သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေသတင်းထောက် မြန်မာပြည်သွား တောလား


ဗွီအိုအေသတင်းထောက် မြန်မာပြည်သွား တောလား
ဗွီအိုအေသတင်းထောက် မြန်မာပြည်သွား တောလား

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာက မြန်မာနိုင်ငံကို သွားရောက်သတင်းယူခွင့် ရယူနိုင်ခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းကို သူတွေ့ကြုံမြင်တွေ့၊ ကြားသိခဲ့ရတာတွေကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းခင်ဗျား- မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့တယ် ဆိုတော့ ကျနော်တို့ သတင်းသမားတွေအတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေး ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ တိုးတက်မှု အရိပ်အရောင်ကို တွေ့နေရတယ်လို့ ပြောနေကြတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ အပြင်က ကြားသိရတာကတော့ သတင်းလွတ်လပ်ခွင့်တွေ ပေးတယ်။ ဒေါ်ခင်စိုးဝင်းကို ဖိတ်တာကို ကြည့်လိုက်ရင် သတင်းလွတ်လပ်ခွင့်အတွက် ရှေ့ပြေးပဲ ကောင်းတဲ့နိမိတ် အလားအလာတခုလို့ လူတွေက ဆိုနေကြပါတယ်။ ဒေါ်ခင်စိုးဝင်းရဲ့ မျက်မြင်ကိုယ်တွေ့ တိုးတက်မှု အရိပ်အရောင်တွေ ဘာတွေတွေ့ခဲ့ရသလဲ ဆိုတာကို ပြောပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမကို ပြည်ဝင်ခွင့်ဗီဇာပေးလိုက်တာကတော့ ကျမအထင်မှာ ပြောရရင်တော့ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell ခရီးစဉ်အတွင်းမှာ ဗွီအိုအေသတင်းဌာနက သတင်းထောက် တဦးကို ပြည်ဝင်ခွင့်ဗီဇာ ပေးခြင်းအားဖြင့် မြန်မာပြည်မှာတော့ သတင်း လွတ်လပ်ခွင့်တွေ ပေးလိုက်ပါပြီဆိုတာကို အမေရိကန် အထူး ကိုယ်စားလှယ်ကို သူတို့ သတင်းစကား ပါးချင်တဲ့အနေနဲ့ ပေးလိုက်တယ်လို့ ကျမမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တခြား သတင်းဌာနတွေကိုလည်း ဒေါ်ခင်စိုးဝင်းနဲ့အတူ မပေးဘူးလား။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ သိရသလောက်တော့ Derek Mitchell ခရီးစဉ်မှာ ကျမတယောက်ကိုပဲ သတင်းထောက် အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ ပေးတယ်လို့ သိရပါတယ်။ တခြား သတင်းဌာနတွေကို ပေးတယ်လို့ မကြားမိပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လက်တွေ့ တွေ့ခဲ့ရတာကို ဆက်ပြောပါအုံး။

ဒေါ်ခင်စိုးဝင်း ။ ။ သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးတယ်ဆိုတဲ့နေရာမှာ ကျမအမြင်မှာတော့ ပြည်တွင်း မီဒီယာ တွေ၊ ပြည်တွင်းသတင်းဂျာနယ်တွေမှာတော့ နည်းနည်းပါးပါး အထိုက်အလျောက် လွတ်လပ်ခွင့်ရှိတာကို တွေ့ရပါတယ်။ ကျမတို့ အရင်တုန်းကမတွေ့ရတဲ့ ဂျာနယ်တွေ ထွက်ပေါ်လာတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် သတင်းတွေ ဖော်ပြခွင့်ရတယ်။

