သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCGUB ဝန်ကြီးချုပ် ဦးစိန်ဝင်း ရဲ့ နိုင်ငံရေးသုံးသပ်ချက်


၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရက ကျင်းပပြုလုပ်တော့ပါမယ်။ ဒီရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သပိတ်မှောက်ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိကြပေမယ့် ရွေးကောက်ပွဲကတော့ တကယ်ဖြစ်လာမယ့် အခြေအနေရှိနေပါတယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲပြီးသွားရင် ဆန့်ကျင်သပိတ်ခဲ့တဲ့ အဖွဲ့အစည်းတွေ ဘယ်လိုဆက်လက် ရပ်တည်ကြမလဲ။ နိုင်ငံရေးဗျူဟာတွေ ပြောင်းလဲချမှတ်ပြီး လှုပ်ရှားကြမလား ဆိုတာတွေကို ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးစိန်ဝင်း ။ ။ အကျဉ်းချုံးအားဖြင့် ရှင်းပါတယ် - ပြည်တွင်းက အန်အယ်လ်ဒီရဲ့ သဘောထားစောင့်တယ်။ အန်အယ်လ်ဒီ ကလည်း ပြတ်ပြတ်သားသား ပြောပြီးပြီ။ ကျနော်တို့အနေနဲ့လည်း ပြတ်ပြတ်သားသား ပြောပြီးပြီ။ အဲဒါဘာလဲဆိုတော့ ကျနော်တို့အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။ အဲဒီတော့ ဒီ ၂၀၀၈ အခြေခံဥပဒေကို အခြေပြုတဲ့၊ အခြေခံတဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာကတော့ တစ်အချက် ရွေးကောက်ပွဲကို လက်မခံဘူး။ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးကို ကျနော်တို့ ယုံကြည်မှုမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ ၂၀၀၈ အခြေခံဥပဒေက အားလုံးသိတဲ့အတိုင်း စစ်အာဏာရှင်စနစ်ကို ဆက်သွားနိုင်ဖို့ လုပ်ထားတာ။ ဘန်းပြပြီးတော့ လူတွေကို ခေါင်းရှုပ်အောင်လုပ်ပြီးပြထားတာ။ ဘာမှမလုပ်နိုင်ပါဘူး။ အရပ်သားအစိုးရလည်း ဘာမှမလုပ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီအထဲမှာ ဆရာတို့နဲ့ တချိန်တည်း ဒီမိုကရေစီအရေး လုပ်ဖော်ကိုင်ဖက်တွေ၊ ရွေးကောက်ခံခဲ့ကြရတဲ့ ပြည်သူလွှတ်တော်ကိုယ်စားဟောင်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တချို့က ဒီ ရွေးကောက်ပွဲကို လက်ခံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မယ်ဆိုပြီး သဘောထားကြေညာထားတာ ရှိပါတယ်။ ပြင်ဆင်နေကြပါတယ်။ သူတို့အပေါ် ဆရာတို့ ဘယ်လိုသဘောထားပါသလဲ။

