သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျင်းပမယ့် ပြည်သူ့လွှတ်တော် ဘယ်လောက် လွတ်လပ်၊ လုပ်ပိုင်ခွင့်ရှိ


ကျင်းပမယ့် ပြည်သူ့လွှတ်တော် ဘယ်လောက် လွတ်လပ်၊ လုပ်ပိုင်ခွင့်ရှိ
ကျင်းပမယ့် ပြည်သူ့လွှတ်တော် ဘယ်လောက် လွတ်လပ်၊ လုပ်ပိုင်ခွင့်ရှိ

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် အစီအစဉ်မှာ အခုရက်အတွင်း မြန်မာနိုင်ငံရေးမှာ အရေးကြီးတဲ့ကိစ္စရပ်တခုကတော့ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားအင်အားစုတွေကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ တိုက်ခိုက်မှုများ ဖြစ်ပါတယ်။ ဒီပြဿနာ ပြေလည်ရေးအတွက် ငြိမ်းချမ်းရေး ခေါ်သံတွေလည်း အမျိုးမျိုး ပေါ်ထွက်လာနေတာပါ။ ဒီ ပြဿနာနဲ့ ပတ်သက်လို့ မကြာခင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဘယ်လောက်များ တင်ပြဆွေးနွေးနိုင်မယ့် အလားအလာ ရှိပါသလဲ။ ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒနယ်မြေ အမတ် ဒေါ်နန်းဝါနု နဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်ကိုယ်စားလှယ်တချို့က ငြိမ်းချမ်းရေး လိုလားသူများအတွက် အိတ်ဖွင့်ပေးစာဆိုတာကို အစိုးရသတင်းစာတွေထဲမှာ ဖတ်ရပါတယ်။ အင်တာနက်မှတဆင့် ရရှိတဲ့ မူရင်းစာရဲ့ မိတ္တူမှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ ၂၈.၇.၂၀၁၁ နေ့စွဲပါ အိတ်ဖွင့်ပေးစာအား ရည်ညွှန်းလျက်” ဆိုတာကို တွေ့ရပေမယ့် အစိုးရသတင်းစာထဲမှာတော့ အဲဒီစာကြောင်း ပါမလာတာကို တွေ့ရပါတယ်။ ဒီ စာရေးရတဲ့ ရည်ရွယ်ချက်ကိုတော့ ပါဝင်လက်မှတ်ရေးထိုးသူတဦးဖြစ်သူ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနု က ဗွီအိုအေ ကို အောက်ပါအတိုင်း ရှင်းပြပြောဆိုပါတယ်။

ဒေါ်နန်းဝါနု ။ ။ ကျမတို့အနေနဲ့က ငြိမ်းချမ်းရေးအတွက် လုပ်နေတာ။ အစိုးရလုပ်တာကိုလည်း အောင်မြင်စေချင်တယ်။ နောက်ပြီး သူတို့ပေါ်လစီအရ ငြိမ်းချမ်းရေးလုပ်လာခဲ့တာ အတော်ကြာလာခဲ့ပြီ။ ဟိုအရင် အစိုးရလက်ထက်ကတည်းက။ အရင် အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးမူတွေ လုပ်လာခဲ့တာ အခု အနေအထားအထိကို ဘာမှ မတိုးတက်လာသေးဘူး။ အခု အချိန်အထိ ဘာမှ မတိုးတက်လာသေးတဲ့အတွက်ကြောင့်ကို ဒီ ငြိမ်းချမ်းရေးမူတွေကို တိုးတက်လာစေချင်တယ်။ နောက် ကျမတို့ တိုင်းရင်းသားနဲ့ အစိုးရကြားမှာရှိတဲ့ အထင်လွှဲမှားမှုတွေ၊ သံသယတွေကို ကင်းပျောက်စေချင်တယ်။ သူတို့ ကင်းပျောက်မှ သူတို့အချင်းချင်း စေ့စပ်ညှိနှိုင်းနိုင်မယ်။ ကျမတို့ ရည်ရွယ်ချက်ကတော့ အဲဒါပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဒီစာကို အစိုးရက နိုင်ငံတော်သတင်းစာထဲမှာ ဖော်ပြတာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အလားအလာ တခုလို့ အကြမ်းမျဉ်းပြောနိုင်တယ်ပေါ့။