ဒါပေမဲ့လို့ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိဘူး၊ ရှိတယ် ဆိုတာကို ကျမအနေနဲ့ အကဲဖြတ် ပြောရမယ် ဆိုရင်တော့ ဥပမာ ကျမကို မီဒီယာ သတင်းယူခွင့်ပြုတယ်ဆိုပြီး တရားဝင် စာရွက်စာတမ်းနဲ့ ကျမကို ခွင့်ပြုထားတာပါ။ ဒါပေမဲ့ ကျမ တကယ်တမ်း သတင်းသွားယူတဲ့အခါမှာ ဥပမာ လေဆိပ်မှာ Derek Mitchell ပြန်မယ့်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ လုပ်တဲ့အခါမှာ ကျမလည်း stand-up အပြင်ကနေ ရုပ်မြင်သံကြားအတွက် သတင်းရိုက်ချင်လို့ဆိုပြီး လေဆိပ်အပြင်ထွက်ပြီးတော့ သတင်းရိုက်ဖို့အတွက် လုပ်ပါတယ်။ အဲဒီအခါမှာ ကျမတို့ကို လုံခြုံရေးက လာပြီးတော့ ဒီနေရာမှာ မရိုက်ရဘူးလို့ လာပြောပါတယ်။

ကျမတို့က MRTV-4 ကလည်း ဒီနေရာလေးမှာ ရိုက်သွားတယ်။ ကျမတို့လည်း ဒီနေရာလေးက အကွက်အကွင်း ကောင်းလို့ ရိုက်ပါရစေလို့ ပြောတော့ သူတို့က ဒီမှာရိုက်ခွင့်မရှိပါဘူး၊ လုံခြုံရေးအရ နှင်ထုတ်တာတွေ ရှိပါတယ်။ အဲဒီတော့ အထက်ကနေ သတင်းလွတ်လပ်ခွင့် ရှိတယ်လို့ ပေးလိုက်ပေမဲ့ အောက်ခြေကလူတွေ နားမလည်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဆင့်ဆင့် coordination, cooperation ပူးပေါင်း ဆောင်ရွက်မှုနဲ့ ညှိနှိုင်းမှုမှာ အားနည်းနေသေးတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ သတင်းလွတ်လပ်ခွင့် ဆိုတဲ့နေရာမှာ အစိုးရကို ဝေဖန်တဲ့ သတင်းမျိုးတွေ ပြည်တွင်း မီဒီယာတွေမှာ ရေးသားခွင့်ရတာကို တွေ့ခဲ့ရပါသလား။

ဒေါ်ခင်စိုးဝင်း ။ ။ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ သတင်း တခုပဲ တွေ့ခဲ့တယ်။ အဲဒါကတော့ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး စွမ်းအင်ဝန်ကြီး ပြောဆိုချက်ကို ဝိုင်းဝေဖန်ကြတဲ့ စာလေးကို ထည့်ထားတာ တွေ့ရတော့ ဒါက အထိုက်အလျောက် လျော့သွားပြီလို့ ပြောနိုင်ပါတယ်။ ဒါက နမူနာတခုပေါ့။ အဲဒါလေးတော့ ပြောနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက သတင်းလွတ်လပ်ခွင့်အပိုင်းပေါ့။ ကျန်တဲ့ စီးပွားရေးလိုင်းကို ကြည့်ရအောင်ပါ။ ပထမဦးဆုံး အဆောက်အအုံတွေက ဘယ်လိုပြောင်းလဲ တိုးတက်နေပါသလဲ။ ရန်ကုန်မြို့ကြီးက စည်စည်ကားကား၊ သန့်သန့်ရှင်းရှင်း ဖြစ်နေပါသလား။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမကတော့ အမေရိက က လာလို့လား၊ နိုင်ငံခြားမှာ အနေကြာလို့လားတော့ မပြောတတ်ဘူး။ ရန်ကုန်မြို့ကြီးကို ကြည့်ရတာ အတော်ကြီးကို ဘယ်လိုခေါ်မလဲ-လမ်းတွေကလည်း တော်တော်ဆိုးပါတယ်။ နောက်ပြီးတော့ အနံ့အသက်တွေကလည်း အတော်ဆိုးပါတယ်။ ရန်ကုန်မြို့ကြီးက သန့်ရှင်းရေးလုပ်ဖို့ တော်တော်လေး လိုအပ်နေတယ်လို့ ထင်ပါတယ်။ နောက် လေထုညစ်ညမ်းမှုကလည်း တော်တော်လေး များပါတယ်။ မော်တော်ကားတွေကလည်း တော်တော်လေး စုတ်ပြတ်တဲ့ အတွက်ကြောင့် မော်တော်ကားက ထွက်လာတဲ့ အငွေ့တွေ၊ လူတွေကို ကြည့်ရတာလည်း တော်တော်များများ ကျမအမြင်မှာ ညှိုးနွမ်းပြီး နွမ်းနယ်မွန်းကြပ်နေတယ်လို့ ခံစားရပါတယ်။

