သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီစုံ ရွေးကောက်ပွဲ အစဉ်အလာ


မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေဟာ ခွက်ခွက်လန်အောင်ရှုံးတဲ့ အစဉ်အလာရှိပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ ပြည်သူလူထုဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ပါတီကို မထောက်ခံကြောင်း ၁၉၆၀ နဲ့ ၁၉၉၀ ရွေးကောက်ပွဲက သက်သေပြနေပါတယ်။ ၁၉၆၀ ပါတီစုံရွေးကောက်ပွဲမှာ တည်မြဲဖဆပလ ရှုံးရတာဟာ စစ်တပ်နဲ့ ပတ်သက်နေလို့ဘဲလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ တပါတီစနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ မဆလ တပါတီစနစ်မှာ စစ်တပ်က တည်ထောင်ထားတဲ့ တခုတည်းသောပါတီကိုသာ မဲဆန္ဒပေးကြရတဲ့အတွက် ဒီတပါတီပဲ အမြဲအနိုင်ရပါတယ်။

ဒီလို မဆလပါတီ တပါတီတည်း လက်ဝါးကြီးအုပ်လာတာကို ပြည်သူလူထုက မကျေနပ်လို့ ၁၉၈၈ သြဂုတ်လ (၈) ရက်နေ့မှာ တပြည်လုံး ကန့်ကွက်ဆန္ဒပြတော့မှ တပါတီစနစ် နိဂုံးချုပ်သွားပါတယ်။ စစ်တပ်တည်ထောင်တဲ့ ပါတီအရေးနှိမ့်သွားတော့ စစ်တပ်က အာဏာသိမ်းပြန်ပါတယ်။ ဒါကို ပြည်တွင်းပြည်ပမှာ အကြီးအကျယ် ကန့်ကွက်ရှုတ်ချခဲ့တဲ့အတွက် စစ်အစိုးရဟာ ၁၉၉၀ မှာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးရပါတယ်။ ဒီ ရွေးကောက်ပွဲမှာလည်း စစ်တပ်က ထောက်ခံတဲ့ မဆလ တဖြစ်လဲ တစည ပါတီဟာ ခွက်ခွက်လန်အောင် ရှုံးသွားခဲ့ပါတယ်။

၁၉၆၂ ဇူလိုင် ကျောင်းသားသတ်ပွဲ၊ ၁၉၆၉ ကျောင်းသားဆန္ဒပြပွဲ၊ ၁၉၇၄ အလုပ်သမားဆန္ဒပြပွဲ၊ ၁၉၇၄ ဦးသန့် အရေးအခင်း၊ ၁၉၇၆ ကျောင်းသားဆန္ဒပြပွဲ၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ စတာတွေမှာ စစ်တပ်က အရပ်သားတွေကို ထောင်ချီသတ်ဖြတ်ခဲ့တာရယ်၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ စတာတွေမှာ စစ်တပ်က အရပ်သားကို ထောင်ချီသတ်ဖြတ်ခဲ့တာရယ်။ ၁၉၈၈ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နှင်းတာရယ်၊ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုတာရယ် စတာတွေကြောင့် တရားမျှတပြီး လွတ်လပ်တဲ့ ပါတီစုံရွေးကောက်ပွဲမှာ စစ်တပ်တည်ထောင်တဲ့ ပါတီဟာ နိုင်ဖို့ အလားအလာမရှိပါဘူး။ စစ်မှုထမ်းအများဆုံး နေထိုင်တဲ့ ရပ်ကွက်တွေမှာ စစ်တပ်ထောက်ခံတဲ့ တစည ပါတီ ၁၉၉၀ မှာ မဲရှုံးသွားတာဟာ စစ်အစိုးရကို ပြည်သူလူထုက ပယ်ချလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အနှစ် (၂၀) ပြည်သူ့ဆန္ဒကို လုံးဝ ဂရုမစိုက်ဘဲ အခုတခါ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်အစိုးရ အမှုထမ်းအများဆုံးပါဝင်တဲ့ ကြံ့ခိုင်ရေးအသင်းကို ကြံ့ခိုင်ရေးပါတီအဖြစ် အသွင်ပြောင်းပြီး စစ်အစိုးရဟာ အရပ်ဝတ်လဲလိုက်တဲ့အတွက် ကြံ့ခိုင်ရေးပါတီဟာ အာဏာရပါတီ ဖြစ်လာပါတယ်။ ဒီလို လုပ်တာဟာ ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အငြင်းပွားစရာတွေ ရှိနေပေမယ့် အာဏာရကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲအနိုင်ရအောင် ရွေးကောက်ပွဲကော်မရှင်က ပံ့ပိုးသွားမယ့် သဘောဖြစ်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီဟာ ကျပ်သိန်း (၁၆၀၀) ပေးရပါလိမ့်မယ်။ ဒီငွေကို ကြံ့ဖွံ့ပါတီကသာ ပေးနိုင်ပါလိမ့်မယ်။ ယှဉ်ပြိုင်သူတဦးဟာ ရွေးကောက်ပွဲအသုံးစရိတ် သိန်း (၁၀၀) အထိ သုံးနိုင်ကြောင်း သတ်မှတ်ထားပါတယ်။

