သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်လွှတ်တော် ဥပဒေပြု အုပ်ချုပ်ရေးဆိုင်ရာ သိကောင်းစရာ


အစိုးရသစ်လွှတ်တော် ဥပဒေပြု အုပ်ချုပ်ရေးဆိုင်ရာ သိကောင်းစရာ
အစိုးရသစ်လွှတ်တော် ဥပဒေပြု အုပ်ချုပ်ရေးဆိုင်ရာ သိကောင်းစရာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဗဟိုအဆင့်မှာ ဥပဒေပြုလွှတ်တော်ဟာ သီးခြားဖြစ်ပေမယ့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာတော့ အုပ်ချုပ်ရေးအာဏာပိုင်နဲ့ ပူးတွဲထားတဲ့ ဝန်ကြီးချုပ်စနစ်ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောဆိုချက်ကို ပိုမိုသိရှိနိုင်အောင် ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ လွှတ်တော်ဆိုတာ ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလွှတ်တော်ဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် ဥပဒေပြုခွင့်ရှိသလဲ။ စီမံခန့်ခွဲတဲ့အပိုင်း၊ အုပ်ချုပ်တဲ့ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှု လွတ်ကင်းကြတာနဲ့ တိုင်းတာကြပါတယ်။ ဒီနေရာမှာ separation of power ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ဘယ်လောက်ကင်းလွတ်ခွင့် ရှိတာနဲ့ တိုင်းတာကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ လွှတ်တော်ဟာ ဘယ်လောက်အထိ ကင်းလွတ်ပါသလဲ။ အုပ်ချုပ်ရေးအာဏာပိုင်တွေ လက်အောက်က ဥပဒေပြုအာဏာဟာ လုံးဝ ကင်းလွတ်တယ် သီးခြားဖြစ်တယ်လို့ ပြောနိုင်ပါသလား။

ဦးခင်အောင်မြင့် ။ ။ ပြောနိုင်ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေပြုတဲ့အခါမှာ ဥပဒေပြုတဲ့ အမျိုးအစားတွေ အမျိုးမျိုး ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တဦးချင်းက ဥပဒေပြုချင်လို့ရှိရင် private bill တင်ရပါတယ်။ ပုဂ္ဂလိက ဥပဒေကြမ်းပေါ့။ တကယ်လို့ နိုင်ငံသားတယောက်က တင်ချင်တယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်တဦးကတဆင့် တင်ရပါတယ်။ ဒါကတမျိုးပေါ့။

နောက်တခုက ပြည်ထောင်စုအဆင့်က တင်တဲ့ကိစ္စတွေ ရှိပါတယ်။ အဲဒီမှာတော့ ဝန်ကြီးဌာနအသီးသီးက တင်ရှိတာကတော့ ဝန်ကြီးဌာနတွေက သူတို့ စီမံခန့်ခွဲတဲ့ ဘာသာရပ်အလိုက် တင်ခွင့်ရှိပါတယ်။ နောက်တခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ခွင့်ရှိတဲ့ ဥပဒေကြမ်းအမျိုးအစား (၃) မျိုး ရှိပါတယ်။ ဒီ (၃) မျိုးကတော့ budget က တခုပါ။ နောက်တခုက အမျိုးသားစီမံကိန်း ဥပဒေ။ နောက်တခုက အခွန်အကောက်ဆိုင်ရာ ဥပဒေ။ ဒီ (၃) မျိုးက ပြည်ထောင်စုအစိုးရအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော်ကို တင်ရပါတယ်။ ကျန်တာတွေကတော့ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ဝန်ကြီးဌာနအပါအဝင် တင်လို့ရှိရင် ပြည်ထောင်စုလွှတ်တော်ကို တင်တဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရဲ့ သင့်တော်ရာကို နာယက က ခွဲပြီး အဲဒီမှာ စတင် ဆွေးနွေးပါတယ်။

