သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနန်-မြန်မာ ရေကာတာ ပြဿနာ


ယူနန်-မြန်မာ ရေကာတာ ပြဿနာ
ယူနန်-မြန်မာ ရေကာတာ ပြဿနာ

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံ အကြီးအသေး (၁၇) ခုရှိကြောင်း သြဂုတ်လ (၉) ရက်ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း ၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး နဲ့ မကွေးတိုင်းတွေမှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ ရေအားလျှပ်စစ်စက်ရုံ (၃၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ ဧရာဝတီနဲ့ သံလွင်မှာ ရေကာတာတွေ တည်ဆောက်ပြီး ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ လုပ်ကိုင်လာတာကို ဝိုင်းဝန်းကန့်ကွက်လာကြတာကို တွေ့ရပါတယ်။

သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ညာမှာ ရေကာတာတွေ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းကို ဒေသခံတိုင်းရင်းသားနဲ့ နိုင်ငံခြားရောက် မြန်မာပြည်သားတွေ ကန့်ကွက်နေတာ အတော်လေးကြာနေပါပြီ။ ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူမယ့် အစီအစဉ်မှာ အကျိုးအမြတ် ခံစားရမှာက ဗမာအစိုးရ၊ ထိုင်း နဲ့ တရုတ်သာဖြစ်ပြီး ဒေသခံပြည်သူလူထုကတော့ နစ်နာဆုံးရှုံးပြီး ဘဝပျက်ဖို့သာရှိတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေစုပေါင်းပြီး Burma Rivers Network ခေါ် မြန်မာနိုင်ငံ မြစ်ချောင်းကွန်ယက်ကို တည်ထောင်ထားပါတယ်။ ရေကာတာအကြောင်း ပညာပေးပြီး သတင်းဖြန့်ချီတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

တရုတ်ပြည် အရှေ့ပိုင်းဒေသက မြို့ကြီးပြကြီးတွေမှာ လျှပ်စ်ဓါတ်အား အမြဲတမ်း အလုံအလောက် ရရှိစေဖို့အတွက် အနောက်ပိုင်းဒေသက လျှပ်စစ်ဓါတ်အား ပို့ပေးရမယ်ဆိုတဲ့ တရုတ်အစိုးရ ပေါ်လစီအတိုင်း ယူနန်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင်အထည် ဖော်နေပါတယ်။ ယူနန်ပြည်နယ်မှာ မြစ်ချောင်းစုစုပေါင်း (၆၀၀) ကျော်ရှိတဲ့အနက် မြန်မာ-ထိုင်း နဲ့ လာအို တို့ကို ဖြတ်သန်းစီးဆင်းတဲ့ နုကျန် (ခေါ်) သံလွင်မြစ်နဲ့ လန်ကမ်းကျန် (ခေါ်) မဲခေါင်မြစ်တို့ဟာ ရေအားလျှပ်စစ်ထုတ်ယူဖို့ အကောင်းဆုံး မြစ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဧရာဝတီမြစ်ဖျားဖြစ်တဲ့ အင်မိုင်ခ (ခေါ်) ဒူလောင်ကျန် ဟာ ယူနန်မှာ မြစ်ဖျားခံပေမယ့် ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ အခြေအနေ မပေးတဲ့အတွက် မေလိခ၊ အင်မိုင်ခ နဲ့ မြစ်ဆုံမှာ ရေကာတာတွေ တည်ဆောက်ဖို့ တရုတ်က ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ရေကာတာ တည်ဆောက်လို့ ဒေသခံတွေ နစ်နာဆုံးရှုံးတာကို ဟန့်တားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးရေးနဲ့ စံသတ်မှတ်ရေးကို အရင်ဆုံးလုပ်ဖို့ ကမ္ဘာ့ရေကာတာ ကော်မရှင်ကို ၁၉၉၈ ခုနှစ်မှာ ဖွဲ့စည်းပါတယ်။ ကော်မရှင်က (၂) နှစ် စစ်တမ်းကောက်လိုက်တဲ့အခါမှာ ရေကာတာတည်ဆောက်လို့ အကျိုးအမြတ် ခံစားရတာရှိသလို၊ ထိခိုက်နစ်နာ ဆုံးရှုံးရတာကလည်း ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။ အကျိုးအမြတ်ရမှာကို ပုံကြီးချဲ့ပြီး ထိခိုက်နစ်နာမှုကို လျှော့တွက်တဲ့အတွက် နောက်ဆုံး စီမံကိန်းပါ ဖျက်ပစ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ယူနန်ပြည်နယ် အစိုးရဟာ သံလွင်မြစ်မှာ ရေကာတာ စီမံကိန်း အကောင်အထည် ဖော်နေပေမယ့် သံလွင်အထက် နုမြစ်အပိုင်းမှာ ရေအားလျှပ်စစ် (၁၃) ခု ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းထားပါတယ်။ နုမြစ်မှာ ရေကာတာ တည်ဆောက်ဖို့ သုတေသနလုပ်ရဦးမယ်လို့ ဆိုပါတယ်။