ဦးစိန်ဝင်း ။ ။ ဒီနေရာမှာ ကျနော် ရှင်းရှင်းလင်းလင်း ပြောပြမယ်။ တစ်အချက် ၁၉၉၀ ရွေးကောက်ပွဲက အပြတ်အသတ် အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီ မပါဘူး။ ဒါက တရားဝင်ပါတီအတွင်းမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ထားတာ။ ဒါကရှင်းတယ်။ ဒုတိယ ၁၉၉၀ ရွေးကောက်ပွဲမှာပါဝင်ပြီး အရွေးခံခဲ့တဲ့ ပါတီတွေ - ဥပမာ SNLD၊ UNLD သူတို့မပါဘူး။ နောက် ပြည်တွင်းမှာရှိတဲ့အဖွဲ့တွေ တော်လှန်ရေးအဖွဲ့အများစုက ရွေးကောက်ပွဲကို လက်မခံဘူး။ ကျန်တဲ့ ၁၉၉၀ မှာ ဝင်ပြိုင်ခဲ့တဲ့ တချို့ပုဂ္ဂိုလ်တွေပြန်ပြီး အရွေးခံတယ်။ အန်အယ်လ်ဒီ က တချို့ပုဂ္ဂိုလ်တွေပြန်ပြီး အရွေးခံတယ်။ အဲဒီအခါမှာ NDF ဆိုတဲ့ နံမည်နဲ့ ပြန်ပြီးအရွေးခံတယ်။ NLD နံမည်နဲ့ အရွေးခံတာ မဟုတ်ဘူး။ NLD အလံအောက်မှာရှိတာ မဟုတ်ဘူး။ NLD ကလည်း ဒါကိုသဘောတူတာ မဟုတ်ဘူး။ အဲဒီတော့ သူတို့က NDF အမည်နဲ့ အရွေးခံတယ်။ ကျနော်ဆိုလိုတာက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီတွေ က မပါဘူး။ ဒါကိုတော့ ရှင်းရမယ်။ ပုဂ္ဂိုလ်တွေပါမယ်။ တချိုု့လူတွေပါမယ်။ ၁၉၉၀ တုန်းက ဝင်ပြိုင်ခဲ့တဲ့ တချို့ပုဂ္ဂိုလ်တွေ ပြန်ပါခဲ့တယ်။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေ ကျနော်ဆိုလိုတာက NLD တို့ SNLD, UNLD တို့ မပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုခွဲထွက်သွားတဲ့လူတွေ အရင် ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ဘူးတဲ့ နိုင်ငံရေးသမားတချို့ ပါဝင်တယ်။ အခု ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပြီးတော့ ဖြစ်လာမယ့် အစိုးရထဲမှာ သူတို့အစိတ်အပိုင်းတခုနဲ့ ပါကောင်းပါလာပါလိမ့်မယ်။ အဲဒါကို ဆရာတို့ ဘယ်လိုသဘောထားသလဲ။ သူတို့ဝင်ပြိုင်တဲ့ကိစ္စနဲ့ သူတို့အရွေးခံရပြီးတော့ အသစ်ဖွဲ့စည်းလာတဲ့ ဘယ်ပုံသဏ္ဍာန်အစိုးရအဖြစ် သူတို့ပါလာခဲ့ရင် ဆရာတို့ ဘယ်လိုသဘောထားမလဲ။ ဒါကို စစ်အစိုးရလို့ အရင်လို ဆက်ပြီးသုံးနှုန်းကြမလား။ ပြည်သူလူထု တစိတ်တဒေသပါတဲ့ အစိုးရလို့ခေါ်မလား။