လွှတ်တော်တရပ်ချင်း ဆွေးနွေးပြီးတဲ့အခါမှာ အပြန်အလှန် လဲလှယ်ပြီး ဆွေးနွေးကြပါတယ်။ လွှတ်တော် (၂) ရပ်ကလည်း counter check ရှိပါတယ်။ တရပ်နဲ့တရပ် သဘောမတူတာတွေ အပြန်အလှန် ရှိပါတယ်။ ဒီ လွှတ်တော်နှစ်ရပ်လုံးက သဘောတူတယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ဖြစ်တဲ့ ဥပဒေပြုအာဏာပိုင် အမြင့်ဆုံးအဖွဲ့အစည်းက သဘောတူတယ်လို့ မှတ်ယူရပါတယ်။ တကယ်လို့ လွှတ်တော် နှစ်ရပ်က သဘောမတူဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဆက်ဆွေးနွေးပြီးတော့ ဆုံးဖြတ်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောက ပြောတဲ့အထဲမှာ budget ရသုံးခန့်မှန်းချေ စာရင်းနဲ့ ပတ်သက်တဲ့ ဥပဒေလည်းပါတယ်လို့ ဆိုပါတယ်။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်မစခင်ကမှာတင် အာဏာပိုင် အဖွဲ့အစည်းက အမိန့်နဲ့ အတည်ပြုသွားတာကို တွေ့ရပါတယ်။ အဲဒါကိုလည်း လူတချို့က ဝေဖန်ကြပါတယ်။ လွှတ်တော်ကျင်းပတော့မယ် ဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ လွှတ်တော်ကို ရှောင်သွားရသလဲ။ အဲဒါက ဘာကြောင့် ရှောင်ခဲ့ရပါသလဲ။ နောင်ကိုဆိုရင်လည်း ဒီ budget ဟာ လွှတ်တော်က အတည်ပြုမှသာလျှင် လွှတ်တော်မှာအဆိုပြု အတည်ပြုမှသာ လက်ခံမယ်ဆိုတဲ့ကိစ္စမျိုး ဖြစ်လာနိုင်မလား။

ဦးခင်အောင်မြင့် ။ ။ ခဏနေအုံး ဦးကျော်ဇံသာ။ ခင်များ အခုနတုန်းက မေးတဲ့မေးခွန်းက မပြီးသေးဘူး။ အုပ်ချုပ်မှုအဖွဲ့အစည်းနဲ့ အာဏာပိုင်အဖွဲ့အစည်းနဲ့ ဥပဒေပြုနဲ့ လွတ်ကင်းရဲလားဆိုတဲ့ ကိစ္စပေါ့။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသွားရင် ဥပဒေတရပ်ကို သမ္မတ လက်မှတ်ထိုးဖို့ ပေးပို့ရပါတယ်။ သမ္မတ လက်ခံရရှိတဲ့ နေ့ကနေပြီးတော့ (၁၄) ရက်အတွင်းမှာ လက်မှတ်ထိုးရပါတယ်။ တကယ်လို့ သဘောမတူလို့ရှိရင် သမ္မတ သဘောထားမှတ်ချက်နဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်က သမ္မတ သဘောထားမှတ်ချက်ကို သဘောမတူရင်လည်း သဘောမတူတဲ့အတိုင်း ပြန်ပို့လို့ ရပါတယ်။ သဘောတူရင်လည်း ပြင်ဆင်လို့ ရပါတယ်။ အဲဒီတော့ လွှတ်တော်က အဓိကသဘောထားပါပဲ။ အဲဒီလို ပြန်ပို့တဲ့အခါမှာ (၇) ရက်အတွင်း လက်မှတ်ထိုးရတယ်။ အဲဒီလို (၁၄) ရက်အတွင်း၊ (၇) ရက်အတွင်း လက်မှတ်မထိုးရင် လက်မှတ်ထိုးပြီးသကဲ့သို့ မှတ်ယူရမည်ဟု ပါတဲ့အတွက် ဥပဒေပြုရေးအာဏာ နဲ့ အာဏာပြုရေးအာဏာ သီးခြားလွတ်ကင်းပါတယ်။ အဲဒါ ပထမတခု။