နောက် ဆင်းရဲချမ်းသာ ကွာခြားမှုကလည်း အရမ်းကို များလွန်း အားကြီးပါတယ်။ ချမ်းသာတဲ့လူတွေက မတရားချမ်းသာပြီး၊ ဆင်းရဲတဲ့လူတွေက ကုန်းကောက်စရာ မရှိလောက်အောင် ဖြစ်နေတယ်လို့ ကျမစိတ်ထဲမှာ ခံစားရပါတယ်။

ဦးကျော်ဇံသာ ။ ။ နေပြည်တော်ကြတော့ကော။ ရန်ကုန်နဲ့ ယှဉ်ကြည့်ရင်။

ဒေါ်ခင်စိုးဝင်း ။ ။ နေပြည်တော်ကျတော့ ရယ်စရာပဲ ပြောရမလား မသိဘူး။ လူမရှိတဲ့ နေရာမှာ။ လူလည်းမရှိဘူး၊ ကားလမ်းမရှိတဲ့ နေရာမှာ ကားလမ်းမကြီးက တခါမှ ကျမတသက်နဲ့တကိုယ် မမြင်ဖူးပါဘူး။ တဘက်ကို ၈ လမ်း သွား ဆိုတော့ ၁၆ လမ်းသွား လမ်းမကြီးက ဖြူးနေအောင် လုပ်ထားတာပါ။ လေယာဉ်ပျံတောင် ဆင်းလို့ရတဲ့ လမ်းမကြီးတွေပါ။ အဲဒီမှာ လူတယောက်မှလည်း မရှိဘူး။

လမ်းဘေးပလက်ဖောင်းတွေကလည်း တော်တော်ကြီးကို ကောင်းပါတယ်။ အဲဒီ ပလက်ဖောင်းမှာ လူတယောက်မှ မရှိဘူး။ ကျမ အဲဒီ ပလက်ဖောင်း၊ လမ်းမကြီးတွေကို ရန်ကုန်မြို့ကို ယူပြီးသွားချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့ကလူတွေ ကြည့်ရတာ တော်တော်ကြီးကို လိုအပ်နေတယ်။ အဲဒီပစ္စည်းတွေကို။

