သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမှုအပေါ် ဘယ်လိုမြင်ကြသလဲ


A police officer carries flowers near the scene of the killing of a British soldier in Woolwich, southeast London. The soldier was hacked to death on May 22, 2013, by two men shouting Islamic slogans.
A police officer carries flowers near the scene of the killing of a British soldier in Woolwich, southeast London. The soldier was hacked to death on May 22, 2013, by two men shouting Islamic slogans.

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် အစီအစဉ်မှာ ဒီနေ့ မြန်မာပြည်မှာ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအဖြေရှာနိုင်မယ့် အရိပ်အရောင်တွေ တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ မယုံကြည်ကြတဲ့သူတွေ၊ သံသယနဲ့ စောင့်ကြည့်ချင်ကြတဲ့လူတွေလည်း ရှိသလို၊ အကောင်းမြင်သူတွေလည်း မရှားရှိနေပါတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအလားအလာဟာ အကောင်းဖက်ကို တကယ်ဦးတည်သွားနိုင်ပါသလား ဆိုတာကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာ က မြန်မာပြည်ရှိ ဝါရင့်သတင်းစာဆရာကြီး မောင်ဝံသ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမောင်ဝံသ ခင်များ မြန်မာနိုင်ငံမှာ အခု ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်နေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး လူတော်တော်များများက အကောင်းမြင်တယ်လိုလည်း ပြောကြပါတယ်။ တချို့ကလည်း အကောင်းမြင်သောလည်း နည်းနည်း ဆိုးတထစ်ထစ်နဲ့ အကောင်းမြင်တာပေါ့။ အင်္ဂလိပ်လို cautious optimism လို့ ပြောကြပါတယ်။ ဆရာ အမြင်က ဒီကိစ္စအပေါ် ဘယ်လိုရှိပါသလဲ။

မောင်ဝံသ ။ ။ အခု နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ရသလောက်တော့ တိုင်းပြည်အခြေအနေက ကောင်းလာမယ့် အလားအလာတွေ ရှိမယ်လို့ မျှော်လင့်နိုင်တယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စိတ်ချလက်ချ မျှော်လင့်တာလား။ တစုံတရာ စောင့်ကြည့်ပြီးတော့ အကောင်းမြင်ချင်တဲ့ သဘောလား။

မောင်ဝံသ ။ ။ ကျနော် ထင်မြင်ချက်ကို အလေးချိန်နဲ့ ပြောရမယ်ဆိုရင် ကောင်းလာမယ့် အလားအလာများတယ်ဆိုတဲ့ဘက်က ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူတော်တော်များများကတော့ အဲဒီလို cautious ဖြစ်တယ်လို့ ပြောကြတယ်။ သူတို့ ပြောကြတဲ့အချက်တွေထဲမှာ ဥပမာ အခုလက်ရှိ အာဏာပိုင်အစိုးရအဖွဲ့ထဲမှာ အပြောင်းအလဲကို လိုလားတဲ့လူတွေ ရှိတယ်။ သူတို့က ပြောင်းလဲချင်တဲ့ဆန္ဒကို ပြသနေပေမယ့် သဘောထားတင်းမာချင်တဲ့ လူတချို့လည်း ရှိသေးတယ်။ သူတို့က သိပ်မပြောင်းလဲချင်ဘူးဆိုပြီးတော့ မြင်နေကြတယ်လည်း ရှိနေပါတယ်။ ဒီကိစ္စကို ဘယ်လိုသုံးသပ်မိပါသလဲ။

မောင်ဝံသ ။ ။ အဲဒီလို သဘောထားရှိတဲ့လူတွေလည်း အထိုက်အလျောက် ရှိနိုင်ပါတယ်။ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်အမြင်မှာတော့ သူတို့ နောက်ပြန်ဆွဲလိုမရတော့ဘူးပေါ့။ သူတို့အနေနဲ့ တိုင်းပြည်အတွက် ပြေပြေလည်လည်ဖြစ်အောင် ညှိညှိနှိုင်းနှိုင်း လုပ်သွားမှဖြစ်တော့မယ်ဆိုပြီး ယုံကြည်မှု အပြည့်အဝရှိနေတဲ့ အင်အားစုကို ပြန်ပြီးမဖြတ်နိုင်တော့ဘူးလို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်ကတော့ တော်တော်များများ သုံးသပ်ကြတာတော့ တိုးတက်မှုတော့ တစုံတရာ မမြင်ရသေးဘူး။ သို့ပေမယ့် တိုးတက်မှုအတွက် လမ်းစဆွေးနွေးကြတယ်။ တွေ့ဆုံကြတာလောက်ပဲ မြင်ရသေးတယ်လို့ ဆိုပါတယ်။ ဆရာအနေနဲ့ ဒီအချက်ထက် ပိုပြီးတော့ မြင်ပါသလား။