နောက်တခု ခင်များပြောတဲ့ budget ကိစ္စ။ ပြီးခဲ့တဲ့ အစိုးရအသစ်က မတ်လ (၃၀) ရက်နေ့ ဖွဲ့စည်းနိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ budget ကြီးကအစ ဧပြီက စတာဖြစ်ပါတယ်။ အရင် အစိုးရက ဖွဲ့စည်းပုံအခြေခံရဲ့ ခွင့်ပြုချက် နောက်လာမယ့် လွှတ်တော်နဲ့ အစိုးရတွေအတွက် အစစအရာရာ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခွင့် ရှိပါတယ်။ ဒါကြောင့်မို့ အရင် အစိုးရက budget law ကို ဆွဲပေးသွားပါတယ်။ တကယ်လို့ budget law ဆွဲမပေးသွားဘူးဆိုရင် ကျနော်တို့က (၃၀) ရက်နေ့မှာ အစိုးရသစ် ဖွဲ့တယ်။ ဒီ အစိုးရအဖွဲ့ကနေ budget ဆွဲမယ်ဆိုရင် ဆိုလို့ရှိရင် လွှတ်တော်ကနေ ပြန်ဆွေးနွေးမယ်ဆိုရင် အတော် နောက်ကျသွားမယ့် အနေအထားလည်း ရှိပါတယ်။ အားလုံးလည်း အဆင်သင့်မဖြစ်တဲ့ အနေအထားလို့ ပြောလို့ရှိရင် ရပါတယ်။ နောင်နှစ်တွေဆိုရင်တော့ ဒီ budget law က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ မေးစရာရှိတာရှိရင် ဆက်မေးပါ။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေကိုယ်၌က အာဏာပိုင်အဖွဲ့အစည်းရဲ့ အင်အားနဲ့ တွန်းအားနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ဒီဟာက လူထုကို အတိအကျ ကိုယ်စားမပြုဘူးဆိုပြီး စောဒက တက်ချင်တဲ့လူတွေလည်း ရှိကြပါတယ်။ ဘာများ ပြန်ပြောချင်ပါသလဲ။

ဦးခင်အောင်မြင့် ။ ။ စောဒက တက်တယ်ဆိုတာက ကျနော်တို့ ဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို တက်ကြပါတယ်။ တက်တဲ့ကိစ္စတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပေးနေတာတွေ ရှိပါတယ်။ အဲဒီတော့ ဒါကိုကြည့်ခြင်းအားဖြင့် ဒီ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ်။ ဒါတွေက ကျနော်တို့ ပြောနေရတာထက် ဒီမှာ လက်တွေ့ လာပြီး လူထုနဲ့ တွေ့လို့ရှိရင် သိနိုင်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက လွှတ်တော်မှာ တင်သွင်းတဲ့ ဥပဒေကြမ်း bill တင်ကြမယ်ဆိုရင် လွှတ်တော်ကနေ စီစစ်ရေးကော်မတီက စီစစ်ပြီးမှ ဒါကို မေးခွန်းအဖြစ်ပြောင်းပါ။ ဘာညာ အဲဒါမျိုးတွေ ခွဲခြားစီစစ်ပေးတာရှိတယ်လို့ သိရပါတယ်။ ဘယ်လို မူနဲ့ အဲဒါကို စီစစ်တယ်ဆိုတာကို သိချင်ပါတယ်။

ဦးခင်အောင်မြင့် ။ ။ Bill မေးခွန်းအဖြစ် ပြောင်းတာမျိုး မရှိပါဘူး၊ လုံးဝမရှိပါဘူး။ ကျနော်တို့ လွှတ်တော်က မေးခွန်းရယ်၊ အဆိုရယ်၊ ဥပဒေကြမ်းရယ်ဆိုပြီး (၃) မျိုး ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် (၃) မျိုး ရှိပါတယ်။ မေးခွန်းဆိုတာကတော့ သိလိုလို့ မေးတဲ့ကိစ္စပါ။ တရားရုံးတရုံးက ဆုံးဖြတ်ခြင်း မပြုရသေးတဲ့ ကိစ္စမှအပ ကျန်တာတွေ မေးလို့ရပါတယ်။