နောက် မီးတွေ၊ ရေတွေ ကောင်းတာအစ၊ အင်တာနက် အဆက်အသွယ် အကုန်လုံး ရန်ကုန်မြို့မှာ မရတဲ့ ဟာတွေ အကုန်လုံး facilities တွေ အခွင့်အရေးတွေ အကုန်လုံး။ အကုန်လုံးက နေပြည်တော်မှာ ရနေတယ် ဆိုတော့ နေပြည်တော်မှာက လူမရှိဘူး။ လူမရှိ သလောက်ပဲ။ မြင်ကိုမမြင်ရသလောက်ပဲ။ လူဆိုလို့ မမြင်ရသလောက်ပဲ။ ကားလည်း မရှိသလောက်ပဲ။ လွှတ်တော်အမတ်တွေနဲ့ ဝန်ကြီးတွေလောက်ပဲ နေတယ်ထင်ပါတယ်။ ရန်ကုန်မြို့ကြီး ကတော့ တော်တော်ကြီးကို စုတ်ပြတ်နေတယ်လို့ ကျမထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နေပြည်တော်ဆိုလို့ မြန်မာနိုင်ငံအစိုးရက ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ လုပ်မယ်ဆိုတော့ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ နေပြည်တော်မှာ လက်ခံကျင်းပရမှာပေါ့။ အကယ်၍ လုပ်ဖြစ်တယ်ဆိုရင်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမလည်း အဲဒီလိုပဲ မြင်ပါတယ်။ သူတို့ တော်တော်လေး ပြင်ဆင်ထားပါတယ်။ Logistically အရ အပြင်ဘက်က ဥပမာအားဖြင့် အာဆီယံခေါင်းဆောင်တွေ လာလို့ရှိရင် နေဖို့အိမ်ကအစ အဆင်သင့်။ ဆယ်နိုင်ငံက ခေါင်းဆောင်တွေနေဖို့ ဟိုတယ်တိုင်းမှာ အိမ်အကြီးတွေ ဆောက်ထားတာကို တွေ့ရပါတယ်။ ကျမမေးကြည့်တယ် - အဲဒီ အိမ်အကြီးကြီးတွေက ဘာလုပ်တာလဲဆိုတော့ ‘နိုင်ငံခေါင်းဆောင်တွေ လာလို့ရှိရင် တည်းဖို့အတွက်ကို ဟိုတယ်တိုင်းမှာ ဆောက်ထားတာ ရှိတယ်လို့ ပြောပါတယ်။’

ကျမတည်းတဲ့ ဟိုတယ်မှာလည်း အဲဒီ အိမ်အမျိုးအစား အိမ်အကြီးကြီး တလုံး တွေ့ပါတယ်။ အဲဒါလည်း ရေ၊ မီး အပြည့်အစုံနဲ့ နိုင်ငံခေါင်းဆောင်တယောက် နေလို့ရအောင် ဆောက်ထားတာ။ သားသားနားနား ဆောက်ထားတာကို တွေ့ခဲ့ရပါတယ်။ တခုပဲ သတင်းမီဒီယာနဲ့ ပတ်သက်လို့ ဒီလိုမျိုး ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လုပ်မယ်ဆိုလို့ရှိရင် သူတို့ သတင်းမီဒီယာအဖွဲ့ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို တော်တော်လေး သိချင်နေပါတယ်။

