တိုင်းရင်းသားအဖွဲ့အစည်းများကို လက်နက်စွန့်ဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာ ဒီနေ့ စက်တင်ဘာလ (၁) ရက်နေ့ ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီနောက်ပိုင်းမှာ လက်နက်မစွန့်တဲ့ အဖွဲ့အစည်းတွေကို ၁၉၉၄ ခုနှစ် မတိုင်ခင် အခြေအနေ သတ်မှတ်မယ် - တနည်းအားဖြင့် အပစ်ရပ်မတိုင်ခင်ကလို သူပုန်အဖွဲ့တွေလို သဘောထားမယ်လို့ သတိပေးထားပါတယ်။ ဒါပေမဲ့ ဒီရာဇသံကို ဘယ်အဖွဲ့အစည်းကမှ လိုက်နာတုံ့ပြန်တာ မတွေ့ရသေးပါဘူး။ ဒီအဖွဲ့တွေထဲက အင်အားကြီးအဖွဲ့တဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization) ရဲ့  အခြေအနေ အလားအလာကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာ က ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုးကြီး ခွန်စ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက ဗိုလ်မှုးကြီးတို့ ကေအိုင်အေ အနေနဲ့ အခုအခါမှာ စစ်အစိုးရ ဖိအားကို ပိုမိုပြီးတော့ ပြင်းပြင်းထန်ထန် ခံလာရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ (၁) ရက်နေ့ကို နောက်ဆုံးထားပြီးတော့ အခု စစ်အစိုးရရဲ့  ကမ်းလှမ်းချက်ထဲမှာဆိုရင် လက်နက်ချဖို့ဆိုတဲ့ အသုံးအနှုန်းကိုတောင် သုံးပြီး ကမ်းလှမ်းတယ်လို့ ကြားသိရပါတယ်။ အဲဒါ ဟုတ်ပါသလား။ နည်းနည်း ရှင်းပြပေးပါ။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဒီ အသုံးအနှုန်းအရ ပြောရင်တော့ လက်နက်စွန့်ဖို့ကို စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရွက်ဖို့ ပြောလာတာ မှန်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လက်နက်မစွန့်ရင် ဘာလုပ်မယ်လို့ ပါသလဲ။
ဗိုလ်မှုးကြီးခွန်စ ။ ။ ၉၄ ကျနော်တို့ ငြိမ်းချမ်းရေးမယူခင် ကာလဘက်ကို ရောက်သွားနိုင်တယ် အခြေအနေကို ရောက်သွားနိုင်တယ်လို့ ပြောပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုလိုတာက သူပုန်တပ်ဖွဲ့ ပြန်ဖြစ်သွားမှာပေါ့။
ဗိုလ်မှုးကြီးခွန်စ ။ ။ အဓိပ္ပါယ်ကောက်ရင်တော့ ဒီလိုပဲ ဖြစ်သွားမယ် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ပိုပြီး ပျော့ပျော့ပြောင်းပြောင်း ကောက်မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးမတိုင်ခင်ကာလ ပြန်ရောက်သွားမယ်ဆိုတဲ့ သဘောပေါ့။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဗိုလ်မှုးကြီးတို့ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက်ပိုင်းမှာ စစ်အစိုးရရဲ့  ဖိအားပေးတာ တပ်ကိုမတိုးချဲ့ ဖို့၊ လက်နက်ထပ်မစုဖို့ စသည်ဖြင့် ဖိအားတွေ အများကြီး ကြုံခဲ့ပေါင်းကြုံခဲ့ပါလိမ့်မယ်။ နယ်မြေသွားလာတဲ့ နေရာမှာ ဘယ်လောက်ဘာညာဆိုတော့ အခု လက်နက်စွန့်ဖို့ အပေးခံရတဲ့ ဖိအားဟာ အပြင်းထန်ဆုံး ဖိအားလို့ ကျနော်ထင်ပါတယ်။ ဟုတ်ပါသလားခင်များ။
