သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေး - ဗမာလူမျိုးစု ဘာတွေလုပ်သင့်


ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေနဲ့ ထပ်တူထပ်မျှ အရေးကြီးတဲ့ ပြဿနာ တရပ်ဟာ တိုင်းရင်းသားလူမျိုးစုများ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာရဲ့ အခြေခံဟာ ဖဒရယ် လို့ခေါ်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေး၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့် self-determination ရရှိရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စ ဘာကြောင့် မပြေမလည် ဖြစ်နေရတာလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ Josef Silverstein နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေက ဖဒရယ် (federal) ဖွဲ့စည်းပုံ လိုချင်ကြတယ်။ ဖဒရယ်ပြည်ထောင်စု ဖွဲ့စည်းချင် ကြတယ်။ ဒါပေမဲ့ စစ်အစိုးရက - စစ်အစိုးရတင်မကပါဘူး - ဗမာတချို့ကလည်း ဖဒရယ်ပြည်ထောင်စုကို မလိုချင်ကြပါဘူး။ သူတို့အမြင်မှာ ဖဒရယ်စံနစ်ဆိုသည်မှာ ပြည်ထောင်စုကို ပြိုကွဲပျက်စီးစေမယ့် စံနစ်လို့ မြင်နေကြပါတယ်။ သူတို့အမြင် မှန်ပါသလား။

Prof. Josef Silverstein ။ ။ မှန်တယ်လို့ ကျနော် လုံးဝမထင်ပါဘူး။ ဒါပေမဲ့ ဗမာစစ်တပ်သာမက၊ ဗမာလူမျိုးတချို့ကပါ ဒီလို ယူဆနေကြ တယ် ဆိုတာကတော့ မှန်ပါတယ်။ တိုင်းရင်းသားတွေကတော့ အဲဒီလို မမြင်ကြပါဘူး။ သူတို့ဟာ ၁၉၄၇ ပင်လုံညီလာခံကို ပြန်ကြည့်ကြ ပါတယ်။ အဲဒီတုန်းက တိုင်းရင်းသားလူမျိုးတွေ သူတို့အကျိုးစီးပွားကို သူတို့ ဆက်လက်ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုမျိုး၊ ဖွဲ့စည်းပုံမျိုး လိုချင်ကြတယ့် အယူအဆကို ဗိုလ်ချုပ်အောင်ဆန်းက လက်ခံပြီး ပုံဖော်ဖို့ ရည်ရွယ်ခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဒီလို ဖဒရယ် ဒါမှမဟုတ် ပြည်ထောင်စုစစ်စစ် အယူအဆကို လက်မခံနိုင်တဲ့လူတွေဟာ ဒီတိုင်းရင်းသားတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတာဟာ ပြည်ထောင်စုပြိုကွဲရေး မူဖြစ်တယ်လို့ မြင်ကြတာ ဘာကြောင့်လို့ ထင်ပါသလဲ။ သူတို့ သင်ခဲ့ရတဲ့ သမိုင်းက ဒီလိုအမြင်ကို ဦးတည်စေသလား၊ ဒီလို ဖဒရယ် ဆန့်ကျင်ရေး အယူအဆကို ဘယ်နည်းနဲ့ တိုက်ဖျက်ကြမလဲ။ ပညာရေးနဲ့ ပြုပြင်လို့ ရနိုင်ပါမလား။

Prof. Josef Silverstein ။ ။ ဒါက သိပ်ရှုပ်ထွေးတဲ့ မေးခွန်းဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဖဒရယ်ပြည်ထောင်စု အယူအဆဟာ ဗမာတွေနဲ့အတူ ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ ပါဝင်နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားတွေဘက်က လိုလားတဲ့ အယူအဆ ဖြစ်ပါတယ်။ ပြီးတော့ ဖဒရယ်ပြည်ထောင်စုအားဖြင့် သူတို့ရဲ့ ယဉ်ကျေးမှု စရိုက်လက္ခဏာတွေကို ထိန်းသိမ်းနိုင်ကြမယ်လို့ ခံယူကြပါတယ်။ ဒါကြောင့် ဖဒရယ်ပြည်ထောင်စု ဆိုတာဟာ ပြည်ထောင်စုအတွင်းမှာ တိုင်းရင်းသားအားလုံး ပါဝင်လာနိုင်ဖို့အတွက် တံခါးဖွင့်လှစ်ထားတဲ့ စံနစ်ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီအယူအဆကို ဗမာလူမျိုးတချို့နဲ့ စစ်တပ်ကပါ လက်မခံခဲ့ပါဘူး။ ဆိုတော့ ဒီအယူအဆကို သူတို့လက်ခံ နားလည် သဘောပေါက် လက်ခံလာအောင် ဘယ်လိုလုပ်ရင် သင့်တော်မယ်ထင်ပါသလဲ။ ပြည်ထောင်စုသမိုင်းသစ်ကိုပဲ ပြန်ရေးပြီး သင်ပေးရမလား။ ပညာရေးကတဆင့် ပြုပြင်လို့ ရနိုင်မယ် ထင်ပါသလား။