ဒေါ်နန်းဝါနု ။ ။ အဲဒါကတော့ ကျမက သတင်းစာထဲမှာ ထည့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်နိုင်တယ်ဆိုတာတော့ ကျမလည်း မပြောတတ်ဘူး။ ဒါပေမယ့် ဒီစာသားကို ကျမတို့ဆီ ပြန်ရောက်တဲ့အချိန်မှာ ညနေ (၄) နာရီ ရှိနေပြီ။ ညနေမှာ ကြည့်လိုက်တော့ ဒီစာသား က မှားနေပြီ။ ဒီဥစ္စာကို မှားနေတဲ့စာသား။ နည်းနည်းအဓိပ္ပါယ် လွှဲနေတဲ့စာသား ဖြစ်နေတာကြောင့် ချက်ချင်းလိုက်ပြီးတော့ ပိတ်ပင်ပေမယ့် ပိတ်လို့မရတော့ဘူး။ သူတို့တွေက ဘယ်လိုဖြစ်သွားတယ်ဆိုတာကိုလည်း မပြောနိုင်ဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါကတော့ သိပ်အရေးမကြီးဘူး။ ဒါပေမဲ့လည်း သူတို့ သတင်းစာမှာ ဖော်ပြတယ်ဆိုကတည်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို အလေးအနက်ထားပြီး လက်ခံချင်တယ်ဆိုတဲ့ သဘောကို ယူရင်ရနိုင်မလား။

ဒေါ်နန်းဝါနု ။ ။ အဲဒီကိစ္စက ကျမ မပြောတတ်ဘူးရှင့်။ အဲဒီ သတင်းစာကိစ္စကိုတော့ ဦးအေးမောင် ကိုပဲ မေးလိုက်ပါ။ ကျမ မပြောတတ်ဘူး။

ဦးကျော်ဇံသာ ။ ။ ဦးအေးမောင် က ဒီစာမှာ လက်မှတ်ထိုးသလား။

ဒေါက်တာအေးမောင် ။ ။ လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စရယ်။ ဒီ စာထုတ်မယ်ဆိုတဲ့ကိစ္စကို ကျနော် မသိပါဘူး။ ကျနော်တို့က သီးသန့်ကော်မတီမျိုး၊ သီးသန့်အစည်းအဝေး လုပ်နေပါတယ်။ ဒီဥစ္စာက သီးသန့်ဖြစ်ပါတယ်။ တွေ့ဆုံခေါ်ယူပြီးမှ စာသားတွေ နဲ့ လက်မှတ်ထိုးတာတို့ကို လုပ်သွားတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ နီးစပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစုက လုပ်သွားတဲ့သဘောပေါ့။ လွှတ်တော်ကိုယ်စားလှယ်အများစုကို တိုင်ပင်လုပ်ခဲ့တာ မဟုတ်ဘူးပေါ့။