များသောအားဖြင့် ဒီက practices တွေက လွတ်လပ်ရေးရပြီးခါစ ကျင်းပခဲ့တဲ့ ပါလီမန် ဒီမိုကရေစီ စနစ်က ပါလီမန်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက များသောအားဖြင့် သူ့ရဲ့ မဲဆန္ဒနယ်မြေရဲ့ လိုအပ်ချက်လေးတွေကို ဒီမှာ တောင်းဆိုတဲ့သဘောနဲ့ မေးတာမေးခွန်းပါပဲ။ အဲဒီတော့ အဆိုကတော့ မူဝါဒဆန်ဆန် ဖြစ်ပါတယ်။ မူဝါဒဆန်တယ်ဆိုတာ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆို ဆိုတာမျိုး ဒီလိုလေး ရှိပါတယ်။ အဲဒီတော့ ဒီ အဆိုက တခါတလေ ကိုယ်လိုလားတဲ့ ကိစ္စတခုကို တောင်းဆိုတာဆိုရင်တော့ မေးခွန်းအဖြစ် ပြောင်းရပါတယ်။ တကယ်လို့ ဒါက လိုလားချက်တခု တောင်းဆိုတာ မဟုတ်သေးဘူး။ ကျနော်တို့ဆီမှာ အလေ့အကျင့် သိပ်မရှိသေးလို့ အဲဒီလို နည်းနည်းပါးပါး လွဲတာလေးတွေရှိတယ်။ အဲဒီတော့ မူဝါဒဆိုင်ရာဆိုရင် အဆိုကို အဆိုအတိုင်း ဆောင်ရွက်ပါတယ်။

အဆိုအတိုင်းဆိုရင် လွှတ်တော်ထဲမှာ ဒါကို အဆိုတင်သွင်းခွင့် ပြုတယ်။ ဥက္ကဋ္ဌ တင်သွင်းခွင့် ပြုတယ်။ တင်သွင်းတယ်။ ထောက်ခံတဲ့လူတွေရှိရင် နောက်ရက်ကိုချိန်းပြီးတော့ ထောက်ခံဆွေးနွေးကြတယ်။ ထောက်ခံဆွေးနွေးပြီးရင် မဲခွဲဆုံးဖြတ်ကြတယ်။ အဆို အတည်ဖြစ်မဖြစ် မဲခွဲဆုံးဖြတ်ကြတယ်။ အဆိုတရပ်ကို အတည်ပြုပြီးတာနဲ့ ဒါကို ချက်ချင်း ပြည်ထောင်စုအစိုးရကို ပေးပို့ပါတယ်။ ဒါတွေက ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတွေဖြစ်တဲ့အတွက်ကြောင့် အစိုးရက ဆောင်ရွက်ဖို့၊ ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း binding တော့ မဟုတ်ပါဘူး။

နောက်တခုက အဆိုမှာမှ သိပ်အရေးကြီးတဲ့ကိစ္စ ပြည်ထောင်စုရဲ့ အကျိုးစီးပွား သို့မဟုတ် ဒေသကြီး တခုရဲ့ အကျိုးစီးပွား တခုဖြစ်တယ်ဆိုရင် မေးခွန်းကို အဆိုအဖြစ် ပြောင်းလဲလိုက်တာတွေ ရှိပါတယ်။ တလောက ချင်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက်မေးတဲ့ လမ်းကိစ္စဆိုရင် လမ်းဆို ဒီလမ်းသည် ချင်းပြည်နယ် လူထုအတွက် တခုတည်းသော အရေးကြီးတဲ့ လမ်းတခုဖြစ်တဲ့ အတွက်ကြောင့် မေးခွန်းကို အဆိုအဖြစ် ပြောင်းလိုက်တာမျိုး ရှိပါတယ်။ ဒီလို အပြန်အလှန်တော့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဥပဒေပြုရေးနဲ့ ပတ်သက်လို့ နောက်တခု မေးချင်တာကတော့ အထူးသဖြင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေက ညဉ်းတွားသံ။ လွှတ်တော်အမတ်တချို့က သူတို့ဒေသမှာ ဥပဒေပြုလွှတ်တော်ရဲ့ အဆုံးအဖြတ်က ပိုပြီးအရေးကြီးသလား။ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းရဲ့ ဆုံးဖြတ်မှုက အရေးကြီးသလား။ တပ်မတော်ရဲ့ အဆုံးအဖြတ်က အရေးကြီးသလား ဆိုတာ မပြတ်မသားဖြစ်နေတယ်လို့ ဆိုကြပါတယ်။ အဲဒီကိစ္စကို နောင်ကို ဘယ်လိုရှင်းရမလဲ။