မောင်ဝံသ ။ ။ ကျနော်ကတော့ တိုးတက်မှုတွေကို မြင်နေရတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်ဖိတ်ပြီး နိုင်ငံတော်သမ္မတကြီးနဲ့ ရင်းရင်းနှီးနှီးတွေ့တယ်။ နောက်တခါ ဝန်ကြီးအဖွဲ့ဝင်တွေတချို့နဲ့ တွေ့တယ်။ နောက် အလုပ်ရုံဆွေးနွေးပွဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်။ အဲဒီဟာတွေက တိုးတက်မှုတွေပဲ။ အရင်တုန်းကဆိုရင် ဒါတွေက မမျှော်လင့်နိုင်တဲ့ အနေအထားမှာရှိနေတယ်။ ဒီလိုအခြေအနေမျိုး၊ ဒီလို မြင်ကွင်းမျိုးတွေကို အခုလောက် မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ တခြားလူတွေတော့ မသိဘူး။ ကျနော်ကိုယ်တိုင်တော့ အဲဒီလောက်ကို မမျှော်လင့်ခဲ့ပါဘူး။ အဲဒါတွေက အခုဖြစ်လာပြီ။ ဒါတွေက တိုးတက်မှုလို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးအရ တိုးတက်မှုပါ။ ဒါ အရေးကြီးတဲ့ တိုးတက်မှုလို့ ပြောနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း ဆရာလို အကောင်းမြင်ပါတယ်။ ဒါပေမဲ့ တချို့ စိုးရိမ်ကြီးတာလား။ သူတို့ကိုလည်း အပြစ်ပြောလို့ မရဘူးထင်ပါတယ်။ နှစ်ပေါင်း (၄၀) လုံးလုံး ဒီလို ပိတ်ပြီးတော့ ဖိနှိပ်မှုနဲ့ နေခဲ့ရတယ်ဆိုတော့ ဒါမျိုးတွေ မမြင်ခဲ့ရတော့ သူတို့မြင်တာလည်း အဆိုးလို မဆိုသာဘူး။ ဒါပေမဲ့ သူတို့အမြင်ထဲမှာ ဘာပြောသလဲဆိုတော့ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ အခြေခံ အကျဆုံး urgent ဖြစ်နေတဲ့ ပြဿနာ (၂) ခုကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးနဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းရေးလို့ ဆိုကြပါတယ်။ အဲဒီ နှစ်ခုစလုံးဟာ တခုမှ တိုးတက်မှု အရိပ်အရောင် မတွေ့ရသေးဘူးဆိုတာကို ပြောကြပါတယ်။ အဲဒီဟာကို စောင့်ကြည့်ချင်တယ် ဆိုကြပါတယ်။

မောင်ဝံသ ။ ။ ကျနော်လည်း အဲဒီလို ယုံကြည်စိတ်ချဖို့ ဝန်လေးနေတဲ့ ပုဂ္ဂိုလ်တွေကို အပြစ်မပြောပါဘူး။ ကျနော် ဒီနေ့ထွက်တဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ ကျနော်ရေးတဲ့ ဆောင်းပါးမှာ အဲဒီအတိုင်းပဲ ရေးထားတယ်။ သံသယရှိနေတဲ့လူတွေ၊ နောက်တခါ မယုံနိုင်သေးတဲ့လူတွေကို အပြစ်တင်စရာ မဟုတ်ပါဘူးလို့။ ဘာဖြစ်လို့လည်းဆိုတော့ ဆယ်စုနှစ် ငါးစုလောက် မယုံစရာတွေ ဖြစ်ခဲ့တာကို စိတ်ချဖို့ဆိုတာ အတော်ကြီးကို ခဲယဉ်းပါတယ်။ အဲဒါကြောင့် လက်တွေ့ပြနိုင်မှပဲ ယုံမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ လက်တွေ့အကောင်အထည် ဖော်ကြဖို့ဆိုတာကို တိုက်တွန်းပါတယ်ဆိုတဲ့ သဘောမျိုး ကျနော်ရေးပါတယ်။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ၊ နောက်တခါ တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်တာတွေ၊ အပစ်အခတ် ရပ်စဲရေးတွေ ဒါတွေက ကျနော်အမြင်မှာတော့ ဖြစ်ကိုဖြစ်လာရမယ့်ကိစ္စတွေပါ။ တယောက်ချင်း နှစ်ယောက်ချင်း လွတ်နေတာနဲ့ တခါတည်း၊ တသုတ်တည်း ဆောင်ရွက်မယ်လို့ အဲဒီလို ထင်ပါတယ်။ အဲဒီလို ဖြစ်လာမယ့် အလားအလာလည်း ကျနော်စိတ်ထဲမှာ မြင်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စတွေကလည်း လုံးဝဖြစ်လာမယ့်လို့ မျှော်လင့်တယ်ပေါ့။