ဗိုလ်မှုးကြီးခွန်စ ။ ။ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်းမှာတော့ ဒါ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။ ကေအိုင်အို က ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။
ဗိုလ်မှုးကြီးခွန်စ ။ ။ အခုနောက်ဆုံး အခြေအနေကိုလား။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့  ရပ်တည်ချက် သဘောထားကို ပြန်လည်အသိပေးတဲ့ ပုံစံနဲ့ တုံ့ပြန်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ နည်းနည်းရှင်းပြပေးပါ။ ဘယ်လို အသိပေးတုံ့ပြန်ထားသလဲဆိုတာ။
ဗိုလ်မှုးကြီးခွန်စ ။ ။ ကျနော်တို့က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကျနော်တို့ရဲ့  ထုတ်ပြန်ကြေညာချက်ထဲမှာ ကျနော်တို့က ပင်လုံဂတိကဝတ်ပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဟာ ကျနော်တို့ရဲ့  နိုင်ငံရေး ရပ်တည်ချက်ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီ ရပ်တည်ချက်ကို တက်လှမ်းဖို့ သွားတဲ့နေရာမှာ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း နည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းနဲ့ သွားမယ်ဆိုပြီး အကြောင်းပြန်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ သူတို့ဘက်ကတော့ ထပ်ပြီး အကြောင်းပြန်တာ မရှိသေးဘူးပေါ့။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဟုတ်ကဲ့ မရှိသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် သိချင်တာက ဒီ စစ်အစိုးရက လုပ်နေတဲ့ ပုံစံဟာ ပင်လုံမှာ တိုင်းရင်းသားတွေကို ပေးခဲ့တဲ့ ဂတိကဝတ်အတိုင်း ဗမာတကျပ် - ကရင်တကျပ်။ ဗမာတကျပ် - ကချင်တကျပ် ဆိုတဲ့ တိုင်းရင်းသား တန်တူညီမျှရေးကို အမှန်တကယ် အခြေခံသော ကမ်းလှမ်းချက်ဖြစ်ခဲ့တယ်။ စစ်အစိုးရမှာ ဒီလို စေတနာမျိုး အမှန်ရှိခဲ့တယ်လို့ ယုံကြည်လောက်ပါသလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ အခုထိတော့ စေတနာရှိမရှိတော့ မသိဘူး၊ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့ အပိုင်းမှာတော့ ကျနော်တို့ လိုလားတဲ့ အခြေအနေကို မရောက်သေးတော့ ကျနော်တို့ကလည်း အခုဆက်လက်ပြီးမှ အခုလို တွေ့ဆုံညှိနှိုင်းရေး ဆက်သွားနေရတဲ့ အခြေအနေဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အပစ်အခတ် ရပ်စဲနေစဉ်ကာလတုန်းက ဘယ်လို အကြပ်အတည်းနဲ့ တွေ့ပြီးတော့ ရပ်ဆိုင်းခဲ့ရသလဲ။ သို့တည်မဟုတ် ၁၉၉၄ ခုနှစ်ကတည်းက စစ်အစိုးရအနေနဲ့ ပင်လုံမူဝါဒအတိုင်း တကယ့် အကောင်အထည်ဖော်လိမ့်မယ်လို့ ယုံကြည်လို့ အပစ်အခတ် ရပ်စဲခဲ့တာလား။ သို့တည်မဟုတ် အဲဒီမှာ တခြားသော အခြေအနေ ပါတီရပ်တည်ရေး၊ တော်လှန်ရေး အခြေအနေကြောင့် ရပ်စဲခဲ့ရတာလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ အပစ်အခတ် ရပ်စဲခဲ့ရတာကတော့ ကျနော်တို့ရဲ့  