ကြံ့ဖွံ့ပါတီဟာ ငွေနဲ့အာဏာကိုသုံးပြီး ရွေးကောက်ပွဲကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်နေပါတယ်။ မဲဆန္ဒရှင်ကို ငွေပေးမယ်၊ အခွင့်ပေးမယ်၊ ခြိမ်းခြောက်မယ်၊ အကြမ်းဖက်မယ် ဆိုတာ ကြံ့ဖွံ့ပါတီရဲ့ လုပ်နည်းလမ်းစဉ်တွေ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် ကြံ့ဖွံ့ပါတီဝင် စစ်ဗိုလ်ဟောင်းဟာ လူထုခေါင်းဆောင် မဟုတ်ပါဘူး။ အမိန်နာခံပြီး အမိန့်ပေးတတ်တဲ့ စစ်ဗိုလ်သာဖြစ်တာမို့ သူအနိုင်ရအောင် အောက်ခြေကြံ့ဖွံ့ပါတီဝင်တွေက ဆောင်ရွက်ပေးရပါလိမ့်မယ်။ မဲဝယ်တဲ့အလုပ်ကို ဒေသကျွမ်းကျင်တဲ့ အောက်ခြေက လူတွေကပဲ လုပ်နေကြပါတယ်။ ကြံ့ဖွံ့ပါတီဝင် (၈) သန်းရှိတယ်ဆိုတာမို့ ရွေးကောက်ပွဲတခုလုံးကို ကြီးစိုးနိုင်ပေမယ့် အခြေအနေရှိနေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူလူထုကို မက်လုံးပေး ခြိမ်းခြောက်ပြီး မဲရဖို့ ဗြောင်ကြိုးပမ်းနေတာဟာ ရွေးကောက်ပွဲကို မထိလေးစားလုပ်တာနဲ့ အတူတူ ဖြစ်နေပါတယ်။

အနှစ်သာရ မပြောင်းဘဲ ပုံစံပြောင်းပြီး စစ်အစိုးရက အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းတာဟာ ပြည်သူလူထုကို မျက်လှည့်ပြသလို့ ဖြစ်နေတာမို့ အလွန်အန္တရာယ်များတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ၁၉၇၄ မတ်လမှာ နိုင်ငံရေးအာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းက သမ္မတနေဝင်း လက်ကို လွှဲပြောင်းလိုက်ပြီး မကြာမီ ၁၉၇၄ မေလမှာ အလုပ်သမား ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ နောက် (၁၄) နှစ်ကြာတဲ့အခါ ရှစ်လေးလုံး အရေးတော်ပုံမှာ တပြည်လုံး အုံကြွကန့်ကွက်လို့ တပါတီစနစ် နိဂုံးချုပ်သွားခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမဲပေးပြီး စစ်အာဏာရှင်စနစ်ကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ဆန္ဒကို စစ်တပ်က လက်မခံဘဲ အခုမှ ရွေးကောက်ပွဲလုပ်ဖို့ စိတ်ကြိုက်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူလူထုဟာ အနှောက်အယှက်မရှိဘဲ မကြောက်မရွံ့ လွတ်လွတ်လပ်လပ် လျှို့ဝှက်မဲပေးနိုင်မယ်ဆိုရင် စစ်တပ်ခေါင်းဆောင်ပိုင်းက တည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးမယ့် အလားအလာနည်းပါတယ်။ ဒီလို စစ်အုပ်ချုပ်ရေးဆန့်ကျင်တဲ့ ရွေးကောက်ပွဲ အစဉ်အလာကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒကောက်ယူစဉ်ကလို ကန့်ကွက်မဲကို ထောက်ခံမဲ ဖြစ်အောင်လုပ်ပြီး ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ အနိုင်ရအောင် ကြိုးပမ်းလုပ်ဆောင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

XS
SM
MD
LG