ဦးစိန်ဝင်း ။ ။ ကျနော်တို့ ဘာမှမခေါ်ဘူး။ ကျနော်တို့ ပြောထားတာရှင်းတယ်။ အခြေခံဥပဒေကို မူတည်ပြီးလုပ်တဲ့ဟာကို အယုံအကြည်မရှိဘူး။ လက်မခံဘူး။ နောက်တခု ကျနော် ထပ်ပြောမယ် - ကောင်းပြီ ကျနော်တို့ အခုအခြေအနေဟာ ၁၉၉၃ တုန်းက National Convention အမျိုးသားညီလာခံ အစနဲ့ ခပ်ဆင်ဆင်ဖြစ်တယ်။ အမျိုးသားညီလာခံစတုန်းကလည်း တချို့တလေက ဒီအပေါ်မှာ အကောင်းမြင်တယ်။ ဒီအပေါ်မှာ ငါတို့ ဝင်လုပ်ရမယ်။ မလုပ်ရင် ဒီကောင်တွေက သူတို့လုပ်ချင်ရာလုပ်သွားမယ်။ တချို့ကြတော့ နောက်ဆုံးကြတော့ ကျုပ်တို့ပြောမယ်၊ ပေးမယ် စသည်အားဖြင့် အပစ်အခတ်ရပ်ဆဲအဖွဲ့တွေလည်း ပြောတာရှိတယ်။ ကျနော်တို့နဲ့ ဆွေးနွေးခဲ့တာတွေရှိတယ်။ NLD ကတော့ သူတို့ လိုချင်တာပြောတယ်။ မရတော့ walkout လုပ်တယ်။ walkout လုပ်တာကို ထွက်သွားတယ်လို့ ပြောတယ်။ နောက်ပိုင်း SNLD, UNLD တို့လည်း မပါဘူး။ အခြေအနေက ခပ်ဆင်ဆင်။ ဒါပေမဲ့ National Convention တုန်းက နှစ်ပေါင်းအများကြီးကြာတယ်။ ၁၉၉၃ ကနေ သက္ကရာဇ် ၂၀၀၀ ကျော်လောက်မှပြီးတယ်။ အခု ကျနော်တို့ ဒီလောက်စောင့်ဖို့မလိုဘူး။ အဲဒီတော့ ဆရာတို့ကိုယ်တိုင် တွေ့မြင်မှာက သက်တမ်းက လေးနှစ်လား။ လေးနှစ်အထိ မစောင့်ရဘူး။ နောက်ထပ် နှစ်နှစ်အတွင်းမှာ အားလုံးက civil government အရပ်သားအစိုးရက ဘာလုပ်နိုင်မလဲ တကယ်တမ်း ပြည်သူလူထုအတွက်၊ နိုင်ငံရေးအတွက်။ တခါ ရွေးကောက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အမတ်တွေ ကိုယ်စားလှယ်တွေကလည်း တကယ်တမ်း ဘာလုပ်နိုင်မလဲ။ ဥပဒေပြဌာန်းနိုင်မလား။ demonstration တွေ လုပ်နိုင်မလား၊ ပြောနိုင်မလား၊ ဥပဒေပြဌာန်းနိုင်မလား။ ဒီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထုံးတမ်းအစဉ်အလာ လုပ်နိုင်တဲ့အလုပ်တွေ ဘာတွေလုပ်နိုင်မလဲ။ ဒါတွေ ပေါ်လာမှာ။ နိုင်ငံရေးပါတီတွေ အခု တရားဝင်နိုင်ငံရေးပါတီတွေ သူတို့တွေကရော ဘာလုပ်နိုင်မလဲ။ နောက်ထပ် နှစ်နှစ်ဆိုရင် ပေါ်ပြီ။ အဲဒီအထိ သီးခံစောင့်လိုက်ပါ။ စောင့်ကြည့်ပြီးတော့ ဆရာတို့ကိုယ်တိုင် reporter တွေကိုယ်တိုင် သတင်းထောက်တွေကိုယ်တိုင် သတင်းဌာနတွေကိုယ်တိုင်က assess လုပ်ပါ။ ကျနော်ပြောခဲ့တာကို ပြန်ပြီး assess လုပ်ပါ။ ဘယ်လောက်လုပ်နိုင်ခဲ့သလဲ လွန်ခဲ့တဲ့ အခြေအနေတုန်းက မျှော်မှန်းခဲ့သလဲ၊ အခုတကယ်တမ်း ဘာတွေလုပ်နိုင်သလဲ။ အဲဒီအပေါ်မှာ ဆွေးနွေးကြပါ၊ ပြောဆိုကြပါ။ အခုကတည်းက ဘာပြောနိုင်တယ်၊ လုပ်နိုင်တယ်။ ဒါ ကျနော်အမြင်နဲ့ ပြောပြီးပြီ သူတို့လည်း သူတို့အမြင်တွေ ရှိကြမယ်။ ကျန်တဲ့လူတွေလည်း အမြင်တွေရှိကြမယ်။ ဒါပေမဲ့ judgment ကတော့ သိပ်မစောင့်ရဘူး၊ နှစ်နှစ် သုံးနှစ် ဆိုရင်ပေါ်ပြီ။

ဦးကျော်ဇံသာ ။ ။ ကျနော်ကတော့ အဲဒါကို ဆက်ပြီးသိချင်ပါတယ်။ ကျနော်တို့ကတော့ သတင်းပို့မှာပါ။ သတင်းသမားကတော့ သတင်းပို့ပါမယ်။

