သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆိပ်ကမ်း နဲ့ တရုတ်အိန္ဒိယရေတပ်


လွန်ခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းက တရုတ်စစ်သင်္ဘော (၂) စီး ပထမဦးဆုံးအကြိမ် သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်လာတာကို ကမ္ဘာ့စာနယ်ဇင်းလောကမှာ အတော်လေး စိတ်ဝင်စားတာတွေ့ရပါတယ်။ တဆက်တည်းမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တရုတ်ပြည်သွားတယ်ဆိုတဲ့သတင်း ထွက်လာတာမို့ မြန်မာပြည်က ရေနက်ဆိပ်ကမ်းတွေနဲ့ တရုတ်ရေတပ်အကြောင်း အာရုံစိုက်လာကြတာ ဖြစ်ပုံရပါတယ်။ တရုတ်ပြည်ရဲ့ ပင်လယ်ကမ်းရိုးတန်းဟာ မိုင်ကိုးထောင်ကျော် ရှည်လျားတာကြောင့် အခြေအနေပေးရင် ကြည်းတပ်၊ ရေတပ်တွေ အင်အားပါ ကြီးမားလာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်မှာ ပြန့်နေတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့ ရေတပ်အင်အားကောင်းဖို့ လိုပါတယ်။

တရုတ် ကုန်သင်္ဘောတွေ အကြိမ်ပေါင်းထောင်ချီပြီး နှစ်စဉ်ဖြတ်သန်းနေတဲ့ အေဒင် ပင်လယ်ကွေ့ (Gulf of Aden) မှာ ကင်းစောင့်တာဝန် အလှည့်ကျထမ်းဆောင်အပြီး ပြည်တော်အပြန်မှာ တရုတ်စစ်သင်္ဘော (၂) စီး သီလဝါဆိပ်ကမ်းမှာ (၅) ရက် ဝင်ရောက်ရပ်နားသွားခဲ့ပါတယ်။ ဆိုမာလီ (Somali) ပင်လယ်ဓါးပြရန် ကာကွယ်ဖို့ ၂၀၀၉ ခုနှစ်အစောပိုင်းကတည်းက အေဒင်ပင်လယ်ကွေ့မှာ တရုတ်စစ်သင်္ဘောတွေ ကင်းစောင့်နေတာ ဖြစ်ပေမယ့် စင်္ကာပူ (Singapore)၊ ကိုလံဘို (Colombo)၊ ကရာချီ (Karachi)၊ အေဒင် (Aden) နဲ့ စာလာလာ (Salalah) ဆိပ်ကမ်းတွေကိုသာ အသုံးပြုခဲ့ပါတယ်။

တရုတ်ပြည်နဲ့ ဝေးလံတဲ့နေရာမှာ တာဝန်ထမ်းဆောင်တာဟာ တရုတ်ရေတပ်အတွက် ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ အေဒင်ပင်လယ်ကွေ့နဲ့ အနီးဆုံးဖြစ်တဲ့ ယေမင် (Yamen) နိုင်ငံ အေဒင်ဆိပ်ကမ်းနဲ့ အိုမင် (Oman) နိုင်ငံ စာလာလာ ဆိပ်ကမ်းတွေဟာ ကင်းစောင့်တရုတ်စစ်သင်္ဘောတွေ လိုအပ်တဲ့ ဒီဇယ်ဆီ၊ ရေကောင်းရေသန့် နဲ့ ရိက္ခာတွေကို ထောက်ပံ့ပေးပါတယ်။ အရှေ့အလယ်ပိုင်းဒေသက ရေနံနဲ့ အခြားကုန်ကြမ်းတွေ တရုတ်ပြည်ကို သယ်ယူရာမှာ မြန်မာ့ဆိပ်ကမ်းတွေဟာ အဓိက အခန်းက မပါဝင်သေးပါဘူး။ ဒါပေမဲ့ ကျောက်ဖြူ၊ ရွှေလီ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း ပြီးစီးသွားရင်တော့ မြန်မာ့ဆိပ်ကမ်းတွေဟာ တရုတ်ကုန်သင်္ဘောနဲ့ စစ်သင်္ဘောတွေ အများဆုံးဆိုက်ကပ်မယ့် အရေးပါအရာရောက်တဲ့နေရာ ဖြစ်လာပါလိမ့်မယ်။ သီလဝါ ဆိပ်ကမ်းဟာ ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်အဖြစ်လည်း ထင်ရှားလာဖွယ်ရှိပါတယ်။

အိန္ဒိယသမုဒ္ဒရာဟာ အိန္ဒိယပြည်အတွက်သာ ဖြစ်တယ်ဆိုတဲ့ အယူအဆကို လက်မခံနိုင်ဘူးလို့လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် ထောက်ပို့ဌာနညွှန်ကြားရေးမှုး ဗိုလ်ချုပ်ကြီးဂျောင်နန်ချိက ပြောဘူးပါတယ်။ တရုတ်ကုန်သင်္ဘောတွေကို တရုတ်ရေတပ်က ကာကွယ်စောင့်ရှောက်ဖို့ပါ။ ဒီ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်စစ်သင်္ဘောတွေ ရပ်နားပြီး အားဖြည့်စရာနေရာရှိဖို့ လိုပါတယ်။ ဒီနေရာမှာ မြန်မာ၊ ဘင်္ဂလာဒေ့ရှ် (Bangladesh)၊ သီရိလင်္ကာ (Sri Lanka)၊ မောလ်ဒိုက် (Maldives)၊ ပါကစ္စတန် (Pakistan) နဲ့ အီရန် (Iran) က ပင်လယ်ဆိပ်ကမ်းတွေဟာ တရုတ်အတွက် အရေးကြီးလာပါတယ်။ တရုတ်တင်သွင်းနေတဲ့ ရေနံအများစုဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ အရှေ့တောင်အာရှက လာတာပါ။ ဒီလမ်းကြောင်းလုံခြုံရေးဟာ အလွန်အရေးကြီးပါတယ်။