မောင်ဝံသ ။ ။ ကျနော် တော်တော်ကြီးကို ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လုံးဝ amnesty ပေးတယ်ဆိုတာ general amnesty ဘာမှခြွင်းချက်မထားဘဲနဲ့။ ဘာကြောင့်လည်းဆိုတော့ ပထမ သမ္မတဦးသိန်းစိန် က တက်လာပြီးတော့ မိန့်ခွန်းပြောတယ်။ နောက် လွတ်ပေးခဲ့တယ်ဆိုတာ တနှစ် လို့ပြောတော့ လူရယ်စရာ ဖြစ်ခဲ့တယ်။ အဲဒါကိုထောက်ပြီးတော့ အခုအခါ လူတွေကလည်း လွတ်တယ်ဆိုပြီး ဘယ်သူမပါဘူး၊ ဘယ်လိုလူတွေကို လွတ်တယ်ဆိုပြီး ဖြစ်လာခဲ့ရင်ဆိုတဲ့ သံသယရှိကြပါတယ်။

မောင်ဝံသ ။ ။ ဒါကတော့ ကျနော်လည်း အတိအကျ ဟောကိန်းတော့ မထုတ်နိုင်ဘူး။ သို့သော် ဖြစ်လာမယ်ဆိုရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် ပုံစံကျတယ့် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ပြန်ပြီးလာနိုင်တယ်ဆိုတဲ့ဟာက အဲဒီလို ခေါ်နိုင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသမားတွေ၊ ပြည်တွင်းမှာ အကျဉ်းထောင်တွေထဲမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ဆိုတာ သိပ်ပြီး မခဲယဉ်းတော့ပါဘူး။ ဒီအခြေအနေကို ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်ပက လူတချို့ကတော့ သံသယရှိတယ်။ ကာတွန်းတခုမှာ ဘယ်လိုတွေ့ရသလဲဆိုတော့ ပြည်ပအင်တာနက်မှာ ပြန့်နံှနေတဲ့ ကာတွန်းတခုမှာ - လှိုက်လှဲဝမ်းသာကြိုဆိုပါတယ် ဆိုတဲ့ စာသားကို အချုပ်ကားမှာ ရေးထားတယ်။ ဆိုတဲ့သဘောက ခေါ်လာပြီးရင် အဲဒီအထဲမှာ ထည့်သွားမယ်ဆိုတဲ့သဘော။ ဒါက ဘာကိုဖော်ပြနေသလဲဆိုရင် သူတို့က သံသယရှိနေတယ်၊ မယုံကြည်ရဲဘူးဆိုတဲ့သဘော ပြောနေပါတယ်။