ဦးခင်အောင်မြင့် ။ ။ ကျနော်တို့ အခြေခံဥပဒေအရ စနစ် (၂) မျိုး - နိုင်ငံတခုရဲ့ စနစ် (၂) မျိုး။ ကျနော်တို့ ဗဟိုမှာဆိုရင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးပြိး အချင်းချင်းအပြန်အလှန် ထိန်းကျောင်းတဲ့မူကို ကျင့်သုံးပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဟာ တွဲလျက်ကျင့်သုံးတာ ဖြစ်ပါတယ်။ သူတို့ဆီမှာ ဝန်ကြီးချုပ်စနစ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါကတော့ ဥပဒေပြုရေးအပိုင်း ပြီးသွားပါပြီ။ မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးဟာ အလားအလာကောင်းတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောပါတယ်။ လူတော်တော်များများလည်း လက်ခံကြပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေ၊ တချို့တွေက စောင့်ကြည့်ချင်သေးတယ်။ အပြောများပြီး လက်တွေ့က ဖြစ်မလားသေးဘူး။ လက်တွေ့ပြသဖို့ လိုသေးတယ်လို့ ပြောနေကြပါတယ်။

ဦးခင်အောင်မြင့် ။ ။ ကျနော်တို့ အမှန်အတိုင်း အရင်းအတိုင်း ပြောပါမယ်။ နိုင်ငံတကာက pleased ဖြစ်ဖို့ထက် ကိုယ့်ပြည်သူလူထုက ကျေနပ်ဖို့ လိုပါတယ်။ အဓိက ဒါပါပဲ။

ဦးကျော်ဇံသာ ။ ။ ပြည်သူလူထုကရော ကျေနပ်နေကြပြီလို့ ထင်ပါသလား။ အများစုကပေါ့။

ဦးခင်အောင်မြင့် ။ ။ ထင်တာ မဟုတ်ပါဘူး။ လာပြီး ခင်များတို့ မေးမြန်းစုံစမ်းကြည့်ရင် လူထုက တော်တော်လေး သဘောကျတဲ့ အနေအထား ရှိပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့ရဲ့ ရက်တိုတို ကာလအတွင်း ဆောင်ရွက်ချက်တွေကို။ လွှတ်တော်က ကိုယ်စားလှယ်တွေရော ပြောကြဆိုကြ။ လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုက်တယ်ဆိုရင် ပြည်သူ့အသံပါပဲ။ နယ်မြေဒေသတွေ။ ကျနော်တို့ကလည်း ပြည်သူမျှော်လင့်ချက်။ လွှတ်တော်က ဖော်ဆောင်တဲ့အတွက်။ အသံဗလံအားလုံးကို နားထောင်ပါတယ်။ ဒီလို နားထောင်တဲ့အခါမှာ ကျနော်တို့က လွှတ်တော်ထဲ ရောက်မလာတဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေ အသံဗလံ တွေကိုလည်း နားထောင်ပါတယ်။ ဒီအားလုံးလောက် နီးပါးက ကြားသလောက်ကတော့ သဘောကျပါတယ်။ ပျော်ရွှင်တဲ့သဘော ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာလို့ မေးရတာက ဥပမာ အာဆီယံဥက္ကဋ္ဌမျိုး လုပ်မယ့်ကိစ္စမျိုးမှာ မြန်မာနိုင်ငံက ပထမတကြိမ် လက်လွှတ်ခဲ့ရပြီးပြီ။ ဒီ တကြိမ်မှာ လုပ်မယ်လို့ ပြင်ဆင်နေတယ်လို့ ကြားရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာက ဒီစကားကို ပြောကြပါတယ်။ လက်တွေ့အပြောင်းအလဲကို စောင့်ကြည့်ပါအုံး ပြောနေကြပါတယ်။ အဲဒီအတွက် နိုင်ငံတကာရဲ့ သဘောထားကို ထည့်ပြီးကြည့်တာပါ။