ဦးစိန်ဝင်း ။ ။ သတင်းပို့ရုံတင်မကဘူး။ ဆရာတို့ ဒါကို ပြန်ပြီးဖေါ်ရမယ်။ ကျနော် ဟိုအရင်တုန်းက ပြောခဲ့တာတွေရှိတယ်။ နောက်ပိုင်းတော့ ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။ ဥပမာဆိုရင် Bangkok Process ကျနော်တို့က negative ယူတယ်။ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အခု ဘယ်သူမှ ပြန်မဖော်တော့ဘူး။ မေ့သွားပြီ။ ဆရာတို့ သတင်းဌာနကလည်း ပြန်ပြောရမယ်။ ကျနော်ပြောခဲ့တာ ဘယ်လိုလဲ။ တကယ်ဖြစ်တာ ဘယ်လိုလဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုဆက်ပြီး မေးချင်တာက အဲဒီလို ဖြစ်မလာမယ့်၊ ဘာမှ အဖြေကောင်း ရလဒ်ကောင်း ပေါ်မထွက်လာမယ့် နိုင်ငံရေးဖြစ်စဉ်က ဘာဘဲဖြစ်ဖြစ် ဆက်ပြီးလုပ်တော့မယ်။ ဒီဖြစ်စဉ်ကို ဟန့်တားနိုင်မလား။ ပြည်တွင်းမှာရှိတဲ့ ဒါကို လက်မခံတဲ့ ပါတီကြီးတွေ၊ နိုင်ငံရေးအင်အားစုတွေ အခု အစိုးရက တရားဝင်ဖျက်သိမ်းတဲ့ အမိန့်ကြေညာချက်တွေ ထုတ်ပြန်လာတယ်။ သူတို့လုပ်ပိုင်ခွင့် ဘောင်တွေ ကျဉ်းလာတယ်။ သူတို့ ဘာတွေဆက်လုပ်နိုင်မလဲ။

ဦးစိန်ဝင်း ။ ။ ကျနော် ပြောပြမယ် - NLD တရားဝင်တုန်းကရော ဘာလုပ်နိုင်သလဲ။ တရားဝင်တုန်းကလည်း နအဖ က ဖမ်းချင်တဲ့လူကို ဖမ်းတယ်။ ဖမ်းချင်တဲ့ ဆင်ခြေဆင်လက်နဲ့ ဖမ်းတယ်။ NLD ဦးတင်ဦး၊ ဦးဝင်းတင် ခေါင်းဆောင်တွေကို ဖမ်းခဲ့တယ်။ ကျန်တဲ့အဖွဲ့သားတွေကိုလည်း ဖမ်းခဲ့တယ်။ တရားဝင်ဆိုတာကလည်း office ဆိုတဲ့ တရားဝင်ရုံးကလည်း တခုပဲရှိတယ်။ အဲဒီရုံးကလည်း ဘာမှလုပ်လို့ မရဘူး - ဂျာနယ်တွေ ဘာတွေထုတ်လို့ မရဘူး။ အဲဒါ တရားဝင်မှုဆိုတာ ဘာလဲဆိုတဲ့ မေးခွန်း - ဘာထူးလဲ ကျနော်အမြင်တော့။ တရားဝင်မှုလုပ်ပြီးတော့ တရားဝင်တဲ့အတွက် ဒါတွေဒါတွေ လုပ်နိုင်တယ်ဆိုတာမှ မဟုတ်တာ။ သူတို့လုပ်ချင်တိုင် လုပ်တာပဲ။ အခု တရားမဝင်လည်း သိပ်မထူးဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါက NLD အပိုင်း။ ကျနော် သိချင်တာက ဆရာတို့ ပြည်ပအခြေစိုက်တဲ့ အစိုးရဖိနှိပ် ချုပ်ချယ်မှုအောက်က လွတ်မြောက်နေတဲ့ အဖွဲ့အစည်းတွေ၊ လွတ်မြောက်နယ်မြေလို့ သုံးကြတယ်။ ဒီအဖွဲ့အစည်းတွေက ဘာလုပ်ကြမလဲ။ ဘယ်လို ဗျူဟာရှိကြသလဲ။ ဒီရွေးကောက်ပွဲပြီးလို့ သူတို့ကတော့ နိုင်ငံတကာကို ပြောလိမ့်မယ် ဒါ constitutional govern ဖြစ်တယ်။ ပြည်သူတွေ ရွေးကောက်တယ်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ အဲဒါကို ပြည်ပအင်အားစုက ဘာလုပ်ကြမလဲ။