မောင်ဝံသ ။ ။ အဲဒီလို မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်အောင် လုပ်ဖို့ကတော့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။ တကယ့် လက်တွေ့ အကောင်အထည်ဖော်ပြီးတော့ ယုံကြည်မှု တည်ဆောက်ပေးရမှာကတော့ အစိုးရပိုင်ရဲ့ တာဝန်ပါ။ ကျနော်တို့က ဘေးက ခန့်မှန်းခြေ ပြောကြတာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ခန့်မှန်းခြေဆိုလို့ ကျနော်တို့ နှစ်ယောက်စလုံး အပြင်ကနေ ခန့်မှန်းကြည့်ရအောင်ပါ။ တကယ် တွေ့တာက ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးသိန်းစိန် တွေ့တာ။ သူတို့ကတော့ အရေးကြီးတဲ့ကိစ္စကို တွေ့တာ။ ဖော်မပြဘူးဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အပြင်ကနေ သုံးသပ်ကြတာ သူတို့ နှစ်ယောက် အပေးအယူလုပ်ကြရင် ဘာတွေလုပ်ကြမလဲ။ ဆိုတော့ ကျနော်တို့ သုံးသပ်မိတာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအစိုးရကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသိအမှတ်ပြုဖို့အတွက် သူတို့က တောင်းဆိုကောင်းတောင်းဆိုကြလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် တို့ပါတီကို တရားဝင်ဖြစ်အောင်နေပါလို့ တောင်းဆိုကောင်း တောင်းဆိုလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ကိစ္စကို အဓိကထား တောင်းဆိုလိမ့်မယ်လို့ တွက်ကြပါတယ်။ ဆရာအနေနဲ့ ဘယ်လိုတွက်ပါသလဲ။ ဒီအပြင် ဘာတွေ ဆွေးနွေးကြလိမ့်မယ်လို့ ထင်ပါသလဲ။ ဘာတွေ အပေးအယူလုပ်ကြလိမ့်မယ်လို့ ထင်ပါသလဲ။

မောင်ဝံသ ။ ။ ကျနော်တို့ ဦးကျော်ဇံသာ ပြောသွားတဲ့ ခေါင်းစဉ်တွေက အဓိကပြဿနာတွေ။ အဓိကပြဿနာတွေဆိုတော့ ဒါတွေကို ပါမယ်လို့ ကျနော်လည်း ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ နှစ်ဖက်စလုံးက လိုက်လျောနိုင်မယ့် အခြေအနေ ရှိပါသလား။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ဖက်က လိုက်လျောရမယ်ဆိုတဲ့သဘော ၂၀၀၈ ဖွဲ့စည်းပုံကို တရားဝင်ဖြစ်အောင် အသိအမှတ်ပြုပေးဖို့ တနည်းနည်းလုပ်ပါလို့။ ပါတီကို တရားဝင်ဖြစ်အောင် ရပ်တည်ကြိုးစားပါလို့ ဆိုတာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လိုက်လျောနိုင်မယ်လို့ ထင်ပါသလား။

မောင်ဝံသ ။ ။ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပါတယ်ဆိုတဲ့ သဘောတူညီချက်ကို ပေးဖို့က အဖွဲ့ချုပ်အနေနဲ့ တော်တော်စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါတွေက နောက်ကြောင်း ရာဇဝင်တွေက ရှိနေတာကို။ အဲဒီတော့ ဒီလိုကိစ္စတွေ ရှိနေတော့ ပြောစရာတွေ၊ နောက်ကြောင်းလှန်ပြောမယ်ဆိုရင် မဆုံးနိုင်တဲ့ အခြေအနေဖြစ်သွားပါလိမ့်မယ်။ ကျနော်ထင်တယ် အခက်အခဲတွေ ရှိလိမ့်မယ်။ အဲဒါကြောင့် နှစ်ဖက်လုံးက မျက်နှာမပျက်ဘဲနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းမျိုးတွေကို ရှာဖို့ကြိုးစားကြမယ်လို့ အဲဒီလို ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွတ်ပါလို့ ဆိုခဲ့ရင် ဦးသိန်းစိန်အနေနဲ့ လွတ်ချင်တယ်ထားအုံးတော့ အစောကပြောခဲ့တဲ့ တင်းမာတဲ့ အစိတ်အပိုင်းကလူတွေက သဘောတူခေါင်းညိမ့်မလား။ အဲဒါကို သံသယရှိတာ မကောင်းဘူးလား။

မောင်ဝံသ ။ ။ ကျနော် မြင်ရသလောက်တော့ နိုင်ငံတော်သမ္မတကြီးက အခြေအနေတွေကို ကောင်းကောင်းပိုင်ပိုင်နိုင်နိုင် ဦးဆောင်နိုင်မယ်လို့ အဲဒီလို မြင်ပါတယ်။ အဲဒီတော့ သမ္မတကြီးက ဆုံးဖြတ်လိုက်တယ်ဆိုရင် အကောင်အထည်ဖော်လာလိမ့်မယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ကိစ္စကတော့ သမ္မတ က မြန်မြန်ဆုံးဖြတ်လိုက်ရင် တခါတည်း ပြတ်သွားနိုင်တယ်လို့ ထင်တာပဲ။ ဒီကိစ္စလည်း ဘာကြောင့် မလုပ်နိုင်ဘူး ထင်ပါသလဲ။