Prof. Josef Silverstein ။ ။ ပထမဦးဆုံးကတော့ စစ်တပ်ဟာ ၁၉၆၂ ခုနှစ်ကစပြီး ဗမာကြီးစိုးသောနိုင်ငံ ဖြစ်မြောက်ရေးကို စိုက်လိုက် မတ်တပ် လုပ်ဆောင်ခဲ့ပါတယ်။ ဗမာအယူအဆ၊ ဗမာစကား၊ ဗမာလူမျိုး ဆိုတာကိုသာ အနာဂတ်မြန်မာနိုင်ငံရဲ့ အခြေခံဖြစ်ရမယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီအယူကို အပြန်အလှန် ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး။ ဒီလို လုပ်လို့ သင့်တော်ပါမလားဆိုတာကိုလည်း အလေးအနက် ဆင်ခြင်စဉ်းစားခဲ့ကြတာ မရှိပါဘူး။ ၁၉၄၇ ခုနှစ်တုန်းက သူတို့ ဆန္ဒအရ ပြည်ထောင်စုအတွင်း ပါဝင်လာကြတဲ့ တိုင်းရင်းသားတွေက သူတို့ကိစ္စကို ဖော်ဆောင်ဖို့ အခွင့်အလမ်း မရခဲ့ကြပါဘူး။ အစကတည်းကိုက စစ်တပ်ကပဲ ဗမာကြီးစိုးရေး အယူအဆနဲ့ ဝင်ရောက်ပြီး ဗမာအမြင်၊ ဗမာယဉ်ကျေးမှု၊ ဗမာလူမျိုး ဖြစ်မြောက်ရေးတွေကို တနိုင်ငံလုံးမှာ သွပ်သွင်းပြုလုပ်ပါတော့တယ်။ ဒါကြောင့် ဒီကနေ ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုနဲ့ ပြဿနာတွေက အဲဒီကနေ စတင်ခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်မတိုင်ခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် လွတ်လပ်ရေးအစပိုင်းကတည်းက တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် အယူအဆ ဆုံးရှုံးခဲ့ရတာ မဟုတ်ဘူးလား။

Prof. Josef Silverstein ။ ။ ဟုတ်ပါတယ် အစကတည်းက အဲဒီလို ဖြစ်ခဲ့တာပါ။ တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံနိုင်တဲ့ ဗမာခေါင်းဆောင်တွေ၊ သာမန်ဗမာပြည်သူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ရှိတုန်းကတော့ သူကို မလွန်ဆန်နိုင်ကြပါဘူး။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ကြွယ်ဝချမ်းသာရေး စတာတွေကို လိုချင်တဲ့လူတိုင်းဟာ ကိုယ့်အယူအဆ၊ ကိုယ်လူမျိုး လက္ခဏာ အသွင်အပြင်တွေကို စွန့်လွှတ်စရာမလိုဘဲ ပူးပေါင်းနိုင်မှ၊ မျှဝေနိုင်မှ ဖြစ်မယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောတရားပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတာနဲ့အတူ သူရဲ့ သဘောတရားလည်း ကျဆုံးသွားခဲ့တာ အဲဒီကတည်းက ကန့်ကွက်လိုသူတွေ၊ လက်မခံချင်သူတွေလည်း ရှိခဲ့ဆိုတော့ စစ်တပ်ကသာ မကဘူး၊ ကျန်ဗမာတချို့ရဲ့ အမြင်ကိုပါ ပြောင်းယူကြရမှာ လွယ်ပါ့မလား။ ဒီ ဗမာကြီးစိုးရေး အယူအဆ ပပျောက်ဖို့ဆိုတာ စစ်တပ်ကြီးစိုးမှု ပပေါက်သွားသည့်တိုင်အောင် ဒီအယူအဆ ဆက်လက် ရှင်သန်နေအုံးမယ်ဆိုတဲ့ သဘောပေါ့။ ဒါကို ပပျောက်အောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာကြီး ထင်ပါသလဲ။

