ the biggest democracy in the world။ ဒါအပြင် အိန္ဒိယနိုင်ငံဟာ မတူကွဲပြားမှု အများဆုံးနိုင်ငံဆိုရင်လည်း မှားမယ်မဟုတ်ပါဘူး။ ဘာသာစကားအားဖြင့်၊ ကိုးကွယ်ယုံကြည်မှုအားဖြင့်၊ ဆင်းရဲနွမ်းပါးမှုအားဖြင့်၊ နယ်မြေလည်း သိပ်ကျယ်ပြန့်တယ်၊ လူမျိုးပေါင်းစုံနေထိုင်တယ်။ ဒီလိုနေရာမျိုးမှာ ဒီမိုကရေစီ တည်မြဲအောင် လုပ်ထားနိုင်တဲ့ တိုင်းပြည်ဖြစ်တယ်။ တခါ လူမျိုးကွဲပြားသလိုပဲ သူတို့ဟာ Federal စံနစ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နေတဲ့ တိုင်းပြည်။ တခါ ဦးပဉ္စင်းတို့ကို လျှောက်ထားချင်တာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အိန္ဒိယကို လာတယ်။ ဗုဒ္ဓသာသနာ စတင်ထွန်းကားတဲ့နေရာ၊ အဲဒီမှာ ကုသိုလ်ကောင်းမှုနဲ့ တရားဘာဝနာ ပွားများတယ်။ သူ့စိတ်ထဲမှာတော့ ငြိမ်းချမ်းရေးစိတ်၊ ကုသိုလ်စိတ် ဖြစ်နေမှာ။ နှိပ်စက်ညှဉ်းပန်လိုတဲ့ စိတ်တွေ၊ ကြမ်းတမ်းတဲ့ စိတ်တွေရှိတယ်လို့ ဆိုကြအုံးတော့ ဒီတခါမှာတော့ သူက စိတ်ကောင်းစေတနာကောင်းနဲ့ ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဒီလို ခရီးစဉ်ကို လာတာ မကောင်းပေဘူးလား။ လူသတ်ဖို့ လက်နက်သွားဝယ်တာနဲ့ ဒီလိုခရီးစဉ်မျိုးလာတာ မကြိုဆိုသင့်ပေဘူးလားဆိုတာကို တပည်တော် စတင်မေးလိုခြင်း ဖြစ်ပါတယ်။ ဆရာတော် အဂ္ဂ ဖြေပါ - ဘာဖြစ်လို့ ကန့်ကွက်ရသလဲဆိုတာ။
အရှင်အဂ္ဂ ။ ။ သူရဲ့ လာချင်က ဘုရားဖူးတယ်ဆိုတာ လာခြင်းက ကောင်းတယ်ဆိုပေမယ့် တချိန်က သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဆေးကြောတဲ့အနေနဲ့ သန့်စင်တဲ့အနေနဲ့ အဲဒီရည်ရွယ်တွေနဲ့ လာတာ။ အဲဒီတော့ ဦးပဉ္စင်းတို့ ဗုဒ္ဓစာပေမှာလည်းရှိတယ် ပဉ္စနန္ဒိယကံ ငါးပါးကို ကျုးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ သူ့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ပဲဖြစ်ဖြစ်၊ ပြေပျောက်အောင်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းအောင်ပဲဖြစ်ဖြစ် စိတ်ကိုငြိမ်းချမ်းအောင်ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဘုရားရှင်ကို ရှစ်ခိုးတာ၊ ပူဇော်တာ၊ ပြုလုပ်တာ ပြေပျောက်တဲ့အခြေအနေ မရှိဘူး။ ငြိမ်းချမ်းတဲ့ အခြေအနေမရှိဘူးလို့ မြတ်စွာဘုရားက ဟောကြားခဲ့တယ်။ အဲဒီတော့ ဦးပဉ္စင်းတို့ကတော့ သူသည် ဦးပဉ္စင်းတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဘုရားသားတော်တွေ အပါအဝင် တိုင်းသူပြည်သား၊ ကျောင်းသူကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ သွေးစွန်းတဲ့လက်တွေနဲ့ ဘုရားလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အနားမှာ မသင့်တော်ဘူး။ ကောင်းလည်းမကောင်းဘူး။ ဒါကြောင့် ဦးပဉ္စင်းတို့က အပြင်းအထန်ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာတင့်ဆွေ တို့အနေနဲ့ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီ၊ ဖဒရယ်စံနစ်တွေကို မြန်မာနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ အများကြီး သင်ယူစရာပါ၊ နမှုနာယူစရာ အများကြီးပါ။ ဒီလို ခရီးမျိုးလာတာ မကောင်းပေဘူးလား။
ဦးတင့်ဆွေ ။ ။ နှစ်နိုင်ငံ ဆက်ဆံရေးအရ နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် လည်ပတ်ကြတယ်ဆိုတာကတော့ ကမ္ဘာ့ထုံစံ သံခင်းတမန်ခင်းကိစ္စပါ။ ဒီအတွက်ကို ကျနော်တို့ ထူးပြီးပြောစရာ မရှိပါဘူး။ သို့သော်လည်း အချိန်ကာလနဲ့ ဗမာနိုင်ငံရဲ့ အခြေအနေဟာ ပုံမှန်မဟုတ်ဘူး။ အိန္ဒိယနိုင်ငံဟာ ဗမာနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတယ်လို့ နိုင်ငံတကာက ပြောလာတာလည်း နှစ်ကြာခဲ့ပါပြီ။ ကြာနေတဲ့အချိန်မှာ အိန္ဒိယက ဒီမိုကရေစီအရေးအတွက် မေ့ပျောက်ထားဆဲ ဖြစ်နေတော့ ဒါကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ နောက်တခုက ဗမာနိုင်ငံရဲ့ အခြေအနေ - အိန္ဒိယက သိပါတယ်။ သိရက်သားနဲ့ သူတို့ရဲ့ အကျိုးစီးပွား ပေါ်လစီကို လိုက်နေတဲ့အတွက် ဒါကို ကျနော်တို့ မကျေနပ်ပါဘူး။ အဲဒီတော့ ဒီလို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လာလို့လည်း အိန္ဒိယအစိုးရက ဗမာပြည်သူတွေအတွက် ကောင်းကျိုးကို ဆောင်ရွက်ပေးမယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ အလားတူပဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကလည်း တိုင်းသူပြည်သား အကျိုးနဲ့ နိုင်ငံရဲ့ အကျိုးဆိုတာထက် သူတို့ရဲ့ အခုလက်ရှိ စစ်အုပ်စု နောင်တက်မယ့် စစ်အုပ်စုတပိုင်း ကောင်းကျိုးအတွက် ရည်ရွယ်ပြီးတော့ အသုံးချပြီး လာတာဖြစ်တဲ့အတွက် ဒီဟာကို ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက နှစ်ခြိုက်ခြင်း မရှိတဲ့အတွက် အိန္ဒိယဝန်ကြီးချုပ်ကို ကျနော်တို့ သဝဏ်လွှာပို့ပြီး ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ကြပါတယ်။