ဦးခင်အောင်မြင့် ။ ။ အာဆီယံဥက္ကဋ္ဌ က မြန်မာနိုင်ငံအလှည့်ကျတဲ့အချိန်တုန်းက မြန်မာနိုင်ငံက အဆင်သင့် မဖြစ်သေးလို့ ဒီနှစ်တော့ မလုပ်သေးလို့ ဆိုတဲ့အခါမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာနိုင်ငံက အဆင်သင့် ဖြစ်ပါပြီလို့ ပြောတဲ့အခါမှာ ဥက္ကဋ္ဌအဖြစ် ယူပါလို့ အားလုံးသဘောတူပြီးသားဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီတကြိမ်မှာလည်း ဥက္ကဋ္ဌအဖြစ်ကို ပေးမယ်လို့ ယူဆတယ်ပေါ့။

ဦးခင်အောင်မြင့် ။ ။ ယူဆပါတယ်။ ဒါက အာဆီယံ နိုင်ငံအတွင်းမှာ consensus သဘောနဲ့ လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ကြားတာက အာဆီယံ ဥက္ကဋ္ဌဖြစ်နေတဲ့ မာတီ၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက တနေ့ကပြောပါတယ်။ ဒီဟာကို စောင့်ကြည့်ဖို့ လိုသေးတယ်။ ဘာညာဆိုပြီး လက်တွေ့ အကောင်အထည် ဖော်မှုရှိမရှိဆိုတာကို သူတို့ကြည့်ချင်တယ်ဆိုပါတယ်။

ဦးခင်အောင်မြင့် ။ ။ ဘယ်လိုပဲ ပြောသည်ဖြစ်စေ မူလသဘောတူညီချက်ကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက လူထုရဲ့ ကျေနပ်မှုဆိုလို့ လူထုဆိုလို့ ကျနော်အများဆုံး ကြားရတဲ့ ညဉ်းတွားသံတွေက လယ်သမားတွေ ဖြစ်ပါတယ်။ လယ်သမားတွေရဲ့ လယ်ယာမြေကို သိမ်းယူတယ်။ သိမ်းယူတာက လုပ်ငန်းရှင်တွေအတွက် - သူတို့အသုံးအနှုန်းကတော့ အစိုးရနဲ့ ရင်းနှီးတဲ့ လူတွေရဲ့ စီးပွားရေးလုပ်ငန်းအတွက် သုံးတယ်။ လယ်သမားတွေက နှစ်နာတယ်။ အဲဒါကို တိုင်ကြတယ်။ တိုင်တောတာတွေ အများကြီးတွေ့ရပါတယ်။ အဲဒီကိစ္စကို လွှတ်တော်က ဘယ်လိုဖြေရှင်းပေးနိုင်ပါသလဲ။