ကျမတို့ ဒီတခေါက်သွားတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပဖို့ ဖိတ်လိုက်တဲ့အခါမှာ ကျမ အပါအဝင် ပြည်ပသတင်းဌာနက အားလုံး ၆ ယောက်လောက်ပဲ ရှိပါတယ်။ ဒီ ၆ ယောက်လောက်ကို သူတို့ မကိုင်တွယ်တတ်ပါဘူး။ ဘယ်လိုကိုင်တွယ်ရမှန်းလည်း မသိဘူး။ ၆ ယောက်လောက်ကို ဘယ်နေရာမှာ ထားရမှန်းမသိတော့ ၂၀၁၄ မှာ ထောင်နဲ့ချီပြီးလာမယ့် သတင်းယူမယ့်၊ သတင်းမီဒီယာအဖွဲ့ကို သူတို့ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းလေးတခု ကျမ သိပ်သိချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဆီယံဥက္ကဋ္ဌရော လုပ်ဖြစ်မလား။ ဆိုတာကတော့ အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးလို့ တွက်တဲ့လူတွေ ရှိသလို၊ ဖြစ်သင့်တယ်လို့ တွက်တဲ့လူတွေလည်း ရှိတယ်ဆိုတာ အပြင်ကလည်း ကြားနေရပါတယ်။ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်နေတယ်။ ဆိုတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ခဲ့ မေးမြန်းခဲ့တယ်ဆိုတော့ သူတို့ရဲ့ သဘောထားက ဘယ်လိုမြင်ပါသလဲ။ တိုင်းပြည်က တကယ်ပဲ ပွင့်လင်းတော့မယ်လို့ မြင်နေပါသလား။ အပြောင်းအလဲ တကယ်ကြုံရတော့မယ်လို့ မျှော်လင့်နေပါသလား။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံရေးသမားတိုင်းလည်း အကုန်လုံးကတော့ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေတာ မဟုတ်ဘူး။ ကျမ အများစုနဲ့ စကားပြောကြည့်တဲ့ အခါကျတော့ အများစုကတော့ အပြောင်းအလဲ နည်းနည်းတော့ လမ်းစပေါ်လာပြီ။ တံခါးလေး နည်းနည်းပွင့်လာပြီ။ ဟတယ်ဆိုရုံပေါ့။ လုံးဝတော့ မပွင့်သေးဘူး။ ဟတယ်ဆိုရုံ ရောင်ခြည်လေးက ဝင်လာပြီလို့ အများစုက ပြောကြပါတယ်။ ဒါပေမဲ့ အရင်တုန်းကလည်း ခဏခဏ ဖြစ်ခဲ့ဖူးတော့ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ သူတို့တတွေအားလုံးက ပြန်ပိတ်သွားလေမလား ဆိုပြီး မချင့်မရဲ ဖြစ်နေတဲ့လူတွေ အများကြီးရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့ရော - အခုအခါမှာ မြန်မာနိုင်ငံမှာ စီးပွားရေး ပိုမို ပွင့်လင်းလာတယ်။ ဒီနေ့ပဲ ဟိုမှာ ကားအဟောင်းတွေကို သူတို့ ပြန်လက်ခံတယ်။ နောက် နိုင်ငံခြားငွေ စုဆောင်းထားနိုင်တဲ့ လူတွေကို ကားသွင်းခွင့်ပေးမယ်။ ဒေါ်လာဈေးလည်း နည်းနည်းလေး တက်ရိပ် ပြလာတယ်လို့ ကြားရပါတယ်။ ဒေါ်ခင်စိုးဝင်း သွားတုန်းကရော စီးပွားရေးအလားအလာ ဘယ်လိုမြင်ခဲ့ပါသလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒါကိုလည်း ကျမပြောပြပါမယ်။ ဒီလိုရှိပါတယ်။ အခု ဧရာဝတီမြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ဝိုင်းဝေဖန်နေကြတဲ့အခါမှာ ဧရာဝတီမြစ်ဆုံကိစ္စကို လမ်းကြောင်းလွှဲ အာရုံပြောင်းတဲ့အနေနဲ့ ဒီကားကိစ္စကို လုပ်တယ်ဆိုပြီးတော့ တချို့ဝေဖန်သံတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပါတယ်။ လူတွေက ကားကိစ္စလို့ ပြောလိုက်တဲ့အခါမှာ ဧရာဝတီမြစ်ဆုံကိစ္စ နည်းနည်းလေးများ အသံစဲသွားမလား ဆိုပြီးတော့ အာရုံလွှဲတယ် ဆိုပြီး တော်တော်များများ ပြောကြပါတယ်။ ကားပွဲစားတချို့နဲ့လည်း စကားပြောဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က ဒီကိစ္စကတော့ အာရုံလွှဲတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောကြတယ်။ ရန်ကုန်မြို့ရဲ့ ကားသွင်းတဲ့ ပါမစ်ကိစ္စတို့ ဘာတို့ ရှိသမျှ ကိစ္စတွေ အကုန်လုံးက အရင်တုန်းက လူတယောက်က လက်ဝါးကြီးအုပ်ထားပြီ၊ ကားပါမစ်တွေကို ကိုင်ထားတဲ့ အတွက်ကြောင့် ဒီလိုမျိုး ကားတွေက စုတ်ပြတ်ပြီး ကားအသစ်တွေ သွင်းလို့မရ ဖြစ်ခဲ့တယ်။ အခုကြမှ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး အာရုံလွှဲရအောင် လုပ်တယ်ဆိုပြီး ပြောနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ မြစ်ဆုံဆိုလို့ မြစ်ဆုံကိစ္စကို ဒီက အစီအစဉ်တွေ လုပ်တယ်။ သောတရှင်တွေ ပါဝင် ဆွေးနွေးကြတယ်။ သူတို့တွေက ကန့်ကွက်တဲ့လူတွေ များပါတယ်။ ဒေါ်ခင်စိုးဝင်း တွေ့ခဲ့ရတဲ့ လူတွေအထဲမှာ မြစ်ဆုံစီမံကိန်းက ကောင်းတယ်။ လျှပ်စစ်မီး ထိန်ထိန်လင်းတော့မှာ ဖြစ်တယ်။ နိုင်ငံခြားငွေလည်း ရတော့မှာ ဖြစ်တယ် ဆိုပြီး ကြိုဆိုတဲ့လူများ တွေ့ခဲ့မိပါသလား။