ပါးရှန် (Persian) ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ကို ပိုင်းခြားထားတဲ့ ဟော်မုဇ် (Hormuz) ရေလက်ကြားကစပြီး အရေဗျပင်လယ်၊ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်ကွေ့၊ မလက္ကားရေလက်ကြား၊ တောင်ပိုင်းတရုတ်ပင်လယ် နေရာတွေကို ကျော်ဖြတ်တဲ့ ရေကြောင်းလုံခြုံဖို့ဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ ကူဝိတ် (Kuwait)၊ အီရတ် (Iraq)၊ အီရန် (Iran)၊ ဆော်ဒီ (Saudi)၊ ဘာရိမ်း (Bahrain)၊ ကာတာ နဲ့ ယူအေအီး (UAE) က ရေနံတင်ပို့ရင် ဟော်မုဇ် ရေလက်ကြားကို အရင်ဆုံး ဖြတ်သွားပြီးမှ အာရေဗျပင်လယ်ကို ဝင်ရပါတယ်။ ပြီးတော့မှ အိန္ဒိယသမုဒ္ဒရာကို ကျော်ဖြတ်ပြီး အာဆီယံဒေသ ရေလက်ကြားတခုခုကတဆင့် တောင်ပိုင်းတရုတ်ပင်လယ်ကို ဝင်ရောက်ရပါတယ်။ မလက္ကား၊ စွန်ဒါ၊ လုံဘုတ်ခ် နဲ့ မကာစာ ရေလက်ကြားတွေကတဆင့် တောင်ပိုင်းတရုတ်ပင်လယ်ကို ဖြတ်ကျော်ပြီးမှ တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းကို ကပ်နိုင်ပါတယ်။ ဒီရေလက်ကြားဒေသမှာတော့ ပင်လယ်ဓါးပြရန်ကို ကာကွယ်ဖို့ ဒေသခံ အာဆီယံနိုင်ငံတွေက တာဝန်ယူထားပါတယ်။

မြန်မာ၊ ဘင်္ဂလာဒေ့ရှ်၊ သီရိလင်္ကာ နဲ့ ပါကစ္စတန်မှာ တရုတ် အကူအညီ နဲ့ တည်ဆောက်ထားတဲ့ ရေနက်ဆိပ်ကမ်းတွေရဲ့ အထောက်အပံ့ကိုရယူပြီး အိန္ဒိယသမုဒ္ဒရာထဲမှာ တရုတ်စစ်သင်္ဘာတွေ လှုပ်ရှားနေတာကိုကြည့်ပြီး စိတ်မသက်မသာဖြစ်နေသူဟာ အိန္ဒိယအစိုးရပါ။ အိန္ဒိယသမုဒ္ဒရာ ကမ်းခြေက ထောက်ပံ့ရေးစခန်းတွေကို အသုံးပြုပြီး တရုတ်ရေတပ် အိန္ဒိယသမုဒ္ဒရာမှာ အမြဲတမ်းရှိနေမှာကို ဘဝင်မကျနိုင်ဘဲ ဖြစ်နေပုံရပါတယ်။ အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံများ ဆွေးနွေးပွဲဟာ တရုတ်နဲ့ မဆိုင်တဲ့အတွက် မတက်သင့်ဘူးလို့ အိန္ဒိယက ကန့်ကွက်တာမျိုး တွေ့ရှိလာပါတယ်။ ဒါကြောင့် (၂) နိုင်ငံ ဆက်ဆံရေးမြှင့်တင်ဖို့သာ တရုတ်ကြိုးစားနေလို့ တရုတ် စစ်သင်္ဘောတွေသွားတဲ့ နိုင်ငံတွေလည်း များလားပါတယ်။

အိန္ဒိယနဲ့ တရုတ်ဟာ ခေတ်မီ လေယာဉ်တင်သင်္ဘော တည်ဆောက်နေကြပါတယ်။ ဘယ်သူက အရင်ပြီးမလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒီ အတောအတွင်း ပထဝီသဘောအရ အိန္ဒိယ သမုဒ္ဒရာမှာ အိန္ဒိယက တပန်းသာနေပါတယ်။ ဥပမာ ၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာမှာ ဆူနာမီ ဒီရေလှိုင်း တိုက်ခိုက်လို့ ရေဘေးဒုက္ခကြုံတွေ့နေရသူတွေကို ကူညီရာမှာ အိန္ဒိယ၊ အမေရိကန် နဲ့ သြစတေးလျ ကို ဗဟိုပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်သွားကြတာတွေ့ရပါတယ်။ ဒီကိစ္စမှာ တရုတ်ရေတပ် မပါနိုင်တာကိုကြည့်ရင် အိန္ဒိယသမုဒ္ဒရာမှာ တရုတ်အခန်းကဏ္ဍဟာ အကန့်အသတ် ရှိနေတာ ထင်ရှားပါတယ်။

XS
SM
MD
LG