ဒေါက်တာအေးမောင် ။ ။ ကျနော်တို့ကို တိုင်ပင်တာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဘာပဲဖြစ်ဖြစ် ဒီစာဟာ ပထမဦးဆုံး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို မြန်မာနိုင်ငံအစိုးရက သူတို့သတင်းစာထဲမှာ ဖော်ပြလာတာ တွေ့ရတယ်။ နည်းနည်းပါးပါး ဖြတ်တောက်ထားတာကလွဲလို့။ တချို့ကိုယ်စားလှယ်တွေက သူတို့သဘောထားအာဘော်အစစ် မဟုတ်ဘူးလို့ ပြောကြတယ်။ ဘာပဲပြောပြော ဒီလို ဖော်ပြလာတာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရပါသလဲ။ တချို့ကတော့ အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို အလေးအနက်ထားတဲ့ သဘောမျိုးဖြစ်တယ်ဆိုပြီး သုံးသပ်သူလည်း ရှိပါတယ်။ တချို့ကလည်း ဒါဟာ အစိုးရက အသုံးချချင်တာ။ သူတို့လိုချင်သလိုဆိုပြီး သုံးသပ်တာတွေ ရှိပါတယ်။ ဒေါက်တာအေးမောင်အနေနဲ့ ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာအေးမောင် ။ ။ လွှတ်တော်ကိုယ်စားလှယ် တချို့တဝက်ဖြစ်ဖြစ်၊ တစုဖြစ်ဖြစ် အများဖြစ်ဖြစ် ဆန္ဒကို အခုနလို နိုင်ငံတော်အစိုးရက ထုတ်ဝေတဲ့သတင်းစာမှာ ဖော်ပြတယ်ဆိုတာ ကောင်းတဲ့ဖက်ပါ။ ဒါပေမဲ့လို့ အခုနလို လွှတ်တော်တခုလုံးရဲ့ ဆန္ဒကိုတော့ လွှမ်းခြုံမယ်လို့ မထင်ဘူး။ လွှတ်တော်တခုလုံးရဲ့ ဆန္ဒကို လွှမ်းခြုံစေချင်တယ်ဆိုရင် လွှတ်တော်မှာပဲ မေးခွန်းတို့၊ အဆိုတို့မှာ ဒီဥစ္စာကို ဆွေးနွေးဆုံးဖြတ်ပြီးမှ အများပြည်သူကို ထုတ်ပြန်တာဖြစ်ဖြစ်၊ ကျနော်တို့ ဆွေးနွေးဆုံးဖြတ်တာကို မီဒီယာသမားတွေကို ဖိတ်ကြားပြီး အရှိကိုအရှိအတိုင်း သတင်းယူခွင့်ပေးတာမျိုး၊ ဒါမျိုးပြန်ကြည့်မယ်ဆိုရင်တော့ ပိုကောင်းတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာအေးမောင် ပြောတဲ့အထဲမှာ အချက် (၂) ချက် သတိထားမိပါတယ်။ ပထမအချက်က လွှတ်တော်မှာ အဆိုဖြစ်ဖြစ်၊ မေးခွန်းဖြစ်ဖြစ် တင်ပြီး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စ။ မီဒီယာသမားတွေကို ဖိတ်ခေါ်ရှင်းပြဖို့ဆိုတာ တခု ဖြစ်ပါတယ်။ ဆိုတော့ လွှတ်တော်မှာဆွေးနွေးမယ်ဆိုတဲ့ ကိစ္စပဲပြောပြော ဒီကိစ္စနဲ့ ပတ်သက်ပြီး တနိုင်လုံးကလည်း ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စာရေးတယ်။ သတင်းစာမှာလည်း ဖော်ပြတယ်ဆိုတော့ ဒီကိစ္စဟာ လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစရာအကြောင်းအရာတခု၊ Issue တခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါသလား။

ဒေါက်တာအေးမောင် ။ ။ ဖြစ်လာနိုင်ဖို့ ပိုများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်ကိုယ်စားလှယ် အတော်များများဟာ မိမိရဲ့ မဲဆန္ဒနယ်မြေကို ကိုယ်စားပြုကြတယ်။ ဒေသအသီးသီးက လာတယ်။ အထူးသဖြင့် နယ်စပ်ကလာတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ တိုင်းရင်းသားပါတီတွေရှိတယ်။ ကျနော်တို့ စပြီး ဆွေးနွေးနေကြပါပြီ။ အခုလို သတင်းစာမှာ ပါသွားတယ်။ အခုနလို လူ (၂၃) ခေါ်ပြီး လက်မှတ်ထိုးကြတယ်။ ကြေညာချက်ထုတ်တယ်။ စာသားတချို့ကလည်း အဓိပ္ပါယ် ဝေဝါးတာမျိုး ဖြစ်တယ်။ တမျိုး အဓိပ္ပါယ်ထွက်ဆိုနိုင်တဲ့ ဝေါဟာရတွေ ပါသွားတယ်ဆိုတာကို ကျနော်တို့ သိတဲ့အခါမှာ ဒီထက်မက လွှတ်တော်မှာ တကယ် ငြိမ်းချမ်းရေးလိုချင်ကြတဲ့ တိုင်းရင်းသားပါတီတွေဖြစ်ဖြစ်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေကဖြစ်ဖြစ် ဆွေးနွေးဖို့၊ တင်ပြဖို့၊ နှစ်ဖက်ညှိနှိုင်းနိုင်အောင်။ ကျနော် ယူဆတာကတော့ တဖက်က လက်နက်ကိုင်တွေက အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ အထူးသဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတဲ့ လက်နက်ကိုင်အုပ်စုများစွာနဲ့ လက်ရှိ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ နိုင်ငံတော်အစိုးရတို့ ဆွေးနွေးရမယ့် အခြေအနေပါ။ ဆွေးနွေးရမယ့် အခြေအနေ နှစ်ခုကြားမှာ ကျနော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေ တော်တော်များများဟာ တတိုင်းပြည်လုံးကို ခြုံငုံပြီးမှ ကျနော်တို့ရဲ့ ပြည်ထောင်စုမွေးဖွားလာတဲ့ အခြေအနေကစပြီး လက်ရှိအခြေအနေအထိ အမှန်တရားကို လက်ကိုင်ထားပြီး ဘက်ပေါင်းစုံက ဆွေးနွေးကြမယ်ဆိုရင် လွှတ်တော်မှာ အင်မတန် အကုန်လုံးပါဝင်နိုင်တယ်။ ဖြစ်နိုင်ရင် လွှတ်တော်ရဲ့ ပြင်ပက ပုဂ္ဂိုလ်တွေ ပါဝင်နိုင်တယ်။ တနိုင်လုံး ငြိမ်းချမ်းစေချင်တဲ့ commission လို့ အဖွဲ့မျိုးကို လွှတ်တော်က ကြားနေအဖြစ် ဖွဲ့ပေးနိုင်မယ့်ကာလတခု သတ်မှတ်ပြီးမှ ဆွေးနွေးညှိနှိုင်းနိုင်အောင် နှစ်ဖက်ကို ဖြောင့်ဖြနိုင်မယ်၊ ပြည်ထောင်စု အစစ်အမှန်၊ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ဆွဲခေါ်နိုင်မယ်ဆိုရင် ကျနော်ထင်ပါတယ် ဒီကာလဟာ အကောင်းဆုံးကာလပါ။ ဒီကာလ အကောင်းဆုံးအချိန်ကို အသုံးတတ်မယ်လို့ ထင်ပါတယ်။ နှစ်ဖက်မှာ ဆန္ဒရှိမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်က ဘယ်တော့ ပြန်စမလဲ။

