ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာသေးခင်က မြန်မာနိုင်ငံအတွင်းမှာ ဦးသိန်းစိန်အစိုးရက အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ရှေ့ နေတွေဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်သိန်း နဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ နအဖ/နဝတ အစိုးရတွေ တက်လာပြီးတဲ့နောက်မှာ လူ့အခွင့်အရေးအဖွဲ့လား၊ ကော်မရှင်လား ဖွဲ့ခဲ့တာတော့ ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျနော်မှတ်မိသလောက်တော့ ပြည်ထဲရေးဝန်ကြီးတဦးကို ခေါင်းဆောင်တင်ပြီးတော့ ဖွဲ့စည်းခဲ့တယ်လို့ ထင်ပါတယ်။ အဲဒါ ဟုတ်ပါသလား။
ဦးအောင်သိန်း ။ ။ မှန်ပါတယ်ခင်များ။ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလုပ်တာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ လူ့အခွင့်အရေးကော်မရှင်မှာ အကျဉ်းဦးစီးဌာနတွေ ချုပ်ကိုင်ရတဲ့လူ၊ လူတွေကို ဖမ်းတဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးကို ခေါင်းဆောင်ထား ဖွဲ့စည်းခဲ့တော့ အဲဒီတုန်းက ထောင်မှူးကို လူ့အခွင့်အရေးကော်မရှင် ခန့်တယ်ဆိုတော့ မြေခွေးကို ကြက်ခြံစောင့်ခိုင်းတာနဲ့ အတူတူလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီတခါတော့ လက်ရှိအစိုးရဝန်ထမ်းတဦးမှ မပါဘဲ ဖွဲ့စည်းခဲ့တဲ့ အရပ်သားအဖွဲ့အစည်းလို့ သူတို့ လုပ်ထားတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အကြမ်းမျဉ်း ဦးအောင်သိန်းရဲ့  တုံ့ပြန်ချက်ကို ပြောပါခင်များ။
ဦးအောင်သိန်း ။ ။ ကျနော်အနေနဲ့ အခု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ဖွဲ့စည်းတဲ့ပုဂ္ဂိုလ်တွေ စာရင်းကို ကြည့်လို့ရှိရင် အငြိမ်းစားသံအမတ်နဲ့ အငြိမ်းစားတက္ကသိုလ် ပါမောက္ခ တော်တော်များများ ပါပါတယ်။ သူတို့က ဝန်ထမ်းဘဝက လာကြတဲ့လူတွေဖြစ်ကြတဲ့အတွက်ကြောင့် လက်ရှိကလည်း ဒီတာဝန်တွေကို အစိုးရက ပြန်ခန့်အပ်ထားတဲ့အတွက်ကြောင့် အစိုးရသြဇာအရှိန်အဝါက သူတို့နဲ့ ဆက်စပ်နေအုံးမယ်လို့ မှတ်ယူပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦးအနေနဲ့ ဘယ်လိုသဘောရပါသလဲ။ အခု ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဦးမင်းလွင်ဦး ။ ။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်တဲ့လူတွေက အာဏာပိုင်အဖွဲ့အစည်းတွေ ဖြစ်တယ်။ အဲဒီတော့ အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေကို ပြန်လည်အရေးယူနိုင်ဖို့၊ ပြန်လည်စုံစမ်းနိုင်ဖို့ ဆိုရင် ထိရောက်တဲ့ ဥပဒေကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်တဲ့ ပုဂ္ဂိုလ်တွေပါဝင်ဖို့ လိုတယ်ဆိုတာကို အကြမ်းမျဉ်းအနေနဲ့ ပြောချင်ပါတယ်။ ဒါမှလည်း ဥပဒေပြဌာန်းချက်တွေနဲ့ မညီတဲ့ ကိစ္စရပ်တွေကို ဖော်ပြပြီး အရေးယူဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အခု ဥပဒေနဲ့ နီးစပ်တဲ့လူဆိုလို့ ပြည်နယ်ဥပဒေ အရာရှိဟောင်းတယောက်ပဲပါတယ်ဆိုတာကို တွေ့ရတဲ့အတွက်ကြောင့် ဒါကတော့ ဟန်ပြ အစီရင်ခံစာထုတ်ဖို့လောက်ပဲ လုပ်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက် ဒီလို လူ့အခွင့်အရေးကော်မရှင်တွေ ဘာတွေဖွဲ့တယ်ဆိုရင် terms of references ဘာတွေလုပ်ရမယ်ဆိုတာကို အရင် ဥပဒေအရ ပြဌာန်းလုပ်တယ်ဆိုတာ ရှိပါတယ်။ အခုတော့ မြန်မာပြည်မှာ အဲဒီကိစ္စကို ဘာမှမကြားသေးပါလား။ ဒီအဖွဲ့အစည်းရဲ့  လုပ်ပိုင်ခွင့်တို့ ဘောင်တို့ သတ်မှတ်ပေးတာ။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။ မကြာခင် ထွက်လာမလား။