Prof. Josef Silverstein ။ ။ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှု မရှိသေးသမျှ ကာလပတ်လုံး ဒီအယူအဆကို ပယ်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဗမာတွေဘက်ကလည်း အပေးအယူလုပ်ဖို့ အဆင်သင့် ရှိရပါလိမ့်မယ်။ တိုင်းရင်းသားတွေပဲ အလျှော့ပေး၊ ဗမာဘက်က မလျှော့ဘူးဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ Dialogue က အဲဒီလို မဖြစ်ရပါဘူး။ စည်းလုံးညီညွတ်မှုကို အဲဒီလို တည်ဆောက်လို့ မရနိုင်ပါဘူး။ စည်းလုံးမှု၊ ညီညွတ်မှုဆိုတာ လူတွေအချင်းချင်း ပြောဆိုဆွေးနွေးကြရမယ်၊ အပြန်အလှန် အခြေအတင် ပြောဆိုပြီး အခြေခံတူညီမှုကို ရှာကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းလို့ တိုင်းရင်းသား ဖြစ်တည်မှုကို ဆက်လက်ခွင့်ပြုလို့ ဗမာလူမျိုး၊ ဗမာအယူအဆ ပျောက်ကွယ်သွားဖို့လည်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဗမာလူမျိုးတချို့က တိုင်းရင်းသားလူမျိုးတွေရဲ့ အယူအဆတွေကို ဖွင့်ပေးလိုက်မယ်ဆိုရင် ဗမာကြီးစိုးမှု ပပျောက်သွားလိမ့်မယ်လို့ စိုရိမ်နေကြတယ်လို့ တချို့က တွက်ကြပါတယ်။

Prof. Josef Silverstein ။ ။ ကျနော် အယူအဆကို ပြောရရင်တော့ ဗမာမှု ကြီးစိုးရေးဟာ ဆက်ပြီးတော့ အဓွန့်ရှည်တည်မြဲမှာပါ။ အဲဒီလို ဗမာမှု၊ ဗမာလူမျိုး အဓွန်ရှည်တည်တံ့ ထွန်းကားချင်တယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ယဉ်ကျေးမှု အယူအဆတွေနဲ့ ဖြစ်တည်မှုတွေကို အားပေးကြပါ။ ဒါကြောင့် ဗမာကြီးစိုးရေးကို ကိုင်စွဲတဲ့ စစ်တပ်နဲ့ အာဏာရှင်တွေ ကြီးစိုးနေတဲ့ ကာလပတ်လုံး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး မရနိုင်ပါဘူး။ တိုင်းပြည်မှာ ပြဿတွေ ကြုံနေရမှာပါ။ ဒီ တိုင်းရင်းသားပြဿနာကို လက်နက်အင်အားနဲ့ ဖြေရှင်းလို့ ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီး ကဲ ခင်များတို့ အယူအဆကိုလည်း ကျနော်တို့ လက်ခံဆွေးနွေးကြတာပေါ့ဗျား ဆိုတဲ့ ခေါင်းဆောင်မျိုး ရှိမှ ဖြစ်မှာပါ။ ငါတို့ဟာ အကြီးအကျယ်ဆုံးဖြစ်လို့ ငါတို့ ဆန္ဒအတိုင်း ဖြစ်ရမယ်ဆိုရင်တော့ မြန်မာပြည်နဲ့ သမိုင်းဟာ နောက်ထပ်နှစ်ပေါင်း (၅၀) ဒီအတိုင်းပဲ ရှိနေပါလိမ့်မယ်။ အရင် နှစ်ပေါင်း (၅၀) လည်း ဒီအတိုင်းပဲ ဖြစ်လာခဲ့တာပါ။ ဒါဟာ ဝမ်းနည်းစရာ ကောင်းတဲ့အချက်ပါ။ တဘက်နဲ့တဘက် ညှိနှိုင်းပြီး အကျိုးရှိအောင် လုပ်နိုင်ရဲ့နဲ့ မလုပ်ကြတာ တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှင်းရှင်းပြောရရင် ဗမာနိုင်ငံရေး ခေါင်းဆောင်တချို့တောင် တိုင်းရင်းသားအခွင့်အရေးကိစ္စကို ပြောတဲ့နေရာမှာ ဖဒရယ်မူ ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြပါတယ်။ ဒါဟာ ဗမာလူထု ထောက်ခံမှု ကျဆင်းသွားမှာကို စိုးလို့များလားဆိုပြီး တွက်ကြသူတွေ ရှိကြပါတယ်။ ဆရာကြီး ဘယ်လိုသဘောရပါသလဲ။