တော်လှန်ရေးလုပ်ခဲ့ချိန် ၇၆ ခုနှစ် တုန်းကလည်း အစပိုင်းတုန်းကတော့ ခွဲထွက်ရေးအမည်နဲ့ပေါ့။ နောက်ပိုင်းတော့ ကျနော်တို့က ဘာပဲပြောပြော ပိုပြီးမှ ကောင်းမွန်တဲ့ ပင်လုံဂတိကဝတ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်မယ်အခါကြတော့ ဒီအခြေအနေကို ကျနော်တို့က ညှိနှိုင်းဆွေးနွေးဖြင့်သာ ဒါကို အဆုံးသတ်ရမယ်လို့ လူကြီးတွေက ဒီလိုပဲ ယူဆ ယုံကြည်လို့ ငြိမ်းချမ်းရေးရယူခြင်းအားဖြင့် ကျနော်တို့ လိုအပ်တာကို ရှေ့ ဆက်ဆွေးနွေး အဖြေရှာနိုင်မယ်လို့ ယုံကြည်လို့ ငြိမ်းချမ်းရေး ရယူခဲ့ခြင်း ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဗိုလ်မှုးကြီးတို့ ကေအိုင်အို/ကေအိုင်အေ ရဲ့  ယုံကြည်ချက်အတိုင်း တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ လုပ်ခဲ့တာပေါ့။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီကြားထဲမှာ ကေအိုင်အို ဟာ စစ်အစိုးရကျင်းပတဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံကို တက်ရောက်ပြီးတော့ တိုင်းရင်းသားတန့်တူ ညီမျှရေး ကိစ္စတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှလည်း ဘာမှ အဖြေမထွက်ခဲ့ဘူးပေါ့။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုအချိန်မှာ ရှေ့ ကိုတိုးပြီးတော့ ဖြစ်လာနိုင်အုံးမယ်လို့ ထင်ပါသလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဟုတ်ကဲ့ ကျနော်တို့တော့ အကောင်းပဲ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက အခြေအနေဆိုတာ တဖတ်ကလည်း ပြောင်းလဲရတော့ လူပေါ်လည်း မူတည်မယ်၊ ခေတ်အခြေအနေအရလည်း မူတည်မယ်။ အပြောင်းအလဲကတော့ တသက်တာလုံး ထာဝရ တသမတ်တည်းတော့ ဖြစ်မှာမဟုတ်ဘူး။ အကောင်းဖက် ပြောင်းလဲလာမယ့် အခြေအနေလည်း ရှိနိုင်တယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အကောင်းကို မျှော်လင့်တာတော့ လူတိုင်း မျှော်လင့်ကြပါတယ်။ အဆိုးအတွက်ကော ပြင်ဆင်ထားပါသလား။ အခြေအနေ ဘယ်လောက် ဆိုးလာနိုင်မလဲဆိုတာကိုလည်း ဗိုလ်မှုးကြီး တွက်ပါသလား။ အဲဒီအတွက် ဘယ်လိုပြင်ဆင်ပါသလဲ။
ဗိုလ်မှုးကြီးခွန်စ ။ ။ ပြင်ဆင်ချက်တော့ ကျနော်တို့လည်း မပြောလို့တော့ပါဘူး။ ပြင်ဆင်ချက်ဆိုတာကတော့ အခြေအနေအလိုက် အမြဲတမ်းလုပ်နေခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ တကယ်လို့ အဆိုးဆုံး အခြေအနေဆိုကြပါစို့ - ၉၄ မတိုင်ခင်မှာ ကေအိုင်အေ နဲ့ စစ်အစိုးရနဲ့ ပစ်ခတ်မှု တိုက်ပွဲတွေ အများကြီးဖြစ်ခဲ့တယ်။ ဆိုတော့ အဲဒီလို တိုက်ပွဲတွေပြန်ဖြစ်ရမယ့် အခြေအနေမျိုးရောက်ခဲ့မယ်ဆိုရင် ကေအိုင်အေ က ဆက်လက်ပြီး ရှင်သန်နိုင်မယ်၊ ရပ်တည်နိုင်မယ်၊ ခုခံနိုင်မယ်လို့ ယုံကြည်ချက် ရှိပါသလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဟုတ်ကဲ့ ကျနော်တို့ ကြိုးစားရမှာပေါ့။