ဦးအောင်သိန်း ။ ။ အဲဒါနဲ့ ပတ်သက်လို့ သူတို့ ပထမအဆင့် ဖွဲ့စည်းတယ်လို့ပဲ ကျနော်တို့ ယူဆလို့ ရပါလိမ့်မယ်။ နောက်ပိုင်းတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရှိလာပါလိမ့်မယ်လို့ ထင်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျ ပြဌာန်းထားမှသာ လူ့အခွင့်အရေး ချိုးဖောက်သူတွေရဲ့  တင်ပြတိုင်တန်မှုမှာ ဘယ်လိုလုပ်ထုံလုပ်နည်းတွေနဲ့ အရေးယူဆောင်ရွက်မလဲဆိုတာကို ပြတ်ပြတ်သားသား ပြဌာန်းရမှာ ဖြစ်ပါတယ်။ အဲဒါတွေ မပြဌာန်းဘဲနဲ့ ဒီ ကော်မရှင်လေး ဖွဲ့စည်းပေးလိုက်ရုံနဲ့ ပြီးပြတ်သွားမယ်ဆိုရင်တော့ ပြည့်စုံမှုမရှိဘူးလို့ ကျနော်ဘက်က ယူဆပါတယ်။
ဦးမင်းလွင်ဦး က နိုင်ငံတကာမှာလည်း လှုပ်ရှားနေတဲ့ လူ့အခွင့်အရေး ရှေ့ နေတဦးဆိုတော့ ကျနော်မေးချင်တာက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်ပေးပါ။ ထိုင်းနိုင်ငံမှာလည်း လူ့အခွင့်အရေး ကော်မရှင်ရှိတော့ သူတို့ရဲ့  ဖွဲ့စည်းပုံနဲ့ ကျနော်တို့ဆီဟာနဲ့ လောလောဆယ်မှာ နှိုင်းယှဉ်ကြည့်စရာ ဘာတွေ့ပါသလဲ။
ဦးမင်းလွင်ဦး ။ ။ တွေ့တာကတော့ ဒီထိုင်းနိုင်ငံမှာ ဖွဲ့စည်းတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာက အစိုးရဝန်ထမ်း မဟုတ်တဲ့ လွတ်လပ်တဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့ နေတွေ၊ တရားရုံးချုပ်၊ တရားသူကြီးတွေ ပါဝင်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကနေ အောက်ကနေ ပြည်သူတွေ တိုင်တန်လာတဲ့ တိုင်တန်ချက်တွေ ရတာနဲ့ ချက်ချင်း အကျဉ်းထောင်တွေ၊ ရဲစခန်းတွေ၊ တရားစခန်းတွေမှာ စစ်ဆေးနေတဲ့ အမှုတွေကို ခေါ်ယူပြီးတော့ ပြင်ဆင်သုံးသပ်နိုင်တဲ့ အခွင့်အာဏာတွေ ပေးထားတာကို တွေ့ရတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ တော်တော်ကွာခြားတယ်လို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အဲဒီလို အခွင့်အရေးမျိုး ရမယ့် ကော်မရှင်မျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ဘူးပေါ့။
ဦးမင်းလွင်ဦး ။ ။ ဟုတ်ကဲ့ခင်များ။ အဲဒီလိုမျိုး ဖြစ်လာဖို့ဆိုရင် ဒီဥပဒေတွေကို တက်ကျွမ်းနားလည်းတဲ့ တရားရုံးချုပ် ရှေ့ နေတွေ တော်တော်များများ ပါဝင်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့လိုတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် တကယ်မေးချင်တာကတော့ ဒီ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတဲ့ကိစ္စကို နိုင်ငံရေးရှုထောင့်နဲ့ တရားဥပဒေရေးရှုထောင့် နှစ်ဖက်ဝေဖန် စမ်းစစ်ပြချင်တဲ့သဘော ဖြစ်ပါတယ်ဆိုတော့ ဆရာဦးအောင်သိန်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတဦးဆိုရင် မမှားဘူးဆိုတော့ နိုင်ငံရေးအားဖြင့် ဒီကော်မရှင်ဖွဲ့စည်းတာကို ဘယ်လိုသုံးသပ်မလဲ။ ဒါဟာ အစိုးရအနေနဲ့ သူတို့ရဲ့  နိုင်ငံရေးအကျိုးအမြတ်ပဲလား။ သို့တည်းမဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေး။ တိုင်းပြည်မှာ လူ့အခွင့်အရေး တိုးတက်စေချင်တဲ့ နိုင်ငံရေးဆန္ဒနဲ့ တကယ်လုပ်သလားဆိုတာကို ဦးအောင်သိန်းရဲ့  သုံးသပ်ချက်ကို ကြားချင်ပါတယ်။
ဦးအောင်သိန်း ။ ။ နိုင်ငံရေးရှုထောင့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာရဲ့  စံချိန်စံညွှန်းတွေ၊ နောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ အချက်အလက်တွေကို အပြည့်အဝ ခံစားခွင့်ရအောင် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ နိုင်ငံရေးအမြင်ရှုထောင့်နဲ့ သုံးသပ်ပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ပုံစံအရပဲ ဆောင်ရွက်ပြီး တကယ် အနှစ်သာရမပါဘူးဆိုရင် တိုင်းပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့လူနဲ့ ချိုးဖောက်ခံရတဲ့လူဆိုတဲ့ လူတန်းစားနှစ်လွှာ ပေါ်ပေါက်နေအုံးမယ်ဆိုတာကို တွေ့မိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦးအနေနဲ့ မြန်မာနိုင်ငံအစိုးရ ဒီလို လူ့အခွင့်အရေးကော်မရှင်ဖွဲ့တယ်လို့ ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအားဖြင့် သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ထင်သလဲ။ တိုင်းပြည်ရဲ့  အခြေအနေ တိုးတက်လာစေချင်လို့ လုပ်ပါသလား။ သို့တည်းမဟုတ် တခြားရည်ရွယ်ချက် ရှိမလားလို့ ထင်ပါသလား။
ဦးမင်းလွင်ဦး ။ ။ ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံသားတွေရဲ့  အခွင့်အရေး တိုးတက်လာဖို့အတွက် ရည်ရွယ်ပြီးလုပ်ဆောင်တာ မဟုတ်ဘူးဆိုတာကတော့ ရှင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ကျနော်တို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာနဲ့အတူ ပြည်ထောင်စုအတွင်းမှာပဲ ပြည်ထောင်စုအဆင့် နိုင်ငံသားများရဲ့  မူလအခွင့်အရေးနဲ့ ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကိုလည်း သူတို့ဖွဲ့စည်းထားတယ်။ အဲဒီအဖွဲ့မှာ အဖွဲ့ဝင် ၁၅ ဦးပါတယ်။ သက်တမ်းက တစ်နှစ် ရှိတယ်။ အဲဒီအဖွဲ့မှာလည်း ဥက္ကဋ္ဌဖြစ်တဲ့လူက ကြံ့ဖွံ့အတွင်းရေးမှူးဟောင်းလုပ်ခဲ့တဲ့ ဦးဌေးဦး ဖြစ်တယ်။ အဲဒီတော့ ဒီ အောက်မှာ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတဲ့ ကော်မတီကလည်း နိုင်ငံသားတွေရဲ့  အခွင့်အရေးတွေကို တိတိကျကျ ဖော်ဆောင်ပေးနိုင်မယ့် အခြေအနေမရှိဘူး။ အဲဒီအထဲမှာ ဥပဒေနဲ့ နီးစပ်တဲ့ လူတယောက်ဆိုရင် ကွန်ဟိန်းမဲဆန္ဒနယ်က ဒေါ်နန်ဝါနု တယောက်ပဲ ဥပဒေနဲ့ နီးစပ်တယ်ဆိုတာကို တွေ့ရတဲ့အတွက် နိုင်ငံသားတွေရဲ့  အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ လိုအပ်လာလို့ရှိရင် အစီရင်ခံစာတွေထုတ်မယ်။ စုံစမ်းစစ်ဆေးမှု ဥပဒေကို အတွင်းကြိတ်လုပ်မယ်ဆိုတဲ့ သဘောလောက်နဲ့ ဖွဲ့စည်းထားတယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောကြားတာကို မတွေ့ရသေးပါဘူး။ သူတို့တတွေ ဆက်လက်စောင့်ကြည့်နေတယ်လို့ ထင်ပါတယ်။ ဆရာဦးအောင်သိန်းတို့ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဘာမှမပြောလာသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကို လူ့အခွင့်အရေးအရ ကြည့်လိုက်ရင်တော့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို မလွတ်သေးဘူးဆိုတာကို လူတိုင်းက ပြောနေကြပါတယ်။ ဒီ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ကို မျှော်လင့်ချက်တွေ ပိုထားလာနိုင်တဲ့အခြေအနေ ရှိပါသလား။ ပြည်သူတွေရဲ့  အဲဒီလို မျှော်လင့်ကြပါသလား။
ဦးအောင်သိန်း ။ ။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားတွေကလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အထဲမှာ အဓိကပါဝင်နေသူ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်အရ အကျဉ်းကျခံနေရသူတွေဟာ အများအကျိုးအတွက်၊ အများအတွက်ကို ရည်ရွယ်ပြီး လုပ်ကိုင်ဆောင်ရွက်တာကို ကျနော်တို့ တွေ့ရတယ်။ ဥပမာ ပြောရရင် နိုင်ငံရေးပါတီဝင်လည်း မဟုတ်တဲ့ ကိုထင်ကျော် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကုန်ဈေးနှုန်းကြီးမြှင့်တာကို ဆန္ဒထုတ်ဖော် ပြောဆိုခဲ့တယ်။ အဲဒီလို ဆန္ဒထုတ်ဖော်ပြောဆို ကုန်ဈေးနှုန်းကြီးတာကို ပြောတဲ့လူဟာလည်း သူမှာ နိုင်ငံသားတယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်အရ ပြောဆိုတာဖြစ်တယ်။ အဲဒီလို လူမျိုးကို နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်လိုက်တယ်ဆိုတာ ဒီလူတွေကို အမြန်ဆုံးလွတ်ပေးဖို့ အချိန်လည်းသင့်ပါတယ်။ အဲဒီလိုမှ လွတ်ပေးနိုင်ခြင်း မရှိဘဲနဲ့ ဒီလို အမျိုးမျိုးကော်မရှင်တွေဖွဲ့တယ်။ အမျိုးမျိုး အစီအစဉ်တွေ လုပ်နေမယ်ဆိုရင် အချိန်ကြန့်ကြာလာသည်နဲ့အမျှ အကျိုးမရှိဘူးပေါ့။
ဦးကျော်ဇံသာ ။ ။ အဲဒီအတွက်ကော မျှော်လင့်ချက်ထားနိုင်ပါသလား။ ဒီ ကော်မရှင်က အဲဒီလူတွေ လွတ်မြောက်ရေးအတွက် တစုံတရာ ပြောလာနိုင်မယ် ထင်ပါသလား။
ဦးအောင်သိန်း ။ ။ ကော်မရှင် က ပြောကောင်းပြောလာပါလိမ့်မယ်။ အဓိကကျတာကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ပေါ်မှာ အခြေခံပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အခု ဖွဲ့စည်းလိုက်တဲ့ အမျိုးသားကော်မရှင်ကိုတော့ အကြမ်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ပြဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့  ရပိုင်ခွင့်အခွင့်အရေးကို ကာကွယ်ဖို့ ဆိုပြီး သတင်းစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို နည်းနည်း ကိုမင်းလွင်ဦး လေ့လာမိသလောက် နိုင်ငံသားတွေရဲ့  အခွင့်အရေး ဘယ်လောက်ကာကွယ်ထားပါသလဲ။ နိုင်ငံသားတွေရဲ့  အခွင့်အရေးတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပါသလား။