ဦးစိန်ဝင်း ။ ။ ကျနော်တို့က ဖော်ထုတ်ကြရမှာပေါ့။ တစ်အချက် သူတို့ညာတာကို ကျနော်တို့က ဖော်ထုတ်နိုင်တယ်။ ဖော်ထုတ်ပြီးတော့ ပြရမယ်။ ပြည်တွင်းမှာလည်း ဖော်ထုတ်မှာပါ။ ဒီအတိုင်း မနေပါဘူး။ ဥပမာဆိုရင် သူတို့ညာနေတာပဲ nuclear ambition, tunnel တွေတူးနေတာ ကြေညာတာမှ မဟုတ်တာ ပေါ်လာခဲ့တယ်။ ဘူးပေါ်လာသလို ပေါ်လာခဲ့တယ်။ ဒီအတိုင်းပဲ သူတို့ဘာလုပ်သလဲ။ အခုဆိုရင် သူတို့လုပ်ပြီး သိပ်မကြာဘူး ပေါ်လာတယ်။ သူတို့အပြောင်းအလဲတွေ reshuffle ကိစ္စတွေ။ တချို့ကို official မကြေညာသေးဘူး။ အခု သတင်းထဲမှာ ထွက်နေပြီ၊ ပေါ်နေပြီ။ ကမ္ဘာကလည်း သိနေတယ်။ အကုန်လုံးသိနေတယ်။ တခုတော့ရှိတယ် ကိုယ့်ရဲ့ self-interest နဲ့ လိုက်ပြီး ဖေးဖေးမမလုပ်နေတဲ့ နိုင်ငံတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒါကလည်း မတတ်နိုင်ဘူးပေါ့။ ဒါတွေကတော့ အမြဲတမ်းလုပ်နေမှာပေါ့။ ကျန်တာတော့ ကျနော်တို့ ဖော်ထုတ်လို့ရတယ်။ ကျန်တဲ့နည်းနဲ့ ပံ့ပိုးလို့ရတယ်။ ပြည်တွင်းကလှုပ်ရှားနေတဲ့လူတွေကို ကျနော်တို့ လုပ်စရာရှိတာတော့ ဆက်လုပ်မှာပေါ့။

ဦးကျော်ဇံသာ ။ ။ အခု ဖွဲ့စည်းခဲ့ကတည်းက ဘယ်လောက်အထိ ရှေ့ကို တိုးတက်ခဲ့တယ်လို့ ဆရာတို့ပြန်ပြောင်းသုံးသပ်ရင်ပေါ့။

ဦးစိန်ဝင်း ။ ။ ဘယ်ဖွဲ့စည်းခဲ့တာလဲ။

ဦးကျော်ဇံသာ ။ ။ ၈၈ နောက်ပိုင်းမှာ ပြည်ပအခြေစိုက်တဲ့ ဒီမိုကရေစီအင်အားစုတွေ ပေါ်ပေါက်လာတာ။ ဖွဲ့စည်းခဲ့ကြတာ။