ဦးကျော်ဇံသာ ။ ။ အိမ်ရှင် အိန္ဒိယအစိုးရအနေနဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့ရဲ့အဖွဲ့ကို စီးပွားရေးဆိုင်ရာ စာချုပ်တွေ လုပ်တာအပြင် အိန္ဒိယ ဒီမိုကရေစီ အခြေခံအဆောက်အအုံတွေကို လိုက်လံပို့ဆောင်ပေးတာ မရှိဘူးလား။
ဦးတင့်ဆွေ ။ ။ ဒီမိုကရေစီနဲ့ ပတ်သက်လို့ အိန္ဒိယက ၂၀၀၆ ခုနှစ် အိန္ဒိယသမ္မတကြီး ဒေါက်တာဘူဂလ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို လာတွေ့တုန်းက အိန္ဒိယဘက်က ကမ်းလှမ်းချက်တခု ရှိပါတယ်။ ဒါက ဘာလည်းဆိုတော့ ဒီမိုကရေစီ အဖွဲ့အစည်းတွေရဲ့ တည်ဆောက်မှု (democratic institution) အဖွဲ့အစည်းဆိုင်ရာ နည်းပညာတွေကို အိန္ဒိက ပေးချင်ပါတယ်လို့ ကမ်းလှမ်းခဲ့ဘူးပါတယ်။ ဒီအပေါ်မှာတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က အင်မလုပ် အဲမလုပ်နဲ့ အခုအချိန်အထိ ဘာမှဖြစ်လာတယ်လို့ ကျနော်တို့ မတွေ့ဘူး။ အမှန်ကတော့ အဲဒီလို နည်းပညာပိုင်း နဲ့ အတတ်ပညာပိုင်း ကူညီမှုဆိုတာက ဒီထက်အရေးကြီးတာကတော့ အနှစ်သာရပိုင်း ကူညီဖို့ ဖြစ်ပါတယ်။ ဒီမိုကရေစီ လုပ်ထုံလုပ်နည်း ဆိုတာက ကျောင်းသားသင်သလို သင်လို့ရတဲ့ကိစ္စ။ တကယ်လိုအပ်တာက ဒီမိုကရေစိ ပြုပြင်ပြောင်းလဲရေး ဖြစ်အောင် အိန္ဒိယဘက်က အိမ်နီးချင်းကောင်း ပီသစွာ ဒီမိုကရေစီနိုင်ငံကြီး ပီသစွာ လုပ်စရာတွေ အများကြီးရှိတယ်။ အခုအချိန်အထိ လုပ်တာမတွေ့သေးဘူး။ ဗိုလ်ချုပ်မှုးကြီးပြီးလည်း လုပ်မယ်လို့ မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆရာကို တခုထပ်မေးချင်ပါတယ်။ အခု ခရီးစဉ်အတွင်းမှာ လက်နက်အရောင်းအဝယ် ကိစ္စကော ပါတယ်လို့ ကြားပါသလား။ အဲဒီကိစ္စ မပါပါဘူးနော်။
ဦးတင့်ဆွေ ။ ။ အခုထိတော့ မသိသေးဘူး။ ဘာကြောင့်လည်းဆိုတော့ အိန္ဒိယအစိုးရက နအဖနဲ့ ခပ်ဆင်ဆင်။ ဗမာနိုင်ငံနဲ့ ဆက်ဆံရေးမှာ လူထုသိအောင် မီဒီယာသိအောင် ပြောလေ့ပြောထ မရှိဘူး။ မှန်းကြည့်ရတာတော့ အိန္ဒိယရဲ့ စိုရိမ်သောကဟာ လုံခြုံရေး စိုရိမ်သောကက နံပတ် (၁) ဖြစ်ပါတယ်။ ဒီအတွက် သူရဲ့ လုံခြုံရေးကို ထိပါးတဲ့ အရှေ့မြောက်ရဲ့ သူပုန်ကိစ္စကို မပြောလို့ မဖြစ်ဘူး။ အဲဒီလို ပြောရင်လည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဒါတွေတိုက်ဖို့ လက်နက်လိုတယ်လို့ ဆိုပြီး တောင်းမှာတော့ - တောင်းလည်းတောင်းခဲ့တော့ ထုံစံအရ ဖြစ်နိုင်တဲ့အကြောင်း အများကြီးရှိတယ်လို့ ယူဆရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာတော် အရှင်အဂ္ဂ ကို ပြန်လည်လျှောက်ထားချင်ပါတယ်။ ဆရာတော် အခုနမိန့်တဲ့အထဲမှာ ဗိုလ်ချုပ်မှုးကြီးဟာ ပဉ္စနန္ဒိယကံ ဆိုက်နေတယ်၊ လက်တွေမှာ သွေးစွန်းနေတဲ့အတွက်ကြောင့် မြတ်စွာဘုရားကို ပူးဇော်လို့လည်း မထူးဘူးဆိုတော့။ ဖြစ်ခဲ့တဲ့အပိုင်းကိုထား ဒါပေမဲ့ သူရဲ့ အမှားကို နောင်တရတဲ့စိတ်များ ပေါ်ပေါက်ခဲ့ရင် တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူးလား။