ဦးမင်းလွင်ဦး ။ ။ အားလုံးပြီပြည့်စုံတဲ့ ကိုက်ညီမှုတော့ မရှိပါဘူး။ ဘာကြောင့်လည်းဆိုရင် မြန်မာနိုင်ငံအတွင်းမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆန့်ကျင်ခြင်းမရှိရေးဆိုတဲ့ ကန့်သတ်ချက်တခု ပါနေတဲ့အတွက် ဒီလို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်၊ ဝေဖန်နိုင်တယ်၊ ရေးသားနိုင်တယ်ဆိုတဲ့ နေရာတွေမှာ အကန့်အသတ်ရှိတယ်။ ဒီ ဥပဒေတွေက နိုင်ငံတကာစံနဲ့ တွက်ကြည့်ရင်တော့ မကိုက်ညီဘူးလို့ ပြောနိုင်ပါတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထည့်ရေးထားရုံနဲ့ မလုံလောက်ပါဘူး။ ဥပမာတခု ပြောရရင် ဖွဲ့စည်းပုံ ဥပဒေမှာ နိုင်ငံသားတယောက်ကို ၂၄ နာရီထက် ချုပ်နှောင်းမထားရ။ နောက် တရားဥပဒေဆိုင်ရာ အခွင့်အရေးအရ အများပြည်သူရှေ့ မှောက်မှာ စစ်ဆေးစီရင်ရမယ် စတာတွေ ပါပေမယ့် လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေက ဒါတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီတော့ ဒီလို ဆန့်ကျင်ဘက် ဖြစ်နေတဲ့ လုပ်ဆောင်ချက်တွေကို ဒီ အမျိုးသားအခွင့်အရေးကော်မရှင်ကနေ ဘယ်လိုမျိုး ကုစားပေးမှာလဲ။ သံအမတ်ဟောင်းတွေ ဘယ်လိုမျိုး သက်သာမှုရှာပေးနိုင်မလဲဆိုတာကို ကျနော်ကတော့ နည်းနည်းမဟုတ်ဘူး၊ တော်တော်ကြီး သံသယဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခု လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းလိုက်ပေမယ့်။ အခုနပြောတဲ့ အခွင့်အရေးရရှိလာဖို့ဆိုတာက အလှမ်းဝေးနေသေးတယ်ဆိုတဲ့ သဘောလား။
ဦးအောင်သိန်း ။ ။ နီးမယောင်နဲ့ ဝေးနေအုံးမယ်လို့များ ပြောရမလား မပြောနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိအခြေအနေအရ အပြောင်းအလဲတွေကို လူတွေက မျှော်လင့်နေတယ်ဆိုတာကို တတိုင်းတပြည်လုံးက သိနေတဲ့အချက်ပါ။ ဘယ်လိုပြောင်းမလဲဆိုတာ ဒီနေ အဓိက ပြဿနာပါ။ အဓိကပြဿနာထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ယုံကြည်ချက်အရ အကျဉ်းကျခံနေရသူတွေကို အမြန်ဆုံးလွတ်ပေးဖို့ကလည်း အဓိကအချက်တချက်အနေနဲ့ ပါဝင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမင်းလွင်ဦး ကို နောက်ဆုံးတချက်မေးချင်တာက အခုနပြောတယ် သံအမတ်ဟောင်းတွေဆိုတာ အငြိမ်းစားသံအမတ်ဟောင်းတွေ ပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ တချို့ ဝေဖန်သူတွေက ပြောကြတယ် - ဒီပုဂ္ဂိုလ်တွေဟာ တာဝန်ထမ်းဆောင်စဉ်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ အပြင်းအထန်ခုခံခဲ့တဲ့ ဝန်ထမ်းတွေ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ရဲ့  အတိတ်ဝန်ထမ်းဘဝမှာ ထမ်းဆောင်ခဲ့တဲ့ လွှမ်းမိုးမှုတွေ ဆက်လက်ရှိနေမယ်လို့ သုံးသပ်ကြပါတယ်။ အဲဒါကော ဘယ်လောက် ဖြစ်နိုင်ပါသလဲ။ အခု သူတို့က ဝန်ထမ်းမဟုတ်တော့တာ။ အဲဒီ သံသယကို ဖယ်ပြစ်လို့ မရဘူးလား။
ဦးမင်းလွင်ဦး ။ ။ အဲဒီလိုတော့ အလွယ်တကူ ဖယ်ပြစ်လို့တော့ မရနိုင်ပါဘူး။ အစောကပြောတဲ့ ဒီအထဲမှာပါတဲ့ သံအမတ်ဟောင်းတွေမက၊ ပါမောက္ခဟောင်းတွေလည်း ပါပါတယ်။ ပါမောက္ခဟောင်းတွေက တချိန်တုန်းက အမျိုးသားညီလာခံ ကျင်းပရေးအတွက် အားတက်သရော ပါဝင်ခဲ့သူတွေလည်းရှိတယ်။ နောက် ဖွဲ့စည်းပုံအခြေခံ ရေးဆွဲရေး မူကြမ်းရေးဆွဲရေးမှာ ပါခဲ့တဲ့လူတွေလည်း ရှိတယ်။ ဒါကြောင့် ပြောတဲ့အတိုင်းပဲ လုပ်ရမယ်ဆိုတဲ့သဘောပဲ ကျနော်အနေနဲ့ မြင်ပါတယ်။