ဦးစိန်ဝင်း ။ ။ ကျနော် အခုနပြောသလို - စိတ်တိုင်းကြတော့ မဟုတ်ဘူးပေါ့။ ကျနော်တယောက်တည်း မဟုတ်ဘူး။ ဒီအပြင်လူတွေလည်း အားမလိုအားမရတွေ အများကြီးရှိမှာပေါ့။ မင်းတို့ ဒီထက်မက လုပ်နိုင်ရမှာပေါ့။ ဆယ်ဆတောင်မက လုပ်နိုင်ရမှာပေါ့။ ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံတွေမှာ ဘယ်လိုလုပ်သွားတယ်ဆိုတာတွေတော့ ပြောကြမှာပေါ့။ တဖက်ကလည်း လွယ်လွယ်ကူကူနဲ့ မရဘူးဆိုတာလည်း သဓကတွေ အများကြီးရှိတယ်။ ပြည်ပမှာလည်း ခက်ခဲမှုတွေ အများကြီးရှိတယ်ဆိုတာလည်း လူတိုင်းသိနေတယ်။ ကျနော်ပြောပြမယ် - ဟိုအရင်တုန်းက Democratic Voice of Burma ဆိုတာမရှိဘူး၊ BBC, VOA ရှိတယ်။ နောက်ပိုင်းမှာ RFA ရောက်လာတယ်။ Democratic Voice of Burma ကို ကျနော်တို့ စခဲ့တယ်။ ဒီ DVB ကပဲ ပြည်တွင်းက ကိစ္စတွေကို ဖော်ထုတ်တာ အားလုံးအသိ - နျူကလီးယားကိစ္စ၊ သံဃာကိစ္စတွေ အားလုံးကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီလို ဖော်ထုတ်နိုင်တယ်ဆိုတာ ပြည်ပမှာလုပ်နေတဲ့လူတွေ တိုးတက်မှုရှိလို့ ဖော်ထုတ်နိုင်တာပေါ့။ ပြည်တွင်းကလည်း စွန့်စားမှုနဲ့ ရှင်းရှင်းပြောရရင် သတင်းပေးလို့ ဖော်ထုတ်နိုင်တာပေါ့။ ဒါက သတင်းပေးနဲ့ ဖော်ထုတ်ရုံပဲ။ ကျန်တာဆိုရင် ကျနော်တို့ ထွက်လာခဲ့တဲ့အချိန် တခြားအဖွဲ့တွေလည်းပါတယ်။ ကျနော်တို့တယောက်တည်းလုပ်တာ မဟုတ်ပါဘူး။ တယောက်တည်း credit မယူချင်ဘူး။ သို့သော်လည်း ကျနော်တို့ စထွက်လာတုန်းက sanction ဆိုတာ မသိဘူး၊ မကြားဘူးကြဘူး။ အခုဆိုရင် အထူးသဖြင့်တော့ US မှာ ပိုလုပ်ရမယ်။ အဲဒီလို တိုးတက်မှုတွေတော့ ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ ရှေ့ကို ဒီလိုရပ်တည်ပြီးတော့ ဒီနှုန်းနဲ့ပဲ လှုပ်ရှားမလား။ သို့မဟုတ် မြန်မာနိုင်ငံအတွင်းမှာ အစိုးရက ပုံသဏ္ဍာန်တမျိုး ဖွဲ့လိုက်လို့ ဗျူဟာပြောင်းပြီး လှုပ်ရှားဖို့ အစီအစဉ်များ ရှိပါသလား။

ဦးစိန်ဝင်း ။ ။ ဗျူဟာတော့ မပြောင်းဘူး။ သူတို့လည်း ဗျူဟာတော့ ပြောင်းတာမဟုတ်ဘူး။ သူတို့လည်း လိမ်နေတာ။ ကျနော်တို့ကလည်း တိုက်ပွဲကို ဆက်တိုက်မယ်။ ဒါ ပိုတောင် ပြတ်သားသွားတယ်လို့ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းကရော သူတို့လှည့်ကွက်ထဲမှာ ပါသွားနိုင်မလား။ ဆရာတို့က ဒါကို တည်မတ်ပြီးတော့ ထိန်းသိမ်းသွားနိုင်မယ့် အခြေအနေ ရှိပါသလား။

ဦးစိန်ဝင်း ။ ။ လှည့်ကွက်ထဲမှာ ပိုပါဖို့တော့ မဟုတ်ဘူး။ နဂိုတည်းက ပါချင်တဲ့သူတွေကတော့ ပါသွားမယ်။ ဘယ်သူဆိုတာ ကျနော်တို့ အားလုံးသိနေတယ်။ ထိန်းသိမ်းဖို့ကတော့ လိုတာပေါ့။ ဒါကြောင့်မို့ လူတိုင်းလူတိုင်းက အားသွန်းခွန်စိုက် အလုပ်လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ကျနော်တို့ နိုင်ငံအတွက် ဘယ်သူမှလုပ်ပေးမှာ မဟုတ်ဘူး။

XS
SM
MD
LG