ဒေါ်ခင်စိုးဝင်း ။ ။ အင်မတန် ထူးဆန်းပါတယ်။ ဒီမိုကရေစီနေ့ ပြီးတဲ့အခါမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့နေရာမှာ ကော်မတီအသီးသီးက ကိုယ်စားလှယ်ကြီးတွေက ဖြေပါတယ်။ ၁၂ ဦးက - အဲဒီအထဲမှာ ကချင်ပြည်နယ် အမျိုးသမီးကိုယ်စားလှယ် တဦးပါပါတယ်။ နာမည်တော့ မမှတ်မိတော့ပါဘူး။ အဲဒီ ကချင်အမျိုးသမီး လွှတ်တော် အမတ်က ပြောပါတယ်။ သူတို့ ကချင်လူမျိုးတွေလောက် ဒီ မြစ်ကြီးနား ဒေသခံတွေလောက် မြစ်ဆုံကို ချစ်တဲ့လူ မရှိပါဘူး။ ဒါပေမဲ့ ဒီ မြစ်ဆုံ စီမံကိန်းကြီးက မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေ သယ်ပိုးပေးမယ်ဆိုရင် သူတို့ အနစ်နာခံဖို့ ဝန်မလေးပါဘူးဆိုပြီး အဲဒီ ကချင်ကိုယ်စားလှယ်က ပြောသွားတာကို ကြားလိုက်ရပါတယ်။ အင်မတန်မှ ထူးဆန်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ စီမံကိန်းကို လိုလားကြိုဆိုတဲ့လူတွေ မတွေ့ခဲ့ဘူးလား။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ အများကြီး တွေ့ခဲ့ပါတယ်။ တွေ့တဲ့လူတိုင်းမှာ ထောက်ခံတဲ့လူဆိုလို့ ဗိုလ်ချုပ်ဌေးဦး တယောက်ပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဝန်ကြီးဦးဇော်မင်းလည်း ထောက်ခံမယ် ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဝန်ကြီးဦးဇော်မင်းကတော့ ကိုယ်တိုင် မတွေ့ခဲ့ရလို့ပါ။ ဦးဌေးဦးကတော့ ကျမတို့ သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင်ကျင်းပတဲ့ အတွက်ကြောင့်မို့ သူကတော့ နိုင်ငံကောင်းကျိုးအတွက်ဆိုရင် ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတခု သဘောမျိုးနဲ့ ပြောပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောက ပြောတဲ့အထဲမှာ အာဏာပိုင် အဖွဲ့အစည်းတွေထဲမှာ အပြောင်းအလဲကို လိုလားတဲ့လူ ရှိသလို အပြောင်းအလဲကို မလိုလားတဲ့လူတွေလည်း သတိထားမိတယ်လို့ ဆိုပါတယ်။ အဲဒီ နှစ်မျိုးကို ခွဲပြောပါ။ ဘယ်သူတွေက အပြောင်းအလဲကို မလိုလားတာလဲ။ ဘာကြောင့်လဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အပြောင်းအလဲကို မလိုလားဘူးဆိုတာထက် သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လွှတ်တော်နှစ်ရပ် ရှိပါတယ်။ လွှတ်တော်နှစ်ရပ်မှာ အဲဒီနေ့က ပြည်သူ့လွှတ်တော်အပိုင်းနဲ့ အမျိုးသားလွှတ်တော် အပိုင်း နှစ်ပိုင်း ရှိပါတယ်။ ပြည်သူ့လွှတ်တော်အပိုင်းက ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းက သတင်းမီဒီယာတွေနဲ့ တွေ့တဲ့အခါကျရင် လွတ်လွတ်လပ်လပ် ပြောဖို့။ နိုင်ငံတကာ ဒီမိုကရေစီနေ့ မတိုင်ခင် တစ်ရက်မှာ လွှတ်တော်ကိုယ်စားလှယ်၊ အမတ်တွေကို ရှင်းလင်းပြောကြားပါတယ်။