ဦးကျော်ဇံသာ ။ ။ သေနတ်ကိုင်ထားသော်လည်း စစ်ဆင်ရေးတွေ၊ စစ်ပွဲတွေနဲ့ အလှမ်းဝေးခဲ့တာတော့ ကြာခဲ့ပြီပေါ့။ အဲဒီတော့ စစ်ရေး အရည်အသွေးဘက်က ကေအိုင်အို က အဆင်သင့် ရှိပါသေးရဲလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ ကျနော်တို့ဘက်ကတော့ ဒါဟာ ကိုယ့်အခြေအနေ ကိုယ့်အတွေးနဲ့ကိုယ် သွားတာပေါ့။ ကျနော်တို့က တပ်ဖွဲ့တခုအနေနဲ့ ကျနော်တို့ဘက်က တတ်နိုင်သလောက် အမြဲတမ်း ကိုယ်တတ်နိုင်တဲ့ အနေအထားအရတော့ အဆင်သင့်ဖြစ်အောင်ဆိုတာမျိုးနဲ့ ပြင်ဆင် လုပ်ထားပါတယ်။ လုပ်လည်းလုပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျန်တဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း အလားတူ ဖိအားပေးခံရပါတယ်။ ယုတ်စွအဆုံး နောက်ဆုံးရောက်လာတဲ့ Karen National Liberation Army (KNLA) Peace Council, ဗိုလ်ချုပ်ဌေးမောင်တို့ တောင်မှ အဲဒီလို ဖိအားပေးခံရတယ်။ သူတို့ကလည်း ဒါကို လက်မခံဘူး။ ရင်ဆိုင်မယ်ဆိုပြီး ပြင်ဆင်နေတာ တွေ့ရပါတယ်ဆိုတော့ တော်လှန်ရေးအင်အားစုတွေ အားလုံး တညီတညွတ်တည်း ဖြစ်နိုင်လိမ့်မယ် ထင်ပါသလား။ တကယ်လို့ စစ်ရေးအားဖြင့် ရင်ဆိုင်ကြရမယ်၊ စစ်ရေးမဟုတ်တောင်မှ ၉၃ မတိုင်ခင် အခြေအနေပြန်သွားရမယ်ဆိုရင် အင်အားစုတွေ တညီတညွတ်တည်း ဖြစ်နိုင်မယ် ထင်ပါသလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ တညီတညွတ်တည်းဆိုတဲ့ ကိစ္စကတော့ ပုံစံတော့ ပြောရခက်တာပေါ့ ကျနော်တို့က နေနေရာတာကလည်း တယောက်တနေရာဆိုတော့လည်း။ သို့သော် အခြေခံအားဖြင့်တော့ ကျနော်အမြင် ညီညွတ်မှု ရှိလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက် ကျနော် ဝအဖွဲ့ကလည်း ပြောခွင့်ရပုဂ္ဂိုလ်တယောက်ကို ပြောပါတယ် - အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း သူတို့ကလည်း ရင်ဆိုင်မယ်၊ ဒီဟာကို လက်မခံနိုင်ဘူး၊ အရင်အတိုင်း ပြန်သွားဖို့ ဝန်မလေးဘူးလို့ ပြောပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ သုံးသပ်သူတွေ မြင်တာကတော့ ဝ၊ ကေအိုင်အို တို့ဟာ တရုတ်-မြန်မာ နယ်စပ်မှာရှိတာကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း စစ်အစိုးရ ကြည့်လိမ့်မယ် - ဒီအဖွဲ့အစည်းတွေကို ရင်ဆိုင်တဲ့နေရာမှာ ဆိုပါတယ်။ နောက်တချို့ က ကေအိုင်အို ၉၄ မှာ အပစ်ရပ်ဆဲရေးကို လက်ခံခဲ့တာကလည်း တရုတ်ရဲ့  ဖိအားတွေပါတယ်။ ဝတို့လည်း တရုတ် ဖိအားပါတယ်လို့ သုံးသပ်ကြတာ ရှိပါတယ်။ အဲဒါတွေ ဘယ်လောက်မှန်ပါသလဲ။
ဗိုလ်မှုးကြီးခွန်စ ။ ။ အခြား အဖွဲ့တွေအကြောင်းတော့ ကျနော်တို့ မသိပါဘူး။ ကျနော်တို့ ကေအိုင်အို ကတော့ တရုတ်ဖိအား မပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေကိုက အခြေအနေအပေါ် သုံးသပ်ပြီးမှ အကောင်းဆုံးနည်းလမ်းအနေနဲ့ စဉ်းစားဆုံးဖြတ်ပြီးမှ လက်ခံကြတာပါ။