ဦးခင်အောင်မြင့် ။ ။ အဲဒီကိစ္စတွေကို လွှတ်တော်မှာလည်း ဆွေးနွေးကြပါတယ်။ လွှတ်တော်မှာလည်း အဆိုတွေ တင်သွင်းကြတယ်။ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း လုပ်ကြတယ်။ အစိုးရအဖွဲ့ကလည်း ပြန်ရှင်းပေးနေပါတယ်။ ဒီကိစ္စတွေအားလုံးကို အကုန်လုံး ပြန်ရှင်းပေးမယ့် သဘောရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကြားရတာကတော့ ရန်ကုန်တိုင်း ဒေသတိုင်းဝန်ကြီးချုပ်က သွားပြီးတော့ လယ်သမားတွေကို စပါးစိုက်တာဟာ ဘာမှလည်း မဖြစ်စလောက် ဖြစ်နေတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းလုပ်တာ အမြတ်ရှိတယ်။ ဒါကြောင့် လယ်သမားတွေက ဒီမြေကို လုပ်ပိုင်ခွင့်မရှိဘူး။ မပိုင်ဘူးလို့ ပြောသွားပါတယ်။

ဦးခင်အောင်မြင့် ။ ။ ကျနော်တော့ မကြားဘူးခင်များ။ ဒါကတော့ ရန်ကုန်တိုင်းဆိုတော့ ရန်ကုန်တိုင်းကို မေးရင် ကောင်းမယ်ထင်တယ်။ ကျနော် သေချာမသိပါဘူး။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံ အာဏာပိုင်အဖွဲ့အစည်းရဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပြုပြင်ပြောင်းလဲရေးကို တက်တက်ကြွကြွ လုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို။ တချို့ကလည်း မလုပ်လိုကြဘူး။ သိပ်ပြီး စိတ်အားထက်သန်မှု မရှိကြဘူးလို့ တွက်ကြပါတယ်။ ဥပမာတခုအနေနဲ့ ဒီမိုကရေစီနေ့ ကျင်းပတဲ့အခါမှာ ပြည်သူ့လွှတ်တော်ဖက်မှာ လွတ်လပ်စွာမေး၊ ကြိုက်သလို ဖြေကြလို့ ပြောကြပေမယ့် အမျိုးသားလွှတ်တော်ဖက်မှာ အဲဒါမျိုး ဘာမှခွင့်မပြုဘူး၊ မေးခွင့်မရဘူး ပိတ်ထားတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒါကိုကြည့်ရင် ပြုပြင်ပြောင်းလဲရေး လိုသူမလိုသူလို့ ပြောနိုင်တယ်လို့ တချို့က သုံးသပ်ကြပါတယ်။

ဦးခင်အောင်မြင့် ။ ။ သေချာမသိလို့ဖြစ်မယ်။ ကျနော်တို့ အမျိုးသားလွှတ်တော်မှာ ကျနော်ကိုယ်တိုင် ကြေညာတာပဲ ဖြစ်တယ်။ ဒီမိုကရေစီနေ့မှာ အင်တာဗျူးလုပ်လို့ရှိရင် လွတ်လွတ်လပ်လပ် လုပ်ကြပါလို့ (၁၄) ရက်နေ့ ကျနော်ကိုယ်တိုင်၊ ဥက္ကဋ္ဌကိုယ်တိုင် လွှတ်တော်ကို ကြေညာခဲ့တယ်။ (၁၅) ရက်နေ့ ဒီမိုကရေစီနေ့ကို ကျနော်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီးလုပ်တာ။ အဲဒီနေ့မှာ မီဒီယာတွေ အကုန်လုံးဖိတ်ပြီးတော့ အကုန်လုံး open to all transparent ရှိရှိလုပ်မယ်ဆိုပြီး လုပ်တာပါ။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့အခါမှာ အစိုးရသတင်းဌာနမှအပဖြစ်တဲ့ တခြားသတင်းဌာနတွေရဲ့ သတင်းတွေကို ပြည်သူက လွတ်လပ်စွာ ယူခွင့်ရှိပါတယ်။ အဲဒီတော့ ခင်များတို့ရဲ့ နိုင်ငံတော် တည်ဆောက်ရေးကဏ္ဍမှာ ဒီလိုဆောင်ရွက်နေတာတွေလည်း ကျနော်အသိအမှတ်ပြုပါတယ်။

XS
SM
MD
LG