သူကနေ မနက်ဖြန်ကျရင် ခင်ဗျားတို့ မီဒီယာတွေနဲ့ တွေ့မယ်။ ပြည်ပသတင်းဌာနတွေ လာမယ်။ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်။ ပြောချင်တာတွေ ရင်ထဲက ရှိတာတွေ အကုန်ပြောလို့ရတယ်လို့ ခွင့်ပေးလိုက်ပါတယ်။ ခွင့်ပေးပြီး နောက်တရက် ကျမတို့ ရောက်တဲ့နေ့မှာ ကြိုက်တဲ့လူကို မေးလို့ရတယ်ဆိုပြီး အကုန်လုံးက လွတ်လွတ်လပ်လပ်ပါပဲ။ ဒါပေမဲ့ အမျိုးသားလွှတ်တော်မှာတော့ ဓာတ်ပုံတော့ ရိုက်ခွင့်ရှိတယ်။ ဗွီဒီယို ရိုက်ခွင့်ရှိတယ်။ မမေးရဘူးဆိုပြီး တားမြစ်တာတွေ ရှိပါတယ်။ အဲဒါမျိုး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် လွှတ်တော်အတွင်းမှာပဲ နှစ်ခုက မတူပါဘူး။ ဒါကတော့ သတင်းမီဒီယာနဲ့ ပတ်သက်တာပေါ့။

တခြား အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သဘောကွဲလွဲတာတွေ ရှိတယ်ဆိုတာကိုလည်း ကြားခဲ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ လူထုရဲ့ ညဉ်းတွားသံတွေ မြန်မာနိုင်ငံမှာ ကြားရပါတယ်။ ကျနော် သွားတုန်းကလည်း - အခု ဒေါ်ခင်စိုးဝင်း လူထုဆီက ကြားသိခဲ့ရတဲ့ ညဉ်းတွားသံထဲမှာ အပြင်းထန်ဆုံးက ဘယ်အသံလဲ။ ကုန်ဈေးနှုန်း တက်တဲ့ဟာလား။ လွတ်လပ်မှု မရှိတာလား။ အဲဒါမျိုးတွေ။