ဒေါက်တာအေးမောင် ။ ။ လွှတ်တော်က လာမယ့် (၂၂) မှ ပြန်စနိုင်ပါမယ်။ အခုကတော့ ရေးရာကော်မတီတွေပဲ စမယ့်သဘောပါ။

ဦးကျော်ဇံသာ ။ ။ မီဒီယာသမားတွေ ကိစ္စကို မမေးခင်မှာ နောက်တခု မေးချင်တာက ဒေါက်တာအေးမောင်တို့ရဲ့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အပါအဝင် တိုင်းရင်းသား (၅) ပါတီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိပါတယ်။ အဲဒီ အဖွဲ့ကနေ မွန်ပါတီ၊ မွန်တိုင်းရင်းသားတွေပါတီ နုတ်ထွက်ဖို့ဆိုပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်က ဖိအားပေးနေတယ်လို့ ကြားသိရပါတယ်။ အဲဒီ (၅) ပါတီမှာ သူတို့သဘောထား ဘယ်လိုမြင်နေပါလို့လဲ။

ဒေါက်တာအေးမောင် ။ ။ အခုနမေးတဲ့ မေးခွန်းကို ကျနော်ထည်ထည်ဝင်ဝင် မသိသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကျနော် ဒီဘက်ကို ရောက်နေလို့ပါ။ တိုင်းရင်းသား (၅) ပါတီက ကျနော်ထင်တယ် ညီနောင်ဖွဲ့တာ၊ မဟာမိတ်ဖွဲ့တာတို့၊ alliance ဖွဲ့တာတို့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ အဲဒီတော့ တူတဲ့ကိစ္စလေးတွေကို ညှိနှိုင်းတိုင်ပင်ပြီးမှ ဆွေးနွေးကြတယ်။ ဖြေရှင်းကြတယ်ဆိုတာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေမှာလည်း ဒီဥစ္စာက ရှိပါတယ်။ အုပ်စုဖွဲ့ဖွဲ့၊ မဟာမိတ်ဖွဲ့ဖွဲ့ ဆိုတာကိုသာ ပေးမထားတာပါ။ ညီအကို ညီနောင်ပါတီတွေ တွေ့ဆုံကြတယ်၊ ဆွေးနွေးကြတယ်ဆိုတာကို ကျနော်ထင်တယ် မွန်ဝန်ကြီးချုပ်ကလည်း ဒီကိစ္စကို ဖိအားပေးနိုင်မယ်လို့ မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မီဒီယာကိစ္စကို မေးချင်ပါတယ်။ ဒေါက်တာအေးမောင် က လွှတ်တော်မှာဆွေးနွေးတာကို မီဒီယာသမားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ပြီးတော့ သတင်းပေးသင့်တယ်ဆိုတဲ့အဆို ကျနော်တို့ မီဒီယာသမားတွေက အများကြီး ကြိုဆိုပါတယ်။ အဲဒီ အခြေအနေကော ဘယ်တော့ ဖြစ်လာနိုင်ပါသလဲ။ အခုအချိန်အထိတော့ လွှတ်တော်ကို ပြည်တွင်းက သတင်းထောက်တွေတောင် လွတ်လွတ်လပ်လပ် သတင်းယူလို့ မရသေးဘူးလို့ သိရပါတယ်။