အရှင်အဂ္ဂ ။ ။ အဲဒီလိုမျိုး နောင်တရတဲ့ စိတ်ရှိခဲ့ရင်တော့ ကောင်းတာပေါ့။ ဦးပဉ္ဖင်းတို့ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ စိတ်အစဉ်ကို ဖြစ်ခဲ့တဲ့ အတိတ်ကို ပြန်ကြည့်ပြီးတော့ လက်ရှိ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ပြောရမယ်ဆိုရင် မမြင်ဘူး။ ဘာကြောင့်လည်းဆိုရင် သူဟာ မောဟစိတ် တွေနဲ့ အာဏာကို လက်မလွှတ်ချင်တဲ့ မောဟစိတ် ဖုံးလွှမ်းနေတဲ့အတွက် သူဟာ ဘယ်တော့မှ ပြင်မှာမဟုတ်ဘူးလို့ မြင်တယ်။ အဲဒီတော့ ဘယ်တော့မှ ပြင်မှာလည်းမဟုတ်ဘူး။ မပြင်တဲ့အတွက် နိုင်ငံမှာလည်း ကောင်းကျိုးတွေက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ မြင်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တခု နမူနာယူမယ်ဆိုရင် ဘာသာတရားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း သံဃာတော်တွေဟာ နှိပ်ကွပ်ခံရတယ်၊ သတ်ဖြတ်ခံရတယ်ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးကာလတုန်းက - ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံဆီက မြန်မာနိုင်ငံက သင်ယူသင့်တယ်ဆိုရင် မြန်မာခေါင်းဆောင်တယောက်အနေနဲ့ ဘယ်အချက်တွေက အဓိကထားပြီး လေ့လာသင့်တဲ့ ကိစ္စလို့ ထင်ပါသလဲ။
အရှင်အဂ္ဂ ။ ။ အများကြီးပဲ ပြောမယ်ဆိုရင် အိန္ဒိယဟာ အရှုပ်အထွေးဆုံး ဘာသာတရားတွေ အများကြီးရှိသလို လွတ်လပ်ခွင့်တွေ အပြည့်ရှိတယ်။ လွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံလို အပြောသဘောမျိုး မဟုတ်ဘဲနဲ့ လက်တွေ့သဘော သက်ရောက်မှုသဘောတွေ အများကြီး ရှိပါတယ်။ နောက်တခု ကြည့်မယ်ဆိုရင် လွတ်လွတ်လပ်လပ် အသင်းအပင်အဖွဲ့တွေ ဖွဲ့ခွင့်တွေလည်းရှိတယ်။ မြန်မာနိုင်ငံနဲ့ မတူထူးခြားတာက အိန္ဒိယမှာ ဘာသာတိုင်းဘာသာတိုင်း ဘယ်လောက်လွတ်လပ်မှု ရှိသလဲဆိုရင် လွတ်လွတ်လပ်လပ် ဟောပြောလို့ရှိတဲ့ ကိုယ်ပိုင်တီဗွီ၊ ရေဒီယိုချန်နယ် (channel) တွေ ရှိကြတယ်။ ဥပမာဆိုရင် ပန်ချာပီဆိုရင် သူ့ကိုယ်ပိုင် ရေဒီယို၊ တီဗွီ ချန်နယ်တွေ ရှိကြတယ်။ မူဆလင်၊ ခရစ်ယာန် စသဖြင့် ရှိကြတယ်။ ဒါတွေ ကြည့်ချင်အားဖြင့် မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တရားဟောတာတောင်မှ မြန်မာနိုင်ငံမှာ သူတို့ဆီမှာ ရယက၊ မဝတ အဆင့်ဆင့် အာဏာပိုင်တွေဆီမှာ အခွင့်အခံတောင်းပြီမှ တရားဟောရတဲ့ အခြေအနေရှိတယ်။ အဆင်မသင့်လို့ရှိရင် တရားဟောနေရင်ကနေ ပိတ်ပင်ခံရတာမျိုး၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခံရတာမျိုး ရှိကြတယ်။ ဗုဒ္ဓဘာသာကို အထွပ်အထိပ်ရောက်အောင် ထောက်ပံ့တယ်၊ ချီးမြှင့်တယ်ဆိုပေမယ့် ဘာတခုမှ စေတနာသဘောနဲ့ ချီးမြှင့်ထောက်ပံ့တာ တခုမှမရှိဘူး။ ပြည်သူတွေအမြင်မှာ ဘာသာတရားကို ဘာသာတရား ကိုင်းရှိုင်းတယ်၊ ရိုသေတယ်၊ အထောက်အပံ့ပေးတယ်ဆိုတဲ့ အမြင်တမျိုးကို သက်ရောက်စေခြင်းတဲ့ အမြင်နဲ့လုပ်တယ်။ လက်တွေ့မှာ ဘာမှမပါဘူး။ အိန္ဒိယနိုင်ငံမှာ အပြောတွေ သိပ်မပါဘူး။ အပြောမပါဘဲနဲ့ ထောက်ပံ့မှုတွေ၊ support လုပ်မှုတွေ အများကြီးရှိတယ်။ အဲဒါတွေက ဘာတွေလည်းဆိုရင် ဥပမာ - အိန္ဒိယနိုင်ငံမှာ ကြိုက်တဲ့ဘာသာရေး အသင်းတသင်းကို ဖွဲ့ခွင့်ရှိတယ်။ ဆိုပါစို့ ဦးပဉ္စင်းတို့ နိုင်ငံခြားက မြန်မာနိုင်ငံက ဘုန်းကြီးတွေ စာသင်တဲ့ဘုန်းကြီးတွေ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့လိုမျိုး တခြားနိုင်ငံက လာပြီးတော့ ဘာသာရေးအသင်းတော် ဖွဲ့တာ။ နောက်တခု ထောက်ပံ့တာလည်း ဥပမာ အိန္ဒိယနိုင်ငံမှာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေဆိုရင် ရေခွန်၊ မီးခွန် အလွတ် ကင်းလွတ်ခွင့်ပေးတယ်။ ကင်းလွတ်ခွင့်မပေးရင်တောင် ရာခိုင်နှုန်း အတော်များများကို လျှော့ပေးတယ်။ ဘုရားကျောင်းအတွက် မြေဝယ်မယ်ဆိုရင်လည်း လျှော့ပေးတယ်။ တချို့နေရာတွေမှာဆိုရင် အလကားပေးတယ်။ ဒါဟာ မြန်မာအစိုးရလို့ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ သဘောနဲ့ ထင်သာမြင်သာ ရှိနေတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါက်တာတင့်ဆွေကို ပြန်မေးချင်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးကို ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံနဲ့ ဦးနု လက်ထက်ကလည်း အင်မတန်မှ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့တာ။ လွတ်လပ်ရေး ကြိုးပမ်းတဲ့အခါမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တရင်းတနှီး ဆက်ဆံခဲ့သလို၊ တော်လှန်ရေးကောင်စီ တက်လာပြီး ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရ၊ မဆလခေတ်မှာလည်း သူတို့က ရင်းရင်းနှီးနှီး နေခဲ့တယ်။ အခုလက်ရှိ အစိုးရမှာလည်း ရင်းရင်းနှီးနှီး နေခဲ့တယ်ဆိုတော့ အခုလက်ရှိ အစိုးရနဲ့ ပတ်သက်လို့ ဘာကြောင့် ထောက်ပြစရာ ဖြစ်ရသလဲ။ သူတို့ရဲ့ အစဉ်အလာ နိုင်ငံခြားရေးဝါဒလို့ မသတ်မှတ်နိုင်ဘူးလား။