မောင်ဝံသ ။ ။ အပစ်အခတ် ရပ်စဲရေးကိစ္စထက် နိုင်ငံရေးအရ ဆွေးနွေးပြီး ပြေလည်မယ့်ကိစ္စက ပိုအရေးကြီးနေတယ်။ အဲဒီတော့ အဲဒီကိစ္စမျိုးကို လမ်းတော့ ဖွင့်ထားတယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုကျင်းပနေတဲ့ လွှတ်တော်မှာ ရေးရာကော်မတီဆိုပြီး ဖွဲ့တယ်လို့ ကြားသိရပါတယ်။ (၁၈) ခုဆိုလား။ အဲဒီ ရေးရာကော်မတီ (၁၈) ခုမှာ တာဝန်ပေးအပ်ခြင်း ခံရတာ သူတို့ခန့်တဲ့ ပုဂ္ဂိုလ်တွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီဟာထက် လူတွေဘဝင်မကျ ဖြစ်သွားတာကတော့ တချိန်တုန်းက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အတော်ကလေး နံမည်ဆိုးထွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပြန်ပြီးခန့်အပ်ထားတာကို တွေ့ရတယ်။ အဲဒါကြောင့် သူတို့ဟာ သံသယပိုကြီးလာတယ်လို့ ဗမာပြည်အတွင်းက သုံးသပ်ကြသူတချို့က ပြောဆိုကြပါတယ်။

မောင်ဝံသ ။ ။ အဲဒီလိုဆိုရင်တော့ ဒီလိုမြင်ကွင်းမျိုးကို တွေ့ကြတယ့် ပုဂ္ဂိုလ်တွေက ဒါကို ဝေဖန်ကြမှာပဲ။ ဝေဖန်တာကို ဟုတ်မဟုတ်ကို ပြန်သုံးသပ်ပြီး ပြင်သင့်ပြုပြင်သင့်တာကို လုပ်သင့်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်နောက်ဆုံး မေးချင်တာကတော့ တကယ်လို့ မြန်မာနိုင်ငံမှာသာ ငြိမ်းချမ်းစွာ သဘောတူညီချက်ရပြီး ပြောင်းလဲနိုင်ကြရင် အကောင်းဆုံးပေါ့။ အဲဒီလို ငြိမ်းချမ်းစွာ သဘောတူညီမှုမရကြလို့ သွေးထွက်သံယိုးဖြစ်ပြီး အတင်းပြောင်းလဲဖို့ ကြိုးစားနေကြတဲ့ နိုင်ငံတွေလည်း အများကြီး ကမ္ဘာမှာ တွေ့နေကြရပါတယ်။ ကမ္ဘာ့အခြေအနေနဲ့ မြန်မာခေါင်းဆောင်တွေ စဉ်းစားတဲ့အထဲမှာ ဘယ်လောက်ထည့်သွင်း စဉ်းစားကြလိမ့်မလဲ။ ဒီ ပုဂ္ဂိုလ်တွေက ကမ္ဘာနဲ့ မြန်မာအခြေအနေကို ယှဉ်ထိုးပြီးတော့ စဉ်းစားမယ်လို့ တွက်ပါသလား။ သို့မဟုတ် မြန်မာစစ်ဗိုလ် အဆက်ဆက်ပြောသလို မြန်မာနိုင်ငံဟာ unique ဖြစ်တယ်။ သူများနဲ့ မတူဘူးဆိုပြီး သူတို့သဘောအတိုင်း ထင်ပါသလား။ နိုင်ငံတကာနဲ့ ယှဉ်ထိုးစဉ်းစားကြမယ် ထင်ပါသလား။