Prof. Josef Silverstein ။ ။ ဒါကိုတော့ ကျနော် လက်မခံပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တချက်ကတော့ စစ်အစိုးရရဲ့ အကြောင်းပြချက်ပါ။ ပြည်ထောင်စု ဖြိုခွဲရေးအတွက် ပြည်ပအင်အားစုတွေက ကြံစည်းနေကြတယ်၊ ပြည်တွင်းက နောက်လိုက်တွေလည်း ရှိနေကြတယ်။ ဒါကြောင့် သူတို့က ကာကွယ်ထိန်းသိမ်းထားရတာ ဖြစ်တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။

Prof. Josef Silverstein ။ ။ ဒါဟာ အဓိပ္ပါယ်မရှိဘူးလို့ဘဲ မြင်ပါတယ်။ ဒီ အကြောင်းပြချက်က နှစ်ပေါင်းများစွာ ရှိလာခဲ့ပေမဲ့ ဘယ်တော့မှ အဖြေ မပေါ်ခဲ့ပါဘူး။ တကယ် စိုရိမ်စရာက ဗမာတွေနဲ့ တိုင်းရင်းသားတွေကြား သဘောတူညီမှု မရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အခု တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကို ကြည့်ကြရအောင်ပါ။ သူတို့ဟာ သုံးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုနေကြတာပါ။ စစ်တပ်ရယ်၊ ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစု နဲ့ သူတို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့သာ တောင်းဆိုကြတာပါ။ ဒီ သုံးဖွဲ့တွေ့ဆုံပြီး ပူးပေါင်းမျှဝေနိုင်မယ့် နည်းလမ်းတခုကို ရှာရင် တွေ့ကိုတွေ့မှာပါ။ အဲဒီလို ဆွေးနွေးမှု ရှိရင်တော့ ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။ အဖြေမတွေ့ရင်တော့ ၁၉၄၇ ခုနှစ်က ကြုံလာရတဲ့ ကြမ်းတမ်းခက်ထန်တဲ့ ရေစီးကတော့ ဆက်ပြီးစီးမျောနေပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကြီးအနေနဲ့ ဗမာပြည်မှာလည်း နေဘူးတယ်၊ နောက်ပြီးတော့ ဗမာပြည်နဲ့ ထိတွေ့ဆက်ဆံလာခဲ့တာ ဘယ်အချိန်တွေကလဲ ဆိုတာကို နောက်ဆုံးအနေနဲ့ နည်းနည်းပြောပြပါ။

Prof. Josef Silverstein ။ ။ ကျနော် မြန်မာပြည်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။ ပထမဦးဆုံး Fulbright ပညာရှင်အနေနဲ့ ရောက်ခဲ့ ပြီးတော့ ရန်ကုန်မြို့က ရန်ကုန်တက္ကသိုလ်မှာ စာပို့ချရပါတယ်။ နောက် ၁၉၆၁ ခုနှစ်မှာ အမေရိကန် ဧည့်ပါမောက္ခအဖြစ် ရန်ကုန်တက္ကသိုလ်မှာ စာပို့ချရပါတယ်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းတော့ ကျနော် ဗမာပြည်မှာ ရှိနေပါတယ်။ ၁၉၇၀-၁၉၇၂ ခုနှစ် မှာလည်း ကျနော်မြန်မာပြည်ကို ထပ်ရောက်ပါတယ်။ သင်ကြားပို့ချရင် စာအုပ်တွေ ရေးခဲ့ပါတယ်။ မြန်မာပြည်နဲ့ ထိတွေ့မှုက အဲဒီတုန်းက မပြတ်ခဲ့ပါဘူး။ မကြာသေးမီကာလမှာတော့ ကျနော် ဗမာပြည်ကို သွားလို့ မရတော့ပါဘူး။ စစ်အစိုးရက ကျနော်ကို အလိုမရှိဘူးလို့ ဆိုပါတယ်။ ဗီဇာမပေးပါဘူး။ ကျနော်ကတော့ အဆင်သင့်ပါပဲ။ မြန်မာပြည်ကို သွားချင်ပါတယ်။ စကားတွေ ပြောချင်ပါတယ်။ စာအုပ်တွေ ဆက်ရေးချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာကြီး ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။ ဒီတင်ပြဆွေးနွေးချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မြန်မာအရေးကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ Josef Silverstein ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီ ဆွေးနွေးခန်းမှာ ဗမာတွေဘက်က အဓိက လိုအပ်ချက်ကို ဇောင်းပေးသွားသလို ဖြစ်နေပါတယ်။ နောက်အပတ်မှာ တိုင်းရင်းသားတွေ ဘက်ကရော စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဘာတွေများ လိုက်လျောဆောင်ရွက်ဖို့ လိုသလဲဆိုတာကို ဇောင်းပေး ဆွေးနွေး တင်ပြသွားပါမယ်။

XS
SM
MD
LG