ဒေါ်ခင်စိုးဝင်း ။ ။ ကုန်ဈေးနှုန်းတက်တာကို သူတို့ ခါးစည်းပြီး ခံနေကြပါတယ်။ ဒါပေမဲ့ လွတ်လပ်မှု မရှိတာကတော့ နံပါတ်တစ်ပါပဲ။ ဥပမာ ကျမအသိတွေ၊ ဆွေမျိုးသားချင်းတွေ လာပြီး တွေ့ချင်ကြတယ်။ ဝန်ထမ်းဖြစ်နေတဲ့ လူတွေဆိုရင် တယ်လီဖုန်းနဲ့ပဲ နှုတ်ဆက်ရဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမတွေ့ရဲဘူး။ ဗွီအိုအေကဆိုတော့ ဓာတ်ပုံအရိုက်ခံရမှာ ကြောက်တယ်ဆိုပြီး ပြောပါတယ်။

ကြောက်လည်းကြောက်လောက်ပါတယ်။ ကျမ ဟိုတယ်အောက်မှာ ဓာတ်ပုံစောင့်ရိုက်နေသူတွေ ရှိနေတယ်။ ဆိုတော့ လွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ ဒါက အသေးအဖွဲပါ။ တခြား လုပ်လို့မရတဲ့ အခြေခံ လူ့အခွင့်အရေးတွေ ရှိသေးတာကတော့ အမှန်ပါ။ နောက်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုကတော့ နစ်နာနေပြီဆိုပြီး များသောအားဖြင့် ပြောကြတယ်။ ဒါပေမဲ့ ပြည်သူလူထုက ဘာပြောသလဲဆိုတော့ စီးပွားရေးပိတ်ဆို့တာ ပြည်သူလူထု မနစ်နာဘူး။ သူတို့ပဲ နစ်နာတာ။ စီးပွားရေးကို ဖွင့်ပေးလိုက်ရင် ပြည်သူလူထု ခံစားရမှာ မဟုတ်ဘူး။ သူတို့နဲ့ ပလဲနံပတ်တဲ့ လက်တဆုပ်စာ လူတန်းစားပဲ ကောင်းစားမှာတဲ့။ သူတို့နဲ့ ပလဲနံပတ်သင့်တဲ့ လူကပဲ လုပ်ပိုင်ခွင့်တွေရှိတယ်။ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ရှိတယ်။ အကုန်လုံး အခွင့်အရေး မှန်သမျှက အစိုးရနဲ့ ပလဲနံပတ်သင့်တဲ့ လူတွေသာ လုပ်လို့ရတဲ့ စနစ်ဖြစ်နေတယ်။ အဲဒီစနစ်က ဒီကနေ့အထိ မပျောက်သေးပါဘူးတဲ့။ နောက် စီးပွားရေးတွေ ပိတ်ဆို့မှုတွေ ဖွင့်လိုက်လည်း ပျောက်လာမှာ မဟုတ်ဘူးလို့ လူထုက ညဉ်းတွားနေကြတာပါ။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ အပြောင်းအလဲ လမ်းစတွေဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို လိုချင်လို့။ Derek Mitchell စတဲ့ နိုင်ငံခြား သံတမန်တွေရှေ့မှာ။ နိုင်ငံတကာရှေ့မှာ မျက်နှာပန်းလှချင်လို့ ဖွင့်ပေးတယ်။ ဖွင့်ပေးတဲ့ ပုံစံမျိုး လုပ်ပြတယ်ဆိုပေမဲ့လည်း စနစ်တရပ်ဟာ ဘာကြောင့်ပဲလုပ်လုပ် အပြောင်းအလဲတရပ်ကို စတင်ပြီးရင် တကယ်လို့ အဲဒီအပြာင်းအလဲရဲ့ ကောင်းကျိုး၊ အကျိုးအမြတ်တွေကို ပိတ်ဆို့ထားတဲ့ လူတွေ ကိုယ်တိုင် နားလည် သဘောပေါက်ခဲ့ရင် ရရှိထားတဲ့ တိုးတက်မှုတွေကို ပစ်ပယ်ပြီး မူလနေရာဟောင်းကို ပြန်သွားတတ်ပါသလားဆိုတာကို နောက်တကြိမ်မှာ ဆက်လက်ဆွေးနွေးပါမယ်။

XS
SM
MD
LG