ဦးကျော်ဇံသာ ။ ။ အခု တကယ်လို့ စစ်အစိုးရနဲ့ ပြန်လည်ထိပ်တိုက် ရင်ဆိုင်စရာတွေရှိလာခဲ့ရင် တရုတ်ကရော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အနည်းဆုံး အေးအေးချမ်းချမ်း ဖြေရှင်းကြဖို့ လုပ်ကြပါ စစ်ရေးအရ မရင်ဆိုင်ကြပါနဲ့၊ ငါတို့ နယ်စပ်မှာတော့ စစ်ရေးပဋိပက္ခ မလိုချင်ဘူးဆိုတာမျိုး။ ဘာကြောင့်လည်းဆိုတော့ သူတို့က စီးပွားရေးလုပ်ဖို့ အားသာတယ့်အချိန် ဖြစ်ပါတယ်။ အဲဒီလို စကားမျိုးတော့ ပြောပုံရပါသလား။ တချို့ ကတော့ အဲဒီလို တွက်ကြပါတယ်။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဒါကတော့ ထင်မြင်ချက်တခုလောက်ပဲ သဘောထားလို့ ရမှာပါ။ အတိအကျတော့ ဒီဟာကို မျက်စိမှိတ် အတိအကျလို့ ယုံကြည်လို့ရမယ်လို့တော့ ကျနော် မထင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဗိုလ်မှုးကြီးတို့နဲ့ နီးစပ်တဲ့ နိုင်ငံရေးအင်အားစုတွေက ကချင်ပြည်နယ်မှာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရင်တော့ လူထုထောက်ခံမှု ရမယ်လို့ လူတွေက သုံးသပ်ကြပါတယ်။ အခု ဗိုလ်မှုးကြီးတို့နဲ့ လုံးဝ အပစ်အခတ်ရပ်ဆဲရေးလည်း အဆင်မပြေဘူး။ တခါ ဗိုလ်မှုးကြီးတို့နဲ့ ပတ်သက်တယ်လို့ ထင်ယောင်ထင်မှား ထင်ရတဲ့ပါတီကလည်း မှတ်ပုံတင်မရဘူးဆိုတာ သတင်းထွက်နေပါတယ်။ ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲ အခင်းအကျင်း ကချင်ပြည်နယ်မှာ ဘယ်လိုဖြစ်လာမလဲ။
ဗိုလ်မှုးကြီးခွန်စ ။ ။ ၂၀၁၀ ရွေးကောက်ပွဲ အခင်းအကျင်းဆိုတာကတော့ အဓိကတော့ အစိုးရဦးဆောင် စီမံတဲ့ ပုံစံအတိုင်းပဲ ဖြစ်သွားမယ်လို့တော့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ကချင်ပြည်နယ်က ပြိုင်မယ့်အထဲမှာ USDP - ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ နောက်ပါတီတခုကလည်း အစိုးရလိုလားတဲ့ပါတီ၊ အစိုးရနဲ့ အလွမ်းသင့်တဲ့ ကြံ့ဖွံ့ပါတီခွဲ ဖြစ်တယ်လို့ ပြောကြပါတယ်။ အဲဒါ ဟုတ်ပါသလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ ကချင်ပါတီကတော့ အစပိုင်းမှာတော့ ကျနော်တို့ သိသလောက်တော့ ပါတီခေါင်းဆောင်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထဲမှာ ပါဝင်တဲ့ - ပါဝင်လှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုက သူတို့ နှစ်ဖွဲ့ပဲ ဝင်ပြိုင်မယ့်သဘော ဖြစ်နေတာပေါ့။
ဗိုလ်မှုးကြီးခွန်စ ။ ။ ဟုတ်ကဲ့ သူတို့ နှစ်ဖွဲ့ရယ် နောက်တဖွဲ့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နဲ့ တသီ ပုဂ္ဂလိကတွေ ရှိပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးသိချင်တာက အဲဒီပါတီတွေဟာ ကချင်ပြည်သူလူထုရဲ့  ဆန္ဒမှန်ကို ကိုယ်စားပြုတဲ့ပါတီတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလား။
ဗိုလ်မှုးကြီးခွန်စ ။ ။ အဲဒါကတော့ လူထုရဲ့  ရွေးချယ်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်လို့ အဲဒီလိုပဲ ကျနော်ယုံကြည်ပါတယ်။