ဒေါက်တာအေးမောင် ။ ။ ကျနော်တို့ ပြောတာက လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ခု လွတ်လွတ်လပ်လပ် သွားမယ်လို့ ပြောတာကို။ အဲဒီကာလမှာ သမ္မတကြီးက ပြောတယ်။ စတုတ္ထမဏ္ဍိုင်ကိုလည်း ဖွင့်ပေးမယ်။ မီဒီယာ လွတ်လပ်ခွင့်ရှိမှ ကျနော်တို့ အစိုးရ သန့်ရှင်းမယ်။ အခုနလို ကောင်းမွန်တဲ့အစိုးရဖြစ်မယ်လို့ သူ ပြောဆိုခဲ့တာ ရှိတယ်။ အဲဒီတော့ ဒီအချိန် ဒီကာလဟာ ပြီးခဲ့တဲ့ခေတ်နဲ့လည်း မတူတော့ဘူး။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ ဒုတိယအစည်းအဝေးပါ။ ပုံမှန်အစည်းအဝေးမှာ မီဒီယာလောကကို လွတ်လွတ်လပ်လပ် ခွင့်ပြုလိုက်မယ်ဆိုရင် နိုင်ငံတကာ နဲ့ လာမယ့် ၂၀၁၂ အကုန်လုံးကို အဆင်ပြေပြေနဲ့ ဖြတ်သန်သွားလာနိုင်မယ် ထင်ပါတယ်။ ကျနော်ထင်တယ် ၂၂ ရက်နေ့မှာလုပ်မယ့် လွှတ်တော်ကြီးက သတင်းသမားတွေကို ဖိတ်ခေါ်နိုင်မယ့် လွှတ်တော်ကြီးဖြစ်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမအကြိမ်က သိပ်အရေးကြီးတဲ့အချိန် သမိုင်းရဲ့ တဆစ်အချို့အကွေ့ ဖြစ်ရပ်ကြီးပဲ။ အဲဒါ ဘာကြောင့် မခေါ်ရဲဘူး ထင်ပါသလဲ။