သတ္တဝါ အမျိုးအစား အများအပြား မှီခိုနေတဲ့ ဧရာဝတီ နဲ့ သံလွင် တို့ဟာ ထိန်းသိမ်းစောင့်ရှောက်မယ့် မြစ်ဝှမ်းဒေသ (၃၀) ထဲမှာ ပါဝင်တယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ၂၀၀၂ ခုနှစ်က မှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ညာ ကချင်ပြည်နယ်က မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဂူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စတဲ့ အရပ်ဒေသတွေမှာ ရေအားလျှပ်စစ် စက်ရုံ (၈) ခုကို (၁၅) နှစ်အတွင်း တည်ဆောက်ပြီး ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓါတ်အားကို ယူနန်ပြည်နယ်ကို အဓိကပေးပို့ဖို့ ရည်ရွယ်ထားပါတယ်။ သံလွင်မြစ်ပေါ်မှာ အထက်သံလွင်၊ ကွန်းလုံ၊ တာဆန်း၊ ရွာသစ်၊ ဝဲကြီး၊ ဒါးဂွင်၊ ဟတ်ကြီး စတဲ့ ရေကာတာ (၇) ခု ဆောက်လုပ်ပြီး တရုတ် နဲ့ ထိုင်းတို့ကို လျှပ်စစ်ဓါတ်အား ရောင်းဖို့ ရည်ရွယ်ထားပါတယ်။ ထိုင်း နဲ့ တရုတ် တို့ဟာ သူတို့လိုချင်တဲ့ လျှပ်စစ်ဓါတ်အားကို ရနိုင်အောင် ဧရာဝတီနဲ့ သံလွင်ရေကာတာ စီမံကိန်းတွေမှာ ငွေအရင်းအနှီး အများအပြား မြုပ်နံှဖို့ ရည်ရွယ်ပါတယ်။

မဲခေါင်မြစ်ရဲ့ တရုတ်ပြည်အပိုင်းဖြစ်တဲ့ လန်ကမ်းမြစ်ပေါ်မှာ ရေအားလျှပ်စစ်စက်ရုံ (၈) ခု တည်ဆောက်မယ့် စီမံကိန်းမှာ မန်းဝမ်၊ ဒါ့ရှောင်ရှန်း နဲ့ ဂျင့်ဟောင် စတဲ့ ရေကာတာ (၃) ခု ပြီးစီးနေပါပြီ။ မန်းဝမ်ရေကာတာကို ၁၉၉၆ ခုနှစ်မှာ ပြီးစီးပြီ။ ဒါ့ရှောင်ရှန် ကို ၂၀၀၃ မှာ ပြီးစီးပါတယ်။ မြန်မာပြည်အနီး ရှိရှောင်ဘန်းနား အရပ်က ဂျင့်ဟောင် ရေကာတာကို ၂၀၉ ခုနှစ်မှာ ပြီးစီးပါတယ်။ ရှေ့နှစ် ရှောင်ဝမ်း ရေအားလျှပ်စစ်စက်ရုံတွေ ပြီးစီးတဲ့အခါမှာ ၂၀၁၃ ခုနှစ်ကစပြီး လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀၀၀) ထိုင်းကို ရောင်းဖို့ တရုတ်က သဘောတူထားပါတယ်။ ရေအားလျှပ်စစ်ကို ပြည်တွင်းသုံးအတွက်သာ မဟုတ်ဘဲ ပြည်ပရောင်းစားဖို့က တရုတ်က ရည်ရွယ်ထားတာ ထင်ရှားပါတယ်။

တရုတ်ပြည်မှာ ရေကာတာတွေ အများအပြား တည်ဆောက်ထားတဲ့အတွက် လူဦးရေး (၂၃) သန်း နေရာရွှေ့ပြောင်းပေးရတယ်လို့ ခန့်မှန်းကြပါတယ်။ ရေကာတာတွေများသလို ရေကာတာ ကျိုးပေါက်လို့ သေဆုံးရသူပေါင်း (၃) သိန်းကျော်နေပြီလို့လည်း သိရပါတယ်။ လန်ကမ်းမြစ်မှာ ရေကာတာ အဆင့်ဆင့်တည်ဆောက်တာဟာ အောက်ပိုင်းက မဲခေါင်မြစ်ဝှမ်းဒေသကို ထိခိုက်ကြောင်း ရေးထားတဲ့ စစ်တမ်းအများအပြား ရှိပါတယ်။ သံလွင်အထက်ပိုင်းက နုမြစ်မှာ ရေကာတာ စီမံကိန်း ရပ်ဆိုင်းထားတာဟာ ဗမာနိုင်ငံအတွက် သင်္ခန်းစာ ယူစရာ ဖြစ်နေပါတယ်။

XS
SM
MD
LG