ဦးတင့်ဆွေ ။ ။ အိန္ဒိယနိုင်ငံဘက်ကပဲ ကြည့်ပါစို့ အိန္ဒိယနိုင်ငံရဲ့ ထင်ထင်ပေါ်ပေါ်နဲ့ တက်တက်ကြွကြွ လူရွယ်ပိုင်း ခေါင်းဆောင် ရာဂျစ်ဂန်ဒီ လက်ထက်မှာ ဗမာပြည် ဒီမိုကရေစီရေး အုံကြွမှုကြီး ကြုံတဲ့အခါမှာ ကမ္ဘာမှာ ထိပ်တန်းက ထောက်ခံတဲ့နိုင်ငံတနိုင်ငံ ဖြစ်ခဲ့တယ်။ ဒီတချက်ကလည်း ပြန်ပြီးတော့ နှစ် (၂၀) လောက်ကို သုတေသန လုပ်ကြည့်လို့ရှိရင် အိန္ဒိယဘက်က ခေါင်းဆောင်ပိုင်းမှာ ချို့ယွင်းအားနည်းချက်လို့ ခေါ်ရမယ့် တော်တော်များများက အင်အားနည်းတဲ့ ညွှန့်ပေါင်းအစိုးရတွေ လာခဲ့တယ်။ အခု ကွန်ဂရက်ကလည်း အင်အားသာ ကောင်းတယ် သူကလည်း ညွှန့်ပေါင်းအစိုးရ ဖြစ်တယ်။ နောက်တခါ ခေါင်းဆောင်ကလည်း ရာဂျစ်ဂန်ဒီ လို နေရူးတို့လို့ ထူးချွန်ပြီး လုပ်နိုင်တဲ့ ခေါင်းဆောင်တွေ မဟုတ်တော့ တနည်းအားဖြင့် ယှဉ်ကြည့်ရင် အားနည်းတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ အဲဒီတော့ ပေါ်လစီကို ချတဲ့အခါမှာ ဗမာနိုင်ငံနဲ့ ပတ်သက်လို့ ချတဲ့အခါမှာ ကြေစေအေးစေ ဗမာပြည်မှာ ပြဿနာမရှိအောင် တနည်းအားဖြင့် သူရဲ့ မိုင် ၁၅၀၀ လောက်ရှိတဲ့ နယ်စပ်မှ အေးနေရင်ပြီရောဆိုတဲ့ သဘောက ပိုသက်ရောက်တဲ့ သဘောနဲ့ အရှေ့မြင်ဝါဒကို ကျင့်သုံးလာတဲ့သဘော။ ဘာကြောင့်လည်းဆိုရင် အိန္ဒိယနိုင်ငံရဲ့ ပတ်ပတ်လည်နိုင်ငံတွေ အကုန်လုံး သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် တို့မပြောနဲ့ နီပေါလ် တို့က အိန္ဒိယနိုင်ငံနဲ့ အဆင်ပြေတာ မဟုတ်တော့ ဗမာပြည်ဘက် ငြိမ်နေရင်ကောင်းတယ်ဆိုတဲ့သဘောနဲ့ ဈေးတွက်တွက်ပြီး ချထားတဲ့ ပေါ်လစီက စဉ်းစားချက်တခုလည်း ဖြစ်နေပါတယ်။ အိန္ဒိယအစိုးရက အင်မတန် သိပါတယ် နအဖ စီးပွားရေး၊ လုံခြုံရေးပြောပြော တခြားကိစ္စပြောပြော မကောင်းတာတွေ အားနည်းချက်တွေ သိသော်လည်း ဒါတွေကို မသိချင်အောင် ရှောင်ထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးဖြစ်ပြီး တကယ်ကောင်းတဲ့ ဝန်ကြီးချုပ်ဦးနု တို့ နေရူး တို့လို ဆက်ဆံရေးမျိုး၊ ရာဂျစ်ဂန်ဒီတို့လို ဆက်ဆံရေးမျိုး ထူးခြားတဲ့ ပေါ်လစီမျိုးချနိုင်တဲ့ အစိုးရမျိုးတွေ မဟုတ်တာလည်း ဖြစ်နေပါတယ်။