ဒေါက်တာအေးမောင် ။ ။ ကျနော်တို့မှာ လက်ကိုင်ဖုန်းလေးတွေကအစ အကုန်လုံး အပြင်ဖက်မှာ ထားခဲ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် စက္ကူဒိုင်ယာရီလေးတောင် အပွင့်လေးပဲ ယူခွင့်ရှိပါတယ်။ အဲဒီလောက် စီစစ်တဲ့ လုံခြုံရေးအစီအစဉ်ဖြစ်တာ အစိုးရတခုကနေ တခုပြောင်းမယ့် ပထမအခြေအနေနဲ့ အခု အခြေအနေတော့ မတူဘူးလို့ ထင်ပါတယ်။ ပထမအကြိမ်က တင်းကြပ်ပေမယ့် ဒါက နိုင်ငံတော် လုံခြုံရေးကောင်စီက အခု ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရအပေါ်မှာ အာဏာလွှဲမယ်ဆိုတဲ့ အခြေအနေနဲ့ အခု ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် အစိုးရအခြေအနေ။ သူတို့ အစိုးရရဲ့ ခေါင်းဆောင်ကိုယ်တိုင်က အခုနလို လွတ်လပ်မယ်။ သတင်းယူခွင့်ပေးမယ်။ စတုတ္ထမဏ္ဍိုင်ပေါ်မှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်၊ သတင်းပေးခွင့်၊ သတင်းထုတ်ဖော် ရေးသားခွင့်ပေးမှပဲ ကျနော်တို့ အစိုးရက အခုနလို လာဘ်ပေးလာဘ်ယူမှုတွေကို ဖော်ထုတ်နိုင်မယ်။ ကျနော်တို့ သွားချင်တဲ့ သန့်ရှင်းကောင်းမွန်တဲ့ အစိုးရဖြစ်မယ်လို့ ယူဆတာကို။ ကျနော်တို့ လွှတ်တော်ကလည်း ဒီလိုပဲ ယူဆပါတယ်။ ကျနော်တို့က အစိုးရသွားမယ်လမ်းကြောင်းပေါ်မှာ check & balance ဖြစ်အောင် အတတ်နိုင်ဆုံး လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်။ သီးသန့် ပြည်နယ်ခွင့်တွေကို ကိုယ်အတတ်နိုင်ဆုံး ကြိုးစားပမ်းစား ဆွေးနွေးယူနေတယ့် ကာလ။ ကျနော်ထင်တယ် စတုတ္ထမဏ္ဍိုင်ပေါ်မှာ ဖွင့်ပေးနိုင်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာအေးမောင် ပြောတဲ့အချက်လေးတွေက သိပ်ကောင်းပါတယ်။ အဲဒီ အချက်အလက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးနိုင်ပါသလား။ မီဒီယာအပေါ်မှာ ဒီလို သဘောထားသင့်တယ်ဆိုတာကို ဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိကြဘူးလား။

ဒေါက်တာအေးမောင် ။ ။ ရှိလာနိုင်ပါမယ်။ တဦး သို့မဟုတ် တဦးပါ။ တင်ပြစရာတွေကတော့ အများကြီး ရှိတာပေါ့။ ဒါပေမဲ့ ၁၅ ရက်ကျော်တာတို့။ ကြိုတင်ပြတာတွေတော့ ရှိမှာပေါ့။ တပတ် ကြိုတင်ရတဲ့ မေးခွန်းတို့။ ဒါမျိုးကတော့ အစဉ်အလာတော့ ရှိမှာပါ။ ဒါပေမဲ့လို့ တော်တော်လေး ပွင့်နိုင်တဲ့ လွှတ်တော်ကြီးဖြစ်လာမယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကနေ အစီအစဉ်ကတော့ ကြားခဲ့တဲ့အတိုင်းပါ။ ယုန်ထောင်ကြောင်မိ လို့ ဆိုရမလား မသိပါဘူး။ ကျနော်က အိတ်ဖွင့်ပေးစာကို ရေးသားလက်မှတ်ထိုးသူတွေကို မေးချင်တာပါ။ ဖြစ်ချင်တော့ ဒေါက်တာအေးမောင် နဲ့ပဲ မေးဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြာခင်ကျင်းပမယ့် လွှတ်တော်မှာ ပြည်တွင်းစစ်မီးပြဿနာကို အမတ်တွေက ဆွေးနွေးဖို့ စိတ်အားထက်သန်နေကြပုံ။ ပထမအကြိမ် လွှတ်တော်ရဲ့ အခုလာမယ့် လွှတ်တော်ဟာ ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိလာလိမ့်မယ်လို့ အမတ်တွေ အားထားနေကြပုံတွေကို သိရတာကတော့ အားတက်စရာလို့ ဆိုရလိမ့်မယ် ထင်ပါတယ်။ သို့သော်လည်း ဒီလွှတ်တော်ဟာ နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း ဖြစ်သည်ဆိုတာကို ဖွဲ့စည်းပုံထဲမှာ ပြဋ္ဌာန်းထားတာကိုတော့ မတွေ့ရပါဘူး။ ၁၉၇၄ က ပြဋ္ဌာန်းခဲ့တဲ့ မဆလ ဖွဲ့စည်းပုံလို့ ခေါ်တဲ့ မဆလဖွဲ့စည်းပုံထဲမှာပင် ပြည်သူ့လွှတ်တော်ဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဆိုတော့ အမတ်တွေက အခု လွှတ်တော်မှာ ဘယ်လောက်ပဲ တင်ကြပြောကြသည်တိုင်အောင် ထိရောက်မှုရှိပါမလားဆိုတာက မေးခွန်းကြီးတခု ဖြစ်နေပါတယ်။

XS
SM
MD
LG