မောင်ဝံသ ။ ။ လက်ရှိ အနေအထားမှာ အဲဒီလို အနေအထားမျိုး၊ အခြေအနေမျိုး မဟုတ်တော့ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနား လာတယ်။ အရင်ကဆို မစ္စတာ ကင်တာနားကို ပြည်ဝင်ခွင့်တောင် မပေးခဲ့ဘူး။ အခုတော့ သေချာလက်ခံတယ်။ နေပြည်တော်မှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတယ်။ ဆွေးနွေးတယ်။ နောက်ပြီး မစ္စတာကင်တာနား အကြံပေးတာတွေ၊ ဆွေးနွေးတာတွေကို သေချာနားထောင်တယ်။ အဲဒါမျိုးတွေ ရှိပါတယ်။ ရှိလာတော့ နိုင်ငံတကာရဲ့ သဘောထား၊ ထင်မြင်ချက်တွေကိုလည်း အလေးထားတဲ့သဘောဖြစ်ပါတယ်။ ဒါတွေကိုတော့ လက်တွေ့ စီရင်ခဲ့ရတာပေ့ါ။ နောက်တခုက ပြည်သူတွေကြားထဲမှာလည်း တဖြည်းဖြည်းနဲ့ နိုင်ငံရေးအရ ပိုပြီးအသိအမြင် ဗဟုသုတတွေ တော်တော်လေး ကျယ်ပြန့်လာတာ တွေ့ရတယ်။ ပြည်သူတွေက နိုင်ငံရေးနိုးကြားမှုတွေ ရှိလာမယ်။ နိုင်ငံရေးအမြင်တွေ ရှိလာမယ်။ ဒီအပေါ်မှာ တနွယ်ငင် တစင်ပါ ဆိုသလို အခြေအနေတွေ တဖြည်းဖြည်း တိုးတက်လာမယ့်သဘော ရှိပါတယ်။ ဥပမာတခုပြောမယ်ဆိုရင် အရင်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ပြောဖို့တောင် တိုးတိုးတိတ်တိတ် လေသံနဲ့ ပြောရတာတွေရှိတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို သောင်းသောင်းဖျဖျ ကြိုဆိုကြတယ်။ ဘာမှ ကြောက်ကြောက်ရွံရွံ မဟုတ်တော့ဘဲနဲ့ သူ့အကြောင်းကို ပြောကြတယ်။ ကျနော်ကိုယ်တိုင် တွေ့တယ်။ တချို့ တက္ကစီကားတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ ချိတ်ထားတာတွေ တွေ့ရပြီ။ အရင်တုန်းကဆို ဒါမျိုးတွေ ဘယ်လုပ်ရဲပါမလဲ။ အဲဒါ အခုဆိုရင် တက္ကစီကားတွေမှာ ချိတ်တယ်။ တချို့ လဘက်ရည်ဆိုင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ချိတ်ကြတယ်။ ဒါမျိုးတွေ ဖြစ်လာကြတယ်။ အဲဒါကိုက ကောင်းတဲ့အလားအလာလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီအခြေအနေတွေကို ကြည့်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လိုဖြစ်နေသလဲဆိုတော့ တချို့က ဖိအားပေးတာတွေကို ဆက်ပြီးလုပ်သင့်တယ်။ တိုးမြှင့်သင့်တယ်လို့ ပြောနေကြတယ်။ တချို့ကလည်း အဲဒါတွေ လုပ်နေကြခြင်းဟာ မြန်မာနိုင်ငံ တိုးတက်ရေးလမ်းကြောင်းကို အဟန့်အတား ရောက်ရဖြစ်တယ်လို့ နှစ်ဖက်အယူအဆတွေ ဖြစ်နေကြပါတယ်။ ဘယ်ဖက်ကို အကြံပေးချင်ပါသလဲ။ ဖိအားကို ဆက်ပေးဖို့ အကြံပေးချင်ပါသလား။ ဖိအားကို ဒီအချိန်မှာ ရပ်ဆိုင်းထားသင့်တယ်လို့ ပြောချင်ပါသလား။

မောင်ဝံသ ။ ။ ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေကြပြီ။ ပြေပြေလည်လည် ကြိုးစားနေကြပြီ။ ဒီအခြေအနေတွေကို ထည့်စဉ်းစားပြီး ရှေ့တိုးပြီး ဖိအားပေးသင့်သလား၊ မပေးသင့်သလားဆိုတာကို ပြန်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖိအားပေးတယ်ဆိုတာက တခုခုကို မလုပ်ချင်ဘဲနဲ့ ပေကပ်နေတာကို လုပ်လာအောင် တွန်းအားပေးတာ ဖိအားပေးတာ။ တခုခုလုပ်နေပြီ၊ လုပ်နေတယ်ဆိုတဲ့ အနေအထားမျိုး မြင်နေရပြီ ဆိုရင်တော့ ဖိအားဆက်ပေးသင့်သလား၊ မပေးသင့်သလားဆိုတာကို ဆင်ခြင်ကြဖို့၊ သတိထားကြဖို့ အဲဒါမျိုး ကျနော်ပြောချင်ပါတယ်။

XS
SM
MD
LG